← Chapters

သမာဓိအား....

Vol. 18 Ch. 244

သမာဓိအား....

Vol. 18 Ch. 244

နယ်မြေ  13 ၏ အဓိကဝင်ပေါက်တွင်....

လီလော့နှင့် အခြားသူများသည် ငြိမ်းချမ်းလျက်ရှိသော  သန့်စင်ရေးမျှော်စင်

အနားရှိ အလင်းတံတိုင်းရှေ့တွင် ရပ်နေကြသည်။ အပြင်ဘက်ရှိ မည်းမှောင်နေသော မြူခိုးများသည် မဟူရာပင်လယ်ကြီးတစ်ခုသဖွယ်ပင်.....

ဘာကိုမျှ မမြင်ရသည့်အခါ ဖြေရှင်းရန်ခက်လှသည့်အကြောက်တရားတခုက မဖိတ်ခေါ်ဘဲရောက်ရှိလာခဲ့သည်။

အမှောင်ထုရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ.....မသိစိတ်ထဲကနေ ကြောက်လန့်နေရတဲ့အရာကရော ဘာများလဲ.....မိမိ၏ ကြောက်ရွံခြင်းကို ကိုယ်ကိုယ်တိုင်ကလွဲရင် ဘယ်သူများသိနိုင်ပါ့မလဲ.....

ကျန်းချင်းအာတို့ကတော့  နှစ်ပေါင်းများစွာ အတွေ့အကြုံထားရသည့်အတွက် လီလော့တို့နှင့်ယှဉ်လျှင် အလွန်တရာ အေးဆေးတည်ငြိမ်နေကြသည်။

အလင်းတံတိုင်းရဲ့နောက်ကွယ်မှာရှိနေသည့်အရာများနှင့် တွေ့ကြုံရသည့်အခါ ဂျုနီယာများကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ပါ့မလား.....

အနီးနားတွင်ရှိနေသည့် အခြားအဖွဲ့များကလည်း လီလော့တို့ကို အပျော်သဘောဖြင့် ကြည့်ရှုနေကြသည်။

"ကျန်းချင်းအာ.... ပထမနှစ်လေးတွေအတွက်  ပထမဆုံးအကြိမ် အရိပ်လှိုဏ်ဂူထဲဝင်ရတာဆိုတော့ သမာဓိစစ်ဆေးမှုကိုအောင်မြင်နိုင်ပါ့မလား...."

ထိုအချိန်တွင် ရဲချူတင်းတို့နှင့်ပူးပေါင်းထားသော ဒူဇီဟုန်လျန်၏ ခပ်ထေ့ထေ့စကားသံကိုကြားလိုက်ရသည်။

"သမာဓိ..."

လီလော့က ကျန်းချင်းအာကို လှမ်းမေးလိုက်သည်။

"ငါ အခုပဲပြောပြတော့မလို့....."

ကျန်းချင်းအာက ဒူဇီဟုန်လျန်ကို လုံးဝလျစ်လျူရှုထားပါသည်။

“အရိပ်ကမ္ဘာရဲ့မကောင်းဆိုးဝါးအငွေ့အသက်တွေက အရိပ်လှိုဏ်ဂူထဲမှာ အနက်ရောင်မြူခိုးတွေအဖြစ် ပျံနှံ့နေတာ ကြာလှပြီ....ပထမဆုံးအကြိမ်အဖြစ် ဒီကိုရောက်လာသူတွေအတွက် အသားကျဖို့သိပ်ခက်ခဲတယ်.... အမှန်တိုင်းပြောရရင် ပထမနှစ်ကျောင်းသားတွေကို တစ်ခါမှ မစ်ရှင်မှာမပါခိုင်းဖူးဘူး....."

“ဝါးမျိုမှုတွေက နင်တို့ရဲ့အသိစိတ်ကို ထိခိုက်စေပြီး ခံစားချက်တွေကို မွှေနှောက်ပစ်လိုက်မယ်....ဒါ့ကြောင့် သမာဓိစမ်းတယ်လို့ခေါ်ကြတာ....နင်တို့သုံးယောက်လည်း အဲ့ဒါကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်....မြန်မြန်ဆန်ဆန် မအောင်မြင်ခဲ့ရင်လည်း စိတ်ပူစရာ မလိုဘူး.... တခဏလောက်ပဲကြာမှာ...လုံလောက်အောင်ခုခံနိုင်ရုံနဲ့တင် အဆင်ပြေတယ်...."

ကျန်းချင်းအာဘက်က ပေါ့ပေါ့ပါးပါး ရှင်းပြနေသော်လည်း အကယ်၍ သူတို့သာမအောင်မြင်ခဲ့လျှင် မစ်ရှင်အတွက် ထိခိုက်များစွာဖြစ်ပေါ်လာလိမ့်မည်မှန်း လိီလော့နားလည်ပါသည်။

ဒူဇီဟုန်လျန်ကတော့ အူလှိုက်သည်းလှိုက် ရယ်မောလိုက်နေလေ၏။

"အရိပ်လှိုဏ်ဂူမှာ တုန်လှုပ်ချောက်ချားစရာတွေအများကြီးပဲနော်..."

လီလော့ သက်ပြင်းချလိုက်မိသည်။

ထို့ကြောင့်လည်း ကောလိပ်က ပထမနှစ်ကျောင်းသားများကို ဘယ်တုန်းကမှ မပို့ခဲ့ဖူးသည်ကို အံသြနေစရာမလိုတော့ပေ။

"ကောင်းပြီ....စမ်းကြည့်ကြတာပေါ့..."

လီလော့က သူ့အဖွဲ့သားနှစ်ယောက်ကို အားပေးစကားပြောလိုက်သည်။

"တစ်ခါတည်းနဲ့အောင်မြင်သွားရင်တော့ အကောင်းဆုံးပေါ့ကွာ......"

နှစ်ယောက်သားကလည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။

သုံးယောက်စလုံး အလင်းတံတိုင်းအပြင်ဘက်သို့ ထွက်လာကြသည့်အခါ စစချင်းမှာတင် အပူချိန် အလွန်အမင်း ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် နားနားတွင် ကပ်ပြောနေသလို တီးတိုးစကားသံများကို အရပ်မျက်နှာအနှံ့ကနေ ကြားနေရပြီး အတွင်းစိတ်ထဲတွင် ကွယ်ဝှက်ထားသော အကြောက်တရားများကို တခုချင်းဖွင့်ထုတ်နေလေ​၏။

ထို့အပြင် မမြင်နိုင်သော အမှောင်ထုထဲကနေ မျက်လုံးပေါင်းများစွာစိုက်ကြည့်နေသလိုပါခံစားနေရသည်။

မှုန်ဝါးနေသော အနက်ရောင်မြူမှုန်များထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသည့်အရာများထွက်ပေါ်လာပြီး အဆုံးမရှိသည့်အမှောင်ထုထဲသို့ ရုတ်တရက် ဆွဲခေါ်သွားတော့မည့်နှယ်....

လက်ရှိတွင် အကြွင်းမဲ့ ကြောက်ရွံထိတ်လန့်ခြင်းကို ခံစားနေရသော်လည်း အသိစိတ်မလွတ်သွားအောင် အတတ်နိုင်ဆုံးထိန်းထားရသည့်အတွက် လီလော့၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး အသက်ရှုသံတွေမြန်ဆန်လာသည်။

အကယ်၍ တစ်စုံတရာမှားယွင်းလာပါကအချိန်မရွေး ဆွဲခေါ်ရန် ကျန်းချင်းအာတို့ကလည်း အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြသည်။

ပထမနှစ်ကျောင်းသားများအတွက် အရိပ်လှိုဏ်ဂူထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သည့်အတွက် မအောင်မြင်လျှင်တောင် မည်သူမျှ အပြစ်ပြောမည်မဟုတ်ပေ။

အနည်းဆုံး နှစ်ကြိမ်၊သုံးကြိမ်ခန့်ကြိုးစားရမည်ဟု အားလုံးက ခန့်မှန်းထားကြသည်။

ထို့သို့သာ နှောင့်နှေးနေပါက အဆင့်တစ်မျှော်စင်များကို အခြားအဖွဲ့များ သန့်စင်သွားကြလိမ့်မည်။

ဒူဇီဟုန်လျန်သည် လီလော့ကိုကြည့်ပြီး မဲ့ပြုံးပြုံးနေ၏။

" ကျန်းချင်းအာ...နင် ရင်းလိုက်ရတာ တန်ရဲ့လားဟယ်....."

ရဲချူတင်းက ဘာတခွန်းမှ ဝင်မပြောသော်လည်း ကျေနပ်နေပုံရသည်။

ယခုချိန်တွင် လီလော့၏ အမြင်အာရုံတစ်ခုလုံးအမှောင်ဖုံးနေပြီး ကြားနေရသည့် တီးတိုးစကားသံများကလည်း ပိုမိုကျယ်လောင်လာသည်။

လီလော့သည် လူသစ်တစ်ယောက်ဖြစ်သော်လည်း သူ့စိတ်နှလုံးမှာ မျှော်လင့်ထားသလောက် မပျော့ညံ့ပေ။ထို့ကြောင့် ပို၍ တည်ငြိမ်လာပြီး အသက်ရှုသံများလည်း ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။

အရိပ်လှိုဏ်ဂူသည် အခြားသူများအတွက် အန္တာရာယ်ပြည့်နှက်နေသော သားရဲတွင်းတစ်ခုဖြစ်နေသော်လည်း လီလော့ရောက်ရလာရခြင်း၏ ရည်ရွယ်ချက်မှာ အမှတ် 100,000 ရရှိရန်ဖြစ်သည်။

မအောင်မြင်လျှင် တော်ဝင်သစ်စေးဝယ်နိုင်မည်မဟုတ်၊လေးနှစ်အတွင်း မြို့စားအဆင့်မရောက်နိုင်လျှင် သူ့အတွက် သေလမ်းတစ်ခုကသာ အသင့်စောင့်ကြိုနေလိမ့်မည်။

လက်တကမ်းတွင်ရှိနေသော သေခြင်းတရားထက် ဘယ်အရာကများ ပိုကြောက်စရာကောင်းနေဉီးမလဲ.....

"သေတော့မှာပဲကွာ..... ကမ္ဘာခြားသက်ရှိတွေကို ဘာလို့ကြောက်ရမှာလဲ..!"

သူ့ဦးနှောက်ထဲတွင် မီးစတစ်ခု စတင်တောက်လောင်နေပြီး အကြောက်တရားများကို တရိပ်ရိပ်တိုက်စားနေလေပြီ။

တခဏအကြာတွင် အမြင်အာရုံရှင်းလင်းသွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။

ဒူဇီဟုန်လျန်တို့၏ တီးတိုးစကားသံများလည်း ရပ်ဆဲသွားလေပြီ။

လီလော့က လက်ကို ဆုပ်ချည်ဖြန့်ချည်လုပ်လိုက်ပြီး......

" အိုးးး ငါအောင်မြင်သွားပြီလား...."

"အရမ်းလွယ်တယ်...."

ပိုင်မျန်မျန့် အသံကြားလိုက်လို့ လှည့်ကြည့်လိုက်သည့်အခါ  သူမ၏ မျက်ဝန်းများ ကြည်လင်သန့်ရှင်းနေပြီး အရာအားလုံးပုံမှန်အတိုင်းပင်....

"နင်... နင်...အဆင်ပြေရဲ့လား..."

ပိုင်မျန်မျန်က သူ့ထက်တောင် ပိုမြန်နေသည့်အတွက် လီလော့ အံ့သြနေလေ၏။

" တစ်ခုခု မကောင်းသလို ခံစားရတယ်၊ ဒါကြောင့် အိပ်မွေ့ချတဲ့ အခြေအနေကို ရောက်အောင်လုပ်လိုက်တော့ အကုန်အဆင်ပြေသွားတယ်လေ....."

လီလော့ ဘာပြောရမှန်းပင် မသိတော့ချေ။စိတ်ညှို့ခြင်းကို ဝိဉာဉ်ရည်သန့်စင်ခြင်းတွင်သာ အသုံးပြုသည်ဟုထင်ခဲ့သော်လည်း ယခုလိုအခြေနေမျိုးအတွက်ပါ အသုံးဝင်နေသေးသည်။

ပိုင်မျန်မျန်သည် စိတ်ညှို့ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည့်အခါ ပိုမိုစိတ်တည်ငြိမ်လာပြီး မည်သည့်အနှောက်အယှက်မျိုးကိုမှ လက်မခံနိုင်သောကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။

လီလော့ သူ့ကိုယ်သူ ကျိန်ဆဲလိုက်မိသည်။

ဟုတ်တယ်.... တကယ့် ပရော်ဖက်ရှင်နယ်က သူ့ရှေ့ရောက်နေတာပဲ.....

ထိုအချိန်တွင် အားကောင်းသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သဖြင့် ကျန်းချင်းအာက အလင်းတံတိုင်းအစွန်းဘက်သို့ ရုတ်တရက် ရွေ့လျားသွားခဲ့သည်။

လီလော့ လှည့်ကြည့်လိုက်သည့်အခါ ရှင်းဖူ၏ပတ်ပတ်လည်တွင် လူသတ်ငွေ့များရစ်သိုင်းနေပြီး မျက်လုံးများကလည်း ရဲရဲနီနေသည်။

သို့တိုင် နီရဲသောအခိုးအငွေ့တို့သည် တခဏအတွင်းပျောက်ကွယ်ကုန်ပြီး ရှင်းဖူသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ သူ လီလော့ ကို မော့ကြည့်လိုက်ပြီး....

"ပြီးပြီလား...."

လီလော့ ခေါင်းသာညိတ်ပြလိုက်တော့သည်။

အေးပါကွာ.... မင်းတို့နှစ်ယောက်မှာ အားသာချက်တွေရှိကြတာကိုး....

All Chapters