ဘာလို့မရတာလဲ
Vol. 2 Ch. 13
သူယခင်က ချူချာသည့် အလှလေးတွေကို မြင်ဖူးခဲ့ပေမယ့် ဤမျှ အတိုင်းအတာ လောက်ထိတော့ မဟုတ်ခဲ့ပေ။
မနေ့က သူမမှာ လေအေးများကို ကြံ့ကြံ့ခံကာ ညသန်းခေါင်ယံတွင် မိမိကိုယ်မိမိ ခက်ခဲအောင် လုပ်၍ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။ ယနေ့တွင်တော့ သူမအား ကြည့်ရသည်မှာ သေခြင်းတရားမှ ခြေတစ်လှမ်းအကွာသာ လိုတော့သကဲ့သို့ပင်။
' ဒါက လှည့်ကွက် တစ်ခုလိုပဲ။ '
ကျောက်ရွှမ်ကျင်းသည် သူမနှင့် ပတ်သက်၍ အနည်းငယ် ယုံကြည်မှု ကင်းမဲ့ဆဲ ဖြစ်သည်။ သို့ပေမဲ့ ဤပုဂ္ဂိုလ်မှာ သူ့အသက်ကို ကယ်ခဲ့သည်။ သူမက ကံကြမ္မာ ဖတ်ခြင်း၌ အမှန်တကယ် တော်သည်ဖြစ်စေ ဒါမှမဟုတ် ဒီအတိုင်း ကံကောင်းသွားသည်ပင် ဖြစ်စေ ပဓာန မထားပဲ သူမအား ပစားပေးမည် ဖြစ်သည်။ သူမကို လူကိုယ်တိုင် သွား၍ တွေ့ရမည်။
အချိန်မဆိုင်းပဲ သူ့လူများအား ရထားလုံးကိုလှည့်ရန် ပြောလိုက်သည်။
" ကျွန်တော်တို့က ခက်ခဲကြမ်းတမ်းတဲ့ နေရာမှာ ခရီးသွားနေတာပါ။ တကယ်လို့ မိန်းကလေးရှဲ့ စိတ်မရှိဘူးဆိုရင် ကျွန်တော့် ရထားလုံးထဲ လာစီးနိုင်ပါတယ်။ " ကျောက်ရွှမ်ကျင်း၏ ပင်ကိုစရိုက်မှာ အနည်းငယ် အေးစက်ပြီး ချဥ်းကပ်ရလွယ်ကူပုံ မပေါ်ပေ။ မည်သို့ပင် ဖြစ်စေ သူကတော့ ယဥ်ကျေးစွာသာ ပြောနေဆဲဖြစ်သည်။
သူမကိုယ် သူမ ထောက်ကန်ကာ ထရပ် လိုက်သည်။
ထို့နောက် သူမ ရှေ့သို့ နှစ်လှမ်း တိုးလိုက်သည်။
ရုတ်တရက် သူမ ထပ်မံ ရပ်တန့် လိုက်ပြန်သည်။
" ရှင် ကျွန်မကို ရုံးတော်ဆီ ပို့ချင်တုန်းပဲလား? " သူမ၏ ခေါင်းကို လှည့်လိုက်ကာ သူ့အား ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်ခုံးများအား တွန့်ချိုးလိုက်သည်။ " တကယ်လို့ ကျွန်မသာ ကျန်းမာရေး ကောင်းမနေဘူး ဆိုရင် အုပ်ချုပ်ရေး ရုံးတော်ကို ပို့ခံရတာနဲ့ သေသွားလိမ့်မယ်။ ဘယ်လိုနည်းနဲ့သေသေ ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးရတာက အနည်းဆုံးတော့ သိက္ခာပိုရှိတာပေါ့..."
ကျောက်ရွှမ်ကျင်း၏ မျက်ခွံများ တွန့်လှုပ်သွားသည်။
ဤပုဂ္ဂိုလ်သည် ညှိနှိုင်းရန် ခက်ခဲသောလူ ပင် ဖြစ်သည်။
" မိန်းကလေး မင်းက အရည်အချင်း ရှိတယ်။ ပြီးတော့ ကျွန်တော်က မင်းကို ကျွန်တော့်ရဲ့ ဧည့်သည်အနေနဲ့ ဆက်ဆံ နေတာပါ။ မင်းရဲ့ဟောကိန်းတွေ မှန်ကတည်းက မင်းက သင်္ချိုင်းဖောက်သူ မဖြစ်နိုင်ဘူးဆိုတာ သိသာနေပြီပဲ... ကျွန်တော်တို့က မင်းကို ဘယ်လိုလုပ် အုပ်ချုပ်ရေး ရုံးတော်ကို ပို့ရမှာလဲ? " ကျောက်ရွှမ်ကျင်းသည် ထက်မြတ် သော်လည်း နက်ရှိုင်းကာ တည်ငြိမ်သည့် အကြည့်ဖြင့် ပြောလိုက်သည်။
ရှဲ့ချောင်သည် သူမ၏ တာအိုဝတ်ရုံကို အနည်းငယ် သာမန်ကာလျှံကာ ခါလိုက်ကာ မြေပြင်ပေါ်မှ ခြေထောက်အား နှစ်ကြိမ်မျှ ပေါ့ပါးစွာ ရွှေ့လိုက်သည်။
" ဒါဆို ကျွန်မကို ရှီးဖန်လို့ ခေါ်တဲ့...အနီးဆုံးမြို့ကို ကျေးဇူးပြုပြီး ပို့ပေးပါ "ရှဲ့ချောင်သည် သူမ၏ ဦးခေါင်းအား အနည်းငယ်သာ မော့ထားကာ သူမ၏ အသံမှာ ရဲဝံ့ကာ ပေါ့ပါးနေလေသည်။
ဤအရာကို အားအမြောက်အမြား မစိုက်ထုတ်ပဲ ပြောလိုက်ခြင်းကြောင့် သူမ၏ စကားလုံးများမှာ အခြားသူများ၏ အထင်အမြင် သေးခြင်းကို အလွယ်တကူ ခံရနိုင်သည်။
သူမမှာ ကြောက်ရွံ့နေသော ကလေးတစ်ယောက်နှင့် ပိုတူလေသည်။
" အဲ့ဒီမြို့မှာ ဆွေမျိုးတွေ ရှိတာလား? " ကျောက်ရွှမ်ကျင်းသည် မေးခွန်း နောက်တစ်ခု ထပ်မေးလိုက်၏။
" အင်း " ရှဲ့ချောင် ခေါင်းညိတ် ပြလိုက်သည်။ " ကျွန်မမှာ အမေနဲ့ ညီမလေး တစ်ယောက်ရှိတယ်။"
ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းစွန်းများ တွန့်သွားကာ သေချာ မပြောရသေးခင် ခေါင်းညိမ့်လိုက်သည်။ " ဟုတ်ပြီ၊ ဒါပေမယ့် ကျွန်တော့်မှာ မင်းကို မေးဖို့ နောက်ထပ် မေးခွန်းနည်းနည်း ရှိသေးတယ်။ မင်း ဖြေနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် မိန်းကလေး။ "
" ရှင် ကျွန်မကို ရထားလုံးထဲမှာ ထပ်မေးလို့ ရပါတယ်။ ကျွန်မ ပင်ပန်းနေပြီ။ " ရှဲ့ချောင် သူမ၏ ခေါင်းကို ငုံ့လိုက်သည်။
နန်းတွင်း သက်တော်စောင့် ကျို့နှင့် အခြားသူများမှာ ဘေးမှ ကြည့်နေ ခဲ့ကြခြင်း ဖြစ်သည်။ ပထမတော့ သူတို့ သခင်လေး၏ ဤမိန်းမငယ်လေးအပေါ် သဘောထားမှာ အတော်လေး ကောင်းသည်ဟု သူတို့ ခံစားခဲ့ရသည်။ ဒါပေမယ့် အမတအရှင်လေးရဲ့ သနားဖွယ်ကောင်းပြီး စိတ်ထိခိုက်ဖွယ် ပုံစံကို မြင်ပြီးနောက်မှာတော့ သူတို့သခင်လေးရဲ့ အသံနေအသံထားက သူမအပေါ် အရမ်းအေးစက်ပြီး ခက်ထန်သည်ဟု မတွေးပဲ မနေနိုင်တော့ပေ။
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်အား အကြိမ်ပေါင်းများစွာ ကြည့်လိုက်မိသည်။
ဒီအမတအရှင်မှာ... အတော်လေး ကောင်းပါတယ်။
ဒီအတိုင်း.. သူမရဲ့ စကားပြောတဲ့ပုံစံ ကပဲ တစ်နည်းတဖုံ စိတ်တိုစရာ ကောင်းနေရုံလေးပဲ။ သူမ စကားပြောလိုက်တာနဲ့အမျှ လေကို ပင့်သက် ရှုရှိုက်နေရပြီး သူမရဲ့အားနည်းပုံက လူတွေကို သူမသေခဲ့ရင် ဆိုပြီး ခံစားစေရခြင်း ဖြစ်သည်။
သူသည် အမြဲတမ်း ငိုရတာ ကြိုက်နှစ်သက်သည့်မိန်းမများအား အမြဲတမ်း ကြောက်ရွံ့ခဲ့သည်။ မိန်းမတစ်ယောက်၏ အသံက ခြင်တစ်ကောင်ကဲ့သို့ ဖြစ်နေလျှင် ထိုမိန်းမအား သူလုံးဝကို သေချာပေါက်ရှောင်မည်ဖြစ်သည်။ ဒါကြောင့် ယခု ဤမိန်းကလေး စကားပြောသည်အား နားထောင် နေရသောအခါ သူ့နားထင်မှ တဒုတ်ဒုတ် မြည်နေသည့် အသံကိုပင် ခံစားလို့ ရနေလေသည်။
ရှဲ့ချောင်သည် နားလည်မှု လွဲမှားခြင်းကို ရှောင်ရှားရန် အလွန် ပျင်းရိနေသည်။ သူမသည် သာ့ရှုန်း ကို ရိုးရိုး ရှင်းရှင်း ပွေ့ဖက်ကာ သခင်ငယ်လေး နောက်မှ ရထားပေါ်သို့ တက်ခဲ့သည်။
"ဒီဟာကိုလည်း ရထားပေါ် သယ်လာဖို့လား?.."
ကျောက်ရွှမ်ကျင်း၏ စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးသွားသည်။
သူ့ခန္ဓာကိုယ်အား မသိစိတ်ဖြင့် နောက်သို့ မှီလိုက်လေသည်။
ရှဲ့ချောင်သည် ခေါင်းငြိမ့်ပြကာ ရထားတံခါးကို အနည်းငယ် မှီလိုက်သည်။ ကြက်ဖကြီးအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူမ၏ ဝါးသေတ္တာကို ခြေထောက်ဖြင့် တွန်းလိုက်သည်။
သူမ၏ ပုံစံမှာ အခုလေးတင် ဓားပြနှင့် တွေ့လာခဲ့သော မိန်းမကောင်းလေး တစ်ယောက်ကဲ့သို့ပင်။
" ဘာလို့ မရတာလဲ? " တုန်ယင်ကာ တိုးညှင်းသည့် အသံလေးဖြင့် သူမ ပြောလိုက်သည်။ သူမသည် တကယ့်ကို ခယ ဝပ်တွားနေသည့်ပုံ ဖြစ်နေသည်။
ကျောက်ရွှမ်ကျင်းသည် ဘယ်တုန်းကမှ ခြံမွေးတိရစ္ဆာန် နှင့်အတူ ရထားလုံး မစီးခဲ့ဖူးပေ။
ဒါပေမယ့် သူသဘောမတူခဲ့ဘူးဆိုရင် သူသည် အားနည်းသူများ အပေါ် ဗိုလ်ကျ ခြယ်လှယ်သောပုံ ပေါက် သွားလိမ့်မည်။ ထို့နောက် ကြက်ဖကြီးအား သူတစ်ချက် စိုက်ကြည့်လိုက်ကာ အေးစက်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ " ဒါပေါ့ ရပါတယ် "
ရှဲ့ချောင်၏ လက်မှာ ကြက်ဖကြီးရဲ့ ကျောရှိ နူးညံ့သော အမွေးအတောင်များကို ဖွနေခဲ့ရင်း သူမ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် အပေါ်သို့တွန့်ကွေး သွားလေသည်။
" မိန်းကလေးရှဲ့ မင်းလေ့ကျင့်ခဲ့တာ ဘယ်ဘုရားကျောင်းများလဲ? " ကျောက်ရွှမ်ကျင်းသည် သူ့ပါးစပ်ကို ဖွင့်ကာ မေးလိုက်သည်။ အချိန် ခဏကြာ စဥ်းစား ပြီးနောက် သူထပ် ဖြည့်စွက်လိုက်သည်။ " ဘယ်ဆရာသခင်ဆီက သင်ယူခဲ့တာလဲ? "
"ငယ်ငယ်က အချိန်အကြာကြီး ဖျားနေခဲ့တဲ့ အချိန်ကစပြီး ရွှေယွဲ့တာအို ဘုရားကျောင်းမှာ ကျွန်မနားနေခဲ့တာ။ ဒါကို ထည့်ပြောဖို့ မထိုက်တန် ပေမယ့် ကျွန်မက လူတစ်ယောက်ရဲ့ ကံဆိုးမှုကို ပြောနိုင်တယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ကျွန်မ မှန်မှန်ကန်ကန် တွက်ချက် နိုင်ခဲ့တယ် ဆိုရင်လည်း အဲဒါက တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်မယ်။" ရှဲ့ချောင်သည် သူမ ပြုလုပ်ခဲ့သည့် ကိစ္စများအတွက် သူမကိုယ်သူမ နှိမ့်ချ နေခဲ့သည်။
•••••••