ကိုရီးယားနိုင်ငံထံမှ အလှောင်ခံရခြင်း
Vol. 25 Ch. 371
ရဲ့လင်းချန်က သူ့အား တန်းငြင်းသောအခါ ကျန်းဟဲ ခါးသက်စွာ ခေါင်းခါယမ်းလိုက်မိပြီး ဆက်၍ မဖျောင်းဖျ တော့ချေ။
သူ ဖုန်းချကာ သုန်မှုန်နေသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
“သူ ငြင်းလိုက်တာလား”
ဖန်ဟမ်က ကျန်းဟဲ၏ အမူအရာကို မြင်သောအခါ သက်ပြင်းချလေသည်။
“ဒီကိစ္စအတွက် ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်၊ ငါ ကိုယ်တိုင် သူ့ဆီသွားပြီး တောင်းပန်ရမယ်”
“ဒီအတွက် ငါ့မှာလည်း အပြစ်ရှိတယ်၊ ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မယ်”
ချင်ယွမ်က ချက်ချင်း ပြောသည်။
“တကယ်တော့ လူငယ်တွေမှာ အဲ့လို စိတ်ထားရှိတာ ကောင်းတဲ့အရာပဲ”
ဤအတွက် သူတို့ ရဲ့လင်းချန်ကို အပြစ်မတင်ကြပါ။ ယခင်က သူတို့ ရဲ့လင်းချန်ကို အထင်သေးခဲ့သောပုံစံကို မည်သူမှ သည်းခံနိုင်လောက်မည် မဟုတ်ပေ။ ထို့အပြင် ရဲ့လင်းချန်က အမှန်တကယ် အစွမ်းအစ ရှိသူ ဖြစ်ပြီး လူငယ်တစ်ယောက်လည်း ဖြစ်သည်။ မာနရှိတတ်သည်က သဘာဝပင် ဖြစ်ပြီး သူ အတော်လေး စိတ်တိုနေပုံ ရသည်။
သူတို့သုံးယောက်လုံး တစ်လေသံတည်း ထွက်လာသည်ကို ကြည့်ပြီး ဝန်ကြီးချုပ်ဖန့် အနည်းငယ် အံ့ဩသွား ရသည်။ သူ မမေးဘဲ မနေနိုင် ဖြစ်သွားရသည်။
“မင်းတို့ သုံးယောက်လုံး ပြောတာ အမှန်လားဆိုတာကို ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်လား၊ မင်းတို့ ဟန်လုပ်နေတာ မဟုတ်ဘူးဆိုတာ သေချာလား”
“ဝန်ကြီးချုပ်ဖန့်၊ ဒီလိုကိစ္စမျိုးမှာ ကျုပ်တို့ ဘယ်လိုလုပ် လိမ်နိုင်မှာလဲ၊ ရဲ့လင်းချန် မကစားတာက ကံဆိုးတာပဲ၊ မဟုတ်ရင် သူက ခင်ဗျားရဲ့ အမြင်တွေကို ပြောင်းလဲနိုင်မှာ”
ကျန်းဟဲက ပြုံး၍ ပြောသည်။
ဝန်ကြီးချုပ်ဖန့် ခေါင်းညိတ်လိုက်ပြီး မျှော်လင့်နေသည့် အမူအရာမျိုး ပေါ်လာသည်။
“ဟားဟား သူက တကယ် အစွမ်းအစရှိတော့ရော ဘာဖြစ်လဲ၊ ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ချိန် ရောက်နေတဲ့အချိန်မှာ သူက လိပ်လို ပုန်းနေပြီး လုံးဝ တာဝန်ယူချင်စိတ် မရှိဘူး၊ သူ့လိုလူတစ်ယောက်က ဘယ်လိုလုပ် လက်နက်တစ်ခု ဖြစ်လာနိုင်မှာလဲ”
ဝန်ကြီးချုပ်ဖန့်ဘေးနားမှ လူငယ်က ထောက်ပြသည်။
သူ့စကားက ဖန်ဟမ်နှင့် အခြားသူများကို မျက်မှောင်ကြုတ်သွားစေသည်။ သို့သော် ထိုလူငယ်က သူ စကားပြော လိုက်သည့်အခါတိုင်း မာန်တက်နေသော အငွေ့အသက်မျိုး ရှိနေပြီး လေသံက အဆိုးမြင်ဝါဒီပဲ ရှိပုံ ပေါက်နေ၏။ သူသည် ဒေါသထွက်နေသော သခင်လေးတစ်ယောက်နှင့် တူနေပြီး သူ့စကားတိုင်းက မလိုတမာမှုများနှင့် ပြည့်နေပြီး အလွန် လူမှုရေးခေါင်းပါးနေလေသည်။
သို့သော် ထိုလူငယ်က ဝန်ကြီးချုပ်ဖန့်နှင့် အတူတူ ရောက်လာခြင်း ဖြစ်သဖြင့် အခြားသူများသည် ခံရခက်သော်လည်း သူတို့၏ မကျေနပ်မှုကို မဖော်ပြဘဲ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
သူ့ကဲ့သို့ လူများသည် သူသိ သူတတ်ကြောင်း ပြသော လေသံဖြင့်သာ ပြောတတ်ပြီး သူတို့စကားတွင် အားလုံးက လွယ်ကူနေဟန် ပေါက်နေသည်။ သို့သော် တကယ့်တကယ် လုပ်ခိုင်းသောအခါတွင် သူတို့သည် အရူးများသာ ဖြစ်ကြလေသည်။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် အတန်းထဲ၌ ထိုင်နေလေသည်။ သူသည် ဖုန်းကိုကိုင်၍ တစ်ခဏမျှ စဉ်းစားနေသည်။
ဘတ်စကက်ဘော ကစားပွဲက ကျန်းဟဲအတွက် သူ့ကို တောင်းပန်ရသည်အထိ အတော်လေး မျှော်လင့်ချက် မဲ့သော အခြေအနေသို့ ရောက်နေပုံရသည်။
သူသာ ဘတ်စကက်ဘော အဖွဲ့အစည်းသို့ မဝင်ခဲ့လျင် ဤသို့သော အခြေအနေမျိုးကို သူ သေချာပေါက် ရယ်မိပေလိမ့်မည်။ ဘတ်စကက်ဘော ပြိုင်ပွဲက သူနှင့် ဘာမှမဆိုင်ပေ။
သို့ရာတွင် ကျန်းဟဲက သူ ထွက်လာခဲ့သည့်အချိန်က စနစ်ထဲသို့ သူ့အချက်အလက်များကို ထည့်ထားခဲ့ကြောင်း သိသာနေ၏။ သူသည် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီးနေပြီ ဖြစ်ကာ ဤသို့သော ကစားပွဲများ၌ တရုတ်နိုင်ငံ ကိုယ်စား ပါဝင်သင့်ပေသည်။
*ငါ ဝင်ကစားသင့်လား*
အရင်တစ်ခေါက် အားကစားရုံ၌ ရဲ့လင်းချန် အမှန်တကယ် ဒေါသထွက်ခဲ့ရပြီး နက်ရှိုင်းသော အတွင်းစိတ်ထဲအထိ မပျော်မရွှင် ဖြစ်နေရသေးသည်။ သို့သော် ကိုရီးယားနိုင်ငံ၏ မောက်မာမှုကို ပြန်တွေးမိသောအခါ သူ ပို၍ မကျေမနပ် ဖြစ်လာ၏။
မိမိနိုင်ငံအား အခြားနိုင်ငံက ဖိနှိပ်နေသည်ကို ကြည့်ပြီး ရဲ့လင်းချန်သည် သူ့ကိုယ်သူ ဘေးထွက်ကြည့်နိုင်သလားဟု မေးခွန်းထုတ်နေမိသည်။ အထူးသဖြင့် သူက အလွန် လုပ်နိုင်စွမ်း ရှိနေချိန်တွင်ပင်။
*ထားလိုက်တော့၊ အရင်ဖြစ်တာကို အရင် ရှင်းတာပေါ့၊ ငါ အားကစားကွင်းထဲ သွားသင့်တယ်*
ရဲ့လင်းချန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ထရပ်ကာ အတန်းထဲမှ ထွက်လာလိုက်သည်။
ရဲလ့င်းချန်သည် အားကစားကွင်းနှင့် အတော်လေး ဝေးနေသေးသော်လည်း အားပေးသံများကို ကြားနေရသည်။ သို့သော် ထိုအားပေးသံများထဲတွင် သရော်သံများလည်း ပါဝင်နေ၏။
အားကစားကွင်းထဲ ဝင်လိုက်သည်နှင့် ရဲ့လင်းချန်သည် ရှောင်ကမ်းနှင့် ကျန်နှစ်ယောက်ကို တွေ့လိုက်သည်။ သူတို့သည် ထွက်ပေါက်နှင့် နီးသည့် အားကစားရုံ၏ အစွန်အကျဆုံးထောင့်၌ ပွဲကို ကြည့်နေရသည်။
သို့သော် သူတို့၏ အမူအရာက အလွန် ဆိုးရွားနေပြီး မျက်နှာများက နီရဲနေသည်။ သူတို့အားလုံး အံကို ကြိတ်ထားရသည့်ပုံပင်။
ရဲ့လင်းချန် အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။
“အခြေအနေက ဘယ်လိုလဲ”
“ရှောင်ရဲ့၊ မင်း ဒီကိုလာတယ်”
အာလူးလေးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လိုက်ပြီးမှ စိတ်ဓာတ်ကျစွာ ပြောသည်။
“ဘယ်လို ရလဒ်မျိုး ရှိနိုင်ဦးမှာလဲ၊ သေချာပေါက် အရှုံးနဲ့ပဲ အဆုံးသတ်မှာပေါ့”
“ငါတို့ ကိုရီးယားကို ကစားပွဲတစ်ပွဲတောင် မနိုင်ဘူး”
ရှောင်ကမ်းက မခံချိမခံသာဖြင့် ပြောသည်။
“အမှတ်က ၅၈:၁၃၆ ဖြစ်နေပြီ၊ အရမ်း နောက်ကျန်နေခဲ့ပြီ”
ရှန်းက အမှတ် ဖော်ပြသည့် ဖန်သားပြင်ကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်။
“ကိုရီးယားက လူတွေက အောင်ပွဲတောင် ခံနေပြီ”
ရဲ့လင်းချန် လှမ်းကြည့်လိုက်သောအခါ ကွင်းထဲက ပုံစံက ကစားပွဲတစ်ပွဲနှင့်တောင် မတူတော့ပေ။ အချိန် အများစုတွင် ဘတ်စကက်ဘော ဘောလုံးက ကိုရီးယားလူမျိုးများ၏ လက်ထဲတွင် ရှိနေသည်။ သူတို့သည် အမှတ်လိုချင်စိတ် ရှိပုံမပေါ်သော်လည်း ဘောလုံးကို လက်ထဲ၌ ထိသည်ဆိုရုံလေး လုပ်နေကြသည်။ သူတို့ထံမှ နောက်ပြောင်သော အသံများ ထွက်နေပြီး တရုတ်အသင်းဘက်မှ ကစားသမားများက ဘောလုံး လုရန် တက်လာလျင် သူတို့က ကျော်ဖြတ်သွားကြသည်။
တရုတ်အသင်းက ဘောလုံး လိုက်လုနေသည်ကို အားလုံး ကြည့်နေရသော်လည်း ကစားသမားများသည် အလွန် ကူကယ်ရာမဲ့နေပြီး အခြားသူများ ကစားသည်ကိုသာ ခံနေရသည်။
အားကစားရုံထဲမှ တရုတ်လူမျိုး အများစုက တိတ်နေသော်လည်း ကိုရီးယားကို အားပေးသူများက မတ်တပ်ရပ်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။ သူတို့သည် တရုတ်ကစားသမားများ စက်ဝိုင်းသဖွယ် သွားလာနေသည်ကို ကြည့်ပြီး လှောင်ပြောင် ရယ်မောနေကြသည်။
“ချီးပဲ၊ သူတို့အားလုံးက အနိုင်ကျင့်တဲ့သူတွေပဲ”
ကျောက်ရီထျန်း ဒေါသထွက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
“ငါ ငယ်လွန်းနေတာ ဆိုးတာပဲ၊ ငါ့ကို အချိန်နှစ်နှစ်ပဲ ပေးရင် သူတို့ ပြိုင်ပွဲပြီးတာနဲ့ သူတို့အမေတွေ သူတို့ကို မမှတ်မိအောင် ငါ လုပ်နိုင်တယ်”
ကျောက်ရီထျန်း၏ ဒေါသများက တဟုန်းဟုန်း တောက်လောင်နေပြီး ရဲ့လင်းချန်ကို ကြည့်လာသည်။
“ငါ့ပြိုင်ဘက်တစ်ယောက်အနေနဲ့ မင်း ဘတ်စကက်ဘော ကစားသမားလမ်းကြောင်းကို ဆက်လျှောက်မယ်လို့ ငါ မျှော်လင့်တယ်၊ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောကို ကမ္ဘာက ပြန်အသိအမှတ်ပြုအောင် ငါ လုပ်ချင်တာ”
ရဲ့လင်းချန်သည်လည်း မျက်မှောင်ကြုတ်နေသည်။ သူသည် ကွင်းထဲမှ ကစားပွဲကိုကြည့်ပြီး ငြိမ်မြဲ ငြိမ်နေ၏။
နိုင်ခြင်း၊ ရှုံးခြင်းက သဘောတရားတစ်ခု ဖြစ်သော်လည်း ဤသို့သော ပုံစံဖြင့် လှည့်စားခံနေရခြင်းက သက်သက် ဖြစ်သွားလေပြီ။ ယင်းအား လှောင်ပြောင်သရော်ခြင်းဟု ဆိုရမည်။
ယင်းက တရုတ်လူမျိုးများကို အတော်လေး အရှိုက်ထိသွားစေသည်။ လက်ပါခြင်းထက် နှုတ်ဖြင့် လှောင်ပြောင် စော်ကားခြင်းက ပိုဆိုးရွားသည်။ ကျန်းဟဲမှာမူ ဘက်ပေါင်းစုံမှ အကြည့်များကို ခံစားမိနေပြီး မျက်နှာက အတော်လေး ပြာနှမ်းနေပြီ ဖြစ်သည်။ သူ တွင်းတူး၍ ပုန်းချင်စိတ်သာ ပေါက်နေ၏။
တရုတ်နိုင်ငံ ဘတ်စကက်ဘော အသင်းကို လူများ အထင်သေးခြင်းက အခြားသူများထံမှ သရော်ခံရခြင်းထက် ပို၍ ဆိုးရွားလေသည်။
ထိုအခိုက်တွင် သတင်းထောက်များက ကိုရီးယားနိုင်ငံ၏ နည်းပြကို ဝိုင်းနေကြသည်။ များစွာသော မိုက်ခရိုဖုန်းများက သူ့ရှေ့ ရောက်နေပြီး မေးမြန်းနေကြလေသည်။
“ဒီချစ်ကြည်ရေး ပြိုင်ပွဲမှာ ပါဝင်ဖို့ တရုတ်နိုင်ငံက ဖိတ်ကြားတဲ့အတွက် ကျုပ်တို့ ဂုဏ်ယူမိပါတယ်၊ ဒီကစားပွဲကနေ တရုတ်အသင်းရဲ့ တိုးတက်မှုအချို့ကို မြင်ရဖို့ သိပ်မခက်ပါဘူး၊ ဒါပေမဲ့ ကျုပ်တို့ ကိုရီးယားနိုင်ငံနဲ့ ယှဉ်လိုက်ရင် အများကြီး ကွာနေပါသေးတယ်၊ တရုတ်လူမျိုးတွေရဲ့ စိတ်အားထက်သန်မှုကို ကျုပ် မြင်လိုက်ရပါတယ်၊ ဒါ ဘတ်စကက်ဘောအတွက် စိတ်အားထက်သန်နေတဲ့ စိတ်ဓာတ် ဖြစ်သလို ဘတ်စကက်ဘောကို လိုက်ဖမ်းနေတာပါပဲ”
“ခွီး … ဟားဟားဟား … နည်းပြရေ၊ ခင်ဗျားက တော်တော် ဆိုးတာပဲဗျ”
“သူတို့က ဘတ်စကက်ဘောကို လိုက်ဖမ်းနေပင်မယ့် သူတို့ ထိတောင် မထိနိုင်တာ ဆိုးတာပဲ”
“အဲ့တရုတ် ကစားသမားတွေကို ကြည့်ပါဦး၊ သူတို့တွေ ခွေးတွေလို ပင်ပန်းနေကြပြီ၊ သူတို့ကို ကြည့်တာနဲ့တင် ငါ ရယ်ချင်လာပြီ”
နည်းပြ၏ စကားကြောင့် ကိုရီးယား လူမျိုးများထံမှ ရယ်သံများ ချက်ချင်း ထွက်လာသည်။ တစ်ယောက်ချင်းစီက တရုတ်လူမျိုးများ၏ ခံရခက်သော အမူအရာကို အရေးမစိုက်ဘဲ တရုတ်လူမျိုးများကို သရော်နေ၏။
“ကျုပ်ကို အထင်မလွဲပါနဲ့၊ ကျုပ် ရည်ရွယ်ချက်က ဖြူစင်ပါတယ်”
နည်းပြက ကိုရီးယားလူမျိုးများကို လက်ကာပြပြီး ပြုံး၍ ဖြေရှင်းသည်။
“တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောက တကယ်တော့ နိုင်ငံတကာမှာ အတော်လေး မကောင်းဘူး၊ ဒါပေမဲ့ သူတို့က ကျုပ်တို့ကို နှစ်တိုင်း မရမက ချစ်ကြည်ရေး ကစားဖို့ ဖိတ်ခေါ်နေတုန်းပဲ၊ သူတို့ ဆိုးရွားမှန်း သိနေတာတောင်မှပေါ့၊ ဒါ သူတို့ သွေးနားထင်ကြီးနေလို့ ဒါမှမဟုတ် နှိပ်စက်ခံချင်လို့ မဟုတ်ဘဲ သူတို့မှာ သန်မာတဲ့လူတွေကို စိန်ခေါ်ရဲတဲ့ စိတ်ဓာတ် ရှိလို့ဆိုတာကို ကျုပ် ယုံကြည်ပါတယ္၊ ကျုပ် သူတို့ကို ချီးကျူးပါတယ်”
“ဖြောင်း ဖြောင်း ဖြောင်း”
ကိုရီးယားလူမျိုးများက လက်ခုပ်တီး၍ ရယ်နေကြသည်။ နည်းပြ၏ စကားများက ရွဲ့ပြောသော စကားများ ဖြစ်ပြီး လှောင်ပြောင် သရော်မှုတို့နှင့် ပြည့်နေသည်ကို အားလုံး အတိုင်းသား ကြားနေကြလေသည်။
“ဒီကစားပွဲရဲ့ နိုင်ပွဲအတွက် ကျုပ် ကိုရီးယားနိုင်ငံကနေ ကျုပ်တို့ကို လာကြည့်ပြီး အားပေးတဲ့ ပရိသတ်များကို အရင်ဆုံး ကျေးဇူးတင်ချင်ပါတယ်၊ ဒုတိယအနေနဲ့ကတော့ ကျုပ်ကစားသမားတွေကို ကျေးဇူးတင်ပါတယ်၊ ပြီးတော့ …”
ကစားပွဲက မပြီးသေးသော်လည်း ကင်မရာများက နည်းပြကို ချိန်ထားကြပြီး သူက သူ၏ ဂုဏ်ပြုစကားကို စပြောနေ၏။
…