ရွေးချယ်မှုများ....
Vol. 18 Ch. 239
တံခါးနောက်မှာ တိုက်ခတ်လာသော လေအေးများသည် ကျောင်းသားများကို လွန်စွာတုန်လှုပ်ခြောက်ခြားစေခဲ့ပါသည်။
ဘာမှန်းမသိသေးသည့်အရာကို ကြောက်ရွံ့ခြင်း......
တံခါးပွင့်လာသည်နှင့်အမျှ စုရှင်း အားလုံးကို အမိန့်ပေးသည်က.....
ကျောင်းကို ကာကွယ်ဖို့နေခဲ့ရမယ့် ခရမ်းအဆင့်နည်းပြတွေကလွဲရင် ကျန်တဲ့အခရမ်းအဆင့် နည်းပြတွေ အကုန် ငါ့နောက်လိုက်ခဲ့ကြ..... "
"ကျောင်းသားတွေ မင်းတို့ အချင်းချင်း အဖွဲ့ဖွဲ့ထားလိုက်ကြတော့......"
အမိန့်ရသည်နှင့် နည်းပြများသည် ပဲ့တင်ထပ်သံစွမ်းအားများထုတ်ဖော်ကာ တံခါးပေါက်ရှိရာဆီပျံသန်းသွားကြသည်။
၎င်းတို့အားလုံးသည် အားကောင်းသောခရမ်းအဆင့် နည်းပြများဖြစ်သည်။
"ငါသွားရတော့မယ်...နင်တို့နဲ့တွဲမယ့် ကြယ်သုံးပွင့်အဖွဲ့ကို ရွာပါ.... အထဲရောက်ရင် ဘာလုပ်ရမလဲဆိုတာ သူတို့တွေ အေသးစိတ္ကို သင်ပေးလိမ့်မယ်...."
မျက်နှာဖုံးနောက်ကွယ်မှ အမူအရာကို မမြင်ရသော်လည်း ချီချန်း၏အသံတွင် ပါဝင်နေသော စိုးရိမ်ပူပန်မှု လီလော့တို့ကြားနေရသည်။
"မင်းတို့ သုံးယောက်စလုံး ဘေးကင်းကင်းပြန်လာဖို့ ငါမျှော်လင့်တယ်....."
"ဆရာလည်း ဂရုစိုက်နော်....."
သူမ ခေါင်းငုံ့ကာ အခြားနည်းပြများဘက်သို့ လှည့်လိုက်သည်။
ထို့နောက် ခရမ်းအဆင့်နည်းပြများသည် တံခါးနောက်သို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်လို အင်အားမျိုးလဲ.."
လီလော့ အံ့ဩသွားသည်။ မြို့စားအဆင့် နည်းပြများအားလုံးကို တစုတစည်းတည်းမြင်တွေ့လိုက်ရသည်မှာ အံ့သြစရာကောင်းလွန်းလှသည်။ ၎င်းတို့သည် လော့လန်အိမ်တော်၏ခံစစ်ကိုကောင်းစွာထိုးဖောက်နိုင်သူများဖြစ်ကြသည်။
ယင်းသည် ကောလိပ်၏ စွမ်းအားဖြစ်သည်။
ဒုကျောင်းအုပ်စုရှင်း မရှိတော့သည့်အခါ ကျောင်းသားတွေ အချင်းချင်း တီးတိုးတီးတိုး တိုင်ပင်နေကြလေပြီ.....
ကျန်ခဲ့သည့် နည်းပြများက
"ကျောင်းသား၊ ကျောင်းသူအားလုံး အဆင်သင့်ပြင်ထား.....တွဲရမယ့်အဖွဲ့မတွေ့သေးရင် အခုကတည်းက ရှာထားကြတော့...."
လီလော့ စိတ်အထင်ရဆိုလျှင် လက်ရှိတွင် ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားများသာ စိတ်အေးသက်သာရှိနေကြသည်။
မည်သို့ပင်ဆိုစေ...သုတ်သင်ရှင်းလင်းရေးမစ်ရှင်တိုင်းတွင် လူအသေအပျောက်ရှိတတ်ကြပြီး တစ်နှစ်နှင့်တစ်နှစ် အခြေနေတူလိမ့်မည်မဟုတ်ပေ၏
စတုတ္ထနှစ်ကျောင်းသားများသည် ပထမနှစ်ကျောင်းသားများထက်စာလျှင် အတွေ့အကြုံပိုများသူများဖြစ်ကြသည်။မစ်ရှင်အတွင်း လူအသေအပျောက်၊ဒဏ်ရာအနာတရ အစရှိသည်တို့ကိုမြင်တွေ့ကြုံဆုံခဲ့ရသော်လည်း ဆင့်ခေါ်စာကို အသာတကြည်လက်ခံခဲ့ကြသည်။
ဤသည်မှာ နှစ်အတော်ကြာ ကျင့်ကြံအားထုတ်ခဲ့ရသာ့် အမိကျောင်းတော်ကို လေးစားချစ်ခင်ခြင်းသာပင်....
"ခေါင်းဆောင်၊ ငါတို့ ကြယ်သုံးပွင့်ခန်းမက အဖွဲ့တွေ သွားရှာမှာလား....."
ပိုင်မျန်မျန်က စိုးရိမ်တကြီးမေးလိုက်သည်။
ဒုကျောင်းအုပ်စုရှင်း ပြောခဲ့သည့်စကားအရ... ၎င်းတို့လို လက်သစ်များသည် ပိုမိုအားကောင်းသော ကြယ်သုံးပွင့်အဖွဲ့နှင့်သာတွဲဖက်ပါက ပိုမိုလုံခြုံမည်ဖြစ်သည်။
အခြားသော ခရမ်းအဆင့်အဖွဲ့အားလုံးသည် ကြယ်သုံးပွင့်ခန်းမ ကျောင်းသားများဆီသို့ ဦးတည်သွားနေကြသည်။
စီနီယာကျောင်းသားတွေကလည်း သူတို့ကို မသိမသာရှောင်ဖယ်နေကြသည်။ရွေးချယ်ခွင့်ရမည်ဆိုပါက ကြယ်နှစ်ပွင့်အဖွဲ့များကိုသာ ရွေးချယ်လိုကြသည်။
ကျောင်းသားသစ်များကို ကာကွယ်ရမည်မှာ ပင်ပန်းလွန်းလှသည့်တာဝန်မဟုတ်လော.....
ကြယ်တစ်ပွင့်အဖွဲ့များကို ဘေးကင်းလုံခြုံစွာ ပြန်ခေါ်လာနိုင်ပါက အပိုဆုကြေးပေးမည်ဟူသော မက်လုံးကြောင့် ကြယ်သုံးပွင့်အဖွဲ့အချိူ့ကတော့ သေချာစဉ်းစားနေကြလေပြီ......
သို့တိုင်... အထက်တန်းကျသော ကြယ်သုံးပွင့်အဖွဲ့အချိူ့ကတော့ ထိုသို့သောမက်လုံးများကို ဂရုစိုက်မနေကြပေ။ အရိပ်လှိုဏ်ဂူတွင် သတ်ဖြတ်ခြင်းများကို လွတ်လပ်စွာ လုပ်ဆောင်နိူင်သရွေ့အမှတ်များစွာ ရရှိနိုင်လိမ့်မည်။
ဝန်ထုပ်ဝန်ပိုးတွေလား....အားနာပါတယ်....
ကြယ်တပွင့်ခန်းမ၏ ခရမ်းအဆင့်အဖွဲ့များသည် အနူတောတွင် လူချောဖြစ်ခဲ့မျှ ယခုချိန်တွင် ဖုတ်လေသည့်ငါးပိရှိသည်ဟုပင်အထင်မခံကြရရှာပေ။
"ခေါင်းဆောင်.... ကြယ်သုံးပွင့်ခန်းမက ကျောင်းသားတွေက ငါတို့ကို လျစ်လျူရှုနေတယ်...."
ပိုင်မျန်မျန် လန့်သွားသော်လည်း နားလည်ပေးနိုင်ပါသည်။
ကြယ်တပွင့်အဖွဲ့များသည် အရိပ်လှိုဏ်ဂူသို့တခါမျှမရောက်ဖူးသူများဖြစ်ကြသည်မဟုတ်လော.....
လီလော့ ပခုံးတွန့်ပြလိုက်သည်။ကျန်းချင်းအာဘက်က ပူးပေါင်းမည်ဟု ပြောခဲ့စဉ်က ထိုမျှလောက်ထိအန္တရာယ်ရှိမှန်း မသိခဲ့လို့သာ လက်ခံလိုက်မိခြင်းဖြစ်သည်။ သူ့အတွက်ကြောင့်နှင့်ကျန်းချင်းအာကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပေ။
ရုတ်တရက် ကြယ်သုံးပွင့်ခန်းမဘက်က လူအုပ်ကြီးထဲကနေ ကျန်းချင်းအာတို့အဖွဲ့ လမ်းလျှောက်ထွက်လာသည်။
သူမသည် လီလော့ဆီသို့ တည့်တည့်လျှောက်လာနေခြင်းဖြစ်သည်။
"စီနီယာကျန်း ဒီရှင်းလင်းရေးမစ်ရှင်အတွက် ကျွန်တော်တို့သဘာဝဆေးအိုးအဖွဲ့နဲ့ ပူးပေါင်းမယ်မဟုတ်လား....."
သူမ ရှေ့တွင် ကြယ်နှစ်ပွင့်အဖွဲ့တဖွဲ့ရှိနေပြီး စကားပြောလိုက်သူသည် ရဲချူတင်းဖြစ်သည်။
ရဲချူတင်းက ယုံကြည်မှုအပြည့်နဲ့ ပြုံးနေပြီး.....
"စီနီယာကျန်း....ကျွန်တော်တို့တွေ အရင်မစ်ရှင်တုန်းကလည်း အတူတူ တွဲလုပ်ဖူးတယ်ဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် သိကြနေကြပြီပဲ...ကျွန်တော်တို့ကြောင့် စီနီယာတို့ ဝန်မလေးစေရပါဘူးဗျာ...."
ကျန်းချင်းအာက ရှုတင်းတင်းဖြစ်နေသော မိမိ၏အဖွဲ့သားနှစ်ယောက်ကို မျက်စပစ်ပြလိုက်ပြီး.....
" ကဲ..စီနီယာချိုး....စီနီယာထျန်းတို့ရေ....."
ချိုးပိုင်နှင့်ထျန်ထျန်းတို့သည် သဘာဝဆေးအိုးအဖွဲ့နှင့်ပူးပေါင်းချင်သော်လည်း သန်မလွန်းသည့် ကျန်းချင်းအာကြောင့် မငြင်းချင်လည်း ငြင်းရပေတော့မည်။
"ခေါင်းဆောင်.... မင်း သေချာပြန်စဉ်းစားပါဉီး...ရဲချူတင်းတို့အဖွဲ့ကို ကြယ်သုံးပွင့်အဖွဲ့တိုင်းက ဝမ်းပန်တသာလက်ခံကြပေမယ့်.... လီလော့တို့ကျတော့ အရိပ်လှိုဏ်ဂူထဲကို အခုမှ ပထမဆုံးအကြိမ် ဝင်ကြမှာဆိုတော့ အန္တာရာယ်သိပ်များလွန်းတယ်...ငါတို့တွေ ကူညီပေးမှဖြစ်မယ်....."
ချိုးပိုင်က ခပ်တိုးတိုး ဝင်ပြောလိုက်သည်။
ကျောင်းစည်းကမ်းအရ ကြယ်သုံးပွင့်အဖွဲ့များသည် အငယ်တန်းအဖွဲ့တစ်ဖွဲ့နှင့်ပူးပေါင်းရမည်ဆိုသော်လည်း ကြယ်တစ်ပွင့်အဖွဲ့ဖြစ်ရမည်ဟု သတ်မှတ်မထားပေ။ထို့ကြောင့်
၎င်းတို့ကို အမှန်တကယ် ကူညီပေးနိုင်သော ကြယ်နှစ်ပွင့်အဖွဲ့ကို ရွေးချယ်ခြင်းကသာ အဓိပ္ပာယ်ပိုရှိလိမ့်မည်။
ယခုအချိန်ထိ ကျန်းချင်းအာ၏မျက်ဝန်းများသည် လီလော့တို့ရှိရာဆီသို့သာ ကြည့်နေဆဲပင်.....
လီလော့သည် တော်ဝင်သစ်စေးအတွက် အမှတ်များအရေးတကြီး လိုအပ်နေသည်။ အရိပ်လှိုဏ်ဂူထဲရောက်မှသာ အမှတ်ကောင်းကောင်းရှာနိုင်လိမ့်မည်။
သူမ၏ အသင်းဖော်နှစ်ယောက်အတွက် မတရားသလိုဖြစ်နေပေမယ့် ကျန်းချင်းအာဘက်ကလည်း လီလော့တို့ရဲ့အားနည်းချက်တွေကို သူမရဲ့ကိုယ်ပိုင်အစွမ်းနဲ့ ဖုံးကွယ်မည်ဟု ကတိပေးထားခဲ့ပါသည်။
ကျန်းချင်းအာက ရဲချူတင်းကို ခေါင်းခါပြလိုက်ပြီး.....
"တောင်းပန်ပါတယ်....နင်တို့တွေကို ကြိုဆိုနေမယ့်အဖွဲ့တွေရှိပါသေးတယ်....."
ပြောစရာရှိတာပြောပြီးသည်နှင့် သူမ လီလော့ဆီအပြေးသွားကာ လက်ဆွဲလိုက်ပြီး.....
"လာခဲ့....နင်တို့အဖွဲ့...ငါတို့နဲ့လိုက်ခဲ့ရမယ်....."
ရှင်းဖူနှင့်ပိုင်မျန်မျန်တို့ခင်မျာ အံ့သြလွန်းလို့ စကားပင်မပြောနိုင်ရှာတော့ပေ။
ထိုမြင်ကွင်းကြောင့် ကြယ်သုံးပွင့်အဖွဲ့များကြားတွင်လည်း ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြသည်။
ကျန်းချင်းအာကိုယ်တိုင် သွားခေါ်တယ်တဲ့လား
ထူးဆန်းလိုက်တာ....ကမ္ဘာလောကကြီးတစ်ခုလုံးထူးဆန်းနေပြီ......