ဖေဟောင်၏လမ်းကြောင်း.....
Vol. 17 Ch. 229
ရှီးယန်၏အခြေနေသည် မုန်တိုင်းထန်ပြီး နေသာနေသလိုပင်....
အဆိပ်ခတ်ခံရခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော တင်းမာမှုနှင့် ကြောက်ရွံ့မှုတို့သည် အတိတ်က ဖြစ်ရပ်တစ်ခုလိုသာဖြစ်နေပြီး လက်ရှိ ရှီးယန်၏အခြေနေသည် ပညာရှင် အင်အားတောင့်တင်းစွာဖြင့် ကောင်းမွန်စွာလည်ပတ်လျှက်ရှိသည်။
ထို့ပြင် ပညာရှင်များ၏ အပြုံးများသည် စိတ်သက်သာရာရမှုနှင့် ကျေနပ်မှုတို့ကြောင့် တောက်ပနေလေ၏။
လီလော့သည် ပိုင်တုတု ၊ ပိုင်မျန်မျန် ၊ ယုလန် နှင့် အခြားသူများကို ရုံးချုပ် အနီးတစ်ဝိုက်ရှိ ပြိုကျပျက်စီးနေသော အဆောက်အအုံတစ်ခုရှေ့သို့ ခေါ်ဆောင်လာခဲ့ပြီး.....
"ဒီနေရာက ရှီးယန်ရုံးချုပ်ရဲ့ ဖော်မြူလာ သုတေသနဌာန ဖြစ်ခဲ့ဖူးတယ်....ငါ ရှမြို့တော်ကို စရောက်တဲ့နေ့မှာ ရုံးချုပ်ဉက္ကဌကို စိမ့်အိုင်စံအိမ်က ခိုးယူသွားခဲ့တယ်။ သူနဲ့အတူ ပညာရှင်တော်တော်များများကို ခေါ်သွားရုံတင်မကဘူး....သုတေသနဌာနကိုပါမီးရှို့သွားခဲ့တယ်..... အဲဒီနေ့က အများကြီး ဆုံးရှုံးခဲ့ရတယ်......"
" ကြောက်စရာကောင်းလိုက်တာ..."
ပိုင်မျန်မျန်သည် ပဲ့တင်ထပ်သံပြုပြင်သူ တစ်ယောက်ဖြစ်သည့်အတွက် ဖော်မြူလာတစ်ခုထွက်ပေါ်လာရန် မည်မျှပင်ပန်းကြောင်း နားလည်နေ၏။
အိမ်တော်သခင်လေးတစ်ပါးဖြစ်နေသော်လည်း ခက်ခဲပင်ပန်းစွာရုန်းကန်နေရသော လီလော့ကို သူမ ကိုယ်ချင်းစာနာမိပါသည်။
"ရှီးယန်ရဲ့အခြေနေကြောင့် ငါ့မှာညဘက်တွေတောင်အိပ်မပျော်နိုင်ဘူး...."
လီလော့က သက်ပြင်းတချချနှင့်ထိုသို့ပြောလိုက်ပြီး ယုလန်ကို တစ်ချက်ကြည့်လိုက်သည်။
ယုလန်သည် လီလော့ ဘာတွေလုပ်နေမှန်း မသိပေမယ့် ပိုင်မျန်မျန် အတွက်တစ်စုံတစ်ခု စီစဉ်ထားမှန်း အာရုံရနေသည်။
ခဏလောက်ကြာတော့ ယုလန်က ခေါင်းညိတ်လိုက်ပြီး....
"ဒါဆို ရှမြို့တော်ရောက်ပြီးမှ မင်းဆံပင်တွေဖြူလာတာ ထူးဆန်းမနေတော့ဘူးပဲ..... ငါက အသုံးမကျပေမယ့် မင်းကို ကူညီနိုင်မယ်ဆို တတ်နိူင်သမျှလုပ်ပေးပါ့မယ်ကွာ...."
လီလော့သည် ယုလန်ကို သဘောကျသည့်အကြည့်များနှင့်ကြည့်လိုက်သည်။ ယုလန်သည် ပြီးပြည့်စုံသည့် တိုက်စစ်ဆင်သူတဉီးဖြစ်ကြောင်း ဝန်မခံချင်သော်လည်း ဝန်ခံရပေလိမ့်မည်။
ပိုင်မျန်မျန်က လီလော့ရဲ့ ဆံပင်တွေကို သေချာကြည့်ပြီး...
" ကြည့်ကောင်းနေတုန်းပါပဲ...."
ယုလန်က သူမဆီက အာရုံစိုက်ခံရရန် ချောင်းဟန့်လိုက်ပြီး....
"ဟုတ်တယ်၊ အရမ်းထူးခြားတဲ့အရောင်ပဲနော်...ကြိုက်တယ်မလား....ငါလည်းအဲ့လိုအရောင်ဆိုးလိုက်ရမလား..."
"နင်က အသားရောင်နဲ့ဆို ပိုလိုက်မယ်ထင်တယ်...."
ပိုင်တုတုက ယုလန်ရဲ့ ဦးခေါင်းကို ပုတ်လိုက်ပြီး ချွန်ထက်တဲ့ ဓားမြှောင်တစ်ချောင်းကို ရုတ်တရတ် ဆွဲထုတ်လိုက်ကာ...
"အကူညီလိုသေးလား...."
"ဟင့်အင်း....မလိုဘူး...မလိုဘူး... ငါ့ခန္ဓာကိုယ်ကို ငါ့မိဘတွေမွေးပေးခဲ့တဲ့ ဒီအတိုင်းပဲထားဖို့ ဆုံးဖြတ်ထားတယ်...."
ယုလန်နှင့် ပိုင်တုတုနှင့်စကားနိုင်လုနေချိန်တွင် လီလော့က ပိုင်မျန်မျန် ဘက်သို့ လှည့်ကာ...
"အားလပ်ရက်မှာ မင်းဘယ်မှသွားစရာမရှိရင် ရှီးယန်ရဲ့ သုတေသနဌာနမှာ လွတ်လွတ်လပ်လပ် လာနေလိုက်ပါ... စမ်းသပ်ခန်းမှာက ပစ္စည်း ပစ္စယပြည့်စုံတဲ့အတွက် အဆင်ပြေမှာပါ....."
ပိုင်မျန်မျန်သည် ရွှင်မြူးစွာဖြင့် ခေါင်းညိတ်လိုက်ပြီး....
"ခေါင်းဆောင်....ကျွန်မကို ရှီးယန်မှာ အလုပ်ဝင်ခိုင်းနေတာလား......"
သူမသည် အလွန်အပြစ်ကင်းပြီး အန္တရာယ်ကင်းသည့်ပုံပေါက်သဖြင့် အမှန်တကယ် ထက်မြက်သူဖြစ်သည်ကို မကြာခဏ မေ့နေမိခဲ့သည့်အတွက် လီလော့ ရင်ထိတ်နေရှာသည်။
လီလော့ဘက်ကလည်း ကွေ့ဝိုက်မနေတော့ဘဲ......
"အရည်အချင်းရှိတဲ့မင်းကို ရှမြို့တော်မှာရှိတဲ့ စံအိမ်တိုင်းက လိုချင်နေကြတာ.....ရှီးယန်အားနည်းမှန်း ငါလည်း သိပါတယ်.. ရှီးယန်လို စံအိမ်လေးက မင်းအတွက် ဘာမှမဟုတ်ပေမယ့် ငါ့အတွက်တော့ မိဘတွေချန်ထားခဲ့တဲ့ အမွေအနှစ်မို့ အမြင့်ဆုံးထိရောက်အောင်ကြိုးစားမှာပါ......"
ပိုင်မျန်မျန်ကဘာတခွန်းမှ ပြန်မဖြေသည့်
အတွက် လီလော့အတော်ရှက်သွားလေသည်။
// ကောင်းပြီ....ရိုက်ချက်တိုင်းထိဖို့ဘယ်လွယ်ပါ့မလဲ....လွဲတဲ့အခုလည်း လွဲပေမပေါ့....ပိုင်မျန်မျန်လို စံအိမ်ကြီးတိုင်းက အလိုရှိနေသူတစ်ယောက်ကို အမိဖမ်းဖို့ ဘယ်လွယ်ပါ့မလဲ.... //
"ဖြစ်နိုင်မယ်ဆိုရင်... မင်း......"
"ခေါင်းဆောင်....အဲ့တာတွေကို မေ့လိုက်ပါ... ကျွန်မ ဘာလိုချင်လဲဆိုတာ ခေါင်းဆောင်သိပါတယ်....."
သူမသည် ချယ်ရီရောင်နှုတ်ခမ်းပေါ်သို့ လက်တင်လိုက်ပြီး....
" ကျွန်မရဲ့ အရသာခံအာရုံပြန်ကောင်းလာရင် ဖော်ဖြူလာ ရှာပေးပါမယ်လို့ အရင်ကတည်းက ခေါင်းဆောင်ကိုပြောထားပြီးသားပဲလေ....."
" ငါမင်းကို အမြတ်ထုတ်သလိုခံစားနေရလို့ပါ....."
သူမ ခေါင်းခါလိုက်သည်။
"ဒီအပေးယူကို ခေါင်းဆောင်ဘက်က မမျှတဘူးလို့ ထင်နေတယ်မလား....ခေါင်းဆောင်မှ အရသာခံအာရုံမဆုံးရှုံးဖူးတာ....ကျွန်မအတွက်တော့ ဒါဟာ အမြဲမက်ခဲ့ရတဲ့အိမ်မက်တခုလိုပါပဲ....."
လီလော့သည် လေးနက်စွာ ပြုံးပြလိုက်သည်။
"အင်း....ငါ မင်းဆီက တစ်ခုခု သင်ယူလိုက်ရတယ်...."
"ဒါဆို ကျွန်မကို ကူညီပေးဖို့ပဲ အာရုံစိုက်ထားပါ...."
"ကောင်းပြီ....အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိတ်ကူးတခုရထားတယ်...."
"တကယ်တော့ ကျွန်မမှာလည်း ဝိညာဉ်ရည်သန့်စင်မှုနဲ့ပတ်သက်တဲ့စိတ်ကူးစိတ်သန်းအချို့ရထားတယ်....."
"ဒါဆို အပေးယူတည့်ပြီပေါ့... "
နှစ်ယောက်သား နားလည်မှုရှိစွာ အပြုံးချင်းဖလှယ်လိုက်ကြသည်။
ထိုအချိန်တွင် ကျန်းချင်းအာ အဝေးမှ လက်ပြနှုတ်ဆက်နေသည်ကို လီလော့ တွေ့လိုက်ရသည့်အတွက် သူမဆီသို့ချက်ချင်းပြေးးယသွားလိုက်ပြီး...
"ဘာဖြစ်လို့လဲ...."
"အကြီးအကဲကျန်းသတင်းပို့ထားတယ်....ဖေဟောင်ရဲ့လမ်းကြောင်းကိုရှာတွေ့ပြီတဲ့...."
ထိုစကားကြားသည့်အခါ လီလော့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ပျံ့လွှင့်လာခဲ့သည်။ ယခုတခေါက် ကံကောင်းထောက်မ၍ ဒုက္ခများကိုဖြတ်ကျော်နိုင်ခဲ့သော်လည်း ဖေဟောင်၏ ရက်စက်သောလုပ်ရပ်များကို မည်သို့မျှ ခွင့်လွှတ်ပေးနိူင်မည်မဟုတ်....
လီလော့သည် ဖေဟောင်ကို ဇောက်ထိုးဆွဲကာ အဆိပ်ကိုပုံးလိုက် တိုက်ကျွေးပစ်ချင်သည်အထိ မုန်းတီးနေလေ၏။ ရှီလင်းဌာနခွဲမှ ပညာရှင်များကို ဖေဟောင်လုပ်ခဲ့သည့်အတိုင်း ထပ်တူခံစားစေချင်ပါသည်။
လော့လန်ပင်မအိမ်တော်တည်ရှိသည့် ရှမြို့တော်တွင် လီလော့နှင့်ကျန်းချင်းအာတို့ပါ အတူရှိနေသည့်အတွက် ဖေဟောင်ဘက်တော်သားများသည် ရှမြို့တော်တခွင် ခြေချင်းလိမ်နေကြသည်။
ကျားဖမ်းချင်လျှင် ကျားဂူထဲဝင်ရဲရမည်။
"လူစုထားလိုက်..... တန်ရာတန်ကြေးပြန်ပေးဆပ်ဖို့အချိန်တန်ပြီ....."
ကျန်းချင်းအာက လီလော့၏ အမိန့်ပေးချက်ကိုခေါင်းညိတ်လိုက်သည်။
"ငါတို့တတ်နိုင်ရင် အခုကတည်းက အမြစ်ဖြတ်ထားသင့်ပြီ.....ဒါမှသာ နှစ်ဝက်နေရင်ကျင်းပမယ့် အိမ်တော်စုဝေးပွဲရောက်ရင် ငါတို့အတွက် အရေးသာနိူင်မှာ..."...
လီလော့ ခေါင်းညိတ်လိုက်သည်။ ဖေဟောင်သည် လေးလံသောဖိအားတစ်ခုဖြစ်နေသော်လည်းသူ့နောက်က အင်အားစုများကို အတတ်နိူင်ဆုံး သတိထားရဉီးမည်။
မည်သို့ပင်ဆိုစေ တလှေတည်းအတူစီး တခရီးတည်းအတူသွားဖို့ မည်သို့မျှ မဖြစ်နိုင်တော့သည့်အတွက် ဖြစ်နိုင်မည်ဆိုလျှင် တချက်တည်းအမြစ်ဖြတ်ထားနိုင်မှသာ စိတ်အေးနိုင်လိမ့်မည်။