မိစ္ဆာကိုယ်ပွား
Vol. 22 Ch. 328
ရွှီချင်းက မည်မျှကြောက်မက်ဖွယ်ကောင်းလာသည်ကိုမြင်၍ အရိပ်လေး တုန်ရီသွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ပင် တုန်လှုပ်ချောက်ချားသွားသည်။ သူူ ရုပ်လုံးပေါ်လာပြီးနောက် သူ့စိတ်ထဲ တဝီဝီမြည်နေပြီး မျက်လုံးများ ပြူးကျယ်နေသည်။
“ အသက်ရှည်ရှည်နေရလေ နောက်ထပ် ပိုမြင်တွေ့လာရလေပဲ ”
“ ဒီမိစ္ဆာရွှီက စစ်မှန်တဲ့နဂါးတစ်ကောင် ဖြစ်မယ်။ ဒါ စာအုပ်တွေထဲမှာ ပြောထားတာနဲ့ တထေရာတည်းပဲ။ ဒီလိုမျိုး တုဖက်ကင်းတဲ့ပါရမီရှိတာ အစစ်အမှန်နဂါးတစ်ကောင်ပဲ ဖြစ်မယ်။ အဲဒီသူတော်စင်ကြယ်ကလည်း အတူတူပဲ။ ဒါပေမဲ့ သူက တခြားစာအုပ်ဖြစ်မယ် ”
“ အဲဒီစာအုပ်နှစ်အုပ်ကြားက အစွမ်းထက်ဆုံးအစစ်အမှန်နဂါးက ဘယ်သူတုံး ကြည့်ရမယ် ”
“ ကြောက် … ကြောက် … ”
အရိပ်လေးမှာ တုန်ရီသွားပြီး ၎င်း၏ခံစားချက်များ အနည်းငယ် ပရမ်းပတာ ဖြစ်သွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ ထပ်တူသဘောတူကြသည်မှာ ရှားသည်။ မိစ္ဆာရွှီသည် မြန်ဆန်စွာ တိုးတက်လာခဲ့ပြီး အလွန် ကြောက်စရာကောင်းလာသည်ကို သူသည်လည်း ခံစားမိသည်။
“ အမ် … ငါက နဂါးကို ထောက်ပံ့ပေးရမယ့်သူ ဖြစ်လာနိုင်တာပေါ့။ ငါ့သခင် အစွမ်းထက်လာရင် ငါတို့လည်း ပိုပြီး အစွမ်းထက်လာမှာပဲလေ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ ကြောက်လန့်တုန်ရီနေကြစဉ် တီးတိုးရေရွတ်လိုက်သော ရွှီချင်း၏စကားကို သူတို့ ကြားလိုက်ရသည်။
“ ငါ အားနည်းနေသေးတယ် ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ခရမ်းရောင်အလင်းများကို ဖုံးကွယ်သွားသည်။
“ တောင်ထိပ်တစ်ခုလုံးကို ဖိနှိပ်နိုင်တဲ့ အဲဒီသူတော်စင်ကြယ်နဲ့ ငါ ယှဉ်လို့မရသေးဘူး ”
ရွှီချင်း ခေါင်းယမ်းလိုက်သည်။ သူ တိုးတက်ရန် လိုနေသေးသည့်နေရာများစွာ ရှိနေသေးသည်ဟု သူ ခံစားနေရသည်။
“ ငါ စတုတ္ထမြောက်သက်စောင့်မီးလုံးပေါ်လာအောင် မြန်မြန်လုပ်မယ်။ ပြီးရင် ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ရဲ့နောက်မှာ ဘာရှိလဲ ကြည့်ရမယ် ”
ခုနစ်ဂိုဏ်းမဟာမိတ်မှ ကောင်းကင်လက်ရွေးစင်များအားလုံး ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို ဖွင့်နိုင်ကြပြီဖြစ်သော်လည်း ရွှေအမြုတေအဆင့်သို့ မတက်သေးပေ။ ဤနေရာတွင် ပြဿနာတစ်ခုခုရှိရမည်ဟု ရွှီချင်း ခံစားမိသည်။ ယခင်က သူ ဖတ်ခဲ့ဖူးသည့်် ကျောက်စိမ်းပေလွှာက ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်အကြောင်းကိုပင် ရှင်းပြမထားခဲ့ပေ။ သို့သော် ဝမ်ကူးဒေသတွင် ထိုကဲ့သို့ လူများ ရှားပါးပုံမရပေ။ သူတို့အားလုံး သူတို့ဂိုဏ်းအသီးသီး၏ ပါရမီရှင်များ ဖြစ်ကြသည်ဖြစ်၍ အခြေတည်အဆင့်မှာ ဆက်နေသည့်အကြောင်းရင်း ရှိရမည်ဟု သူ ခံစားရသည်။
“ ငါ့အဆိပ်က ပိုပြီး အစွမ်းထက်လာနိုင်တယ်။ ပိုးကောင်နက်တွေကို ကျွေးမွေးဖို့နဲ့ ခံနိုင်ရည်ပိုရှိလာအောင်လုပ်ဖို့ အဆိပ်မြက်တွေအများကြီး လိုတယ်။ ပိုးကောင်နက်တွေကို အဆိပ်တားမြစ်ဆေးထဲမှာ တစ်နှစ်ပတ်လုံး မွေးမြူထားနိုင်မှဖြစ်မယ် ”
“ ပြီးတော့ ကောင်းကင်အစွန်းရောက်ဓားမော့လည်း ရှိသေးတယ်။ အဲဒီအခွင့်အရေးကိုလည်း ငါ လက်လွှတ်လိုက်လို့ မဖြစ်ဘူး။ ကောင်းကင်အစွန်းရောက်တာအိုဘုရားကျောင်းတွေသွားပြီး နားလည်အောင် လုပ်ရမယ် ”
“ ငါ အားနည်းနေတုံးပဲ ”
ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး သက်စောင့်မီးလုံးငါးလုံးအထိ ရောက်ရှိလာခဲ့သည့်အတွက်ကြောင့် မြင့်တက်လာသော ဂုဏ်ယူစိတ်ကို သူ ချိုးနှိမ်လိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မှင်သက်သွားသည်။ ရွှီချင်းက လှောင်ပြောင်သရော်နေသည့်အမူအရာဖြစ်နေသလား သိရန် ရွှီချင်းကို သူ အသေအချာ အကဲခတ်လိုက်သည်။ သို့သော် သူ စစ်ဆေးကြည့်ပြီးနောက် ရွှီချင်းက အမှန်တကယ်ပင် အားနည်းနေသေးသည်ဟု ထင်နေကြောင်း သူ အာရုံခံမိလိုက်သည်။
‘ ဒါလား အားနည်းတာ။ ချီးလို့ အားနည်းမှာလား။ ဒါဆို အစွမ်းထက်တာက ဘာတုံး။ ဒီမိစ္ဆာရွှီက အားနည်းတယ်ဆိုတဲ့စကားကို နားလည်မှုလွဲနေတဲ့ပုံပဲ ’
‘… အားနည်းတယ်လား ’
ဘေးရှိ အရိပ်လေးသည်လည်း မှင်သက်သွားသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ ငါ လုံလောက်အောင် အစွမ်းမထက်သေးဘဲ ထုတ်ပြနေလို့ မဖြစ်ဘူး ”
ရွှီချင်း ငြိမ်သက်သွားပြီး မြေပြင်ပေါ်ရှိ အရိပ်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးရှိနေသော သံတုတ်နက်လေးကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံး စကားမပြောနိုင်လောက်အောင် အံ့အားသင့်နေကြသည်။
“ အရိပ်လေး၊ ငါ့သက်စောင့်မီးအိမ်ကို နောက်တစ်လွှာ ဖုံးကွယ်လိုက်။ ပြီးရင် ဓမ္မတံခါးဆယ်ခုကိုလည်း ဖုံးထားလိုက် ”
ရွှီချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ ထို့နောက် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ဘေးပတ်လည်မှ မီးစွမ်းအားများ သူ့ညာလက်တွင် စုစည်းလာသည်။
ထိုမီးစွမ်းအားများက ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသည့် မီးတောက်နက်အလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်းသည် ညာလက်ကို ဆုပ်လိုက်ပြီး မီးတောက်များက သူ့ခန္ဓာကိုယ်နှင့် ချက်ချင်း ပေါင်းစည်းသွားသည်။ အကျဉ်းခန်းများထဲတွင် မီးတောက်များ လွင့်ပျယ်သွားခြင်းနှင့်အတူ မြေပြင်သည်ပင် ပြာဖြစ်သွားပြီး ခြေရာလက်ရာများ မကျန်ခဲ့ပေ။
ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ မန္တန်အစီအရင်များစွာကို ထုတ်၍ ပြန်လည်တပ်ဆင်လိုက်သည်။
သူသည် ဝိညာဉ်ကျောက်တုံးအလုံအလောက်ရှိနေသည်ဖြစ်၍ မန္တန်အစီအရင်များကို နှမျောတွန့်တိုမနေဘဲ အများအပြား ဝယ်ယူခဲ့သည်။ မန္တန်အစီအရင်များကို သူ နေသားတကျ ချလိုက်ပြီးနောက် တည်ငြိမ်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
“ ညဉ့်ငှက်အဖွဲ့ဝင်တွေကို ထပ်ခေါ်လာခဲ့ ”
ခဏအကြာ လူဆိုးထိန်းဌာနအဖွဲ့ဝင်များက ရာဇဝတ်ကောင်များကို ထပ်မံပို့လွှတ်လိုက်ကြသည်။ သူတို့သည် အကျဉ်းထောင်အနီးသို့ ရောက်သောအခါ ဘေးပတ်လည်ရှိ အပျက်အစီးများကို သတိထားမိသွားသည်။ သူတို့ တုန်လှုပ်သွားပါသော်လည်း မမေးဝံ့ကြပေ။
ထိုသို့ဖြင့် သုံးရက်တာ ကုန်လွန်သွာားသည်။
ခုနစ်ဂိုဏ်းမဟာမိတ်၏ စိန်ခေါ်ပွဲများက ဆက်လက်ဖြစ်ပွားနေသည်။ သို့သော်လည်း အမှန်စင်စစ် ခုနစ်ဂိုဏ်းမဟာမိတ်မှ ကောင်းကင်လက်ရွေးစင်များ၏ စိတ်ထဲတွင် သံသယများ ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဟွမ်ရီခွန် ပျောက်သွားသည်ကို သူတို့ သိလိုက်ရသောကြောင့်ပင်။
ဟွမ်ရီခွန် မပျောက်ခင်က ကိစ္စနှစ်ခု လုပ်မည်ဟု ပြောခဲ့သည်။ တစ်ခုက ရွှီချင်း၏ကိစ္စ ဖြစ်ပြီး ရွှီချင်းကို သူ ကိုင်တွယ်မည်ဖြစ်ကာ ရလဒ်ကို စောင့်ကြည့်နေရန် ပြောခဲ့သည်။ ဒုတိယတစ်ခုက သတ္တမမြောက်တောင်ထိပ်သို့ သွားရောက်စိန်ခေါ်မည်ဖြစ်ကာ ရလဒ်ကို စောင့်ကြည့်နေရန် ဖြစ်သည်။
ယခု ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပါသော်လည်း သတ္တမမြောက်တောင်ထိပ်နှင့် ပတ်သက်ပြီး မည်သည့်သတင်းမျှ ထွက်မလာခဲ့သလို ဟွမ်ရီခွန်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုကိစ္စသည် အလွန် ထူးဆန်းသည်။ ပို၍ ထူးဆန်းသည်မှာ ထိုကိစ္စကို ရွှမ်ယုံဂိုဏ်းက မည်သို့မျှ အရေးယူခြင်း မရှိပေ။
ထို့ကြောင့် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များသည် သံသယများ၊ စိုးရိမ်ပူပန်မှုများဖြင့် သတ္တမမြောက်တောင်ထိပ်နှင့် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိရာအရပ်သို့ ကြည့်လိုက်ကြသည်။
သူတို့၏အဆင့်က လုံလောက်အောင် အစွမ်းမထက်သေးသည်ဖြစ်၍ တချို့အရာများကို အတွင်းကျကျ မမြင်ရပေ။
ထိုကောင်းကင်လက်ရွေးစင်များသည် အရူးများ မဟုတ်ကြပေ။ ထိုသဘောတရားကို သူတို့ ကောင်းကောင်း နားလည်ကြသည်။ ယင်းအပြင် သတ္တမမြောက်တောင်ထိပ်နှင့် ရွှီချင်းက သူတို့နှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ သို့ဖြစ်ရာ ထိုကိစ္စမှာ သူတို့ လက်ဝင်မလျှိုချင်ကြပေ။
‘ နဂါးတစ်ကောင်မှာ သားတော်ကိုးပါးရှိသော်လည်း တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ ′ ဆိုသည့်အတိုင်းပင်။ တချို့ကောင်းကင်လက်ရွေးစင်များက အခြေအနေကို မြင်ကြသည့်တိုင်အောင် အကျိုးအမြတ်များကို လက်လွှတ်မပစ်ချင်ကြသေးပေ။ ညဉ့်ငှက်အဖွဲ့ဝင်များကို ရွှီချင်း ဖမ်းဆီးလိုက်ခြင်းသည်လည်း ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်တချို့ကို ဒေါသထွက်သွားစေခဲ့သည်။
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်အားလုံးက ညဉ့်ငှက်အဖွဲ့အစည်းနှင့် အရောင်းအဝယ် ရှိကြသည် မဟုတ်သော်လည်း ရတနာအကျဉ်းသားများကို အဓိကဝယ်သူမှာ စီမာလင်းတစ်ယောက်တည်းသာ မဟုတ်ပေ။
သို့သော်လည်း အကျိုးအမြတ်ကို မစွန့်လွှတ်ချင်သူများက မိစ္ဆာသားကောင်ဂိုဏ်း လှုပ်ရှားလာမည်ကိုလည်း စောင့်နေကြသည်။
မိစ္ဆာသားကောင်ဂိုဏ်းသည် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှာ အင်အားအကြီးဆုံး မဟုတ်သော်လည်း တခြားသူများကို ခြောက်ခြားမှုပေးနိုင်စွမ်းအရ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ထဲရှိ တခြားဂိုဏ်းများအောက် မနိမ့်ပေ။
ထိုဂိုဏ်းသည် မိစ္ဆာသားကောင်များကို ဖုံးကွယ်သည့်နေရာတွင် အမြဲနာမည်ကြီးသည်။ ထို့ကြောင့် သူတို့ကို ရန်စချင်သည့် လူများစွာ မရှိပေ။ တခြားဂိုဏ်းများ၏ အမြင်တွင် မိစ္ဆာများနှင့် ဆက်သွယ်နေသော မိစ္ဆာသားကောင်ဂိုဏ်းသားများသည် အရူးများသာ ဖြစ်သည်။
လီထူဂိုဏ်းမှအရူးများသည်ပင် ကိုးကွယ်ယုံကြည်ရာအတွက်သာ ရူးနှမ်းသောကိစ္စများ လုပ်ကြသည်။ သို့သော် မိစ္ဆာသားကောင်ဂိုဏ်းမှာ မတူပေ။ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှာ မိစ္ဆာသားကောင်ဂိုဏ်း၏ လုပ်ရပ်များကို နားမလည်နိုင်သောအခါများ ရှိခဲ့သည်။ မိစ္ဆာသားကောင်ဂိုဏ်းမှ ဂိုဏ်းသားအချင်းချင်းပင် တစ်ယောက်နှင့်တစ်ယောက် နားမလည်နိုင်ကြပေ။
ထို့ကြောင့် မိစ္ဆာသားကောင်ဂိုဏ်းက စီမာလင်း ချုပ်နှောင်ခံရသည့်ကိစ္စကို လက်လွှတ်ပေးမည် မဟုတ်ပေ။
ငါးရက်ကြာပြီးနောက် ချီရွှဲ့ထုံဂိုဏ်းအပြင်ဘက်ရှိ တားမြစ်ပင်လယ်ထဲမှ လှေတစ်စီး ရွှက်လွှင့်လာသည်။
ထိုလှေသည် အရိုးများဖြင့် လုပ်ထားသော လှေတစ်စီး ဖြစ်သည်။ ထိုလှေသည် မကြီးဘဲ ပေတစ်ရာသာ ရှည်သည်။ လှေကိုယ်ထည်တစ်ခုလုံး သေးသွယ်ပြီး ဧရာမသားရဲကြီးတစ်ကောင်၏ လက်ဖျံရိုးနှင့် ဆင်တူသည်။
အရိုးလှေ၏ တစ်ဖက်တစ်ချက်တွင် နေ့ခင်းကြောင်တောင်ကြီးမှာပင် မရေမတွက်နိုင်သော ဖောက်ထွင်းမြင်ရသည့် တစ္ဆေလက်များ ဆန့်ထွက်နေပြီး ပင်လယ်ပြင်အား အဆက်မပြတ် ကူးခတ်နေသည်ကို မြင်နိုင်သည်။
တစ္ဆေလက်ပေါင်းထောင်ချီခန့်ရှိသည်။ ထိုလက်များကို ပင်လယ်ပြင်ကို အဆက်မပြတ် ကူးခတ်နေသည်ဖြစ်၍ ထိုအရိုးလှေကြီးသည် တရိပ်ရိပ်ဖြင့် ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းသို့ ချဉ်းကပ်သွားသည်။
ယခင်က ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ ရောက်လာပုံနှင့် မတူဘဲ ထိုလှေပိုင်ရှင်သည် အလွန် ယဉ်ကျေးသည်။ ဆိပ်ကမ်း၏မန္တန်အစီအရင်အပြင်ဘက်တွင် လှေကို ရပ်လိုက်ပြီး နက်မှောင်သော ဆံပင်ရှည်များနှင့် ဝတ်စုံဖြူဝတ်အမျိုးသမီးတစ်ဦး ထွက်လာသည်။
ထိုအမျိုးသမီးသည် အသက်အရွယ်ကြီးရင့်သေးဟန်မတူဘဲ အလွန် လှသည်။ သို့သော်လည်း နေရောင်ခြည်ကို နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် မထိတွေ့ခဲ့ရသည့်အလား မျက်နှာက သွေးဆုတ်ဖြူရော်နေသည်။
သူက ထီးတစ်လက်ကို ထုတ်၍ ဆောင်းလိုက်သည်။ အနီးကပ်ကြည့်ပါက ထိုထီးပေါ်မှာ မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း မျက်နှာများစွာ ရှိနေသည်ကို မြင်ရပေမည်။ ထိုမျက်နှာများသည် အော်ဟစ်ရယ်မောနေကြပြီး ရံဖန်ရံခါ တစ်ယောက်နှင့်တစ်ယောက် ကိုက်နေကြသည်။
ထိုမျက်နှာများသည် ကြောက်မက်ဖွယ်ကောင်းဟန်တူသော်လည်း ဝတ်စုံဖြူအမျိုးသမီးက ထီးလက်ကိုင်ရိုးကို လှည့်လိုက်သည့်အခါတိုင်း ထိုမျက်နှာများအားလုံး ကြောက်လန့်သွားတတ်သည်။
“ မိစ္ဆာသားကောင်ဂိုဏ်းက စီမာယွီ၊ ချီရွှဲ့ထုံဂိုဏ်းကို အလည်အပတ် လာပါတယ် ”
မန္တန်အစီအရင်အပြင်ဘက်တွင် ဝတ်စုံဖြူအမျိုးသမီးက ချိုလွင်စွာ ပြောလိုက်သည်။ သူမ၏လေသံသည် ဆောင်းတွင်းလေပြေအလား အေးစက်နေဟန်ရှိသည်။
ခဏအကြာ မန္တန်အစီအရင်ကြီး ပွင့်သွားသည်။ အရိုးလှေက အထဲသို့ ဝင်သွားပြီး ဆိုက်ကပ်ရန် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ကို ရွေးချယ်လိုက်သည်။
ဝတ်စုံဖြူအမျိုးသမီးသည် ဆိပ်ကမ်းသို့ ရောက်သွားသည်နှင့် လေထဲသို့ လွင့်မျောသွားပြီး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနသို့ ဦးတည်သွားသည်။
ထိုအမျိုးသမီး၏ ဆံပင်များသည် ရှည်လျားလွန်း၍ မြေပြင်သို့ ထိနေသည်။ ထိုဆံပင်ရှည်များ ထိသွားသည့်နေရာတိုင်း အသက်ဝင်လာသည့်အလား မြေကြီးထဲမှ အမည်းရောင်အလုံးများသဖွယ် တစ္ဆေများ ထွက်လာသည်။ ထိုတစ္ဆေများသည် ခုန်ဆွခုန်ဆွဖြင့် ထူးဆန်းသော အသံများ သံပြိုင်ဟစ်ကြွေး၍ ထိုအမျိုးသမီး၏နောက်မှ လိုက်ပါသွားသည်။
“ အရိုးနဲ့ရိုက်လို့ မျက်လုံးနှစ်လုံးကို ထုတ်တယ် ”
“ သုံးချက်လက်သီး ဖောက်ထွင်းမယ်၊ လျှာလေးခုတောင် ထွက်စေကွယ် ”
“ မိတ်ဆွေငါးယောက် သန်မာသား၊ လက်ခြောက်ဖက်နဲ့ တူးထုတ်ထား ”
ထိုဟစ်ကြွေးသံသည် မရေမတွက်နိုင်သော ကလေးငယ်လေးများ သီချင်းဆိုနေသည်နှင့် ဆင်တူပါသော်လည်း အသံအရဖြစ်စေ၊ စကားအရဖြစ်စေ ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ယင်းကြောင့် ဝတ်စုံဖြူအမျိုးသမီး၏ဘေးမှ ဖြတ်သန်းသွားသည့်လူတိုင်း ကြောက်လန့်တုန်ရီသွားကာ ဝေးရာသို့ ချက်ချင်း ရှောင်သွားကြသည်။
ထိုသို့ဖြင့် ဝတ်စုံဖြူအမျိုးသမီးသည် လူဆိုးထိန်းဌာနနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။
ထိုဝတ်စုံဖြူဝတ်အမျိုးသမီး ရောက်လာသည်ကို ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ရှိ ကောင်းကင်လက်ရွေးစင်များ ချက်ချင်း သိသွားကြသည်။ ထိုအမျိုးသမီးကို အဝေးမှ အာရုံခံကြည့်လိုက်ပြီး သက်ပြင်းများချလိုက်ကြသည်။
“ မိစ္ဆာသားကောင်ဂိုဏ်းက စီမာယွီက စီမာလင်းရဲ့ အစ်မအရင်းပဲ။ အရင်မျိုးဆက်က ကောင်းကင်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရတဲ့ တာအိုကလေးငယ်တစ်ယောက်လည်း ဖြစ်တယ်။ သူက ရွှေအမြုတေအဆင့်ကို ရောက်တော့ တံခါးပိတ်ကျင့်ကြံပြီး ဒုတိယမြောက်ကောင်းကင်နန်းတော်ဖြစ်ပေါ်အောင် လုပ်နေတယ်လို့ ကြားတယ် ”
“ သူ တကယ်ကြီး ရောက်ချလာတာပဲ ”
“ အဲဒါ သူ့ခန္ဓာကိုယ်အစစ် မဟုတ်ဘူး။ သူ့ရဲ့မိစ္ဆာကိုယ်ပွားပဲ ”
“ အဲဒီကိုယ်ပွားအကြောင်းကို အရင်က ငါ ကြားဖူးတယ်။ စီမာယွီ အခြေတည်အဆင့်မှာ ရှိတုန်းက သူ့အရိုးတစ်ချောင်းနဲ့ မိစ္ဆာတွေနဲ့ ပေါင်းပြီး အဲဒီကိုယ်ပွားကို လုပ်ထားတာ။ အဲဒီကိုယ်ပွားက ရွှေအမြုတေအဆင့် တိုက်ရည်ခိုက်ရည်မရှိပေမဲ့ သက်စောင့်မီးလုံးလေးလုံးအစွမ်းကို ဖိနှိပ်နိုင်တယ်လို့ ပြောကြတယ် ”
“ အဲဒီကိုယ်ပွားက သက်စောင့်မီးလုံးငါးလုံးကို မရောက်သေးပေမဲ့ သက်စောင့်မီးလုံးလေးလုံးနဲ့ တစ်ဝက်တော့ ရှိလောက်မယ်။ ဒါပေမဲ့ အဲဒီအပိုသက်စောင့်မီးလုံးတစ်ဝက်က သက်စောင့်မီးလုံးလေးလုံးကို ကောင်းကောင်း ဖိနှိပ်နိုင်တယ် ”
ခုနစ်ဂိုဏ်းမဟာမိတ်မှ ထိုကောင်းကင်လက်ရွေးစင်များသည် တစ်ယောက်နှင့်တစ်ယောက် ချက်ချင်း အသံများပို့လွှတ်လိုက်ကြသည်။ သူတို့စိတ်ထဲ တုန်ရီနေပါသော်လည်း အနီးမကပ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော မိစ္ဆာသားကောင်ဂိုဏ်းမှာ အရူးများဖြင့် ပြည့်နေသောကြောင့်ပင်။ ရွှီချင်းကို ထိုအမျိုးသမီး ချုပ်နှောင်ပြီးနောက် သူတို့အား ရန်ရှာလာမည်ကို သူတို့ စိတ်ပူသည်။
ထိုအချိန်၌ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လမ်းများပေါ်တွင် ကောင်းကင်လက်ရွေးစင်များ အလွန် ကြောက်လန့်သော ဝတ်စုံဖြူအမျိုးသမီးနောက်သို့ အနက်ရောင်အလုံးများသဖွယ် တစ္ဆေများက ခုန်ဆွခုန်ဆွဖြင့် လိုက်နေကြသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးတေးသံကို ဟစ်ကြွေးရင်း လူဆိုးထိန်းဌာန၏ ဂိတ်တံခါးဝသို့ ရောက်လာသည်။
ထိုအမျိုးသမီး၏ အထက်ကောင်းကင်ယံတွင် မြူခိုးထုကြီး ပေါ်လာသည်။ ထိုမြူခိုးများသည် ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူဆိုးထိန်းဌာနကို စူးစိုက်ကြည့်နေသည်။
လူဆိုးထိန်းဌာန၏ ဂိတ်တံခါးတွင် တစ်ယောက်မှ မရှိပေ။
ဂိတ်တံခါးသည် ပွင့်နေပြီး ဧည့်တွေ့ဆောင်၏ ပင်မထိုင်ခုံပေါ်တွင် အလွန် ချောမောသောလုလင်ပျိုတစ်ဦး ထိုင်နေသည်ကို မြင်နိုင်သည်။ ထိုလုလင်ပျိုသည် ဝတ်စုံဖြူအမျိုးသမီးကို အသက်မဲ့သောအကြည့်ဖြင့် ခြံဝင်းကို ဖြတ်၍ ကြည့်နေသည်။
ဝတ်စုံဖြူဝတ်အမျိုးသမီးသည် တည်ငြိမ်စွာဖြင့် လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ ထိုအမျိုးသမီးသည် အလွန် နူးညံ့ပြီး လှပကြော့ရှင်းကာ လူကုံထံမိသားစုမှ မိန်းမပျိုတစ်ဦးအလား ထင်မှတ်ရသည်။
“ ငါ့မောင်ကို ခေါ်ဖို့ ဒီကို လာခဲ့တာ ”