← Chapters

မိုက်စတား ညီအစ်မနှစ်ဖော်

Vol. 2 Ch. 11

မိုက်စတား ညီအစ်မနှစ်ဖော်

Vol. 2 Ch. 11

“ဟုတ်ကဲ့ ဘယ်လောက်လိုချင်လဲ”

“၂ခုပေးပါ”

လင်းချီက ကန်စွန်းဥတွေကိုပြင်ဆင်နေစဉ် အနီရောင်ဝတ်စုံနဲ့မိန်းမကို ဖျတ်ခနဲကြည့်လိုက်သည်။

ထိုလူက လင်းချီရဲ့အကြည့်ကိုသတိပြုမိပြီး တစ်ချက်ပြုံးလိုက်သည်။ ထိုလူက ပိုက်ဆံရှင်းနေစဉ်မှာပဲ အေးဆေးစွာ ပြောလာသည်။ “လူငယ်လေး မင်းက အချိန်တွေကိုဖြုန်းနေတာပဲ၊ အဲ့အမျိုးသမီးက မင်းလက်လှမ်းမှီဖို့ အရမ်းဝေးလွန်းတယ်”

ချက်ချင်းပဲ လင်းချီက စိတ်ဝင်စားသွားပြီး မေးလေသည်။ “လူကြီးမင်း သူ့ကိုသိလား”

“ဒီမြို့မှာ သူမကိုမသိတဲ့သူရှိသေးလို့လား”

"ကျွန်‌တော့်ကို သူ့အကြောင်းပြောပြနိုင်မလား" လင်းချီက စိတ်ဝင်စားစွာမေးလိုက်သည်။

"နာမည်က ဖေး၊ သူက မိုက်စတား မိသားစုရဲ့အကြီးဆုံးသမီးလေ၊ ပြီးတော့ ကုန်သည်ကြီးများအသင်းရဲ့ ဒုတိယဥက္ကဌလည်းဟုတ်တယ်။ သူမရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ကတော မေးလ် ဒေသတခွင်မှာ အကောင်းဆုံးလို့ပြောလို့ရတယ်။ ဆွေကြီးမျိုးကြီး မိသားစုက လူငယ်တွေက သူမရဲ့အလှကြောင့် အကုန်အကျအများကြီး ခံကြပေမဲ့ အဆုံးမှာတော့ လက်ဖျားနဲ့တောင် မထိနိုင်ကြဘူး။"

လူကြီးက သက်ပြင်းချပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။

“ကောင်လေး၊ မင်းမျိုးမင်းနွယ်တွေရဲ့ အထက်တန်းလွှာသခင်ငယ်လေးတွေတောင် မရရင် ငါတို့လို သာမန်လူတွေက စဉ်းစားဖို့တောင်မလိုဘူး”

အဲ့ဒါကိုကြားတဲ့အခါ လင်းချီက အနေရခက်စွာ ပြုံးလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူးဗျာ၊ ဒီတိုင်း မေးကြည့်ကြည့်ရုံသက်သက်ပါ”

လူကြီးထွက်သွားပြီးတဲ့နောက် လင်းချီက သူ့မေးစေ့လေးကို ပွတ်ပြီး စဉ်းစားမိသည်။ “အဲ့ဒီအမျိုးသမီးသာ ငါ့ကို လူသိရှင်ကြားဖြစ်အောင်ကူညီပေးနိုင်ရင် အထက်တန်းလွှာသခင်လေးတွေက ငါ့ဆိုင်ကိုလာကြမှာအသေအချာပဲ”

“ဒါပေမဲ့ သူမငါ့ကို ကူညီအောင် ဘယ်လိုလုပ်ရမလဲ”

လင်းချီတွေးနေရင်း ဟိုဟိုဒီဒီ အကြည့်ရောက်မိတဲ့အခါ ဖေး၏ ဘေးသို့ လျှောက်လာသော မိန်းကလေးတစ်ယောက်ကို သတိထားမိလိုက်သည်။

အဲ့ဒီမိန်းကလေးက သူနဲ့ရွယ်တူလောက်ရှိပုံရ၏။ သူမက အခြားသောတက္ကသိုလ်က ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည်။ သူမရဲ့ခါးတွင် ဓါးရှည်တစ်ချောင်းကို ချိတ်ဆွဲထား၏။

သူမသည် အလွန်အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိဆုံးအပိုင်းမှာ ရှည်လျားသွယ်လျသော သူမရဲ့ခြေတံများပင်ဖြစ်သည်။

လူများကြားထဲတွင် လူးဝစ်က အထင်ရှားဆုံး ဖြစ်ချင်ဟန်တူသည်။ အထူးသဖြင့် လှပတဲ့မိန်းကလေး ၂ယောက်ရှေ့မှာပေါ့။ သူ့ကိုယ်သူ အဆင့်မြင့်ဓါးသခင်ဟုတောင် ကျယ်လောင်စွာ ကြွေးကြော်လိုက်သေးသည်။

သို့သော်လည်း သူ့ဘေးနားရှိလူများက ရယ်မောချင်စိတ်ကို ထိန်းချုပ်နေရဟန်ဖြင့် သူတို့ ပါးစပ်များကို အုပ်ထားကြသည်။

“သခင်လေး လူးဝစ်”

ဖေးက လူးဝစ်စကားကို ဖြတ်ပြီး ရိုးရိုးလေးမေးလိုက်လေသည်။ “ဆန်းသစ်လမြို့တော်မှာ ထင်ရှားတဲ့ မိသားစု ၃ခုရှိတယ်ဆိုတာ ကျွန်မကြားပြီးပြီ။ ကျွန်မ ရှင်နဲ့ ဆုံဖူးပြီးပြီ။ လီယိုနာ့ဒ် မိသားစုရဲ့ အမွေခံနဲ့ ယွီမိသားစုရဲ့ အမွေခံတွေကိုလည်းတွေ့ဖူးပေမဲ့ လင်းမိသားစုရဲ့ အမွေခံလည်းရှိသေးတာပဲမဟုတ်လား။ ကျွန်မ သူနဲ့ မဆုံဖူးသေးဘူး"

“ဟိုအရှုံးသမားလို့ ပြောတာလား”

လူးဝစ်က သူ့မျက်လုံးထဲက အထင်သေးမှုကို ဖုံးကွယ်မထားပေ။ သူဟာ အဝေးက ဈေးဆိုင်များ ခင်းကျင်းထားရာလမ်းထဲကို လှည့်ကြည့်လိုက်ပြီး လင်းချီကိုညွှန်ပြကာ ပြောလိုက်သည်။ “တွေ့လား... အဲ့တာက လင်းမိသားစုရဲ့ သခင်လေးပဲ”

ဖေးက ထိုမြို့ငယ်လေးမှာရှိတဲ့ ဆွေကြီးမျိုးကြီးများရဲ့ ကိုယ်စားလှယ်ဖြစ်သည်။ ဆွေကြီးမျိုးကြီးများရဲ့ကိုယ်စား ပြိုင်ပွဲမှာပါတဲ့ နောက်ဆုံးအမွေဆက်ခံမည့်လူငယ်များကိုနှုတ်ဆက်ရန် သူမကိုတာဝန်ပေးထားသည်။

ထိုလူများကြားတွင် သူမစိတ်အဝင်စားဆုံးအရာမှာ လင်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်သည်။ မှော်ပညာအခြေခံလည်းမရှိ၊ ကိုယ်ခံပညာကိုလည်း မလေ့ကျင့်ဘဲ အကြောခပ်တင်းတင်းလုပ်တတ်သော လင်းမိသားစုရဲ့ သခင်လေးအကြောင်းကို ကြာမြင့်စွာတည်းက သူမကြားသိခဲ့ရသည်မှာ ကြာပြီ။  ဆွေကြီးမျိုးကြီးဂုဏ် ပျက်လေခြင်း။

အစက သိပြီးဖြစ်သော်လည်း မြင်လိုက်ရတဲ့အရာကြောင့် အသိအမြင်တို့ ကျယ်သွားခဲ့ရသည်။

ဆန်းသစ်လမြို့တော်က အကြီးဆုံးလင်းမိသားစုရဲ့ သခင်လေးက ဒီနေရာမှာ ဈေးဆိုင်တခုဖွင့်နေခြင်းလား။

ဖေးက ဘေးမှာရှိနေတဲ့ ညီမဖြစ်သူယုလာကို ပြောလိုက်သည်။ “ယုလာ၊ သူ့ကိုသွားနှုတ်ဆက်ရအောင်!”

“ဟင်၊ ဘယ်သွားမှာလဲ၊ အဲ့နေရာက တကယ်ညစ်ပတ်တယ်၊ လင်းမိသားစုရဲ့သခင်လေးက အဲ့နေရာမှာရှိမှန်း တကယ်မသိခဲ့ဘူး”

သို့ပေမဲ့ ဖေးက သူ့ညီမကိုစည်းရုံးလိုက်သည်။ “ငါတို့ သူ့ကို သွားနှုတ်ဆက်ရမယ်လေ ဒါဆွေကြီးမျိုးကြီး မှူးမတ်တွေရဲ့ အခြေခံကျင့်ဝတ်ပဲ”

လူးဝစ်သည် ရုတ်တရက် လင်းချီကို အရှက်ရစေရန် အကြံတစ်ခုရပြီး ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက်ကို ကျွန်တော်ခေါ်သွားပေးမယ်လေ"

“ကျေးဇူးတင်ပါတယ်”

လူးဝစ်သည် တိတ်တဆိတ် ဝမ်းသာသွားသည်။ ထို့နောက် လင်းချီက သူ့ကိုယ်သူ အရူးလုပ်သည့် ပုံစံအား မျက်မြင်တွေ့ကြစေဖို့ လူတစ်စုကိုပါ ခေါ်သွားလေသည်။

လင်းချီကတော့ ကန်စွန်းဥတွေကို မီးဖုတ်ဖို့ မီးဖိုထဲထည့်နေစဉ် ရုတ်တရက် သူ့ဆီလျှောက်လာနေတဲ့ လူတစ်စုကို တွေ့လိုက်ရသည်။

“ကြည့်ရတာ သူတို့ ငါ့ဆိုင်ကို ဖြိုတော့မှာများလား”

လင်းချီမတုံ့ပြန်ခင်မှာဘဲ ပထမဆုံးလျှောက်လာတာကတော့ အနီရောင်ဝတ်စုံလေးနဲ့ ဖေး ဖြစ်သည်။ သူမက ကျက်သရေရှိရှိ လျှောက်လှမ်းလာကာ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“တဆိတ်လောက်ရှင့်။ လင်းမိသားစုရဲ့သခင်လေး မဟုတ်လားရှင်”

လင်းချီက အံ့အားသင့်သွားပြီး “ဟုတ်ပါတယ်၊ ဘာကိစ္စများရှိလို့ပါလဲ”

“ဘာမှအရေးမကြီးပါဘူး”

လူးဝစ်ဟာ နောက်တကြိမ် လျှောက်လာပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ “လင်းချီရေ မင်းကိုမိတ်ဆက်ပေးရအုံးမယ်။ ဒီ၂ ယောက်က မိုက်စတားမိသားစုရဲ့ သမီးကြီးတွေဖြစ်တဲ့ ဖေးနဲ့ ယုလာလေ”

လင်းချီကခေါင်းညိမ့်ပြီး “ဖေးနဲ့ယုလာ၊ နှစ်ယောက်လုံးမှာ နာမည် လှလှလေးတွေ ရှိတာပဲ”

“ကျေးဇူးတင်ပါတယ်” ဖေးကယဉ်ကျေးစွာ တုံ့ပြန်သော်လည်း ယုလာကတော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“‌‌သူတို့က ဒေသခံ တော်ဝင်အမျိုးအနွယ်တွေရဲ့ကိုယ်စား သခင်လေးတွေကို နှုတ်ဆက်လို့လာတာဆိုပေမဲ့ မင်းဘက်ကတော့ သူတို့ကို နှုတ်ဆက်ဖို့ လိုမယ် မထင်ဘူး”

လင်းချီက မျက်ဖြူလှန်ပြကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ “ငါ့ကိုနှုတ်ဆက်ဖို့ သူတို့ကလာတာကို ငါက ပြန်မနှုတ်ဆက်ရင် ရိုင်းရာကျမှာပေါ့”

လူးဝစ်က ခပ်ဖြေးဖြေးလျှောက်လာကာ နားနားကပ်ပြီး တီးတိုးပြောလိုက်သည်။ “ကောင်လေး စကားပြောတာသတိထားဦး၊ ယုလာရဲ့ဓားကို မင်းမြင်လား၊ သူကငါ့လိုပဲ ဓါးသခင်။ ဒါပေမဲ့ ငါ့လိုတော့ သဘောကောင်းမယ်မထင်နဲ့”

လင်းချီက ယုံကြည်ချက်အပြည့်ရှိသော ယုလာကိုကြည့်လိုက်သည်။ သူမက ဓါးသမားတစ်ဦးရဲ့ ဟန်ပန်အပြည့်ရှိပြီး လူးဝစ်ထက် ပိုတော်သည်မှာလည်း ထင်ရှားသည်။

သူမသည် တကယ်ကြီးကျယ်ခမ်းနားသော ဓါးသမားတစ်ယောက်ဖြစ်ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် သူနှင့် မည်သို့ သက်ဆိုင်သနည်း။

လင်းချီသည် ဖေးကို ပြန်ကြည့်ကာ အနည်းငယ်ခေါင်းငြိမ့်သည်။ “ကျွန်တော် နားလည်ပါတယ် ခင်ဗျားတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြပါ"

“ကောင်းပြီ၊ လူတိုင်း ဒီမှာရှိကြတာဆိုတော့ ကျွန်မတို့ မိုက်စတားမိသားစုက အကုန်လုံးကို ရိုးရိုးရှင်းရှင်းပဲ ဧည့်ခံပါရစေ”

ထိုစကားကို ကြားတဲ့အခါ လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။ မိုက်စတားမိသားစုရဲ့ ဖိတ်ကြားမှုကို လက်ခံရတဲ့အတွက် ဂုဏ်ယူနေကြသည်။

လင်းချီကတော့ သူ့လက်ကိုပြတ်ပြတ်သားသားဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။

“ကျွန်တော် မတက်တော့ပါဘူး။ ပိုက်ဆံရှာဖို့ ကျွန်တော့်ဆိုင်ကို ခင်းရအုန်းမယ်!”

သူဒီစကား‌ကိုပြောပြီးပြီးချင်း ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ လူတိုင်းရဲ့မျက်လုံးများက သူ့ကိုစိုက်ကြည့်နေကြပြီး ခေါင်းထဲတွင်လည်း မေးခွန်းများဖြင့်ပြည့်နေကြသည်။

“ဒီလူ ဦးနှောက်များပျက်နေလေသလား”

“သေလိုက်ပါတော့ လင်းချီရာ၊ မင်းတော်တော်ကို ဈေးဆိုင်ဖွင့်ချင်နေတာလား” လူးဝစ်က လှောင်ပြောင်စကား ပြောလိုက်သည်။

ဖေးလည်း တော်တော်ရှက်သွားသည်။ သူမက ယဉ်ကျေးသိမ်မွေ့စွာဖြင့် “မေးခွန်းတစ်ခုမေးလို့ရမလား။ လင်းမိသားစုရဲ့ စီးပွားရေးမှာ ပြဿနာတစ်ခုခုများရှိနေလားရှင့်”

“ပြဿနာလုံးဝမရှိပါဘူး၊ တချို့အရာတွေဝယ်ချင်လို့ ပိုက်ဆံနည်းနည်း ရှာချင်ယုံပါပဲ၊ ပြောပြလည်း နားလည်မှာ မဟုတ်ပါဘူး”

ချက်ချင်းပင် လင်းချီရဲ့စကားကြောင့် ရယ်မောသံများထွက်ပေါ်လာသည်။

“အစ်မ သူ့လိုလူအတွက်နဲ့ စိတ်အနှောင့်ယှက်ဖြစ်မနေနဲ့၊ မြန်မြန်သွားစားလိုက် ကျွန်မ အခုပဲ အမှောင်တောအုပ်ကနေ ပြန်လာတာမို့ မကြာခင် တခုခုမစားရရင် စွမ်းအင်တွေ လုံးဝကုန်ခမ်းသွားလိမ့်မယ်” ယုလာက အမှတ်မထင်ပြောလိုက်သည်။

လင်းချီက ဈေးရောင်းဖို့ အခွင့်အလမ်းကို သတိပြုမိသွားပြီး အသားကင်တစ်ခုကိုချက်ချင်း ထုတ်လိုက်ကာ မေးလိုက်သည်။

"မင်းက မိန်းကလေးယုလာနော်၊ ငါ့ရဲ့အသားကင်က စွမ်းအင်ကိုဖြည့်စည်းပေးနိုင်တယ်၊ ဗိုက်ပြည့်အောင် မင်းစမ်းစားကြည့်ချင်လား"

ယုလာကဲ့သို့ ဓါးသမားများသည် မှော်ဆရာများကဲ့သို့ပင် စွမ်းအင်လျင်မြန်စွာ ကုန်ဆုံးသွားတတ်သည်။ ထို့ပြင် ဓါးသမားတစ်ဦး၏ အားပြည့်အောင် ပြန်လည်ရယူရသည့်အချိန်သည် မှော်ပညာထက်ပင် များစွာရှည်လျားသည်။ ထို့ကြောင့် ဈေးကွက်ရှိ သက်လုံပြန်လည်ကောင်းမွန်စေသည့် ပစ္စည်းများမှာ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသည့် ပစ္စည်းများထက်ပင် ပို၍ဈေးကြီးနေသေးသည်။

လင်းချီကင်ထားသော အသားကင်သည် အဆင့်မြင့်ဓားသမားအောက် အားလုံးအတွက် ခံနိုင်ရည်ကို ပြန်လည်ဖြည့်စွမ်းပေးနိုင်သည်။ ထို့ကြောင့် အကင်စားလိုက်လျှင် စားလိုက်သူ၏ သက်လုံက ချက်ချင်းပြန်ပြည့်လာမှာဖြစ်သည်။

“ဒီအကင်ကို စားကြည့်ရမယ်?” ယုလာကမယုံကြည်စွာမေးလိုက်သည်။

“ဟုတ်တယ် စားလိုက်လို့ နောင်တမရစေရဘူးလို့ အာမခံတယ်”

••••••••

All Chapters