← Chapters

အကြောက်တရားများ ကင်းဝေးကြပါစေ....

Vol. 18 Ch. 241

အကြောက်တရားများ ကင်းဝေးကြပါစေ....

Vol. 18 Ch. 241

" ငါတို့ကို လှိုဏ်ဂူရဲ့ အစွန်အဖျားမှာ နေရာချပေးလောက်မယ်ထင်တယ်....အတွင်းပိုင်းမှာက သေချာရှင်းလင်းထားတဲ့ နေရာတွေရှိတယ်....ချင်းမုပေါ်မှာ ပေါ်လာမယ့် နံပါတ်နဲ့အနီးဆုံးနယ်မြေဆီပို့ပေးလိမ့်မယ်....အနီးတဝိုက်မှာ တခြားအဖွဲ့တွေလည်း ရှိလိမ့်မယ်....ငါတို့လုပ်ရမှာက ရှင်းလင်းပြီးသားနယ်မြေ အနီးတဝိုက်က ဧရိယာတွေကို ရှင်းလင်းဖို့ပဲ....."

ကျန်းချင်းအာက အသစ်ဝင်လာသူများကို စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည်။

လီလော့တို့အဖွဲ့  အစိမ်းရောင်သစ်သားပြားများကို ထုတ်ကြည့်လိုက်သည့်အခါ  ထောင့်တိုင်းတွင် "13" ဂဏန်း ရေးထွင်းထားသည်ကို တွေ့ရှိခဲ့ကြသည်။

"နယ်မြေတွေထဲမှာ သန့်စင်ရေးမှော်စာလုံးတွေရေးထွင်းထားတဲ့ သန့်စင်ရေးမျှော်စင်တွေ ရှိတယ်....ဒါပေမယ့် ကမ္ဘာခြားသက်ရှိတွေရဲ့ဝါးမြိုမှုကြောင့် မျှော်စင်အချို့ရဲ့စွမ်းအားတွေကုန်ခမ်းနေပြီ....ငါတို့က ကျောင်းကပေးလိုက်တဲ့ သန့်စင်ခြင်းမြူမှုန်တွေသုံးပြီး အားပြန်ဖြည့်ပေးရမှာ...."

"မျှော်စင်တွေကို အားဖြည့်ပြီးတာနဲ့.... သန့်စင်တဲ့အလင်းရောင်က ဧရိယာတစ်ခုလုံးကို တဖြည်းဖြည်း သန့်စင်သွားလိမ့်မယ်...."

အရိပ်လှိုဏ်ဂူ၏လျှို့ဝှက်ချက်များကို အခုမှသာ အပ်ကျမတ်ကျ သိခွင့်ရသဖြင့် လီလော့တို့အားလုံး အာရုံစိုက်နားထောင်နေကြပါသည်။

"လွယ်သားပဲနော်...."

လီလော့၏ အပြောကို ထျန်ထျန်းက ရယ်မောလိုက်ပြီး.....

“မျှော်စင်ကို ပြန်လည်အားဖြည့်နေတဲ့အချိန် သန့်စင်တဲ့စွမ်းအင်တွေက ကမ္ဘာခြားသက်ရှိတွေကို လှုံ့ဆော်ပေးနိူင်တယ်.....ဆိုလိုတာက ကမ္ဘာခြားသက်ရှိတွေ ငါတို့ကို ဝိုင်းထားကြလိမ့်မယ်.... အဲ့တော့ ကမ္ဘာခြားသက်ရှိတွေကို ဖောက်ထွက်ပြီး မျှော်စင်ဆီတဟုန်ထိုးပြေးကြရမှာ....နည်းနည်းလေး မှားလိုက်တာနဲ့ တဖွဲ့လုံး အစုလိုက်အပြုံလိုက်အသက်ပျောက်ကုန်လိမ့်မယ်...."

လီလော့ လျှာကိုက်လိုက်မိသည်။

"ကျောင်းက အရိပ်လှိုဏ်ဂူထဲမှာ ပြင်ဆင်မှုတွေအများကြီးလုပ်ထားရက်နဲ့ သန့်စင်ရေးမျှော်စင်တွေကို ဘာလို့ အဆုံးထိမဖွင့်ထားရတာလဲ.....

ကျန်းချင်းအာ ရှင်းပြခဲ့သည့်အတိုင်းသာဆိုသန့်စင်ရေးမျှော်စင်များသည် ထိရောက်မှုရှိသည်ဟု ထင်ရသည်။သို့ပါရက်နှင့် ဘာ့ကြောင့် ကမ္ဘာခြားသက်ရှိများ၏ တိုက်စားဝါးမြိုမှုကို မရပ်တန့်နိုင်ရသနည်း....

"အမှောင်ဒီရေကြောင့်ပေါ့....  အမှောင်ဒီရေရောက်လာချိန်တိုင်း အတူပါလာတဲ့ အရိပ်ကမ္ဘာကနေ ပျံ့လွင့်လာတဲ့ စွမ်းအင်တွင်းနက်ကြီးက နှိုင်းမရအောင်ကြောက်စရာကောင်းလွန်းတယ်....အမှောင်ဒီရေရဲ့ သက်ရောက်မှုကို မြို့စားအဆင့်တွေတောင် သတိထားနေရတယ်.... အဲ့ဒါကြောင့် အမှောင်ဒီရေ ရောက်လာတိုင်း ငါတို့ဘက်က နော​က်ဆုတ်နေလိုက်ရတယ်......ဒီရေပြန်ကျသွားတော့မှသာ ဒီရေကြောင့် အားကုန်သွားတဲ့ မျှော်စင်တွေကို အားပြန်ဖြည့်ဖို့ ငါတို့တွေ အရိပ်လှိုဏ်ဂူထဲပြန်ဝင်ကြတယ်.....အဲ့လိုမှမဟုတ်ရင် ကမ္ဘာခြားသက်ရှိတွေ ငါတို့နေထိုင်တဲ့ကမ္ဘာကြီးကို ဖျက်စီးနိုင်လောက်တဲ့အထိ အားကောင်းလာကြလိမ့်မယ်....."

လီလော့ အရိပ်ကမ္ဘာကို လေးစားမိလာသည်။ သေးငယ်သောအက်ကွဲကြောင်းတစ်ခုနဲ့တင် ကောလိပ်တစ်ခုလုံး၏ အင်အားကိုတောင်းခံနိုင်သည်အထိ စွမ်းကြသည်။

ချိုးပိုင်နှင့်ထျန်ထျန် တို့သည် ကျန်းချင်းအာ စိတ်ရှည်လက်ရှည် ရှင်းပြနေသည်ကို တအံ့တသြ  ကြည့်နေကြသည်။ ဤသည်မှာ မြင်ခဲလှသည့်​ခေါင်းဆောင်၏ တစ်ဖက်ခြမ်းပင်လော.....

ရှည်ရှည်ဝေးဝေး ရှင်းပြရသည့်အလုပ်များကို ဘယ်တုန်းကမှမလုပ်တတ်သော ကျန်းချင်းအာသည် လီလော့ကြောင့်သာ အခုလောက်ထိ စိတ်ရှည်ရှည်နဲ့ရှင်းပြနေခြင်းဖြစ်သည်။

လီလော့သည် ကျန်းချင်းအာ၏ အားနည်းချက်ဖြစ်နေသည်။

ဤအတိုင်းသာဆို ကျန်းချင်းအာက သူ့ကိုယ်သူ လီလော့၏ ဇနီးလောင်းအဖြစ် ခံယူသတ်မှတ်ထားသည်လော....

သိပ်မကြာခင်မှာ နေမင်းကြီး အနောက်ကျွန်းဆီသို့ သက်ဆင်းတော့မည့်အချိန်ရောက်လာခဲ့ပါပြီ.....

ဒေါင်!

ကျောင်းသားများကို ထိတ်လန့်စေသော အချက်ပေးသံ ထွက်ပေါ်လာသည်။

ကြီးမားကျယ်ပြန့်သော သစ်သားတံခါးများကို လှမ်းကြည့်လိုက်သည့်အခါ  တံခါးနောက်ကွယ်မှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများကို အတိုင်းသားကြားလိုက်ကြရသည်။

ဤသည်မှာ အတွေ့အကြုံရှိသည့် ကျောင်းသားများအတွက် မထူးဆန်းတော့သော်လည်း ပထမနှစ်ကျောင်းသားများအတွက်တော့ အတော်လေးထိတ်လန့်တုန်လှုပ်စေခဲ့ပါသည်။

တခဏအကြာတွင် တံခါးရွက်ပေါ်မှ မှော်စာလုံးများ တောက်ပလာပြီး အော်ဟစ်သံများလည်း တိတ်ဆိတ်သွားခဲ့သည်။

"အဲ့တာ ခရမ်းအဆင့်နည်းပြတွေနဲ့ ကမ္ဘာခြားသက်ရှိတွေ တိုက်ခိုက်နေကြတဲ့အသံတွေ ...ငါတို့ အထဲဝင်ရတော့မယ်....."

ကျန်းချင်းအာပြောသည့်အတိုင်း  နည်းပြများက.....

“ကျောင်းသားတွေ အားလုံး အသင့်ပြင်ထားကြတော့.....ကြယ်လေးပွင့်ခန်းမကျောင်းသားတွေနဲ့ ရွှေအဆင့်နည်းပြတွေအရင်ဝင်ကြပါ........."

အသင့်ပြင်ဆင်ထားပြီးသော ကျောင်းသားများနှင့် နည်းပြများက ၎င်းတို့၏ လက်နက်များကို အပြီးသတ် စစ်ဆေးပြီးနောက် လှိုဏ်ဂူထဲဝင်ဖို့ပြင်လိုက်ကြသည်။

"အကြောက်တရားတွေ ကင်းဝေပါစေ...."

"အသက်ရှည်ပါစေ..."

ထိုသို့သံပြိုင်ကြွေးကျော်ပြီးသည်နှင့် တစ်ယောက်ပြီး တစ်ယောက် သစ်သားတံခါးနောက်သို့ တိုးဝင်ပျောက်ကွယ်သွားကြလေသည်။

ပထမနှစ်ကျောင်းသားများအားလုံး တိတ်ဆိတ်နေကြသည်။သူတို့သည်စီနီယာများမည်မျှလောက်ထိ ကွာခြားနေမှန်း ယခုချိန်တွင် သေချာစွာ နားလည်သဘောပေါက်နေကြပြီဖြစ်သည်။

စီနီယာများထံတွင် ခွန်အားရှိရုံတင်မကဘဲ ပြတ်သားသော ယုံကြည်ချက်နှင့် ကိုယ်ပိုင်အစွမ်းအစများလည်း ရှိနေကြသည်မဟုတ်လော....

ကောလိပ်တွင် လေးနှစ်ကြာ ပညာသင်ယူပြီးနောက် ၎င်းတို့သည် အရိပ်လှိုဏ်ဂူမှ အရှိထားသော အတွေ့အကြုံများအရ ကမ္ဘာခြားသက်ရှိများကို ကောင်းစွာရင်ဆိုင်ခုခံနိုင်ကြပြီဖြစ်သည်။

ကြယ်လေးပွင့်ခန်းမက ကျောင်းသားများ မိမိတို့ကို အထင်အမြင်သေးပြီး လှောင်ပြောင်ခဲ့သည်မှာ ထူးဆန်းမနေတော့ပေ။ ၎င်းတို့ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများသည် မိမိတို့အိမ်မက်ပင်မမက်ထူးလောက်သော အရာများဖြစ်နေသည်မဟုတ်လော....

လီလော့သည်လည်း အများနည်းတူ အံ့သြနေခဲ့ပါသည်။နည်းပြများပြောပြဖူးခဲ့သည့် ကြယ်တာယာခရီးကောလိပ်၏ခွန်အားသည် ချဲ့ကား​ပြောဆိုထားခြင်းမဟုတ်မှန်း ယခုချိန်တွင်  ကောင်းမွန်စွာနားလည်းသဘောပေါက်ခဲ့ရပါပြီ....

ယိုင်နဲ့နေသော လော့လန်အိမ်တော်သည် ကြယ်တာယာခရီးရှည်ကောလိပ်နှင့် နှိုင်းယှဉ်လိုက်ပါက.....

မတွေးတော့သည်က ပိုကောင်းလိမ့်မည်။

"ခုနက ကြွေးကြော်သံက မျိုးဆက်တွေတဆင့်ပြီးတဆင့်လက်ဆင့်ကမ်းလာကြတဲ့ ဗဟိုကျောင်းသားသမဂ္ဂရဲ့တိုက်ပွဲခေါ်သံလေ....ငါတို့ရဲ့ယုံကြည်မှုတွေ ခိုင်မာစေဖို့ပေါ့......ကြယ်လေးပွင့်အဖွဲ့တွေနဲ့ ရွှေအဆင့်နည်းပြတွေက သန်မာတဲ့ ကမ္ဘာခြားသက်ရှိတွေကို သုတ်သင်ပြီး အရေးပေါ်အားဖြည့်ပေးဖို့လိုနေတဲ့ မျှော်စင်တွေကို အားဖြည့်ပေးကြလိမ့်မယ်....."

တစ်နာရီခန့်ကြာမှသာ ကြယ်လေးပွင့်အဖွဲ့များနှင့်ရွှေအဆင့်နည်းပြများ၏ ချီတက်မှုပြီးဆုံးခဲ့သည်။

ထိုအဖွဲ့များအားလုံး လှိုဏ်ဂူထဲဝင်ရောက်သွားသည်နှင့် ​ကျန်းချင်းအာက တံခါးဝဆီသို့ဉီးစွာ ​ခြေလှမ်းလိုက်လေ၏။

သူမ အမြဲတစေဝတ်ဆင်တတ်သော အပြာရင့်ရောင်ဝတ်ရုံရှည်သည် သူမကို ဘုရင်မတပါးသဖွယ်တင့်တယ်စေသောကြောင့် အားလုံး၏အကြည့်များက သူမထံတွင်သာ စုပြုံကျရောက်နေခဲ့ပါသည်။

သူမသည် ခါးတွင်ချိတ်ဆွဲထားသော ဓားကို ရဲရဲဝံ့ဝံ့ ကိုင်မြှောက်ကာ......

"အကြောက်တရားတွေ ကင်းဝေးပါစေ...."

"အသက်ရှည်ပါစေ...."

ကျန်နေသေးသည့် ကျောင်းသားများကလည်း သူမကြွေး​ကြော်သံအတိုင်း သံပြိုင်ကြွေးကြော်လိုက်ကြသည်။

"အကြောက်တရားတွေ ကင်းဝေးပါစေ...."

"အသက်ရှည်ပါစေ....."

ကျန်းချင်းအာသည် လီလော့တို့ကိုအဖွဲ့ကို ဉီးဆောင်ကာ တံခါးဝဆီသို့လျှောက်လှမ်းသွားခဲ့သည်။

သူမတို့နောက်တွင် ကြယ်သုံးပွင့်၊ကြယ်နှစ်ပွင့်၊ ကြယ်တစ်ပွင့်ခန်းမမှ အဖွဲ့များ လိုက်ပါလာကြသည်။

တံခါးဝရောက်သည့်အခါ ကျန်းချင်းအာနှင့် လီလော့တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

အလင်းမှ အမှောင်ထဲသို့​ခြေတလှမ်းစာသာကွာဝေးတော့သော်လည်း ထိုခြေတလှမ်းနောက်တွင် မည်သည့်အရာများ စောင့်ကြိုနေမည်နည်း......

All Chapters