တိမ်ဖုံးသောလ၊ လူသတ်ပွဲညတစ်ည
Vol. 22 Ch. 332
နောက်တစ်နေ့ …
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များသည် ထူးထူးခြားခြား စိန်ခေါ်ပွဲများကို ရပ်လိုက်ကြသည်။ သူတို့အားလုံးနီးပါး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနသို့ အကြည့်ရောက်နေကြသည်။
သူတို့ ငြိမ်သက်နေကြသည်။
တစ်ယောက်ချင်းစီက လေအေးများ ရှူသွင်းနေကြသည်။
သူတို့မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ၊ တုန်လှုပ်ချောက်ခြားခြင်းများ ထင်ဟပ်နေသည်။
လူဆိုးထိန်းဌာနတွင် မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို သူတို့ တစ်ယောက်မှ မသိကြပေ။
ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးက စီမာယွီအပေါ် သက်ရောက်ခြင်းမရှိခဲ့ပါသော်လည်း ဘေးပတ်ဝန်းကျင်နှင့် ပိုင်းခြားပေးခဲ့သည်။ သို့ဖြစ်၍ ယမန်နေ့က တိုက်ပွဲကို အပြင်လူများ မမြင်နိုင်ခဲ့ကြပေ။
ချီရွှဲ့ထုံဂိုဏ်း၏ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ခံသူမင်းသားများသည်သာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြရသည်။
သို့သော်လည်း အမှတ်ခုနစ်သခင်ကြီးက ဝင်ရောက်စွက်ဖက်ခဲ့သည်ဖြစ်၍ သတ္တမမြောက်တောင်ထိပ်မှလွဲ၍ တခြားတောင်ထိပ်ခြောက်လုံးမှာ ထိုတိုက်ပွဲကို မမြင်နိုင်ခဲ့ကြပေ။
သို့ဖြစ်၍ အပြင်ဘက်ရှိလူအားလုံး စီမာယွီ အထဲသို့ ဝင်သွားသည်ကိုသာ မြင်ခဲ့ကြရသည်။ များမကြာမီ လူဆိုးထိန်းဌာနထဲရှိ ကန့်သတ်ခြင်း ပျောက်ကွယ်သွားခဲ့ပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ လူဆိုးထိန်းဌာနဂိုဏ်းသားများ ပြန်ရောက်လာကြပြီး နေ့တဓူဝကိစ္စများ ဆက်လက်ဆောင်ရွက်ကြလေသည်။
စီမာယွီသည်သာ ပျောက်သွားခဲ့သည်။ စီမာယွီ၏မောင်လေးဖြစ်သော စီမာလင်းကိုလည်း ယခုအချိန်တိုင်အောင် လွှတ်မပေးသေးချေ။
ဆိပ်ကမ်းရှိ အရိုးလှေမှာ အထောက်အပံ့ဆုံးရှုံးသွားပြီး အလိုလို ပျက်စီးသွားသည်။
ထိုဖြစ်ရပ်ကြောင့် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များမှာ တုန်လှုပ်ချောက်ခြားနေကြသည်။ တခြားတောင်ထိပ်များအား စိန်ခေါ်ရသည်မှာ အဓိပ္ပာယ်မရှိဟု သူတို့ ရုတ်တရက် ခံစားလာရသည်။
မည်သို့ပင်ဆိုစေ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနသည် သူတို့ရင်ထဲ နက်ရှိုင်းစွာ စိုက်ဝင်သွားသည့် ဆူးချွန်တစ်ချောင်းနှင့် ဆင်တူသည်။
စီမာလင်းသည် လူဆိုးထိန်းဌာန၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး သူ့အစ်မသည်လည်း ဖိနှိပ်ခံလိုက်ရသည်။ ရွှမ်ယုံဂိုဏ်းမှ ဟွမ်ရီခွန်သည် သတ္တမမြောက်တောင်ကို စိန်ခေါ်ပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားသည်။ သူ ပျောက်မသွားသေးခင်က ရွှီချင်း၏ကိစ္စကို သူ ကိုင်တွယ်လိုက်မည်ဟု တခြားသူများကိုလည်း ပြောခဲ့ဖူးသည်။
ထိုအခြင်းအရာအားလုံးသည် ရွှီချင်းနှင့် ဆက်နွယ်နေသည်။
သို့ဖြစ်၍ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဝင်များ၏ အမြင်၌ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနသည် သားရဲလှောင်အိမ်ကြီးတစ်လုံးနှင့် ဆင်တူသည်။ ယင်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆ၍မရနိုင်သော အန္တရာယ်များ ရှိနေသည်။
မူလက ထိုကောင်းကင်လက်ရွေးစင်များကို စေလွှတ်ခဲ့သည့် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်သည် ချီရွှဲ့ထုံဂိုဏ်းကို ထပ်ခါထပ်ခါ စိန်ခေါ်ခြင်းအားဖြင့် ချီရွှဲ့ထုံဂိုဏ်းသားများ၏စိတ်ဓာတ်ကို ချိုးနှိမ်လိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းသားများ၏ရင်ထဲတွင် ခုနစ်ဂိုဏ်းမဟာမိတ်အပေါ် လက်စားချေလိုသည့်စိတ် ပေါက်ဖွားလာစေရန် ဖြစ်သည်။
အစက ထိုရည်ရွယ်ချက်ကို အထမြောက်အောင် သူတို့ စွမ်းဆောင်နိုင်ခဲ့ကြသည်။ သူတို့ ထပ်ခါတလဲလဲ စိန်ခေါ်ခဲ့ကြပြီး ချီရွှဲ့ထုံဂိုဏ်းသားများ ငြိမ်သက်သွားခဲ့ကြသည်။ ဂိုဏ်းသားအများစုက စိုးရိမ်ပူပန်လာကြပြီး သူတို့ကို တိတ်တဆိတ်ပင် ဆက်သွယ်လာခဲ့ကြသည်။
ယခုအခါတွင်မူ ချီရွှဲ့ထုံဂိုဏ်းသားများစွာကို သူတို့ ခြိမ်းခြောက်နေကြစဉ် လူဆိုးထိန်းဌာနက သူတို့ကို တစ်ကြော့ပြန် ခြိမ်းခြောက်နေသည်။
“ ရွှီချင်းရဲ့ တိုက်ရည်ခိုက်ရည်အစစ်အမှန်က ဘာလဲ ”
“ စီမာယွီက ပြန်တောင်ရောက်မလာခဲ့ဘူး။ လူဆိုးထိန်းဌာနကိုသွားတာက သူ့ခန္ဓာကိုယ်အစစ်မဟုတ်ဘူး ဆိုပေမဲ့ အဲဒီကိုယ်ပွားမှာလည်း သက်စောင့်မီးလုံးလေးလုံးခွဲ တိုက်ရည်ခိုက်ရည်ရှိပါတယ်။ ငါတို့ကို အသာလေး ဖိနှိပ်နိုင်ပေမဲ့ ရွှီချင်းရဲ့ ဖိနှိပ်တာ ခံလိုက်ရတယ် ”
“ သတ္တမမြောက်တောင်ထိပ် … သတ္တမမြောက်တောင်ထိပ်က ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ ပင်မကျောရိုးကြီးလား ”
“ ဂိုဏ်းတူအစ်ကို သူတော်စင်ကြယ် ရှိနေသေးတာ တော်သေးတယ်ပြောရမယ် ”
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များ တုန်လှုပ်နေကြစဉ် ထိုအခြင်းအရာအားလုံးကို သိရှိသွားကြသည့် ချီရွှဲ့ထုံဂိုဏ်းသားများသည်လည်း တအံ့တသြ ဖြစ်နေကြသည်။ သူတို့မျက်လုံးများထဲတွင် ရွှီချင်းနှင့် သတ္တမမြောက်တောင်ထိပ်က ထင်းထင်းကြီး ပေါ်လွင်နေသည်။
သူတို့သည် တခြားတောင်ထိပ်မှ ဂိုဏ်းသားများ၏ ရင်ထဲတွင် မှောင်မည်းသောညမှာ ထွန်းလင်းနေသည့် စူးရှတောက်ပသောအလင်းတန်းနှင့် ဆင်တူသည်။
ယင်းကြောင့် သူတို့ရင်ထဲတွင် အမြစ်တွယ်စပြုလာသည့် ‘ ဝမ်ကူးဒေသမှ ကောင်းကင်လက်ရွေးစင်များသည် ပြိုင်ဘက်ကင်းသည် ’ဟူသော အယူအဆများ ပြောင်းလဲလာခဲ့သည်။ သတ္တမမြောက်တောင်ကို သူတို့ စိတ်ဝင်စားလာကြပြီး သတ္တမမြောက်တောင်ထိပ်၏ တောင်သခင်ကြီးကို အလွန် လေးစားကြည်ညိုလာကြသည်။
ချီရွှဲ့ထုံဂိုဏ်း၏အခြေအနေက ပြောင်းလဲသွားတော့မည်ဟူ၍ပင် ကောလာဟလများ ထွက်လာသည်။ အကြီးမားဆုံးအပြောင်းအလဲမှာ ဂိုဏ်းချုပ်တစ်ယောက် ပေါ်လာမည်ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၌ တောင်သခင်ကြီးများသာ ရှိခဲ့ပြီး ဂိုဏ်းချုပ် မရှိခဲ့ဖူးပေ။
အမှန်စင်စစ် တောင်ထိပ်ခုနစ်လုံးမှ ဂိုဏ်းသားများသည် သက်ဆိုင်ရာတောင်ထိပ်များ၏ အမိန့်များကိုသာ နာခံကြပြီး တခြားတောင်ထိပ်များ၏ အမိန့်များကို မနာခံကြပေ။ သူတို့ကိစ္စများကိုသာ လုပ်ကြပြီး အရေးကြီးကိစ္စများ ရှိလာသည့်အခါမှသာ အချင်းချင်း ပူးပေါင်းတတ်ကြသည်။
ယခုအခါတွင်မူ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ ရောက်လာခြင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးကို ဧရာမတူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ပင်။ မုန်တိုင်းဝင်လာသည့် ခံစားချက်ကြောင့် ပြင်ပလောကမှ ဖိအားအောက်တွင် ဂိုဏ်းသားများအားလုံး အတွေးများ ယောက်ယက်ခတ်သွားကြသည်။
သို့သော် တခြားရှုထောင့်မှကြည့်လိုက်လျှင် ထိုဖိအားသည် နီမြန်းနေသော သံမဏိကို ထုနှက်လိုက်သည့်ပမာ ချီရွှဲ့ထုံဂိုဏ်းထဲတွင် ရှိနေသော အပုပ်အပွများကို ဘွင်းဘွင်းကြီး ပေါ်သွားစေသည်။
အလည်အပတ်လာနေကြသော လူသားမဟုတ်သောမျိုးနွယ်များနှင့် ချီရွှဲ့ထုံဂိုဏ်း၏ မဟာမိတ်များသည် အရာအားလုံးကို နက်နက်နဲနဲ ထိုးထွင်းသိမြင်နေကြသည်။ ချီရွှဲ့ထုံဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးက လူ့နှလုံးသားအား ဖျစ်ညှစ်နေသည်ကို သူတို့ ရိပ်ဖမ်းသံဖမ်းဖြင့် သိနေကြသည်။
သူသည် သူ့ဂိုဏ်းကို စိတ်ဆွရန် ခုနစ်ဂိုဏ်းမဟာမိတ်ကို အသုံးချနေသည်။
ခုနစ်ဂိုဏ်းမဟာမိတ်က ထိုအချက်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်ဖြစ်၍ ဂိုဏ်းအသီးသီး၏ ကောင်းကင်လက်ရွေးစင်များအား ဆက်လက်စိန်ခေါ်ခြင်းမပြုတော့ရန် ဆော်သြော်ခဲ့သည်။ ယင်းအပြင် ချီရွှဲ့ထုံဂိုဏ်းကိုလည်း အမိန့်များပေးခဲ့သည်။
သူတို့က တောင်အသီးသီးရှိ တောင်သခင်ကြီးများကို နေရာရွှေ့ပြောင်းစေချင်နေသည်။ အထူးသဖြင့် သတ္တမမြောက်တောင်ကိုပင်။
မင်းသားများအားလုံး အထူးသဖြင့် သတ္တမမြောက်တောင်ထိပ်မှ မင်းသားများနှင့် ဆက်ခံသူများကိုလည်း ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှာ ရာထူးစီစဉ်ပေးမည်ဖြစ်၍ ဝမ်ကူးဒေသကြီးသို့ ပြောင်းရွှေ့လာရန် အမိန့်ပေးခဲ့သည်။
ထိုအပြောင်းအရွှေ့ကိစ္စများအားလုံး ရွှယ်လန့်ကျစ်ကြောင့် နှောင့်နှေးနေခဲ့သည်။
ယခုတစ်ခေါက်တွင် ခုနစ်ဂိုဏ်းမဟာမိတ်မှာ ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ဟန်တူသည်။ အပြောင်းအရွှေ့အမိန့်များက နောက်ဆုံးတစ်ခေါက် အမိန့်ပေးသည်ထက် ပို၍ ပြင်းထန်နေသည်။ နောက်ဆုံးတွင် ထိုအမိန့်ပေးစကားများထဲတွင် ခြိမ်းခြောက်သည့်လေသံများပါ ပါဝင်လာသည်။ အမိန့်များကိုသာ မနာခံပါက ချီရွှဲ့ထုံဂိုဏ်းအား အတင်းအကြပ် ဖိအားပေးတော့မည့်ဟန်တူသည်။
ခုနစ်ဂိုဏ်းမဟာမိတ်တွင် အင်အားအကြီးဆုံးဂိုဏ်းဖြစ်သော တိမ်လွှာဓားဂိုဏ်းသည် ထိုကိစ္စတွင် အတက်ကြွဆုံးဖြစ်သည်။ တိမ်လွှာဓားဂိုဏ်း၏ ဘိုးဘေးသည် တားမြစ်ဓမ္မရတနာကိုပင် ထုတ်၍ ခြိမ်းခြောက်လိုက်သည်။
တိမ်လွှာဓားဂိုဏ်းက တားမြစ်ဓမ္မရတနာကို အချိန်မရွေး အသက်သွင်းလိုက်ပြီ ဖြစ်၍ ဒုတိယမြောက်တောင်ထိပ်နှင့် ဆဋ္ဌမမြောက်တောင်ထိပ်တို့၏ အထက်ဂိုဏ်းများ ဖြစ်ကြသော မိုးသောက်ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းတို့သည်လည်း ထိုခြိမ်းခြောက်မှုတွင် ပါဝင်လိုက်ကြသည့်အလား သူတို့၏ တားမြစ်ဓမ္မရတနာများကို အသက်သွင်းလိုက်ကြသည်။
အပြောင်းအရွှေ့အမိန့်အပြင် ချီရွှဲ့ထုံဂိုဏ်းကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထံမှ ရရှိခဲ့သည့် စစ်လျော်ကြေး၏ တစ်ဝက်ကျော်ပေးအပ်ရန်လည်း အမိန့်ပေးလိုက်သည်။ ထို့အပြင် ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်း သိမ်းပိုက်ထားသည့် ကျွန်းများအားလုံးတွင် နယ်ခြားစောင့်ဌာန ထားရှိမည် ဖြစ်သည်။
ထိုဌာနကို နယ်ခြားစောင့်ဌာနအဖြစ် ခေါ်ဆိုမည်ဖြစ်သော်လည်း အမှန်စင်စစ် စစ်ဆေးရေးဌာနသာ ဖြစ်သည်။ ထိုဌာနသည် ဘိုးဘေးနှင့် ဂိုဏ်းသားများကို အချိန်တိုင်း စောင့်ကြည့်နေမည်သာ ဖြစ်သည်။
တခဏလေးအတွင်း ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး မငြိမ်မသက်ဖြစ်လာပြန်သည်။
သို့သော် ရွှီချင်းက ထိုကိစ္စကို ဂရုမစိုက်ပေ။ တစ်ဖက်တွင် အဆိပ်ကောင်မွေးမြူခြင်းစနစ်ဖြင့် ရှင်သန်လာခဲ့ကြသော ဂိုဏ်းထိပ်သီးပုဂ္ဂိုလ်များက ထိုကိစ္စနှင့်ပတ်သက်ပြီး ကူကယ်ရာမဲ့ဖြစ်နေမည်ဟု သူ မထင်ပေ။
တခြားတစ်ဖက်တွင် ဂိုဏ်းများအကြားမှ ကိစ္စများသည် အပေါ်ယံကြည့်၍ မဆုံးဖြတ်နိုင်ပေ။ ကြီးမားသော အကျိုးအမြတ်ပါဝင်နေသော ထိုကဲ့သို့ ကိစ္စ၌ အပေါ်ယံ ဆွေးနွေးခြင်းပင် မဆိုထားဘိ လူ့အတွင်းစိတ်မှာပင် ကောက်ကျစ်တတ်သော သဘောရှိသည်။
“ ခုနစ်ဂိုဏ်းမဟာမိတ်ကလည်း တညီတညွတ်တည်း ဖြစ်နေတာ မဟုတ်ဘူး ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအချက်ကို မိစ္ဆာသားကောင်ဂိုဏ်း၏ ကိစ္စမှာပင် အထင်အရှား မြင်နိုင်သည်။
ယင်းအပြင် လက်ရှိတွင် သူသည် ပိုးကောင်နက်များနှင့် ညဉ့်ငှက်စစ်ဆေးရေးမှာ သူ၏ခွန်အားများကို အသုံးချနေသည်။
ညမထွက်ရအမိန့်နှင့် အဆက်မပြတ် ဖမ်းဆီးခြင်းများကြောင့် ချီရွှဲ့ထုံဂိုဏ်းထဲရှိ ညဉ့်ငှက်အဖွဲ့အစည်းမှာ လှုပ်ခတ်လာခဲ့သည်။
ရက်ပေါင်းများစွာအကြာတွင် နောက်ဆုံးစစ်ဆင်ရေး စတင်လေသည်။
ချီရွှဲ့ထုံဂိုဏ်းထဲရှိ ညဉ့်ငှက်အဖွဲ့အစည်း၏ အဓိကကျသောနေရာငါးခုကို ရှာတွေ့ထားခဲ့ပြီ ဖြစ်သည်။
ထိုညတွင် လူဆိုးထိန်းဌာနခုနစ်ခုရှိ အဖွဲ့ဝင်များနှင့် လက်ရွေးစင်များအားလုံး လှုပ်ရှားကြမည်ဖြစ်သည်။ သူတို့သည် စူးရှချွန်ထက်သော ဓားငါးလက်အသွင်ဖြင့် ညဉ့်ငှက်အဖွဲ့အစည်း၏ နေရာငါးခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြမည်ဖြစ်သည်။
ပင်မမြို့ကြီးထဲမှာလည်း လူဆိုးထိန်းဌာနအဖွဲ့ဝင်များကို ဖြန့်ကျက်ထားပြီး ညမထွက်ရအမိန့်ကို စောင့်ကြည့်နေစေမည်ဖြစ်သည်။ သူတို့က ထွက်ပြေးကြမည့် ညဉ့်ငှက်အဖွဲ့ဝင်များအား ဖမ်းဆီးရန်ကိုလည်း တာဝန်ယူထားရမည်ဖြစ်သည်။
ယင်းသည် ညဉ့်ငှက်စစ်ဆင်ရေးအတွက် အစီအစဉ်ဖြစ်သည်။
ညဉ့်လေပြေ ဆော်သွေးတိုက်ခတ်လာပြီး ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနအပြင်ဘက်သို့ ရွှီချင်း ထွက်လာသောအချိန်တွင် သတ္တမမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနဂိုဏ်းသားထောင်ချီ တစ်ယောက်ပြီးတစ်ယောက် သူ့နောက်မှ ပေါ်လာသည်။ ထို့နောက် ညဉ့်ငှက်အဖွဲ့အစည်းကို ဖျက်ဆီးမည့် မီးစကို သူ့အသံဖြင့် ထွန်းညှိလိုက်လေသည်။
“ လူဆိုးထိန်းဌာန ထွက်ခွာကြမယ်။ ဒီနေ့ညပြီးရင် ချီရွှဲ့ထုံဂိုဏ်းမှာ ညဉ့်ငှက်အဖွဲ့အစည်း မရှိစေရဘူး ”
ရွှီချင်း၏အသံက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။
“ အမိန့်အတိုင်းပါ ”
သတ္တမမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနဂိုဏ်းသားထောင်ချီက သံပြိုင်ဟစ်ကြွေးလိုက်သည်။ ထို့နောက် ရွှီချင်းက ရှေ့မှ ဦးဆောင်သွားသည်။ သူ့နောက်မှ လက်ထောက်ဌာနမှူးအနည်းငယ်က သက်ဆိုင်ရာအသင်းများကို ဦးဆောင်၍ အမှောင်ထုကြီးထဲတွင် သူတို့ပစ်မှတ်ဆီသို့ ဦးတည်သွားကြလေသည်။
ယနေ့က လေက တဟူးဟူး တိုက်ခတ်နေပြီး တိမ်မည်းများက လမင်းကြီးကို ဖုံးကွယ်ထားသည်။
လူဆိုးထိန်းဌာနဂိုဏ်းသားများ ဖြတ်သန်းသွားသည့်နေရာတိုင်း ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများအားလုံး ပိတ်ထားသည်။ ညအလင်းဆိုင်များသည်လည်း ညမထွက်ရအမိန့်ကြောင့် ပိတ်ထားသည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် ပိတ်ထားသော တံခါးများနှင့် ပြတင်းပေါက်များကြားမှနေ၍ လူဆိုးထိန်းဌာနဂိုဏ်းသားများကို ခိုးကြည့်နေကြသည်။
လေတဟူးဟူး တိုက်ခတ်နေသော ညအခါသမယ၌ ထိပ်ဆုံးမှ ဦးဆောင်သွားနေသော ရွှီချင်းသည် ညကောင်းကင်ကြီးနှင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် ချီရွှဲ့ထုံဂိုဏ်းသို့ စရောက်ပြီးနောက် ဒုတိယမြောက်ညကို သူ ရုတ်တရက် ပြန်တွေးမိလိုက်သည်။
ထိုညက လမ်းပေါ်တွင် သူ သတိထား၍ သွားနေခဲ့ပြီး သူ့ဘေးမှ ဖြတ်သွားကြသည့် လူဆိုးထိန်းဌာနဂိုဏ်းသားများကို ကြည့်၍ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ မနာလိုခြင်းများ ဖြစ်နေခဲ့သည်။
ယခု လူဆိုးထိန်းဌာနဂိုဏ်းသားထောင်ချီကို သူ ဦးဆောင်နေရပြီဖြစ်ပြီး ထိုဂိုဏ်းသားများအားလုံးက သူ့အမိန့်အတိုင်း တသွေမတိမ်း ဆောင်ရွက်နေကြပြီ ဖြစ်သည်။
“ သုံးနှစ်တောင်ရှိသွားပြီပဲ ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အရှိန်တင်လိုက်သည်။
သူ့နောက်တွင် သတ္တမမြောက်တောင်ထိပ်၏ လူဆိုးထိန်းဌာနအဖွဲ့ဝင်များအားလုံး ရွှီချင်းကို ရူးသွပ်ခြင်းအပြည့်ဖြင့် ကြည့်နေကြသည်။ ယင်းသည် ဤလောကပျက်ကြီးထဲတွင် ရှင်သန်နေထိုင်သည့်နည်းလမ်း ဖြစ်သည်။ ယင်းသည် အားနည်းသူများက အားကြီးသူကို လေးစားသည့်အပြုအမူ ဖြစ်သည်။
တချိန်တည်းမှာပင် ရွှီချင်း၏ ခြေရာများသည်လည်း သူ့ကို လေးစားရသည့်အကြောင်းရင်းတစ်ခု ဖြစ်လာသည်။
လွန်ခဲ့သောသုံးနှစ်က ရွှီချင်းသည် သူတို့နည်းတူ လူဆိုးထိန်းဌာနအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပေသည်။
သုံးနှစ်ကြာသောအခါတွင် သတ္တမမြောက်တောင်ထိပ်ရှိ လူဆိုးထိန်းဌာန၏ ဌာနမှူး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ညဉ့်လေက သည်းကြီးမည်းကြီး တိုက်ခတ်နေသည်။
ခဏအကြာ အဝေးရှိ စံအိမ်ကြီးတစ်လုံးကို ရွှီချင်း ကြည့်လိုက်သည်။ ယခင်က ထိုစံအိမ်ကြီးသည် စတုတ္ထမြောက်တောင်ထိပ်၏ စံအိမ်ကြီးဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုစံအိမ်ကြီးကို လူတစ်ယောက်က ဝယ်ယူသွားခဲ့ပြီး ဆောင်ကြာမြိုင် ဖြစ်လာခဲ့သည်။
သို့သော်လည်း ညမထွက်ရအမိန့်ကြောင့် ထိုဆောင်ကြာမြိုင်ကြီး၌ စီးပွားမဖြစ်တော့ပေ။ တဖြည်းဖြည်း ခြောက်ကပ်လာခဲ့ပြီး စံအိမ်ကြီးထဲရှိ အလင်းရောင်များသည်လည်း မှိန်ဖျော့လာခဲ့သည်။
“ သတ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့နောက်ရှိ လူဆိုးထိန်းဌာနဂိုဏ်းသား ထောင်ချီက တဟုန်းဟုန်းတောက်လောင်နေသော လူသတ်ငွေ့များဖြင့် စံအိမ်ကြီးဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။ တခဏလေးအတွင်း နေရာအနှံ့မှ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ညဉ့်ငှက်အဖွဲ့သားများစွာ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း သူတို့ကို လူဆိုးထိန်းဌာနဂိုဏ်းသားများက ဝိုင်းထားလိုက်ပြီ ဖြစ်သည်။
တချွင်ချွင်မြည်သံများ ဟိုမှသည်မှ ပျံ့နှံ့လာပြီး လေထဲတွင် သွေးစီးကြောင်းများ ပြန့်ကျဲနေသည်။
ရွှီချင်းမှာ မလှုပ်ရှားသေးပေ။ သူသည် လေထဲတွင် ရပ်၍ အရာအားလုံးကို အေးတိအေးစက် စိုက်ကြည့်နေ၏။ တချိန်တည်းမှာပင် တခြားညဉ့်ငှက်အဖွဲ့အစည်းနေရာများကို တိုက်ခိုက်ကြသည့်ဖြစ်စဉ်ကို တခြားဌာနများက သူ့ထံ ပေးပို့လာကြသည်။
“ ဌာနမှူးရွှီ၊ တတိယမြောက်အသိုက်ကို အဆင်ပြေပြေနဲ့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီမှာရှိတဲ့ ညဉ့်ငှက်အဖွဲ့ဝင်တွေအားလုံးကို ကျုပ်တို့ ရှင်းလင်းပြီးပါပြီ ”
“ ဒုတိယမြောက်အသိုက်ကို အဆင်ပြေပြေ ရှင်းလင်းနိုင်ခဲ့ပါတယ်။ အခြေတည်အဆင့် ညဉ့်ငှက်အဖွဲ့ခေါင်းဆောင်တွေကို ကျုပ်တို့ သတ်ခဲ့ပြီးပါပြီ။ လက်ကျန်တွေကိုတော့ အခု ရှင်းလင်းနေပါတယ် ”
“ ပဉ္စမမြောက်အသိုက်ကို တိုက်ခိုက်တာ ပြီးဆုံးခဲ့ပါပြီ ”
“ အကူအညီတောင်းချင်ပါတယ်။ စတုတ္ထမြောက်အသိုက်မှာ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့က ကျင့်ကြံသူတစ်ယောက် ရှိနေတယ်လို့ သံသယရှိနေပါတယ်။ ပြီးတော့ သက်စောင့်မီးလုံးသုံးလုံးနဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်လည်း ရှိနေပါတယ် ”
ထိုနောက်ဆုံးစာလွှာကို ရွှီချင်း မြင်လိုက်သည့်အခိုက် အဝေးရှိ လူဆိုးထိန်းဌာနမှ အချက်ပြမီးကျည်တစ်ခု ကောင်းကင်ယံတွင် ပေါက်ကွဲသွားသည်။
ရွှီချင်း ခေါင်းမော့ကြည့်လိုက်ပြီး လှစ်ခနဲ လှုပ်ရှားသွာားသည်။ တခဏလေးအတွင်း သူ၏အရှိန် မြင့်တက်သွားပြီး မီးကျည်ထွက်ပေါ်လာသောနေရာသို့ ဦးတည်သွားလေသည်။ သူ ရှေ့ဆက်သွားနေစဉ် သူ့နောက်တွင် ရွှေကျီးကန်းကြီးက အတောင်ပံများကို ဖြန့်ကျက်၍ ပေါ်လာသည်။ ၎င်း၏အမြီးမီးတောက်များက လက်များသဖွယ် ဖြန့်ကျက်သွားပေရာ မီးပင်လယ်ကြီးတစ်စင်း ဖြစ်နေပေသည်။
အဝေးမှကြည့်ပါက ရွှီချင်းသည် မီးတောက်များ လွှမ်းခြုံလျက် ရပ်တန့်၍ မရနိုင်သော အရှိန်ဖြင့် တရိပ်ရိပ် သွားနေသည်ကို မြင်နိုင်ပေသည်။