လျှို့ဝှက်လွန်းသော သတ္တမမြောက်တောင်ထိပ် ( ၂ )
Vol. 22 Ch. 331
စီမာယွီ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားဟန်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် တွေဝေတွန့်ဆုတ်မနေဘဲ စတုတ္ထမြောက်ပုံသဏ္ဍာန်ကို ဖျက်ဆီးလိုက်သည်။
ယင်းသည် သက်စောင့်မီးလုံးလေးလုံးခွဲကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းများ အဖက်ဖက်သို့ ရိုက်ခတ်သွားသည်။
စတုတ္ထမြောက်ပုံသဏ္ဍာန်ကို ဖျက်ဆီးလိုက်သည့်အကူအညီဖြင့် ထိုပျက်စီးသွားသော စတုတ္ထမြောက်ပုံသဏ္ဍာန်ထဲမှ အနက်ရောင်လက်ဖျံရိုးတစ်ချောင်း ပျံထွက်လာပြီး လူဆိုးထိန်းဌာန၏ အပြင်ဘက်သို့ တဟုန်ထိုး ပြေးထွက်သွားသည်။
ထိုလက်ဖျံရိုးသည် စီမာယွီကိုယ်ပွား၏ အဓိကသော့ချက်ဖြစ်သည်။ ထိုအချိန်၌ ရွှီချင်း မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို စီမာယွီ နက်နက်နဲနဲ နားလည်သွားပြီ ဖြစ်သည်။ သူမသည် ဆက်လက်မတိုက်ခိုက်ချင်တော့ဘဲ ချက်ချင်း ထွက်ပြေးချင်နေသည်။
သူမ ထွက်ပြေးရန် ရွေးချယ်လိုက်သည့်အချိန်က သင့်တော်သည်။ သို့သော် စတုတ္ထမြောက်ပုံသဏ္ဍာန်ကို ဖျက်ဆီးခြင်းက နောက်မှလိုက်လာသည့်အရာအားလုံးကို ဟန့်တားနိုင်ပါသော်လည်း ရွှီချင်း၏အစွမ်းကို သူမ လျော့တွက်မိခဲ့ပေသည်။
တခဏလေးအတွင်း ပေါက်ကွဲလှိုင်းများကြားမှ ရွှီချင်း ရိပ်ခနဲ ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း အရိုးအနီးသို့ ရောက်သွားသည်။
သေရေးရှင်ရေးအခြေအနေတွင် လက်ဖျံရိုးတစ်ခုလုံး အနက်ရောင်ဝင်းလက်သွားသည်။ လက်ဖျံရိုးသည် မလွတ်မြောက်နိုင်တော့သည်ကို သိ၍ ချက်ချင်း နောက်လှည့်ကာ ရွှီချင်း၏ခေါင်းကို အညှာအတာမဲ့စွာ ရိုက်ချလိုက်သည်။
တချိန်တည်းမှာပင် ဘေးပတ်လည်ရှိ လေဟာနယ်ထဲမှ တစ္ဆေလုံးများ ဟစ်ကြွေးခဲ့ကြသည့်သံစဉ် လွင့်ပျံလာပြန်သည်။
“ အရိုးနဲ့ရိုက်လို့ မျက်လုံးနှစ်လုံးကို ထုတ်တယ် ”
“ သုံးချက်လက်သီး ဖောက်ထွင်းမယ်၊ လျှာလေးခုတောင် ထွက်စေကွယ် ”
“ မိတ်ဆွေငါးယောက် သန်မာသား၊ လက်ခြောက်ဖက်နဲ့ တူးထုတ်ထား ”
ထိုအရိုး၏ ရိုက်ချက်သည် သက်စောင့်မီးလုံးလေးလုံးအစွမ်းထက် သာလွန်သည်။ သို့သော်လည်း ရွှီချင်းသည် သက်စောင့်မီးအိမ်၏အစွမ်းကို ပြသချင်သည့်အတွေးအား ထိန်းချုပ်လိုက်ပြီး ကျောက်စိမ်းလည်ဆွဲကို ထုတ်လိုက်သည်။
ထိုကျောက်စိမ်းလည်ဆွဲသည် ယခင်က အမှတ်ခြောက်သခင်ကြီးပေးခဲ့သည့် ယွမ်ယင်အဆင့် အကာအကွယ်မှလွဲ၍ တခြားမဟုတ်ပေ။
ထိုကျောက်စိမ်းလည်ဆွဲ၏ စွမ်းအားအများစုက ကြယ်ငါးမျိုးနွယ်နှင့် တိုက်ပွဲတွင် ကုန်သလောက်ရှိသွားပြီဖြစ်ပြီး သိသိသာသာ အားနည်းသွားခဲ့ပြီဖြစ်သော်လည်း ထိုအရိုးရိုက်ချက်ကို ခုခံရန် လုံလောက်သည်ထက်ပိုသည်။
တခဏလေးအတွင်း စီမာယွီ၏အရိုးက ရွှီချင်း၏အကာအကွယ်အပေါ် ကျရောက်သွားသည်။
ကျောက်တုံးကြီးတစ်တုံးကို ကြက်ဥဖြင့် ပေါက်လိုက်သည့်အလားပင်။ အကာအကွယ်အလွှာ လှိုင်းထသွားပြီး လက်ဖျံရိုးပေါ်တွင် အက်ကွဲကြောင်းများ ထလာသည်။
သွေးပျက်ခမန်းအော်ဟစ်သံ ပဲ့တင်ထပ်သွားသည်။ အရိုးကို ရွှီချင်း ဆတ်ခနဲ ဆွဲယူလိုက်သည်။ သူ့ကိုယ်ထဲမှ မိစ္ဆာမီးတောက်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး အရိုးကို အစွမ်းကုန် သန့်စင်လိုက်သည်။
အရိုးထဲမှ ဝိညာဉ်စွမ်းအား အမြောက်အမြား ဖြာထွက်လာပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားကာ ဓမ္မတံခါးများကို ဖွင့်လှစ်တော့မည့် စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအားများက အဆက်မပြတ် တိုက်ခိုက်လိုက်ရာ ကိုးဆယ့်တစ်ခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။
ရွှေကျီးကန်းကြီးသည်လည်း ဝါးမျိုရန် ရောက်ချလာသည်။ အရိပ်လေးသည်လည်း ခုန်အုပ်လိုက်ပြီး သံတုတ်နက်သည်လည်း အရိုးကို ထိုးဖောက်ကာ တစ်ပြိုင်နက်တည်း စုပ်ယူလိုက်ကြသည်။
အရိုးထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ လွင့်ပျံလာသည်။ ခဏအကြာ အရိုး ပျက်စီးသွားပြီး ပြာများ ဖြစ်သွားသည်။ ထိုအချိန်၌ ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ကိုးဆယ့်နှစ်ခုမြောက်ဓမ္မတံခါးသည်လည်း အောင်မြင်စွာ ပွင့်သွားသည်။
သူသည် အဖက်ဖက်သို့ ပျံ့လွင့်သွားသည့် အရိုးပြာများကို ကြည့်လိုက်သည်။
ပြာများထဲတွင် စွမ်းအင်အငွေ့အသက်များ ရှိမနေတော့သော်လည်း နတ်အာရုံတစ်ခု ရှိနေသေးသည်။
ထိုနတ်အာရုံသည် အလျင်အမြန် စုစည်းသွားပြီး ဝတ်စုံဖြူစီမာယွီ ဖြစ်သွားသည်။ သို့သော်လည်း ထိုအချိန်၌ စီမာယွီ၏ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်လာပြီး အလျင်အမြန် ပျောက်ကွယ်နေသည်။
စီမာယွီက ရွှီချင်းကို တန်လှုပ်ချောက်ချားသည့်အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ နင့်ရဲ့ ကျင်းဝူလျန့်ဝမ့်လင်အတတ်က ထူးခြားတယ်။ ဂိုဏ်းက ဖော်ပြထားသလို မဟုတ်ဘူး ”
“ ဒီကို ရောက်လာခဲ့ကြတဲ့ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့က ကောင်းကင်လက်ရွေးစင်တွေအားလုံး နင် လှည့်စားတာ ခံခဲ့ရတာပေါ့။ နင့်မှာ သက်စောင့်မီးလုံးနှစ်လုံး မဟုတ်ဘူး။ သုံးလုံးရှိတာ ”
“ နင့်ဓမ္မတံခါးတွေက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်။ ဓမ္မတံခါးတစ်ခုစီက ပေငါးထောင်ကျယ်တယ် ”
“ နင်က သက်စောင့်မီးလုံးလေးလုံးအစွမ်းပဲ ရှိတာမဟုတ်ဘူး။ သက်စောင့်မီးလုံးငါးလုံးနီးနီး အစွမ်းထက်နေတာ ”
“ နင်သာ စတုတ္ထမြောက်သက်စောင့်မီးလုံးကို ထုတ်ဖော်နိုင်လာရင် သက်စောင့်မီးအိမ်မရှိတာကလွဲရင် နင်က ဒုတိယမြောက်သူတော်စင်ကြယ် ဖြစ်မှာပဲ ”
“ ဖုံးကွယ်တဲ့နေရာမှာ နင်က သိပ်ပိရိတယ်။ ချီရွှဲ့ထုံဂိုဏ်းရဲ့ လက်ရှိမျိုးဆက်ထဲမှာ နင်က နံပါတ်တစ် ကောင်းကင်လက်ရွေးစင်ပဲ ”
ယခုတစ်ခေါက် ကိုယ်ပွားကို စေလွှတ်ခဲ့စဉ်က ရွှီချင်းကို ချုပ်နှောင်ပြီး သူမ၏မောင်လေးကို ပြန်ခေါ်သွားနိုင်မည်ဟု စီမာယွီ ထင်ခဲ့သည်။ သို့သော်လည်း ရွှီချင်းက သူ၏အစွမ်းများကို ကြောင်လက်သည်းဝှက်သကဲ့သို့ ဝှက်ထားမည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့မိချေ။
သူသည် သက်စောင့်မီးလုံးငါးလုံးအစွမ်းရှိပြီး စီမာယွီကို တခဏလေးအတွင်း အနိုင်ယူနိုင်စွမ်း ရှိသည်။ သို့သော်လည်း သူက ရည်ရွယ်ချက်ရှိရှိ သူ့အစွမ်းများကို ဖုံးကွယ်ခဲ့ပြီး စီမာလင်းကို အချိန်ဆွဲ၍ တိုက်ခိုက်ခဲ့ကာ တခြားလူများကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
“ သူက ငါ့ကို ပစ်မှတ်ထားနေခဲ့တာလား။ ငါ့ကို ဒီနေရာရောက်လာအောင် ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခဲ့တာလား ”
ထိုအတွေးကြောင့် စီမာယွီသည် အဖမ်းခံလိုက်ရပြီး ရွှီချင်း၏ စုပ်ယူခြင်းခံလိုက်ရသည့်မြင်ကွင်းကို ပြန်တွေးမိလိုက်သည်။ သူမ၏ဘဝတွင် တစ်ခါမှ ယခုကဲ့သို့ အရှက်မကွဲခဲ့ဖူးချေ။ ထိုအချိန်၌ သူမ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေပြီ ဖြစ်သည်။
“ နင့်လျှို့ဝှက်ချက်တွေအားလုံးကို ငါ သိတယ်။ ငါ့ခန္ဓာကိုယ်အစစ် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာရင် လာချုပ်နှောင် … ”
ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်သည်။ ပျောက်ကွယ်လုနီးပါးဖြစ်နေသော စီမာယွီ၏ နတ်အာရုံ ချက်ချင်း ပျက်စီးသွားပြီး စကားစများ ပြတ်တောက်သွားသည်။
“ ကျုပ်က ချီရွှဲ့ထုံဂိုဏ်းရဲ့ နံပါတ်တစ်ကောင်းကင်လက်ရွေးစင် မဟုတ်ဘူး ”
စီမာယွီ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်၍ ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သတ္တမမြောက်တောင်ထိပ်သို့ ရောက်သွားပြီးနောက် ဟွမ်ရီခွန်၏ ဆိုးဆိုးဝါးဝါးဖြစ်သွားသော အခြေအနေ သူ့စိတ်ထဲ ထင်ဟပ်လာသည်။
အမှန်စင်စစ် အပြင်လူများပင် မဆိုးထားဘိ သူကိုယ်တိုင်ပင် သတ္တမမြောက်တောင်ထိပ်က ဖုံးကွယ်ရာ၌ ပိရိလွန်းသည်ဟု ခံစားမိသည်။
ဥပမာအနေဖြင့် ခေါင်းဆောင်ပင်။
ခေါင်းဆောင်၏ကိုယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်ကို ချုပ်နှောင်ထားသည်။
သူ သတိမထားမိသည်မှာ သတ္တမမြောက်တောင်ထိပ်၌ အမှတ်ခုနစ်သခင်ကြီးသည် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနတွင် ဖြစ်ပျက်နေသောအခြင်းအရာများကို စိတ်လှုပ်တရှား ကြည့်နေသည်။
အမှတ်ခုနစ်သခင်ကြီးနောက်၌ ခေါင်းဆောင်သည် ပန်းသီးတစ်လုံးကို တဂျွမ်းဂျွမ်းကိုက်စားရင်း ထိုင်နေသည်။
ဘေး၌ တတိယမင်းသားသည် သစ်သီးခြင်းကို ကိုင်ထားပြီး ခေါင်းဆောင်ကို သစ်သီးတစ်လုံးပြီးတစ်လုံး ပြုံး၍ ပေးနေသည်။
“ ညီနှစ်၊ အဲဒီထိုက်စန့်မုန်ရှန်းဂိုဏ်းက ကလေးမကို မင်း ဘယ်လို ဆွဲဆောင်လိုက်တာတုံး၊ မင်းအစ်ကိုကြီးကို ရှင်းပြစမ်းပါဦးကွ ”
“ ကျနော် ဘာမှမလုပ်ခဲ့ပါဘူးဗျာ။ ကျနော် ရုပ်ချောလို့နေမှာပေါ့ ”
တတိယမြောက်မင်းသားက ပြုံး၍ ဖြေလိုက်သည်။
“ သောက်အဓိပ္ပာယ်မရှိတာကွာ။ မင်း ဘယ်လောက်ချောချော ဘယ်လိုလုပ် ချင်းလေးကို မီမှာတုံး။ ငါ အခုမှ မှတ်မိတယ်။ အရင်က အဘိုးကြီး ဝမ်ကူးဒေသကြီးကို သွားခဲ့သေးတယ်။ သူ ပြန်ရောက်ပြီး နှစ်ဝက်လောက်နေတော့ အဖြူရောင်ဂိုဏ်းတံဆိပ်ပြားနဲ့ ပင်လယ်ရပ်ခြားကနေ မင်း ရောက်လာတော့တာပဲ။ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာနေပြီ။ အဲဒီတုံးက မင်းအသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်ပဲ ရှိဦးမယ်။ ဒါပေမဲ့ ဂိုဏ်းထဲမှာ မင်းက နာမည်ကြီးနေပြီ။ မင်းမျက်လုံးတွေက မုန်းတီးခြင်းတွေနဲ့ ပြည့်နေတာ။ မင်းက ဝမ်ကူးဒေသကြီးကလို့ မပြောနဲ့နော်။ အဲဒီတုန်းက ထိုက်စန်းမုန်ရှန်းဂိုဏ်းမှာ ကိစ္စကြီးတစ်ခုခု ဖြစ်ခဲ့တဲ့ပုံပဲ ”
ခေါင်းဆောင်က တတိယမင်းသားကို အဓိပ္ပာယ်ရှိသောအပြုံးဖြင့် ကြည့်လိုက်သည်။
တတိယမင်းသားသည် ပုံမှန်အတိုင်း တည်ငြိမ်သောအမူအရာဖြင့် ပြုံးလိုက်သည်။
“ ခန့်မှန်းထားသလို အစ်ကိုကြီးကို ဘာမှဖုံးကွယ်ထားလို့ မရဘူးပဲ။ ဒါပေမဲ့ ကျနော် တကယ်သိချင်တာရှိတယ်။ အစ်ကိုကြီး ဘယ်နှစ်ကြိမ်များ … ပြန်ကျင့်ကြံပြီးပြီလဲ ”
ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြုံးလိုက်သည်။
“ မှန်းကြည့်လေ ”
တတိယမင်းသားသည် နူးညံ့စွာ ပြုံးလိုက်ပြီး ထပ်မပြောတော့ပေ။ သူက ပန်းသီးတစ်လုံးကို ထုတ်လိုက်ပြီး ခေါင်းဆောင်ကို ကမ်းပေးလိုက်သည်။ ခေါင်းဆောင်က ပန်းသီးကို ယူလိုက်ပြီး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ကိုကြည့်၍ ခံစားချက်အပြည့်ဖြင့် ဆိုလိုက်သည်။
“ ချင်းလေးက ဘယ်လိုကွယ်ဝှက်ရမလဲဆိုတာ တကယ် သိတဲ့ကောင်ပဲ။ သူ့မှာ သက်စောင့်မီးလုံးသုံးလုံး ရှိနေပြီ။ ဒါပေမဲ့ အဲဒီကလေးက သူ့ဝှက်ဖဲတွေကို ထပ်ဖုံးကွယ်ထားတုံးပဲလို့ ငါ ထင်နေတယ်။ သူနဲ့ တိုက်ခိုက်ရင် သူ သေသွားမလား ငါ မသိဘူး။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ထဲက ဟာကြီး သေချာပေါက် နိုးထလာမှာပဲ။ အဲဒီနေ့ရောက်လာရင်တော့ ဆရာ့အနေနဲ့ သူ့ကို ကယ်ပြီး ကျနော့်ကိုတော့ လျစ်လျူရှုထားလို့ မရဘူးနော်။ ကျနော်က ဆရာ့အချစ်ဆုံးတပည့်မလား ”
ဒုတိယမင်းသမီးမှာမူ တိုက်ပွဲကို စိတ်ဝင်စားခြင်းအလျဉ်းမရှိပေ။ ဆရာတူတပည့်များကိုလည်း ဂရုစိုက်ခြင်းမရှိသလို ဆရာ့ကိုလည်း အာရုံမစိုက်ပေ။ သူမသည် ရှားရှားပါးပါး ရှက်ရွံ့နေသည့်အမူအရာဖြင့် လူတစ်ယောက်နှင့် ကျောက်စိမ်းပေလွှာမှတစ်ဆင့် စကားပြောနေလေသည်။
အမှတ်ခုနစ်သခင်ကြီးသည် သူ၏ဒုတိယမြောက်တပည့်ကို လှမ်းကြည့်လိုက်သည်။
“ ဒီကလေးမကတော့ … ကံကြမ္မာက အရူးတွေကို မျက်နှာသာပေးတာပဲ ”
ထို့နောက် အကြီးဆုံးတပည့်နှင့် အငယ်ဆုံးတပည့်ကို သူ ကြည့်လိုက်သည်။ သူတို့ကို အများအားဖြင့် သူ ဆူငေါက်လေ့ရှိပါသော်လည်း ရင်ထဲတွင် သူ့တပည့်များကို များစွာ လေးစားသည်။ သူတို့သည် နေရာအသီးသီးမှ ရောက်ရှိလာကြသော လူများစွာထဲမှ သူ ရွေးချယ်ထားခဲ့သော ဝံပုလွေဘုရင်များအနက် ဝံပုလွေဘုရင်များ ဖြစ်ကြသည် မဟုတ်ပါလား။
သူတို့ထဲမှ မည်သူမဆို တခြားတောင်ထိပ်များမှ မင်းသားများထက် သိသိသာသာ အစွမ်းထက်သည်။ ယင်းသည် တပည့်များကို လက်ခံရာ၌ သူ၏စံနှုန်းဖြစ်သည်။ သာမန်ကောင်းကင်လက်ရွေးစင်များကို သူ သဘောမကျပေ။
အထူးသဖြင့် သူ့ကို ကျေနပ်အားရစေသည့်အချက်မှာ ထိုတပည့်အနည်းငယ်က သူ၏စစ်မှန်သော သင်ကြားမှုများကို ဆက်ခံရရှိခဲ့ကြခြင်း ဖြစ်သည်။ သူ့တပည့်များသည် သူကဲ့သို့ ချွန်ထက်သော အစွယ်များကို ဖုံးကွယ်ရာတွင် ပိရိသေသပ်ကြပေသည်။
သူတို့အားလုံး ဝှက်ဖဲများကို ဘယ်တော့မှ ဖွင့်ထုတ်ပြမည်မဟုတ်ဘဲ လျှို့ဝှက်ထားကြသည်။ အကြိမ်အများစု၌ တခြားလူများက သူတို့ကို ဖောက်ထွင်း၍ မြင်လိုက်ရပြီဟု ထင်မှတ်သွားကြပါသော်လည်း အမှန်စင်စစ် အပေါ်ယံသာ သိသွားကြခြင်း ဖြစ်သည်။
“ အမှတ်လေးလည်း ရှိသေးတယ်။ သူက ဖုံးကွယ်တဲ့ပါရမီနဲ့ မွေးလာတာ။ သူ့ကို သင်ပေးဖို့ မလိုတော့ဘူး။ နဂိုကတည်းက သူက ထူးချွန်နေတာ ”
“ ခန့်မှန်းမရတဲ့အနာဂတ်နဲ့ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ ဒီလောကပျက်ကြီးထဲမှာ ကိုယ့်ဝှက်ဖဲကိုယ် ကွယ်ဝှက်ထားရမှာ သဘာဝပဲ ”
“ ပြီးတော့ အရင်တုန်းက မြင်ရခဲတဲ့ ပါရမီရှင်တွေဆိုတာလည်း အခု တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေတာ။ အဲဒါက လူသားမျိုးနွယ်တစ်ခုတည်းတင် မဟုတ်ဘူး၊ မျိုးနွယ်အားလုံးမှာလည်း အတူတူပဲ။ ဒီကြီးကျယ်တဲ့ခေတ်မှာ ကြီးမားတဲ့အခွင့်အလမ်းတွေရှိသလို ကြီးမားတဲ့အန္တရာယ်တွေလည်း ရှိနေမှာပဲ ”