← Chapters

ဈေးတဲပိုင်ရှင် သခင်လေး

Vol. 1 Ch. 10

ဈေးတဲပိုင်ရှင် သခင်လေး

Vol. 1 Ch. 10

"မင်း ဒီဆိုင်ကို ဝယ်ဖို့ တကယ် ဆန္ဒရှိလား"

ခေါင်းကိုဆက်တိုက်ငြိမ့်ပြနေသော လင်းချီ၏အမူအရာမှာ အသေအချာစိတ်ပိုင်းဖြတ်ထားပုံ‌ပေါ်သည်။ “ဟုတ်တယ် ကျွန်တော့်မှာ ရွှေဒင်္ဂါးဆယ်ပြားရှိတယ် ဒီဆိုင်ကို ကျွန်တော့်ဆီ ရောင်းနိုင်မလား"

"ရွှေဒင်္ဂါးဆယ်ပြား?"

ပိုင်ရှင်က ထိုစကားကိုကြားသောအခါ သူ့မျက်နှာသည် ချက်ချင်းပင် ပြုံးရွှင်သွားကာ အလျင်စလိုခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ ငါမင်းကို ဆိုင်မှာရှိသမျှ အကုန်ပေးမယ်!"

သူတို့နှစ်ဦး စာချုပ်ချုပ်ဆိုပြီးနောက် လင်းချီလည်း ချက်ချင်းဆိုသလို အစားအသောက်တန်းမှ ဈေးသည်တစ်ဦးဖြစ်လာခဲ့သည်။

"အိုး... ဒါက လင်းသခင်လေးမဟုတ်လား”

လင်းချီ ဆိုင်မဖွင့်မီ လူးဝစ်က အခြားသော အမွေဆက်ခံသူ လူငယ်အချို့နှင့် အတူရောက်လာခဲ့သည်။ ဈေးတဲတစ်ခု ပိုင်ဆိုင်ထားတဲ့ လင်းချီကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။

"မဟုတ်သေးပါဘူး... လင်းချီ မင်းဒီမှာဆိုင်ဖွင့်ပြီး ဘာလုပ်နေတာလဲ" လူးဝစ်က သူ့ဆိုင်ကို ဟန်လုပ်ကြည့်ရင်းပြောသည်။

လင်းချီက ဒီဆိုင်ကို တကယ်ဝယ်ယူခဲ့ခြင်းဖြစ်ရာ လက်ကျန် ကြက်ပေါင်ကင်တွေပင် ရှိသေးသည်။

"ဟေး အားလုံး လာကြည့်ကြစမ်း!"

လူးဝစ်က လူတိုင်းကို အသိပေးချင်နေသည်။

ယွီမုန့်လည်း ရုတ်ရုတ်သဲသဲအသံကို ကြားပြီး ဈေးတဲကို ဝိုင်းနေသော လူအုပ်နောက်ကို လိုက်ခဲ့သည်။

လူအုပ်ကို မျက်နှာမူရင်း လင်းချီက ဘာမှမထူးဆန်းသလိုပင် ဈေးတဲနံရံကို မှီကာ  သက်ပြင်းချလိုက်သည်။

'ဒီလူတွေက လူ့ကျင့်ဝတ်ကို နားမလည်ကြတာပဲ" လင်းချီ စိတ်အနှောင့်အယှက်ဖြစ်စွာ တွေးလိုက်မိသည်။

"လင်းချီ မင်းမိသားစု စီးပွားပျက်သွားတာလား ဒါမှမဟုတ် မင်းဆီက တစ်ယောက်ယောက် ခိုးသွားလို့လား... ကြက်ပေါင်ကင်ရောင်းဖို့ စျေးတဲကို ဘာလို့ ရုတ်တရက်ကြီး ဝယ်လိုက်တာလဲ”

"အဲဒါက အဲ့လောက်တောင် ထူးဆန်းလို့လား?"

လင်းချီ ဂရုမစိုက်ဟန်ဖြင့် ဖြေလိုက်သည်။ "ငါက မိသားစုကပေးတဲ့ ပိုက်ဆံကို ဘယ်လိုသုံးဖြုန်းရမလဲပဲသိတဲ့ မင်းတို့နဲ့မတူဘူး ငါက ကိုယ့်ဘဝအတွက် ကိုယ် ကြိုးစားအားထုတ်တယ်"

ထိုစကားများသည် ၎င်းတို့မိသားစုက ပိုးမွေးသလိုမွေးထားသော အမွေဆက်ခံသူလူငယ်အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူတို့အလိုရှိသမျှ အားလုံးကို ငွေလင်ပန်းပေါ်တင်ပြီး ပေးကြသည်လေ။

“ဘာမှမဝယ်ချင်ရင် သွားကြ၊ ငါ့ဆိုင်‌ရှေ့ မပိတ်ရပ်မ‌နေနဲ့!" လင်းချီ အော်ဟစ်လိုက်သည်။

“ဟင်း လင်းမိသားစုရဲ့ သခင်လေးက ဘာကြောင့် စျေးရောင်း‌နေတယ်ဆိုတာ အသိသာကြီး၊ မင်း မွဲနေတာပဲ ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်လဲ!"

လူးဝစ်သည် ထိုစကားများကို ပြောပြီးနောက် ချာခနဲ လှည့်ထွက်သွားသည်။ အခြားသော ဆက်ခံသူများကလည်း သူ့နောက်သို့ လိုက်သွားကြသည်။

လူစုလူဝေးက တဖြည်းဖြည်း ပြန့်ကျဲသွားသည်။ ယွီမုန့်တစ်ယောက်တည်းသာ လင်းချီကို ပဟေဋိဆန်သောအမူအရာဖြင့် ကြည့်နေဆဲဖြစ်သည်။

စဉ်းစားဉာဏ်ရှိသူတစ်ယောက်အနေနဲ့ လင်းမိသားစု၏ သခင်လေးဖြစ်သော လင်းချီသည် ငွေများစွာလိုအပ်နေသောကြောင့်သာမဟုတ်လျှင် ငွေပြတ်လတ်မည်မဟုတ်ကြောင်း သူမသိသည်။

သို့သော် ယခုအချိန်က စမ်းသပ်မှုတွင် ပါဝင်ယှဉ်ပြိုင်နေဆဲကာလဖြစ်သည်။  သူဘာကြောင့် ပိုက်ဆံလိုအပ်နေသေးတာလဲ။

“ဟေး! ဘာစားချင်လဲ"

ရုတ်တရက် လင်းချီ၏ အသံကြောင့် သူမ ပစ္စုပ္ပန်ကို သတိပြန်ကပ်သွားသည်။

"ဟင်?" သူမ သတိလက်လွတ် ပြန်‌ဖြေလိုက်မိသည်။

သူမ မမေးခင် ခဏလောက် စဉ်းစားလိုက်သေးသည်။  “ဟိုဟာ… ကန်စွန်းဥ ရှိသေးလား”

“အိုး! ဟို မှော်ကန်စွန်းဥတွေလား  ရှိသေးတယ် ရှိသေးတယ်!”

လင်းချီ တမင်‌နောက်လှည့်ကာ စနစ်ထဲမှ မှော်ကန်စွန်းဥကို ထုတ်ယူလိုက်ပြီး မီးဖိုထဲသို့ထည့်၍ ခဏအပူပေးလိုက်သည်။

"ဒီမှာ ယူသွား!"

ယွီမုန့် မှော်ကန်စွန်းဥကို ယူလိုက်သည်။ ဤအရာက မှော်စွမ်းအင်ကို တကယ်ပြန်ရနိုင်မလားဆိုတာ သူမသေချာမသိတာကြောင့် ဒီတစ်ကြိမ်မှာ ထပ်စမ်းသပ်ဖို့ စဥ်းစားထားသည်။

သူမ နည်းနည်းလေး ကိုက်လိုက်သည် ။ နူးညံ့ကာ ပါးစပ်ထဲမှာပင် အရည်ပျော်ကျသွား၏။

ထို့နောက် သူမ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအင်များ တဟုန်ထိုး တက်လာသည်ကို သူမ ခံစားလိုက်ရသည်။ ၎င်းသည် မှော်စွမ်းအားပြန်လည်ဖြည့်ဆည်းပေးသော ရတနာတစ်ခုဖြစ်သည်မှာ သေချာ၏။

သို့သော် ဘာ့ကြောင့် ကန်စွန်းဥဖြစ်‌နေတာလဲဆိုတာကိုတော့ သူမ နားမလည်ပါ။

"ဒီကန်စွန်းဥက ဘယ်လောက်လဲ"

လင်းချီ သူ့မေးစေ့ကို ထိရင်းဖြင့် သူ့စားစရာများအတွက် ဈေးမသတ်မှတ်ရသေးကြောင်း သတိရလိုက်သည်။

သူ့ဆိုင်ကို ရွှေဒင်္ဂါးဆယ်ပြားဖြင့်ဝယ်ထားသည်။ ငွေဒင်္ဂါး၁၀၀ ဟာ ရွှေဒင်္ဂါးတစ်ပြားနဲ့ ညီမျှတဲ့အတွက် အဲဒီကန်စွန်းဥရဲ့ စျေးနှုန်းဟာ ငွေဒင်္ဂါးအနည်းငယ်သာ ဖြစ်သင့်သည်။

“အဲ့ဒါအတွက်က ငွေသုံးပြား”

"ဘာရယ်?"

ယွီမုန့် အံသြသွားသည်။ သာမာန်အားဖြင့် ထိုစွမ်းအင်သိုလှောင်ပစ္စည်းများသည် အလွန်ရှားပါးသည်။ ရှားပါးလေလေ တန်ဖိုးကြီးလေဖြစ်သည်။ ထိုပစ္စည်းများကို ကုန်သည်အချို့က ရွှေဒင်္ဂါးဆယ်ပြားမှ နှစ်ဆယ်နီးပါးအထိ ရောင်းချကြပြီး အချို့သော ကိုယ်ကျိုးရှာသူများက ထိုပစ္စည်းများကို ရွှေဒင်္ဂါးငါးဆယ်ကျော်ဖြင့် ရောင်းချလေ့ရှိသည်။

ဆန့်ကျင်ဘက်အနေဖြင့် လင်းချီသည် ငွေဒင်္ဂါးသုံးပြားကိုသာ လိုချင်နေတာပါသလား။ သူ့ဦးနှောက်မှာ တစ်ခုခုများမှားနေသလား။ ပရဟိတသမားများ ဖြစ်ချင်နေတာလား။

"လင်းချီ ဒီကန်စွန်းဥက ငွေဒင်္ဂါးသုံးပြားဆိုတာ သေချာရဲ့လား" ယွီမုန့်က ထပ်မေးသည်။

"နေပါဦး ယွီမုန့် အရမ်းစျေးကြီးတယ်လို့ ထင်လို့လား"

လင်းချီ၏ စကားကြောင့် ယွီမုန့် ခေါင်းပင်မူးသွားရပါသည်။

"ထားလိုက်တော့ ရှင့်လိုလူတွေနဲ့ ကျွန်မအဆက်အဆံလုပ်လို့ မရဘူး။ ကန်စွန်းဥဆယ်လုံးပဲပေးတော့"

လင်းချီမှာ အံ့အားသင့်သွားပြီး စိတ်လိုလက်ရ ပြုံးလိုက်မိသည်။ “ဒီကောင်မလေးကတော့…”

ကန်စွန်းဥဆယ်လုံးအတွက် ငွေဒင်္ဂါးအပြား ၃၀။ ဒါ လင်းချီရဲ့ ပထမဆုံး အမြတ်‌ငွေဖြစ်သည်။

သို့သော် ကန်စွန်းဥတစ်မျိုးတည်းဖြင့် ဈေးရောင်းရန် မဖြစ်နိုင်။ တခြားဟင်းလျာများလည်းလိုအပ်သည်။

လင်းချီ သစ်သားဘုတ်ပြား‌ေပါ်ရှိမီနူးတွင် မြေဖြူခဲ အနည်းငယ်ဖြင့် ချရေးလိုက်သည်။

"မှော်ကန်စွန်းဥ၊ အသားကင်၊ ကြက်ပေါင်ကင်"

အဲဒါတွေက အခုအချိန်မှာ သူ့စနစ်နဲ့ ချက်ပြုတ်နိုင်တဲ့ ဟင်းပွဲများဖြစ်သည်။ ကျန်အရာများကို လော့ခ်ဖွင့်ရန် စနစ်အဆင့်မြှင့်တင်ဖို့ လိုအပ်သည်။

ဒီလိုနှင့် လင်းချီမှာ အစားအသောက်တို့ကိုရောင်းချရန် ဈေးဆိုင် စတင်တည်ထောင်ခဲ့သည်။

ထိုမြို့ငယ်လေးတွင် ဆွေကြီးမျိုးကြီးများ နေထိုင်ကြသည်။ ချီကျုံးမြို့သည် အလယ်ပိုင်းမြို့နှင့်နီးသည်။ ထို့ပြင် ဆွေကြီးမျိုးကြီးများက သူတို့အထက်တန်းလွှာအသိုင်းအဝိုင်းတွင်သာ နေထိုင်လိုခြင်းကြောင့် မြို့ထဲတွင် မကြာခဏဆိုသလို ဆွေကြီးမျိုးကြီးအချို့ကို တွေ့ရလေ့ရှိသည်။

သို့သော် အထက်တန်းလွှာများသည် ယေဘူယျအားဖြင့် ဆိုင်ငယ်များတွင် ရောင်းချသော အစားအစာများကို မကြိုက်ကြပေ။ သူတို့အတွက် အဆင့်အတန်းမြင့်တဲ့ စားသောက်ဆိုင်များတွင် စားသောက်ခြင်းမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ဆိုင်ငယ်များသို့ လာရောက်စားသောက်သူအများစုမှာ သာမန်လူများဖြစ်သည်။

သာမန်လူများသည် လင်းချီ၏ ဆိုင်ရှိ အစားအစာများ၏ ထူးခြားချက်များကို ဂရုမပြုမိကြပေ။ အရသာရှိသရွေ့ သူတို့အတွက် လုံလောက်သည်။

သို့သော်လည်း လင်းချီ၏စနစ်တွင် ၎င်း၏ကိုယ်ပိုင် ဟင်းခတ်အမွှေးအကြိုင်များ ပါရှိသောကြောင့် အစားအစာများသည် အနီးအဝေးရှိ စားသုံးသူများစွာကို ဆွဲဆောင်လာနိုင်သည်။

ရောင်းချတဲ့ ဟင်းပွဲတွေထဲမှာ အကျော်ကြားဆုံးက အသားကင်ဖြစ်သည်။ ခံတွင်းတွေ့စေသော အသားကင်ကြောင့် ချီးမွမ်းခြင်းများစွာကို ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ရှားရှားပါးပါးအရသာရှိသောစားဖွယ်စုံကို မြည်းစမ်းရသလို လူတွေမှာ မျက်လုံးများပင် ပြူးကျယ်သွားရသည်။

ဆိုသည့်တိုင် သူ ပိုက်ဆံရှာသည့် အရှိန်မှာ အလွန်နှေးနေသေးသည်။ ထိုနှုန်းဖြင့် သူသည် ရှစ်ရက်မှ ဆယ်ရက်အထိ ဈေးတဲကို လည်ပတ်ရမည်ဖြစ်ပြီး ထိုအချိန်တွင် သူ့စနစ်အဆင့်မြှင့်ရန် ငွေအလုံအလောက် စုဆောင်းနိုင်ပါ့မလား မသေချာသလို ဖြစ်နေသည်။

မွန်းတည့်ချိန် နေလုံးကြီးသည် ကောင်းကင်အလယ်တည့်တည့်တွင် ရှိနေသည်။

လင်းချီ၏ ဆိုင်သည် သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် တည်ရှိသည်။ လေအနည်းငယ် တိုက်သော်လည်း အလွန်ပူနေသေးသည်။

လူရှင်းနေတဲ့လမ်းကို ကြည့်ကာ သစ်ပင်ကြီးကို မှီရင်း ကူကယ်ရာမဲ့စွာ အသံတိုးတိုးလေးဖြင့် ညည်းတွားလိုက်သည်။ "ဟင်း လုပ်ငန်းတစ်ခုလုပ်ရကိုင်ရတာ မလွယ်လိုက်တာ!"

သူ့အစားအစာများက အရသာရှိသော်လည်း စမ်းစားကြည့်ကြသည့် ဖောက်သည်များများစားစားမရှိခြင်းက အတော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။

နောက်တစ်ကြိမ် သက်ပြင်းချလိုက်ချိန်၌ သွယ်လျသော ပုံရိပ်လေးတစ်ခုသည် ရုတ်တရက် သူ့အမြင်အာရုံထဲသို့ တိုးဝင်လာသည်။

သူ့၏ရှေ့ မလှမ်းမကမ်းတွင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ငြို့ငင်ဖွယ် အပြုံးတစ်ပွင့်ဖြင့် အမွေဆက်ခံသူအချို့နှင့် စကားပြောနေသည်။ အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသော သူမ၏ခန္ဓာကိုယ်ကို အဝေးမှ ရေးရေးလေး သတိပြုမိသည်။ လင်းချီ သူ့တံတွေးကိုသာ မြိုချနေရသည်။

လင်းချီ ဤမျှလှပသော အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ ချက်ချင်းပင် သူ့နှလုံးခုန်သံ မြန်လာသည်။

ထိုအချိန်တွင် သူ့ကိုယ်သူ တိတ်တဆိတ် တိုးတိုးလေး ပြောလိုက်သည်။ “သိပ်လှတဲ့ အမျိုးသမီးပဲ"

လင်းချီ၏အကြည့်များသည် အမျိုးသမီးဆီတွင် တွယ်ကပ်နေစဉ်မှာပင် အသံစူးစူးတစ်ခုကို ကြားလိုက်ရသည်။ "ဟေ့ လူငယ်လေး ဒီမှာကန်စွန်းဥတွေ ရောင်းသေးလား"

"အာ" လင်းချီ  ချက်ချင်းတုံ့ပြန်လိုက်သည်။

သူ မျက်တောင်ခတ်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် အကြည့်ကိုစွန့်ခွာ၍ သူ့ထံမှ ကန်စွန်းဥ လာဝယ်သည့်သူအား လှည့်ကြည့်လိုက်သည်။

••••••••••

All Chapters