ကြယ်လေးပွင့်ဖော်မြူလာ.....
Vol. 17 Ch. 236
ရက်အနည်းငယ်ကြာသည်အထိ ကြယ်တစ်ပွင့်အဖွဲ့များအတွက် ဆင့်ခေါ်စာရောက်မလာသေးပေ။
ထို့ကြောင့် လီလော့တို့သည် ပုံမှန်အတိုင်း လေ့ကျင့်နေခဲ့ကြသည်။မည်သို့ပင်ဆိုစေ ဆင့်ခေါ်စာရောက်လာမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်ထားရမည်မဟုတ်ပေလော။
တစ်နေ့သ၌.....
လီလော့သည် လေ့ကျင့်ရေး ပြီးဆုံးပြီဖြစ်တာကြောင့် အပေါ်ထပ်သို့ပြန်တက်လာသည့်အခါ ပိုင်မျန်မျန်က ထမင်းဝိုင်းအသင့်ပြင်ပြီးစောင့်နေလေ၏။
"ခေါင်းဆောင်....လေ့ကျင့်ရေးပြီးပြီလား.....ငါ ဒါတွေကို ကန်တင်းကနေ ဝယ်လာတာ....."
"မင်းက တကယ့်အဖိုးတန်လေးပဲ...."
လီလော့က စားပွဲမှာ ထိုင်ရင်း ရယ်ရယ်မောမော ပြောလိုက်ပြီး အိတ်ကပ်ထဲကနေ ပုလင်းလေးတလုံးထုတ်ကာ ပိုင်မျန်မျန်ကိုပေးလိုက်သည်။
"လက်ဆောင်လား...."
"တစ်စက်လောက် စမ်းသောက်ကြည့်လိုက်... "
လီလော့က ရွှေရောင်သမ်းနေသော ဝက်သားကင်တစ်တုံးလုံးကို ပါးစပ်ထဲသို့ထည့်ရန် ကြိုးစားရင်း အလုပ်များနေသည်။
ပိုင်မျန်မျန်သည် လီလော့ပေးလိုက်သော ပုလင်းထဲမှ အရည်များကို သံသယဖြင့် ကြည့်နေပြီးနောက် တခုခုကိုသဘောပေါက်သွားဟန်ဖြင့်ဘအရည်တစ်စက်မော့သောက်လိုက်သည့်အခါ သူမ တုန်လှုပ်ခြောက်ခြားသွားသည် ။
"ဒါ..ဒါက...အချိုတယ်.....!"
လီလော့က ခေါင်းညိတ်ပြီး ပြုံးပြသည်။
"စိတ်ကူးတစ်ချို့ရထားတယ်လို့ ပြောထားတယ်မလား.....လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖော်စပ်ပေးထားတာ....တစ်ပုလင်းကုန်တာနဲ့ အရသာခံအာရုံပြန်ရစေရမယ်....."
ပိုင်မျန်မျန်က ပုလင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ထားပြီး....
“ ကျေးဇူးတင်ပါတယ်”
လီလော့က လက်ခါပြလိုက်သော်လည်း သူမမျက်နှာပေါ်မှ မျက်ရည်များ စီးကျနေသည်ကို တွေ့လိုက်သောအခါတွင် ထိတ်လန့်တုန်လှုပ်သွားလေ၏။
"အာ..."
ထိုအချိန်တွင် လှေကားထစ်မှ ခြေသံများကြားလိုက်ရသည်။ ရှင်းဖူသည် ပိုင်မျန်မျန် ငိုနေသည့်အချိန်၌ပင် လှေကားမှ အချိန်ကိုက်ဆင်းလာခဲ့သည်။
ရှင်းဖူ စိတ်ထဲတွင် လီလော့ကိုသတ်မှတ်လိုက်သည်က....
မျက်နှာများတဲ့သူ.....
"အချိန် မှားလာမိတာလား...."
ရှင်းဖူ၏ ခပ်တိုးတိုး မေးသံကို လီလော့က မျက်ဆံလှန်ပြလိုက်လေ၏။
ထိုအခါမှသာ ပိုင်မျန်မျန်သည် အနည်းငယ်ရှက်ရွံ့သွားပြီး မျက်ရည်များကို သုတ်လိုက်သည်။
"မျန်မျန်..... မင်းရဲ့အရသာခံအာရုံ ပြန်ရအောင်ကူညီပေးမယ်လို့ ငါပြောခဲ့သားပဲ....ငါ့ကိုယုံပါ.....ပြီးတော့ မင်းက ငါ့မိတ်ဆွေကောင်းတစ်ယောက်လေ...အဲ့တော့ ဘာပဲဖြစ်ဖြစ် ငါ့ဘက်က တတ်နိူင်သလောက် ကူညီပေးမှာပါ....."
ပိုင်မျန်မျန်က ပုလင်းကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး....
"ခေါင်းဆောင်...... ငါ့ဘက်ကလည်း ဖော်မြုလာအသင့်ဖြစ်တော့မယ်...."
"အိုး၊ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုနဲ့ ယှဉ်ရင် အဲ့ဒါတွေက အသေးအမွှားတွေပါ.....အေးဆေးလုပ်ပါ....."
လီလော့သည် စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ရန် ရေတခွက် ခပ်သောက်လိုက်သည်။
"ငါ ဒီဖော်မြူလာကို နှစ်အတော်ကြာအောင် လေ့လာနေခဲ့တာ.... အားလုံးအဆင်ပြေရင် ကြယ်လေးပွင့်ဖော်မြူလာဖြစ်မှာသေချာတယ်!"
"ဖူးးးးးး"
လီလော့ အံ့သြလွန်းသဖြင့် ပါးစပ်ထဲမှရေများကို မှုတ်ထုတ်လိုက်မိသည်။
"ကြယ်လေးပွင့်ဖော်မြူလာ...?"
နှစ်များစွာကြာပြီးနောက် ရှီးယန်တွင်အကောင်းဆုံး ဖော်မြူလာမှာ ကြယ်သုံးပွင့်အဆင့်သာဖြစ်သည်။ အကောင်းဆုံးစံအိမ်ကြီးများအတွက်ပင် ကြယ်လေးပွင့်ဖော်မြူလာတစ်ခုသည် ခန့်မှန်း၍မရနိုင်လောက်အောင် တန်ဖိုးကြီးမားသော ရတနာတစ်ခုဖြစ်သည်။
လီလော့သည် ရှီးယန်စံအိမ်အတွက် ကြယ်လေးပွင့်ဖော်မြူလာရယုပေးနိူင်ရန် အကြိမ်ပေါင်းများစွာ အိမ်မက်မက်ခဲ့ဖူးပါသည်။
ကြယ်လေးပွင့်ဖော်မြူလာသည် လက်တွေ့လောကတွင်လည်း အမှန်ပင် အိပ်မက်တစ်ခု ဖြစ်ခဲ့သည်။ တခါတရံ စျေးကွက်မှာ ပေါ်လာခဲ့ရင်တောင် စျေးနှုန်းက မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားလွန်းလှသည်။
ယခုတော့ ပိုင်မျန်မျန်က ကြယ်လေးပွင့်ဖော်မြူလာ တစ်ခုပြီးမြောက်ခါနီးနေပြီဟု ပြောနေသည်။
ဤသည်မှာ ရေငတ်တုန်းရေတွင်းထဲကျသွားသလိုပင် ....
လီလော့က သူမကို စိုက်ကြည့်လိုက်ပြီး.....
"မျန်မျန် ......ငါတို့ ငယ်သေးတယ်... ရည်မှန်းချက်ကြီးကြီးထားတာ မကောင်းတဲ့အရာမှမဟုတ်တာ.... ငါတို့ တတ်နိုင်သလောက်ကြိုးစားရမယ်.... "
"အဟမ်း..ခေါင်းဆောင်...မင်း တော်တော် လောဘကြီးတာပဲနော်...."
ရှင်းဖူ၏ မှတ်ချက်ကို လီလော့က လျစ်လျူရှုထားလိုက်သည်။ လောလောဆယ်သူ့အတွေးထဲတွင် ကြယ်လေးပွင့်ဖော်မြူလာအကြောင်းများသာ ပြည့်နှက်နေသည်မဟုတ်ပါလား....
ဖြစ်နိုင်လျှင် ပိုင်မျန်မျန်ကို သုတေသနခန်းထဲတွင် သော့ခတ်ဖမ်းဆီးထားလိုက်ချင်တော့တယ်....
ကြယ်လေးပွင့်ဖော်မြူလာ၏သွေးဆောင်မှုကြောင့် သူ၏ပေါ့ပါးမှုအားလုံးသည် အငွေ့ပျံသွားခဲ့လေပြီ.....
"ကျေးဇူးတင်ပါပဲ.... ခေါင်းဆောင်.... "စိတ်မပူပါနဲ့ ဒီဖော်မြူလာက ရှီးယန်အတွက်ပဲ ဖြစ်စေရမယ်....."
ထိုအချိန်တွင်.....
ဒေါင်!
ကျယ်လောင်သော အချက်ပေးသံသည်
ကောလိပ်တစ်ခွင်လုံး ကျယ်လောင်စွာ အော်မြည်နေလေပြီ..
သုံးယောက်စလုံးက ထမင်းစားတူတွေကို လက်ကချလိုက်ချိန်တွင်တံခါးပွင့်လာပြီး ချီချန်း ဝင်လာသည်။
“ထမင်းစားနေဖို့ အချိန်မရှိဘူး...အရိပ်လှိုဏ်ဂူ ပွင့်ပြီ...."
"အတွေ့အကြုံရဖို့အတွက် ကြယ်တပွင့်ခန်းမရဲ့ ခရမ်းအဆင့်တွေလည်း ပါဝင်ဖို့ ကောလိပ်ဆုံးဖြတ်ထားတယ်..... ငါနဲ့လိုက်ခဲ့ကြ....."
လီလော့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကြသည်။
အချိန်ကျပြီ.........