← Chapters

ဝိညာဉ်ချုပ်နှောင်သွေး

Vol. 22 Ch. 329

ဝိညာဉ်ချုပ်နှောင်သွေး

Vol. 22 Ch. 329

အချိန်ကား မွန်းလွဲပိုင်းရှိနေပြီဖြစ်သည်။ မူလက ကောင်းကင်ကြီး ကြည်လင်တောက်ပနေခဲ့ပါသော်လည်း ဝတ်စုံဖြူအမျိုးသမီး ရောက်ရှိလာခြင်းနှင့်အတူ ထိုအမျိုးသမီး၏ ခေါင်းအထက်တွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေသော မိုးသားတိမ်စိုင်များ ပေါ်လာသည်။

တိမ်မည်းများဖြင့် ဖွဲ့စည်းထားသော တစ္ဆေမျက်နှာကြီးသည် သွေးဆာနေဟန်ဖြင့် အောက်သို့ ငုံ့ကြည့်နေသည်။ ထိုအမျိုးသမီး တွေးလိုက်သည်နှင့် ထိုတစ္ဆေကြီးက လူဆိုးထိန်းဌာနထဲသို့ ပြေးဝင်ကာ ရွှီချင်းကို ခုန်အုပ်လိုက်မည် ဖြစ်သည်။

ပုံမှန်ဆိုလျှင် လူဆိုးထိန်းဌာနအပြင်ဘက်တွင် လူအနည်းအကျဉ်း ရှိတတ်သော်လည်း ယခုတွင်မူ တစ်ယောက်မျှ ရှိမနေပေ။

ရွှီချင်းက ထိုအမျိုးသမီးသတင်းကို ရလိုက်သည်နှင့် လူဆိုးထိန်းဌာနဂိုဏ်းသားများကို ချက်ချင်း ထွက်သွားစေခဲ့ခြင်း ဖြစ်သည်။

ယခု လူဆိုးထိန်းဌာနထဲ၌ သူတစ်ယောက်တည်းသာ ရှိသည်။

သူသည် ‘ အစာအတွက် တိုက်ခိုက်နေသော တစ္ဆေရိုင်းများ ’ ပန်းချီကားချပ်နောက်ခံဖြင့် ဧည့်တွေ့ဆောင်ထဲ ထိုင်နေသည်။ ထိုအမျိုးသမီး၏ စကားကို ကြား၍ သူ ခေါင်းမော့ကာ ဂိတ်တံခါးအပြင်ဘက်ရှိ ထိုအမျိုးသမီးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ရွှီချင်းသည် ကောင်းကင်ရှိ တိမ်တစ္ဆေကို မကြောက်ရွံ့သလို အမျိုးသမီးနောက်မှ လိုက်ပါလာသော တစ္ဆေစက်လုံးများကိုလည်း ဂရုမစိုက်ပေ။

သူသည် ထိုအမျိုးသမီး၏ အတွင်းစိတ်ဝိညာဉ်သို့တိုင်အောင် မြင်နေရသည့်အလား စူးစိုက်ကြည့်နေသည်။

“ ကိုယ်ပွားလား ”

ရွှီချင်းသည် လက်ထဲရှိ ကျောက်စိမ်းပေလွှာကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ရင်း သူ့မျက်လုံးများထဲတွင် စိတ်ခံစားချက်အရိပ်အယောင်တစ်ခု ဖြတ်ပေးသွားသည်။ ထိုကျောက်စိမ်းပေလွှာသည် ချီရွှဲ့ထုံဂိုဏ်းသို့ ထိုအမျိုးသမီး ခြေချလာသည်နှင့်တစ်ပြိုင်နက် အသိဉာဏ်ဌာနက ပေးပို့ခဲ့သော ကျောက်စိမ်းပေလွှာ ဖြစ်သည်။

ထိုကျောက်စိမ်းပေလွှာထဲတွင် ထိုအမျိုးသမီး၏ ဇစ်မြစ်နှင့် နောက်ခံအကြောင်းအရာများကို အသေးစိတ် ရှင်းပြထားသည်။

“ မိစ္ဆာသားကောင်ဂိုဏ်းရဲ့ အဓိကကျင့်ကြံတဲ့ပုံစံက သွေးမျိုးဆက်တွေအပေါ်မှာ အခြေခံထားတယ်။ ကျင့်ကြံခြင်းအတတ်တွေဆိုတာ အရန်ပဲ။ အဲဒီဂိုဏ်းမှာ အမြတ်တနိုးထားတဲ့ သွေးမျိုးဆက်ရင်းမြစ်ကြီးလေးခုရှိတယ်။ အဲဒီဂိုဏ်းသားတွေက အဲဒီသွေးမျိုးဆက်တွေကို သူတို့ခန္ဓာကိုယ်ထဲ အစားထိုးထားကြတယ်။ သွေးမျိုးဆက်တိုင်းမှာ ထူးခြားတဲ့စွမ်းရည်တွေနဲ့ မိစ္ဆာတွေအပေါ် သက်ရောက်နိုင်တဲ့အစွမ်းတွေ ရှိကြတယ်။ အဲဒီသွေးမျိုးဆက်တွေရဲ့ ဇစ်မြစ်တွေနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြတယ် ”

“ အဲဒီထဲမှာ စီမာမျိုးနွယ် အစားထိုးထားတဲ့ သွေးမျိုးဆက်ကို ဝိညာဉ်ချုပ်နှောင်သွေး လို့ခေါ်တယ်။ အဲဒီသွေးမှာ မိစ္ဆာတွေကို ချုပ်နှောင်နိုင်တဲ့ ထူးခြားတဲ့အစွမ်းရှိတယ်။ ဒါပေမဲ့ အဲဒီသွေးမျိုးဆက်ကြီးလေးခုက အစွမ်းထက်တယ်ဆိုပေမဲ့ ဝမ်ကူးဒေသကြီးက ဒဏ္ဍာရီလာမျိုးနွယ်ဖြစ်တဲ့ မိစ္ဆာအဖော်မွန်မျိုးနွယ်အောက်တော့ နိမ့်ကျတယ် ”

“ စီမာယွီရဲ့ ပါရမီက ထူးခြားတယ်။ ဝိညာဉ်ချုပ်နှောင်သွေးနဲ့ ကြောက်စရာကောင်းလောက်အောင် သဟဇာတဖြစ်သွားပြီး အဲဒီသွေးကို အစားထိုးပြီးတဲ့နောက် သူ့အစွမ်းတွေက တမုဟုတ်ချင်း မြင့်တက်သွားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မိစ္ဆာသားကောင်ဂိုဏ်းရဲ့ ဆက်ခံသူစာရင်းထဲ ပါခဲ့တယ်။ အဲဒီဆက်ခံသူစာရင်းမှာ ပထမနေရာက မဟုတ်ပေမဲ့ သူ့အထက်မှာရှိတဲ့လူနည်းစုက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေပဲ။ သူက ဂိုဏ်းထဲက မျိုးဆက်တူ အခြေတည်အဆင့်ကျင့်ကြံသူအားလုံးကို အနိုင်ယူခဲ့ပြီးတော့ ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ကို ရောက်သွားတယ် ”

“ အခုလောလောဆယ် သူ့ခန္ဓာကိုယ်အစစ်က တံခါးပိတ်ကျင့်ကြံနေလို့ ရောက်လာတာက အခြေတည်အဆင့်အထွတ်အထိပ်ရောက်တုန်းက သူ့အရိုးကနေ လုပ်ထားတဲ့ ကိုယ်ပွားပဲ။ အဲဒီကိုယ်ပွားရဲ့ကိုယ်ထဲမှာ မိစ္ဆာတွေအများကြီး ချုပ်နှောင်ထားတယ်။ ပြီးတော့ အဲဒီကိုယ်ပွားရဲ့ တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးလေးလုံးအဆင့်ကို ကျော်လွန်နေပြီ။ သက်စောင့်မီးလုံးငါးလုံးကိုလည်း မရောက်သေးဘူးဆိုတော့ သက်စောင့်မီးလုံးလေးလုံးနဲ့တစ်ဝက်အဆင့် ဖြစ်လောက်မယ် ”

ရွှီချင်း၏စိတ်ထဲ ကျောက်စိမ်းပေလွှာထဲမှ စာသားများ ပေါ်လာသောအခါတွင် ဝတ်စုံဖြူဝတ်အမျိုးသမီးစီမာယွီသည် ဧည့်တွေ့ဆောင်ထဲရှိ ရွှီချင်းကို ကြည့်၍ ယဉ်ကျေးစွာ ပြောလိုက်သည်။

“ ငါ့မောင်လေးက မသိနားမလည်လို့ နင့်ကို ဒုက္ခပေးခဲ့မိတယ် ”

“ သူ့ကိုယ်စား နင့်ကို တောင်းပန်ပါတယ် ”

စီမာယွီ၏ လေသံသည် ကြည်လင်နေသည်။ သူမ၏စကားဆုံးသောအခါ သူမ၏ဆံပင်ပတ်လည်ရှိ အနက်ရောင်တစ္ဆေလုံးများစွာက စီမာယွီ၏လေသံအတိုင်း တုပပြောဆိုလိုက်သည်။

“ ငါ တောင်းပန်ပါတယ်၊ ငါ တောင်းပန်ပါတယ် ”

“ နင့်ကို ဒုက္ခပေးခဲ့မိတယ်၊ နင့်ကို ဒုက္ခပေးခဲ့မိတယ် ”

မရေမတွက်နိုင်သော ကလေးများ ကြိမ်ဖန်များစွာ ပြောဆိုလိုက်သည့်အလား အသံများ ဆူဆူညံညံ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် စီမာယွီ၏ ထီးပေါ်ရှိ မျက်နှာပေါင်းများစွာသည်လည်း တဟီးဟီးတဟားဟားဖြင့် အော်ဟစ်ရယ်မောလိုက်ကြသည်။

ထိုမြင်ကွင်းကြောင့် ထိုနေရာကို စောင့်ကြည့်နေကြသော ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များ ဆွံ့အသွားကြသည်။ အမှန်စင်စစ် မိစ္ဆာသားကောင်ဂိုဏ်းသည် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဖြစ်၍ တခြားဂိုဏ်းများက များသောအားဖြင့် သူတို့နှင့် အဆက်အဆံ မလုပ်ကြပေ။

ရွှီချင်းသည် စီမာယွီကို အဝေးမှနေ၍ လှမ်းကြည့်လိုက်သည်။

ယခုသည် ထိုအမျိုးသမီးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး သူမ၏အကျင့်စရိုက်ကို မသိပေ။ သို့သော်လည်း သူမက ရောက်လာကတည်းက အလွန် ယဉ်ကျေးနေခဲ့သည်။ ဂိုဏ်းထဲသို့ အတင်းအကြပ် ဝင်ရောက်လာခြင်း မရှိသလို မဖြစ်နိုင်သော တောင်းဆိုချက်များကိုလည်း မလုပ်ခဲ့ပေ။ သူမ၏မောင်လေးကိုယ်စား တောင်းပန်နေသေးသည်။

သူမသည် စီမာလင်းကဲ့သို့ မောက်မာထောင်လွှားသူတစ်ယောက်မဟုတ်ပေ။

ထိုကဲ့သို့လူတစ်ယောက်ကို ရွှီချင်း ရန်ရှာရန် အလွန်ခက်သည်။ သို့သော် ထိုအတွက်ကြောင့် သူ၏သတိ လွတ်မသွားပေ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒီကိစ္စကို ဂိုဏ်းကို တင်ပြလိုက်ပါမယ်။ ရက်နည်းနည်းလောက် စောင့်ပေးပါ ”

ဝတ်စုံဖြူအမျိုးသမီးသည် ထိုစကားကို ကြား၍ ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ကြော့ရှင်းစွာဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် အေးတိအေးစက်စကားသံ ကြည်လင်စွာ ထွက်ပေါ်လာသည်။

“ ရက်နည်းနည်းလောက်က ငါ စောင့်နိုင်ပါတယ်။ ဒါက ငါ့မောင်လေးရဲ့အမှားဖြစ်လို့ သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ် ”

“ ဒါပေမဲ့ သူ့ကို ရိုက်နှက်ခဲ့တဲ့အတွက် မင်း ဘယ်လိုတောင်းပန်မှာလဲ ”

“ ငါ့မောင်လေးက မျက်လုံးတွေ စုရတာကို သဘောကျတယ်။ မင်းမျက်လုံးတစ်လုံးကို တောင်းပန်လက်ဆောင်အနေနဲ့ ယူလို့ရမလား ”

အစမှအဆုံးတိုင်အောင် ဝတ်စုံဖြူအမျိုးသမီး၏အမူအရာသည် ယဉ်ကျေးသိမ်မွေ့နေ၏။ ထိုစကားများကို ပြောလိုက်သည့်တိုင်အောင် သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ အရာအားလုံးက ပုံမှန်ဖြစ်သည့်အလား ဒေါသအရိပ်အယောင်များ ပေါ်လွင်မနေပေ။

ထိုစကားသုံးခွန်းကို ရွှီချင်း ကြားသောအခါ ငြိမ်သက်သွားသည်။ သူ အကြည့်လွှဲလိုက်ပြီး စီမာလင်းအား လွှတ်ပေးမည့်အတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။

တချိန်တည်းမှာပင် စကားဆုံးသည်နှင့် စီမာလင်းသည် ရှေ့သို့ တဖြည်းဖြည်း ရွေ့သွားပြီး လူဆိုးထိန်းဌာန၏ ဂိတ်တံခါးကို ကျော်ဖြတ်ကာ ခြံဝန်းထဲ ဝင်သွားသည်။ သူမ၏ခေါင်းအထက်ရှိ တိမ်များသည် တဂျိမ်းဂျိမ်းမြည်ဟည်း၍ ရှေ့သို့ ရွေ့သွားပြီး လူဆိုးထိန်းဌာနကို လွှမ်းခြုံနေသည်။

တချိန်တည်းမှာပင် အနက်ရောင်တစ္ဆေစက်လုံးများသည်လည်း ဂိတ်တံခါးကို ဖြတ်၍ ခုန်ဝင်သွားကြပြီး စီမာလင်း၏စကားအတိုင်း သံယောင်လိုက်၍ ပြောလိုက်ကြသည်။

“ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ”

“ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ”

စကားသံများကြားတွင် အနက်ရောင်တစ္ဆေလုံးတစ်လုံးက မှောင်ရိပ်ထဲတွင် ရပ်လိုကသည်။ ၎င်း၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ကျသွားသည့်အခိုက် ချောက်နက်ကြီးထဲ ကျသွားသည့်အလား ရုတ်တရက် ပျောက်သွားသည်။ ၎င်း၏အသံသည်လည်း တိခနဲ ရပ်သွားသည်။

အနက်ရောင်တစ္ဆေလုံး ပျောက်ကွယ်သွားသည့်အခိုက် လူဆိုးထိန်းဌာနထဲရှိ မန္တန်အစီအရင် အသက်ဝင်သွားသည်။ ထိုမန္တန်အစီအရင်သည် ပြင်ပလောကနှင့် ခွဲခြားထားလိုက်ပြီး ဌာနအတွင်းထဲရှိ အဖြစ်အပျက်များအား အပြင်လူများ ကြည့်မရနိုင်အောင် တားဆီးလိုက်သည်။

ဖိအားတစ်ခုလည်း ကျရောက်လာ၏။

သို့သော် စီမာယွီက အိတ်ထဲမှ အဖြူရောင်ဂိုဏ်းတံဆိပ်ပြားတစ်ချပ် ထုတ်လိုက်သောအခါ ထိုဖိအား ရပ်သွားသည်။ ထိုဂိုဏ်းတံဆိပ်ပြားသည် သာမန်ဂိုဏ်းတံဆိပ်ပြား မဟုတ်ပေ။ သူမ၏အဆင့်အတန်းနှင့် အထက်ဂိုဏ်းရှိ အဆင့်အတန်းကို လှစ်ဟပြသနေပေသည်။

အရှိန်အဝါကြီးမားသော ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ဖိအားသည် အပြင်လူတစ်ယောက်၏ လက်တစ်ချက်အဝှေ့တွင် ပျောက်ကွယ်သွားသည်။

ထိုခံစားချက်သည် တခြားတစ်ယောက်က မိမိပစ္စည်းကို သုံးခွင့်ရှိနေပြီး မိမိထက်ပင် မိမိပစ္စည်းအား ပို၍ ချုပ်ကိုင်နိုင်သော ခံစားချက်နှင့် ဆင်တူသည်။ မိမိနောက်ကွယ်၌ဖြစ်စေ၊ မိမိရှေ့မှောက်တွင်ဖြစ်စေ ဆန္ဒရှိသလို အသုံးချနိုင်ကြသည်။ သို့သော်လည်း အပြင်ပန်းအရ တစ်ဖက်လူက အမှန်တကယ်ပင် ပိုင်ဆိုင်ထားသည်ဖြစ်၍ မိမိအနေဖြင့် မည်သို့မျှ မပြောနိုင်ပေ။

ယင်းကြောင့် ရွှီချင်း သက်ပြင်းချလိုက်သည်။ မည်သည့်အတွက်ကြောင့် ဂိုဏ်းစောင့်ဘိုးဘိုးနှင့် တောင်သခင်ကြီးများက ကြီးမားသောအစီအစဉ်ကြီးအား တိတ်တဆိတ် စီစဉ်နေသည်ကို သူ နားလည်သွားသည်။

မည်သူပင်ဖြစ်စေ တခြားလူများက ထိန်းချုပ်လာသည်ကို ခံချင်မည် မဟုတ်ပေ။ တစ်ဖက်လူ၏ စကားတစ်ခွန်းဖြင့် သူတို့ဂိုဏ်းသားများကို ပြောင်းရွှေ့ပေးရသည်။ ဂိုဏ်းတံဆိပ်ပြားတစ်ခုဖြင့် သူတို့ဂိုဏ်း၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးသော မန္တန်အစီအရင်ကြီးကို အားနည်းသွားအောင် လုပ်နိုင်သည်။

အထူးသဖြင့် ယခုလို လောကပျက်ကြီးထဲတွင် လူတိုင်းက ကောက်ကျစ်သောသားရိုင်းများဖြစ်ကြပြီး တခြားလူများ၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ချင်သူ မရှိကြပေ။

အမှန်စင်စစ် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့သာ ရောက်လာခဲ့ပါက ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးကို လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ရွှီချင်းပင် ခံစားခဲ့ရသည်။

“ ငါ့မောင်ရဲ့ တာအိုအစောင့်အရှောက်ကို တိုက်ပွဲထဲကနေ ဖယ်ထုတ်ဖို့ ဒီမန္တန်အစီအရင်ကို နင် သုံးခဲ့တာမလား ”

စီမာယွီသည် ရွှီချင်းထံသို့ လေထဲလွင့်မျောကာ ဝင်ရောက်သွားရင်း ပြောလိုက်သည်။

ထိုအချိန်၌ စီမာယွီသည် ခြံဝန်းကို ကျော်ဖြတ်လာခဲ့ပြီဖြစ်ပြီး ဧည့်တွေ့ဆောင်အပြင်ဘက်သို့ ရောက်လာပြီ ဖြစ်သည်။ သူမသည် မရပ်ဘဲ ဧည့်တွေ့ဆောင်ထဲသို့ လွင့်မျောသွားသည်။ သို့သော်လည်း သူမ၏အသံ ပျံ့လွင့်သွားပြီး ဧည့်တွေ့ဆောင်ထဲ ဝင်သွားသည့်အခိုက်မှာပင် ရွှီချင်း လှုပ်ရှားသွားသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး စီမာယွီ၏ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူက မျက်နှာသေဖြင့် လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။

ထိုလက်သီးချက်သည် တဂျိမ်းဂျိမ်းမြည်ဟည်းလျက် ပြေးဝင်သွားသည်။

ရွှီချင်း တိုက်ခိုက်လိုက်သောအခါ ခြံထဲရှိ မြေပြင်ပေါ်မှ အရိပ်လေးသည် ရုတ်တရက် မြင့်တက်လာပြီး ၎င်း၏မျက်လုံးပေါင်းများစွာက ပါးစပ်ကြီးများအသွင်ပြောင်းလဲ၍ အနက်ရောင်တစ္ဆေလုံးများကို ဝါးမျိုလိုက်သည်။

တစ်ဆက်တည်း မျက်ကွယ်နေရာတွင်ရှိနေသည့် သံတုတ်နက်လေးက ခုန်အုပ်ရန် ပြင်နေသော တိမ်တစ္ဆေကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

တခဏလေးအတွင်း တုန်လှုပ်ချောက်ချားဖွယ်ရာအသံကြီး မြည်ဟည်းသွားသည်။

စီမာယွီ၏ခန္ဓာကိုယ် တုန်ခါသွားသည်။ ရွှီချင်း၏လက်သီးချက်အောက်တွင် စီမာယွီ၏ခန္ဓာကိုယ်မှာ ဧည့်တွေ့ဆောင်အပြင်ဘက်သို့ လွင့်ပျံသွားသည်။

ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်နေသော သူမ၏မျက်နှာမှာ ကွက်ခနဲ ပျက်သွားသည်။ ထီးပေါ်ရှိ မိစ္ဆာမျက်နှာများအားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့သည် ရွှီချင်းကို ကြည့်မနေဘဲ ခြံဝန်းထဲရှိ မြေပြင်ကို ကြည့်နေကြသည်။

အနက်ရောင်အလုံးများအားလုံး ပျောက်ကွယ်သွားလေပြီ။

စီမာယွီသည် ဧည့်တွေ့ဆောင်ထဲမှ ထွက်လာသော လူရိပ်ကို စူးရှတောက်ပသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသည်။

ဧည့်တွေ့ဆောင်ထဲမှ မီးတောက်များ တဟုန်းဟုန်း မြင့်တက်လာပြီး ဘေးသို့ ပြန့်ကားသွားကာ ရွှေကျီးကန်းကြီး ဖြစ်သွားသည်။

မီးတောက်များကြားတွင် တစ်လှမ်းချင်း လျှောက်လာနေသော လုလင်ပျိုတစ်ဦး ရှိသည်။

လုလင်ပျို၏အပြင်ဘက်တွင် ရွှေကျီးကန်းကြီးသည် စူးစူးရှရှ အော်မြည်လိုက်၏။ ထိုလုလင်ပျိုကား မီးတောက်များ၏ အရှင်သခင်အလားပင်။ ရွှေကျီးကန်းကြီး၏ အမြီးမီးတောက်များက ဧကရာဇ်ဝတ်ရုံအဖြစ် ပြောင်းလဲသွားပြီး ထိုလုလင်ပျိုကို ကြီးကျယ်မြင့်မြတ်သွားစေသည်။ တချိန်တည်းမှာပင် လုလင်ပျို၏ ဆံပင်ရှည်များက တဖျပ်ဖျပ်လွင့်နေပြီး မီးပင်လယ်ကြီးက လုလင်ပျို၏ ခြုံလွှာဖြစ်သွားသည်။

သူ လမ်းလျှောက်သွားစဉ် သူ့နောက်တွင် မီးခြုံလွှာက ဝှေ့ယမ်းနေပေရာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေသည်။ ရွှေကျီးကန်းကြီးသည် ဧကရာဇ်သရဖူအလား လူငယ်၏ခေါင်းအထက်တွင် ခေါင်းတင်ထားသည်။

တုဖက်ကင်းအောင် ချောမောသော မျက်နှာဖြင့် ပေါင်းစပ်လိုက်သောအခါ ရှေ့သို့လှမ်းသွားသော ခြေလှမ်းတိုင်းက ခံ့ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူသည် လူသားလောကသို့ သက်ဆင်းလာသော ရှေးဟောင်းအရှင်သခင်လုလင်ပျိုတစ်ယောက်ပမာပင်။

“ ကျင်းဝူလျန့်ဝမ့်လင်အတတ် ”

စီမာယွီသည် ရွှီချင်းကို စူးစိုက်ကြည့်နေရင်း တစ်ခွန်းချင်း ဆိုလိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်က ဝေဝါးသွားပြီး တခဏလေးအတွင်း အရှိန်မြင့်တက်သွားကာ ရွှီချင်း၏ရှေ့တွင် ရိပ်ခနဲ ပေါ်လာသည်။ ထို့နောက် ရွှီချင်း၏ မျက်လုံးများကို အညှာအတာမဲ့စွာ ဖောက်ထုတ်လိုက်သည်။

ရွှီချင်းသည် ခေါင်းငုံ့၍ ရှောင်တိမ်းလိုက်ပြီး စီမာယွီ၏ လက်ကို အတင်းအကြပ် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်ကြောင့် စီမာယွီ တုန်ရီသွားသည်။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ စီမာယွီ၏ညာလက် ပျက်စီးသွားသည်။ ထို့နောက် တုန်လှုပ်ချောက်ချားစွာဖြင့် အလျင်အမြန် နောက်ဆုတ်သွား၏။

ရွှီချင်းသည် တဟုန်ထိုး ရှေ့တက်သွားသည်။ သူသည် စီမာယွီထက် မြန်ဆန်နေသည်ဖြစ်ရာ စီမာယွီကို မီသွားပြီး ဆံပင်ကို ဆောင့်ဆွဲ၍ မြေပြင်ကို ကြမ်းတမ်းစွာ ကိုင်ပေါက်လိုက်သည်။

မြေကြီး တုန်ခါသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

စီမာယွီ၏ခန္ဓာကိုယ်မှာ ရုတ်တရက် မြူခိုးများဖြစ်သွားပြီး ရွှီချင်း၏လက်ထဲမှ လွတ်ထွက်သွားသည်။ စူးစူးဝါးဝါးအော်မြည်သံများနှင့်အတူ မြူခိုးများက မိစ္ဆာအရိပ်များ ဖြစ်သွားပြီး ရွှီချင်းထံသို့ အဖက်ဖက်မှ ဝင်ရောက်သွားကြသည်။

ရွှီချင်း၏ခေါင်းထက်တွင် စီမာယွီ၏ တစ္ဆေထီးပေါ်လာပြီး ရွှီချင်းကို ချုပ်နှောင်လိုက်သည်။

သို့သော် သာမညတစ္ဆေထီးတစ်လက်က ရွှေကျီးကန်းအား မည်သို့ယှဉ်နိုင်အံ့နည်း။

သရဖူအဖြစ် ပြောင်းလဲသွားခဲ့သော ရွှေကျီးကန်းမှာ ဆတ်ခနဲ ခေါင်းမော့လာသည်။ ၎င်းက အထင်သေးသောအကြည့်ဖြင့် တစ္ဆေထီးဆီသို့ ပြေးဝင်သွားသည်။

All Chapters