ကောင်းကင်နန်းတော်ကို အလင်းဆောင်သော သက်စောင့်မီးတောက်
Vol. 22 Ch. 327
မနက်ခင်းဝေလီဝေလင်းအချိန် …
ညလုံးပေါက်လေ့လာစမ်းသပ်ပြီးနောက် ရွှီချင်းသည် သူ့ရှေ့ရှိ ပုလင်းလေးသုံးလုံးကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။
ယင်းသည် ကြိမ်ဖန်များစွာ စမ်းသပ်ပြီးနောက် သူ မွေးမြူရရှိခဲ့သည့် နဝမမြောက်ပိုးကောင်အသုတ် ဖြစ်သည်။
အမှန်စင်စစ် ထိုနဝမမြောက်အသုတ်ကို ‘ အနက်ရောင် ’ စကားဖြင့် မဖော်ပြနိုင်တော့ပေ။ ၎င်းတို့၏ အရောင်က ဖောက်ထွင်းမြင်နေရပြီး အရွယ်အစားက ယခင်ထက် ပို၍ သေးငယ်သည်။ ကြက်ဥနှင့် မြေပဲ ကွာခြားသွားသည့်အလားပင်။
ယခင်ကပင် ပိုးကောင်နက်များကို ပကတိမျက်စိဖြင့် မမြင်နိုင်အောင် ဖြစ်နေပြီဖြစ်သည်။ သူ၏အာရုံဖြင့်ပင် ပိုးကောင်နက်များကို ခက်ခက်ခဲခဲ အာရုံခံရသည်။ ယခု ပိုးကောင်နက်များမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီဖြစ်သည်။
တခြားလူများပင် မဆိုထားဘိ ရွှီချင်းသည်ပင် သွေးပဲ့တင်သံဖြင့် ပိုးကောင်နက်များကို အာရုံခံရသည်။
ယင်းအပြင် ထိုပိုးကောင်နက်များသည် ယခင်ကထက် အဆပေါင်းများစွာ အဆိပ်ရှိလာသည်။ ထိုအတောအတွင်း ရွှီချင်းသည် ငွေများစွာကုန်ကျသည်ကို နှမျောမနေဘဲ အဆိပ်မြက်များစွာဝယ်၍ စမ်းသပ်ချက်များစွာ လုပ်ဆောင်ခဲ့သည်။ ထိုပိုးကောင်နက်များ ရန်သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် ယခင်ကထက် အဆပေါင်းများစွာ သာလွန်သော အဆိပ်များ ထုတ်လွှတ်မည် ဖြစ်သည်။
ဓာတ်နှောများ ထုတ်လွှတ်နှုန်းမှာလည်း အတူတူပင် ဖြစ်သည်။ ရွှီချင်းက ထိုပိုးကောင်နက်များကို အဆိပ်တားမြစ်ဆေးဆီသို့ အဆက်မပြတ် ပို့လွှတ်နေခဲ့သည်ဖြစ်၍ ၎င်းတို့၏ ခံနိုင်ရည်သည်လည်း ဆင့်ကဲပြောင်းလဲလာခဲ့ပြီဖြစ်သည်။
နဝမမြောက်အသုတ် ပိုးကောင်နက်များသည် အလွန် ခံနိုင်ရည်ရှိပြီး အဆိပ်တားမြစ်ဆေးထဲမှာပင် အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ အသက်ရှင်နိုင်လာပြီ ဖြစ်သည်။
“ လုံလောက်တဲ့အသိဉာဏ်မရှိသေးတာ နှမျောစရာပဲ။ ဒီလိုမှမဟုတ်ရင် သေချင်ယောင်ဆောင်နိုင်ရင် ပိုပြီး လုပ်ရကိုင်ရ အဆင်ပြေလာမှာ ”
“ ပြီးတော့ အဆိပ်တားမြစ်ဆေးနဲ့ပေါင်းပြီး အဆိပ်တားမြစ်ဆေးထဲမှာ မွေးမြူမယ့် ငါ့ရည်ရွယ်ချက်နဲ့လည်း နည်းနည်း လိုနေသေးတယ်။ ငါ ကျေနပ်နေလို့ မဖြစ်ဘူး။ အဆိပ်တားမြစ်ဆေးထဲမှာ ရှင်သန်နိုင်အောင် ငါ ကြိုးစားရဦးမယ် ”
ထိုသို့ တွေးမိသောအခါ ရွှီချင်း နောင်တရသလိုလိုဖြစ်သွားပြီး ကျေနပ်အားရနေသည့်စိတ်ကို ဘေးဖယ်ထားလိုက်သည်။
အဆိပ်ဆေးထဲ မွေးမြူစေသည့်ကိစ္စမှာ မဖြစ်နိုင်သည်မဟုတ်ကြောင်း သူ ခံစားမိသည်။ ယခု သူ့မှာ ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိနေပြီဖြစ်ပြီး ဂိုဏ်းထဲမှ အလွန်အဖိုးတန်သော အဆိပ်ဆေးပင်များကို ဝယ်ယူနိုင်ပြီ မဟုတ်ပါလား။
သူသာ ပိုးကောင်နက်များကို ဆက်လက်မွေးမြူနေမည်ဆိုပါက အနာဂတ်တွင် အလားအလာကောင်းသည်။
ရွှီချင်း၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တဖိတ်ဖိတ်လက်လာသည်။ သူက လက်ကိုဝှေ့ယမ်းကာ လက်ချောင်းနှစ်ချောင်းကို ထုတ်၍ သေချာကြည့်ရှုလိုက်သည်။ ထို့နောက် အကျဉ်းခန်းထဲတွင် သတိလစ်သွားပြီး မလှုပ်မယှက်ဖြစ်နေသော ဟွမ်ရီခွန်ကို ကြည့်လိုက်သည်။
အကျဉ်းထောင်တစ်ခုလုံးတွင် အသက်ရှင်ကျန်နေသည့်လူဆို၍ သူတို့နှစ်ယောက်သာ ရှိသည်။
ယန်ယန်မှာမူ မနက်စောစောက ရွှီချင်း မျက်မှောင်ကြုတ်နေသည်ကို မြင်ခဲ့သည်။ သူမသည် မသွားချင်နေပါသော်လည်း အလိုက်သိစွာဖြင့် ထွက်သွားခဲ့သည်။ ယန်ယန်ထွက်သွားပြီးနောက် ရွှီချင်းမှာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
အသက်ရှင်နေသော သူစိမ်းတစ်ယောက် သူ့ဘေးမှာ ရှိနေသည်ကို သူ အသားမကျသေးပေ။ သတိလစ်နေသော ဟွမ်ရီခွန်ကို သူ ကြည့်လိုက်ပြီးနောက် ကျောက်စိမ်းပေလွှာကို ထုတ်၍ အသံပို့လွှတ်လိုက်သည်။ ခဏအကြာ အကျဉ်းထောင်တံခါး ပွင့်သွားသည်။ အထဲသို့ လူအလေး ဝင်ရောက်လာပြီး ရွှီချင်းကို လေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။
ရွှီချင်းသည် လူအလေးကို လှမ်းကြည့်လိုက်သည်။ လူအလေး၏ ကျင့်ကြံခြင်းအဆင့်သည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ချီစုစည်းခြင်းအဆင့်ကိုးမှ အဆင့်တစ်ဆယ်သို့ ရောက်တော့မည်ဖြစ်သည်။ သူက လူအလေးကို ဆေးလုံးတစ်လုံး ပစ်ပေးလိုက်သည်။
လူအလေးသည် ဆေးလုံးကို ကြည့်ကာ မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် ရွှီချင်းကို ကြည့်လိုက်ပြီး သူ၏ညွှန်ကြားချက်ကို စောင့်နေသည်။
ရွှီချင်းက ဟွမ်ရီခွန်ကို ညွှန်ပြလိုက်သည်။
“ သူ့ကို ချုပ်နှောင်ကွင်းနှစ်ဆယ်ကွင်းနဲ့ ချုပ်နှောင်ပြီး စီမာလင်းနဲ့အတူ ထားလိုက် ”
လူအလေးက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ဟွမ်ရီခွန်ကို ဂုတ်မှဆွဲခေါ်ကာ အကျဉ်းထောင်ထဲမှ သုတ်သီးသုတ်ပြာဖြင့် ထွက်သွားသည်။ သူက အကျဉ်းခန်းထဲမှ မထွက်ခင် ခြေဖော့၍ လျှောက်သွားပြီး တံခါးကို အသာလေး ပိတ်လိုက်သည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး ဟွမ်ရီခွန်၏ လက်ချောင်းနှစ်ချောင်းကို ကြည့်လိုက်သည်။ ထိုလက်ချောင်းနှစ်ချောင်းသည် ခရမ်းရွှေရောင်ဝင်းလက်နေပြီး ထူးခြားသောအငွေ့အသက်များ ထွက်ပေါ်နေပေရာ သူ့ကိုယ်ထဲတွင် မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ် အလိုလို လှည့်ပတ်လာသည်။ ထိုလက်ချောင်းနှစ်ချောင်း၏ အလင်းကို ရောင်ပြန်ဟပ်လိုက်သည့်အလား သူ့ကိုယ်ထဲမှ မီးတောက်များ ဖြာထွက်လာသည်။
“ ဒီလက်ချောင်းနှစ်ချောင်းကို ဘယ်လိုအသုံးပြုရမလဲ ငါ မသိဘူး။ ဒါပေမဲ့ ဓမ္မတံခါးတွေကို ဖွင့်ဖို့ မဖြစ်နိုင်ဘူး။ ကျင့်ကြံခြင်းအတတ်ကို တိုးတက်သွားစေနိုင်တဲ့ဟာ ဖြစ်မယ် ”
ရွှီချင်းသည် ငြိမ်သက်စွာဖြင့် ကျောက်စိမ်းပေလွှာကို ထုတ်၍ ခေါင်းဆောင်ကို အသံလွှင့်ပေးပို့လိုက်သည်။
ခဏအကြာ ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“ ဟားဟား ချင်းလေး၊ အဲဒီအရူးလည်း မင်းနေရာကို ရောက်လာတယ်မလား။ ဒီလိုဖြစ်မယ်လို့ ငါ ထင်ပြီးသားပါ။ အဲဒါကြောင့် မင်းဖို့ ငါ နှစ်ချောင်း ချန်ထားလိုက်တာ ”
“ ငါ ပြောပြမယ်၊ အဲဒါ ရွှမ်ယုံလက်ချောင်းကွ။ ပစ္စည်းကောင်းလေးရယ်။ ဟွမ်ရီခွန်က ကောင်းကင်လက်ရွေးစင်တစ်ယောက် ဖြစ်ထိုက်တယ်။ ဒီလိုလက်ချောင်းငါးချောင်းကို ဇွဲရှိရှိနဲ့ လုပ်နိုင်တာ မလွယ်ဘူး ”
“ အဘိုးကြီးပြောတာတော့ အဲဒါက ငါတို့သတ္တမမြောက်တောင်ထိပ်ရဲ့ ကျင့်ကြံခြင်းအတတ်ကို ပြောင်းလဲပေးနိုင်တယ်တဲ့။ သူ လေ့လာနေတုံးပဲ။ ဒါပေမဲ့ မကြာခင် သိရတော့မှာပါ။ ပြီးရင်တော့ အဲဒီအတတ်က ငါတို့သတ္တမမြောက်တောင်ထိပ်ရဲ့ လျှို့ဝှက်ကျင့်ကြံခြင်းအတတ်တစ်ခု ဖြစ်လာမှာပဲ ”
ထိုစကားကို ရွှီချင်းကြားသောအခါ လက်ချောင်းများအကြောင်း တွေးတောမနေတော့ဘဲ ဟွမ်ရီခွန်၏ သိုလှောင်လက်စွပ်ကို ထုတ်လိုက်သည်။
“ ဒီဟွမ်ရီခွန်က ငမွဲပဲ ”
ရွှီချင်းသည် သိုလှောင်လက်စွပ်ကို လှမ်းကြည့်လိုက်သည်။ ထိုလက်စွပ်တွင် စီမာလင်း၏ သိုလှောင်လက်စွပ်ကဲ့သို့ တံဆိပ်တစ်ခု ခတ်နှိပ်ထားသည်။ သို့သော် ထိုသိုလှောင်လပ်စွပ်ထဲတွင် မည်သည့်ရတနာမျှ ရှိနေဟန်မတူဘဲ အလွန်ရိုးရှင်းနေသည်။
ယခုတစ်ခေါက်တွင် အရိပ်လေးသည် ရွှီချင်းမှ ညွှန်ကြားနေရန် မလိုပေ။ ရွှီချင်း၏အရိပ်အကဲကို စူးစိုက်ကြည့်နေပြီးနောက် လက်စွပ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။ တံဆိပ်ကို ၎င်းက တိုက်စားလိုက်ပြီး ကပ်ဖားရပ်ဖားလုပ်သည့်ခံစားချက်များ ပို့လွှတ်ကာ နောက်ဆုတ်သွားသည်။
ရွှီချင်း၏ကတိကို ၎င်း မှတ်မိနေသည်မှာ သေချာသည်။ ၎င်းသာ ကောင်းကောင်းဆောင်ရွက်မည်ဆိုပါက တားမြစ်ဓမ္မရတနာအကျိုးအပဲ့ကို ရရှိမည်ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် ရွှီချင်းက အရိပ်လေးကို လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် အရိပ်လေးမှာ အတန်ငယ် ဆွံ့အသွားသည်။ ၎င်းမှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး မငြိမ်မသက်ဖြစ်လာသည်။ မြေပြင်ပေါ်တွင် အက်ကွဲရာအနည်းငယ်ပင် ချက်ချင်း ပေါ်လာသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာမူ စိတ်လက်မကြည်မသာ ဖြစ်သွားသည်။ သူ့စိတ်ထဲ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး သူ၏လျှပ်စီးဝိညာဉ်ခန္ဓာမှာ ထိန်းချုပ်၍မရအောင် တုန်ခါလာသည်။
ရွှီချင်းသည် ရည်ရွယ်လေသလော၊ မရည်ရွယ်လေသလော ပြောရခက်စွာဖြင့် သံတုတ်လေးကို ဝေ့ကြည့်လိုက်သည်။ သူ အကြည့်လွှဲပြီးနောက် ဓမ္မစွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ ဟွမ်ရီခွန်၏ သိုလှောင်လက်စွပ်ပေါ်ရှိ တံဆိပ်ကို သုတ်လိုက်ပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် အာရုံခံကြည့်လိုက်သည်။
ခဏအကြာ ရွှီချင်း၏မျက်နှာ သုန်မှုန်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
“ ဒီဟွမ်ရီခွန်ဆိုတဲ့ကောင်က အယောင်ဆောင်ကောင်းကင်လက်ရွေးစင်လား ”
ရွှီချင်းသည် အကျဉ်းထောင်တံခါးဝသို့ စိတ်ပျက်စွာဖြင့် လှမ်းကြည့်လိုက်သည်။
ဟွမ်ရီခွန်၏ သိုလှောင်လက်စွပ်ထဲတွင် ပုလင်းအနည်းအကျဉ်းနှင့် ကျောက်စိမ်းပေလွှာများမှလွဲ၍ ဓမ္မအသုံးအဆောင်တစ်ခုတလေပင် မရှိချေ။ ဝိညာဉ်လက်မှတ်များသည်ပင် ဝိညာဉ်ကျောက်တုံးတစ်သိန်းအောက်သာ ရှိသည်။ တခြားပစ္စည်းများကို ရွှီချင်း ရှာကြည့်ပါသော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ချေ။
ချီရွှဲ့ထုံဂိုဏ်းရှိ မည်သည့်အခြေတည်အဆင့်ကျင့်ကြံသူမဆို ဟွမ်ရီခွန်ထက် ပို၍ ချမ်းသာသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော်လည်း ဟွမ်ရီခွန်၏ လက်ချောင်းနှစ်ချောင်းကို သူ အကြည့်ရောက်သွားသောအခါ အဖြေရသွားသည်။
“ သူ့တစ်ဘဝလုံး စုဆောင်းခဲ့တဲ့ပစ္စည်းတွေကို ဒီလက်ချောင်းငါးချောင်းအတွက် သုံးပစ်လိုက်တာလား ”
လက်ချောင်းငါးချောင်းကို ဟွမ်ရီခွန် ထုတ်ကြွားစဉ်အခါက ဟွမ်ရီခွန်၏ မျက်နှာပေါ်ရှိ ဝင့်ကြွားသောအမူအရာကို ရွှီချင်း ပြန်တွေးမိလိုက်ပြီး ထိုသို့ဖြစ်နိုင်ချေများကြောင်း သူ ခံစားလိုက်ရသည်။
“ သနားစရာကောင်းတဲ့ကောင် … ခေါင်းဆောင်ရှေ့ကိုမှ ရတနာကို သွားပြမိတယ် ”
ရွှီချင်း ခေါင်းယမ်းလိုက်သည်။ သိုလှောင်လက်စွပ်ထဲမှ ပုလင်းများကို တစ်ပုလင်းပြီးတစ်ပုလင်း ထုတ်ကာ စစ်ဆေးကြည့်ပြီးနောက် သူ့မျက်လုံးများထဲတွင် စိတ်သက်သာရသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုဆေးအများစုသည် ရောဂါကုသရန်အတွက် ဖြစ်သည်။ သို့သော်လည်း ရွှီချင်း ရင်းနှီးနေသော ဆေးလုံးတစ်လုံးကို ထည့်ထားသည့် ပုလင်းလေးတစ်လုံးရှိသည်။ ထိုဆေးလုံးသည် စီမာလင်း၏ သိုလှောင်လက်စွပ်ထဲမှ ရရှိခဲ့သော ဓမ္မတံခါးများကို ဖွင့်နိုင်သည့် ဆေးလုံးမှလွဲ၍ တခြားမဟုတ်ပေ။
ရွှီချင်းသည် ဆေးလုံးကို ဆတ်ခနဲ ကောက်ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ ယခင်က သူ စားခဲ့ဖူးသည့်ဆေးနှင့် အတူတူဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုဆေးလုံးသည် ထူးခြားပြီး ကောင်းကင်လက်ရွေးစင်များ အကျဉ်းအကြပ်ထဲ ရောက်သည့်အခါတွင် အသုံးပြုသော ဆေးဖြစ်ကြောင်း သူ တွေးမိသည်။
သို့သော်လည်း ထိုဆေးကို နောင်တွင် အသုံးပြုရန် သိမ်းထားသည်ထက် ယခု သောက်လိုက်သည်က ပို၍ ကောင်းကြောင်း သူ ခံစားမိသည်။
ခဏအကြာ သူ့ခန္ဓာကိုယ် တဂျိမ်းဂျိမ်းမြည်ဟည်းလာသည်။ သူ၏ဝိညာဉ်ကို အဆက်မပြတ် သန့်စင်နေပြီး ကျင့်ကြံနေခဲ့သည့်အတွက်ကြောင့် ရှစ်ဆယ့်ကိုးခုမြောက်ဓမ္မတံခါးမှာ ပွင့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထိုဆေး၏ အာနိသင်အောက်တွင် ထိုဓမ္မတံခါးမှာ ချက်ချင်း ပွင့်သွားပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ဓမ္မစွမ်းအားများ ပို၍ စီးဆင်းသွားသည်။
ဆေးအာနိသင်က များစွာ ကျန်နေသေးသည်။ ထိုအချိန်၌ ထိုဆေးစွမ်းအားများသည် ကိုးဆယ်မြောက်ဓမ္မတံခါးဆီသို့ ဦးတည်သွားသည်။ ထိုတံခါးကို တဝုန်းဝုန်း ရိုက်ခတ်လိုက်ရာ ရွှီချင်း၏ခန္ဓာကိုယ် တုန်ခါသွားသည်။ ကိုးဆယ်မြောက်ဓမ္မတံခါးမှာ အရှိန်ပြင်းစွာ တုန်ခါနေပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများက ဓမ္မတံခါး၏ တစ်ဆယ်ရာခိုင်နှုန်းခန့်ကို နေရာယူလာသည်။
ခဏအကြာ အက်ကွဲကြောင်းများ ပို၍ ပေါ်လာသည်။ နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ရာခိုင်နှုန်း …
ရွှီချင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။ တဖြည်းဖြည်းနှင့် ကိုးဆယ်မြောက်ဓမ္မတံခါးပေါ်ရှိ အက်ကွဲကြောင်းများမှာ ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်လာသည်။ ထိုအချိန်၌ ဆေးအာနိသင်မှာ များများစားစား မကျန်တော့ပေ။ နောက်ဆုံးတွင် ခုနစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်သွားပြီး ဆေးအာနိသင် ပျက်ပျယ်သွားသည်။
ရွှီချင်း၏မျက်လုံးများ အနည်းငယ် နီမြန်းနေသည်။ ကိုးဆယ်မြောက်ဓမ္မတံခါးထဲတွင် ရှိနေသော ဓမ္မစွမ်းအားများကို သူ ကောင်းစွာ အာရုံရနေသည်။ ခြောက်ဆယ်မြောက်ဓမ္မတံခါးမှ အစပြု၍ နှစ်ဆယ့်ကိုးခုခွဲဓမ္မတံခါးများဆီမှ မီးပွင့်များ တဖျပ်ဖျပ်ပေါ်နေသည်ကိုလည်း သူ ခံစားမိနေသည်။
ထိုမီးပွင့်များသည် ဆက်လက်စုစည်းနေပြီး တတိယမြောက်သက်စောင့်မီးလုံး ပေါ်လာချင်နေသည့်အလားပင်။ သို့သော်လည်း ကိုးဆယ်မြောက်ဓမ္မတံခါးကို တစ်ဝက်သာ ဖွင့်ရသေးသည်ဖြစ်၍ တတိယမြောက်သက်စောင့်မီးလုံးက အဆက်မပြတ် စုစည်းနေပါသော်လည်း ပုံစံအဖြစ် ပီပီပြင်ပြင် ပေါ်မလာသေးပေ။
ယခင်က ရွှီချင်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ရသည်။ ယခုတွင် တတိယမြောက်သက်စောင့်မီးလုံးပေါ်ရန် အနည်းငယ် လိုနေသေးသည်ဖြစ်၍ စိတ်စနိုးစနှောင့် ဖြစ်လာသည်။
“ ဒီနေ့ ငါ ဖွင့်ကိုဖွင့်မှ ရမယ် ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး အမိန့်ထုတ်ပြန်ရန် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။
“ တခြားဌာနတွေက ဖမ်းဆီးထားတဲ့ ညဉ့်ငှက်အဖွဲ့ဝင်တွေအားလုံးကို ပို့လိုက် ”
ရွှီချင်း၏အမိန့်ကြောင့် လူဆိုးထိန်းဌာနအဖွဲ့ဝင်များအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူတို့က အကျဉ်းထောင်အသီးသီးမှ ညဉ့်ငှက်အဖွဲ့ဝင်များကို လွှတ်လိုက်ပြီး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ ပို့လိုက်သည်။ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှာ ကျဉ်းနက်ကြီးတစ်ကျဉ်း ဖြစ်သွားပြီး ပို့လွှတ်ခံလိုက်ရသော ညဉ့်ငှက်အဖွဲ့ဝင်များအားလုံး ဝါးမျိုခံလိုက်ရသည့်အလားပင်။
ထိုသို့ဖြင့် နယ်မြေအသီးသီးက ညဉ့်ငှက်အဖွဲ့ဝင်များအားလုံး အဆက်မပြတ် ပို့လွှတ်ခံနေရသည်။ ဆည်းဆာချိန်ရောက်လာပြီး ဝင်လုဆဲနေမင်းကြီးက ကောင်းကင်ယံတွင် ရောင်ဝါများကို အစွမ်းကုန် ထုတ်လွှတ်နေစဉ် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ အကျဉ်းထောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်း၏ မျက်လုံးများ ဖျပ်ခနဲ ပွင့်လာသည်။
သူ့မျက်လုံးများ ပွင့်သွားသည့်အခိုက် သူ့မျက်လုံးများထဲမှ စူးရှသောခရမ်းရောင်အလင်းများ ဖြာထွက်လာသည်။ သူ့ကိုယ်ထဲရှိ ခြောက်ဆယ့်တစ်ခုမြောက်မှ ကိုးဆယ်မြောက်အထိ ဓမ္မတံခါးများက ဧရာမမီးဖိုကြီးတစ်လုံးအလား တဝုန်းဝုန်းမြည်ဟည်းကာ မီးတောက်များ ထုတ်လွှတ်နေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် ရွှီချင်း၏ကိုယ်ထဲတွင် တတိယမြောက်သက်စောင့်မီးလုံး ပေါ်ထွက်လာသည်။
တတိယမြောက်သက်စောင့်မီးလုံး ပေါ်လာသည့်အခိုက် ရွှီချင်း၏ကိုယ်ထဲတွင် ကောင်းကင်မိုးကြိုးများ ပေါက်ကွဲနေသည်။ ထိုမိုးကြိုးများ ဆက်လက်ပေါက်ကွဲနေစဉ် သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ ထို့နောက် သူ့ကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ဖြာထွက်သွားရာ ဘေးပတ်လည်ရှိ လှောင်အိမ်များ ချက်ချင်း ပြာဖြစ်သွားပြီး နံရံများမှာ မီးသွေးတုံးများ ဖြစ်သွားသည်။
သို့သော်လည်း ထိုနေရာတွင် မန္တန်အစီအရင်ကြီးတစ်ခုကို သူ တပ်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အကျဉ်းထောင်မှာလည်း မန္တန်အစီအရင်များစွာ ရှိသည်ဖြစ်၍ ဤနေရာမှ စွမ်းအင်အငွေ့အသက်များက အပြင်သို့ လွင့်ထွက်မသွားပေ။
သူ့ကိုယ်ထဲမှ သက်စောင့်မီးလုံးသုံးလုံး အစွမ်းကုန် တောက်လောင်နေခြင်းကြောင့် သက်စောင့်မီးလုံးများအထက်ရှိ ကောင်းကင်နန်းတော်၏ တစ်ဆယ်ရာခိုင်နှုန်း ဝိုးတဝါး ပေါ်လာသည်။ ထိုပေါ်နေသော တစ်ဆယ်ရာခိုင်နှုန်းအရ ကောင်းကင်နန်းတော်မှာ ထည်ဝါခံ့ညားသည်။ ကျောက်စိမ်းအုတ်ချပ်များ၊ လက်ရန်များစွာဖြင့် ထွင်းထုထားပြီး ထိုကောင်းကင်နန်းတော်တွင် ပြင်းထန်သော အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုကောင်းကင်နန်းတော်မှာ ပုံရိပ်ယောင်တစ်လှည့်၊ အစစ်အမှန်တစ်လှည့်ဖြင့် ကခုန်နေသော သတ္တဝါကြီးအလား ထင်ရသည်။
ကောင်းကင်နန်းတော်က ရွှေအမြုတေအဆင့်နှင့် ဆက်နွယ်နေသည်ကို ရွှီချင်း ခန့်မှန်းမိလိုက်သည်။
သက်စောင့်မီးတောက်ရွှမ်ယောက်၊ ကောင်းကင်နန်းတော်ကို အလင်းဆောင်အံ့။
ကောင်းကင်နန်းတော်အကြောင်းကို ရွှီချင်း မသိပေ။ သို့သော်လည်း ထိုစကားများသည် အခြေတည်အဆင့်ကျင့်ကြံသူများ ရွှေအမြုတေအဆင့်သို့ ပြောင်းလဲသည့်ဖြစ်စဉ်နှင့် ဆက်စပ်နေနိုင်ကြောင်း သူ သိသည်။
“ သက်စောင့်မီးလုံးသုံးလုံး …”
ရွှီချင်း ခေါင်းမော့လိုက်သည်။ သူ့နောက်ရှိ ရွှေကျီးကန်းသည် အသွင်ပြောင်းသွားပြီး လှည့်ပတ်ပျံသန်းကာ ဂီးခနဲ အော်မြည်လိုက်သည်။ ၎င်း၏အမြီးမီးတောက်များသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ရွှီချင်းအပြင်ဘက်ရှိ သက်စောင့်မီးလုံးများမှ ထုတ်လွှတ်နေသော မီးတောက်များနှင့် ပေါင်းစပ်သွားကာ ငရဲမီးအဖြစ် ပြောင်းလဲသွားသည်။
ငှက်မွေးပုံစံမီးပွားများက ရွှီချင်း၏ပတ်လည်တွင် ကခုန်နေသည်။
ထိုမြင်ကွင်းကို ရေးဆွဲနိုင်သော ပန်းချီဆရာတစ်ယောက်သာ ရှိနေမည်ဆိုပါက ပြောင်မြောက်သောပန်းချီကားတစ်ချပ် ဖြစ်လာမည်မှာ သေချာသည်။
အပြင်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်သွားခဲ့မည်ဆိုပါက စိတ်ထဲယောက်ယက်ခတ်သွားမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်များထဲတွင် ရှိနေသော ရွှီချင်းသည် မည်သည့်ဖိအားမျှ မထုတ်လွှတ်ပါသော်လည်း အကြည့်ဖြင့်ပင် အခြေတည်အဆင့်ကျင့်ကြံသူတိုင်း၏ စိတ်ကို တုန်ရီသွားစေရန် လုံလောက်သည်။
အမှန်စင်စစ် ရွှီချင်း၏အကြည့်ထဲတွင် သူတော်စင်ကြယ်၏ အကြည့်ကဲ့သို့ တုဖက်ကင်းသော စိတ်ဆန္ဒတစ်ခု ရှိနေပေသည်။
သက်စောင့်မီးလုံးသုံးလုံး၊ သက်စောင့်မီးအိမ်တစ်လုံးနှင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ် …
ယင်းသည် သက်စောင့်မီးလုံးငါးလုံးနှင့် ညီမျှသော အတိုက်အခိုက် စွမ်းရည် ဖြစ်သည်။
သူ၏အဆိပ်နှင့် ပေါင်းစပ်လိုက်ပါက သက်စောင့်မီးလုံးခြောက်လုံးနှင့် ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေတော့မည်။