တရုတ်နိုင်ငံရဲ့ ဘတ်စကတ်ဘောကို အထင်မသေးစေနဲ့
Vol. 25 Ch. 372
ကိုရီးယားနိုင်ငံ၏ နည်းပြက ပိုပို၍ တက်ကြွလာပြီး သူ့မိဘများအထိ ကျေးဇူးတင်စကား ပြောနေပြီးတာတောင်မှ ပြောစရာ စကားများစွာ ကျန်နေသေးပုံရသည်။
ထိုအချိန်တွင် သတင်းထောက်များက ဓာတ်ပုံကို အသည်းအသန် ရိုက်နေကြသည်။ အချို့ဆိုလျင် သူတို့၏ အကြမ်းဖျင်း သတင်းဆောင်းပါးကို စရေးနေကြလေသည်။ ကစားပွဲမှာမူ … ထပ်၍ အရေးစိုက်စရာ မလိုတော့ပေ။
“အဟွတ် အဟွတ် အဟွတ် …”
ဤသို့သော အခြေအနေကို မြင်ပြီးနောက် ဝန်ကြီးချုပ်ဖန့်သည် အပြင်းအထန် ချောင်းဆိုးလာပြီး တစ်ကိုယ်လုံး တုန်ခါလာသည်။
ကစားကွင်းထဲ၌ သူတို့ ကစားသမားများ အရူးလုပ်ခံနေရပြီး ကွင်းပြင်၌ အခြားသူများထံမှ ဆက်တိုက် သရော်ခံနေရခြင်းက တစ်နိုင်ငံလုံးအတွက် အရှက်ရစရာပင်။
သူ၏ အိုမင်းနေသော မျက်နှာက နီမြန်းနေပြီး ဖြည်းဖြည်းချင်း ထရပ်သည်။
“ဝန်ကြီးချုပ်ဖန့် ခင်ဗျား ဘယ်သွားမလို့လဲ”
ကျန်းဟဲ မေးလိုက်သည်။
“ငါ အခြား ဘယ်သွားနိုင်မှာမို့လို့လဲ၊ ငါ ပြန်မလို့ပေါ့ကွ”
ဝန်ကြီးချုပ်ဖန့်က ညည်းတွားပြီး အသံက အနည်းငယ် ပြာအက်နေသည်။
“ငါ ဘယ်လိုလုပ် ဒီမှာ ဂုဏ်ရှိရှိ ဆက်နေနိုင်မှာလဲ”
ကျန်းဟဲ ပြောစရာစကား မဲ့နေပြီး ရှက်ရွံ့နေ၏။
သူသည် လူအုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သို့ရာတွင် သူ့မျက်လုံးအိမ်က ရုတ်တရက် ကျဉ်းမြောင်း လာပြီး ထိတ်လန့်သွားသည်။
“ဝန်ကြီးချုပ်ဖန့်၊ ခဏလေးပါ”
ကျန်းဟဲက ချက်ချင်း တောင်းပန်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လာလေသည်။
တစ်ခုခု မူမမှန်မှန်း ဘေးနားမှ လူတိုင်း သတိထားမိပြီး သူ့အကြည့် ရှိရာသို့ လိုက်ကြည့်ကြသည်။ ထိုအခါတွင်မှ ပွဲကြည့်စင်အစွန်း၌ ရပ်ပြီး ကစားပွဲကို တည်ငြိမ်စွာ ကြည့်နေသည့် လူငယ်တစ်ယောက်ကို သူတို့ တွေ့လိုက် ရသည်။
“သူပဲ”
ဖန်ဟမ်သည်လည်း အံ့ဩသွားသည်။ သူ့အသံတွင် စိတ်လှုပ်ရှားခြင်းနှင့် ကြည်နူးခြင်းတို့ ပါဝင်နေ၏။
“သူလား၊ သူဆိုတာ ဘယ်သူလဲ”
ဝန်ကြီးချုပ်ဖန့် မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“အဲ့ဒါ ကျုပ်တို့ရဲ့ ဝှက်ဖဲပဲ”
ချင်ယွမ် ထရပ်လိုက်ပြီး သူ့အမူအရာက ဆက်တိုက် ပြောင်းလဲနေ၏။ နောက်ဆုံးတွင် သူ ပြန်တည်ငြိမ်လာပြီး ဖန်ဟမ်၊ ကျန်းဟဲတို့နှင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သုံးယောက်သား ပွဲကြည့်စင်နားသို့ လျှောက်သွားကြလေသည်။
သူတို့သည် ကစားကွင်းဘေးမှ အထင်ရှားဆုံးနေရာ၌ နေနေကြသောကြောင့် သူတို့ လှုပ်ရှားလာသောအခါ သူတို့ကို အာရုံစိုက်နေသော လူများ၏ စိတ်ဝင်စားခြင်းကို ခံလိုက်ရသည်။
*သူတို့ သိက္ခာတွေအားလုံး ဆုံးရှုံးလိုက်ရလို့ ဆက်ပြီး သည်းမခံနိုင်တော့တာလား*
လူတိုင်းနီးပါး၏ စိတ်ထဲတွင် ထိုသို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ ကိုရီးယားနိုင်ငံမှ လူများက လှောင်ရယ် နေကြပြီး တရုတ်လူမျိုးများက ခေါင်းတခါခါနှင့် သက်ပြင်းချနေကြသည်။
ကိုရီးယားနိုင်ငံ၏ နည်းပြသည် ထိုအရပ်သို့ လိုက်ကြည့်ပြီး အေးစက်စက် ပြုံးလိုက်သည်။ ထို့နောက် သူက သတင်းထောက်ကို ပြောလိုက်လေသည်။
“ခင်ဗျားတို့ ဟိုက လူတွေကို သွားမေးသင့်တယ် ထင်တယ်၊ မဟုတ်ရင် သူတို့ ထွက်ပြေးသွားလိမ့်မယ်၊ ဟားဟားဟား …”
သတင်းထောက်များသည်လည်း သတိပြုမိသွားပြီး ကျန်းဟဲနောက်သို့ လိုက်လေသည်။ သူတို့ အနားသို့ ရောက်သည်နှင့် သတင်းထောက်များသာမက ကျန်လူများအားလုံးပါ အံ့ဩသွားကြသည်။
ကျောက်ရီထျန်း ချက်ချင်း တောင့်တင်းသွားပြီး သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာကာ ကျန်းဟဲတို့ သုံးယောက်က သူတို့အရှေ့တည့်တည့်၌ ရပ်လာသည်။
“ကျေးဇူးပြုပြီးတော့ ကစားပွဲကို ခဏလောက် ရပ်လိုက်ပါ”
ထိုသို့သောအချိန်၌ ဝန်ကြီးချုပ်ဖန့်က ဒိုင်လူကြီးကို အချက်ပြလိုက်သဖြင့် ဘတ်စကက်ဘော ကစားပွဲက ငါးမိနစ် ရပ်သွားလေသည်။
“သူပဲ”
ချမ်စန်း လှမ်းကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်ကို မြင်သောအခါ တအံ့တဩ ရေရွတ်လေသည်။ သူ့အသံက ဝိရောဓိ ဖြစ်နေဟန် ပေါက်သော်လည်း ရုတ်ချည်းဆိုသလိုပင် သူ့မျက်လုံးတွင်း၌ ခိုင်မာသော မျှော်လင့်ချက် အရိပ်အယောင် ပေါ်လာသည်။
အခြားသော တရုတ်လူမျိုး ကစားသမားများသည်လည်း ရဲ့လင်းချန်ကို လှမ်းကြည့်လာကြပြီး အားလုံး အလွန် စိတ်အား ထက်သန်နေသည်။
ပွဲပြီးရန် မိနစ်နှစ်ဆယ်သာ လိုတော့ပြီး ရဲ့လင်းချန် ကစားပွဲထဲ ဝင်လျင်တောင်မှ အနိုင်ရရန် အလှမ်း ဝေးလွန်းသည်။ သို့သော် အနည်းဆုံးတော့ ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ ဘတ်စကက်ဘောကို အထင်သေး ရဲတော့မည် မဟုတ်သလို လူတိုင်းအား အရူးလိုလုပ်နေခြင်းမှ ရပ်တန့်နိုင်ပေမည်။
“အာ…”
ကိုရီးယားနိုင်ငံမှ ကစားသမားများကလည်း ညည်းလေသည်။ သူတို့သည် ရဲ့လင်းချန်အား ဘတ်စကက်ဘော ကစားကွင်းထဲ ခုန်ဝင်လာပြီး သူတို့ ဖျက်ဆီးနေသည်ကို တားလိုက်သည့် ကျောင်းသားဖြစ်ကြောင်း မှတ်မိကြသည်။
“ကျောင်းသား ရဲ့လင်းချန်၊ အရင်က ငါတို့အမှားတွေကို မင်း ခွင့်လွှတ်ပြီး ကမ္ဘာကြီးကို တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘော အလားအလာကို မြင်အောင်ပြပေးမယ်လို့ ငါ မျှော်လင့်ပါတယ်”
ကျန်းဟဲသည် ရဲ့လင်းချန်အား စိတ်အားထက်သန်စွာကြည့်၍ အလေးအနက် ဦးညွှတ်လေသည်။
“ငါ့တစ်ဘဝလုံးကို ဘတ်စကက်ဘောအပေါ်မှာပဲ မြှုပ်နှံထားခဲ့တာပါ၊ ရဲ့လင်းချန် ကျေးဇူးပြုပြီးတော့ ငါ တောင်းပန်တာကို လက်ခံပေးပါ”
ဖန်ဟမ်ကလည်း ဦးညွှတ်သည်။
ချင်ယွမ်သည်လည်း ဦးညွှတ်၍ စိတ်ရင်းအတိုင်း ပြောလိုက်သည်။
“ကျောင်းသား ရဲ့လင်းချန်၊ တရုတ်နိုင်ငံ ဘတ်စကက်ဘော အဖွဲ့အစည်းကိုယ်စား နိုင်ငံခြားသားတွေ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောကို အထင်သေးခွင့် မပြုဖို့ ငါ မင်းကို တောင်းဆိုပါတယ်”
ဤမြင်ကွင်းက လူတိုင်း၏ အတွေးကို ဗလာဖြစ်သွားစေပြီး သူတို့အား ဘာစကားမှ မပြောနိုင်သည်အထိ မှင်တက် သွားစေသည်။
ကျောက်ရီထျန်းနှင့် အခြားသူများ၏ အတွေးထဲတွင် ဝုန်းဒိုင်းကြဲနေပြီး ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူတို့၏ မေးစေ့များ မြေကြီးပေါ်သို့ ပြုတ်ကျလေမလားဟုတောင် ထင်မှတ်မှားရလေသည်။
ဤလူသုံးယောက်သည် အားကစားလောကတွင်းမှ အာဏာပိုင်များ ဖြစ်သည်။ ကျောက်ရီထျန်းသည် သူ၏ အရည်အချင်းက ထူးချွန်သော်လည်း မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းထံမှ ဖိတ်ကြားမှုကိုသာ လက်ခံခဲ့ရသည်။ ကျန်းဟဲ၏ ကိုယ်တိုင် ဖိတ်ကြားမှုကို သူ မရရှိခဲ့ပါ။
လက်ရှိတွင် ထိပ်တန်း ပုဂ္ဂိုလ် သုံးယောက်က ရဲ့လင်းချန်ကို တစ်ပြိုင်တည်း ဦးညွှတ်နေ၏။
ဤမြင်ကွင်းက အိပ်မက် တစ်ခုလိုပင်။ မိမိမျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ရလျင် ယုံနိုင်မည် မဟုတ်ပါ။
“ဝိုး’’
တစ်ခဏမျှကြာပြီးနောက် အားကစားရုံတစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။
“ဘာတွေ ဖြစ်နေတာလဲ၊ အဲ့လူက ဘယ်နတ်ဘုရားနယ်မြေကနေ လာတာလဲ”
“ဥက္ကဋ္ဌ သုံးယောက်က သူ့ကို ကစားကွင်းထဲဝင်ဖို့ တောင်းဆိုနေတာလား၊ ဘာလို့ သူတို့က အဲ့လို လုပ်ရတာလဲ၊ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ ဖြစ်နိုင်သေးလို့လား”
“လခွမ်း၊ သူက ပီကင်း တက္ကသိုလ်ရဲ့ ဘတ်စကက်ဘော မင်းသားလေး မဟုတ်ဘူးလား၊ သူ့အစွမ်းက တကယ် အံ့ဩဖို့ ကောင်းတာကွ”
“ဟုတ်တယ်၊ တကယ်ပဲ သူပဲကိုး၊ ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ ဥက္ကဋ္ဌ သုံးယောက် အဲ့လို ပြုမူဖို့ တန်လို့လား”
“တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောကို နိုင်ငံခြားသားတွေ အထင်မသေးပါစေနဲ့တဲ့လား၊ ဒါ ကြေညာချက်ကြီးပဲကွ၊ ဒီလူငယ်လေးအပေါ် သူတို့ ထားတဲ့ ယုံကြည်ချက်က ဘယ်က ရလာတာလဲ”
…
ပြောဆိုသံများ ညံနေပြီး ရဲ့လင်းချန်၏ နောက်ခံကလည်း အံ့ဩစရာ ကောင်းလောက်အောင် ပေါ်လာသည်။
“ရှောင်ရဲ့ … မင်း …”
ရှောင်ကမ်းနှင့် ကျန်နှစ်ယောက်တို့သည် စိတ်ရှုပ်ထွေးနေပြီး ပါးစပ်များ ခြောက်သွေ့သလို ခံစားနေရသည်။ သူတို့၏ နှုတ်ခမ်းများ တုန်နေသော်လည်း တစ်လုံးမျှ ပြောနိုင်စွမ်း မရှိပေ။
ရုတ်တရက်ဆန်သော အပြောင်းအလဲကြောင့် သူတို့ အငိုက်မိသွားကြသည်။
“ကျွန်တော် ကစားဖို့ သဘောတူတယ်”
ခပ်အေးအေး အသံတစ်သံက လူတိုင်း၏ နားထဲသို့ တိုးဝင်လာပြီး သူတို့ တဒိန်းဒိန်းနှင့် ရင်ခုန်လာကြလေသည်။
*သူ သဘောတူလိုက်ပြီ၊ သူ တကယ် သဘောတူလိုက်ပြီ*
လူတိုင်း သွေးပွက်ပွက် ဆူလာသလို ခံစားလိုက်ရပြီး ပြောမပြတတ်လောက်သည့် မျှော်လင့်ချက်တစ်ခု ဖြစ်ပေါ် လာသည်။
*ဥက္ကဋ္ဌ သုံးယောက်က သူ့ကို ဒီလောက် အလေးအနက်ထားပြီး ဆက်ဆံတယ်ဆိုတော့ အဲ့ကောင်လေးမှာ အစွမ်းအစ တစ်ချို့ ရှိကိုရှိမှာပဲ*
ရိုးရှင်းလှသော ထိုစကားက ကျန်းဟဲတို့ သုံးယောက်၏ နားထဲတွင် ဂီတသံသဖွယ် ဖြစ်နေလေသည်။ အရင်တစ်ခေါက်က ရဲ့လင်းချန်ကို ဖိအားပေး၍ ထွက်သွားခိုင်းကတည်းက သူတို့စိတ်ထဲ၌ အပြစ်ရှိသော ခံစားချက်ကို ခံစားနေခဲ့ရသည်။ ဤသို့ သူမတူသော အရည်အချင်းအား တရုတ်နိုင်ငံ၏ ဘတ်စကက်ဘော မျှော်လင့်ချက်ဟု သတ်မှတ်နိုင်ပေသည်။ အကယ်၍ ထိုနေ့က ကိစ္စကို သူတို့ မချေဖျက်နိုင်လျင် သူတို့ တစ်သက်လုံး သူတို့ကိုယ်သူတို့ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပါ။
ရဲ့လင်းချန်က ကစားရန် သဘောတူလိုက်သဖြင့် တော်ပါသေးသည်။
ကျန်းဟဲ၏ မျက်နှာ နီရဲနေသည်။ ပီကင်း တက္ကသိုလ်၌ ဘတ်စကက်ဘော ပြိုင်ပွဲ ကျင်းပသည့် ဆုံးဖြတ်ချက်က အကျိုးရှိလာလေပြီ။ နောင်အနာဂတ်တွင် တရုတ်နိုင်ငံ၏ ဘတ်စကက်ဘောအသင်းမှ ရခဲ့သော အရှက်ရမှုတို့ကို ရှင်းလင်းနိုင်တော့မည် ဖြစ်ပြီး နိုင်ငံတကာ အာရုံစိုက်ခြင်းကို ခံရသည်အထိပင် တိုးတက်လာနိုင်၏။
သူ တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး နေရာမှာတင် ငိုမိလုနီးပါး ဖြစ်လာရသည်။
တစ်ဖက်တွင်မူ ကိုရီးယားနိုင်ငံမှ လူများသည် အံ့အားသင့်နေကြသည်။
*တရုတ်မှာ တကယ်ပဲ ဝှက်ဖဲတစ်ချပ် ရှိနေတာလား*
သို့သော် သူတို့ ရဲ့လင်းချန်ကို ဘယ်လောက်ပဲ ကြည့်ပါစေ သူနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားမှုကို မခံစားမိသလို ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော ကစားသမားတစ်ဦး၏ အရှိန်အဝါကိုလည်း မခံစားမိပေ။
“ခင်ဗျားတို့မှာ ဘတ်စကက်ဘော ဂျာစီတစ်ထည် ရှိလား”
ရဲ့လင်းချန် ဆက်ပြောလိုက်သည့်အခါတွင်မှ သုံးယောက်လုံး သတိဝင်လာကြသည်။ ကျန်းဟဲက ချက်ချင်း ခေါင်းညိတ်၏။
“ရှိတယ်၊ ရှိတာပေါ့”
ထို့နောက် ရဲ့လင်းချန်အား ဂျာစီတစ်ထည် ပေးလိုက်သည်။ အရွယ်အစားက ကွက်တိပင် ဖြစ်ပြီး သူ့အတွက် ထုတ်ထားသော ဂျာစီဖြစ်မှန်း သိသာလှသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး ဂျာစီကို ဝတ်ကာ ကစားကွင်းသို့ လျှောက်သွားလိုက်သည်။
“ရဲ့လင်းချန် အကောင်းဆုံးလုပ်ဟေ့၊ သူတို့ကို ပြန်လက်တုံ့ပြန်လိုက်”
ပီကင်း တက္ကသိုလ်မှ ကျောင်းသား ဖြစ်ဟန်တူသည့် တစ်စုံတစ်ယောက်က အော်ဟစ်လေသည်။
“ဟုတ်တယ်၊ သူတို့ကို ကောင်းကောင်းကြီး ပညာပြလိုက်၊ မင်းက ပီကင်းတက္ကသိုလ်ရဲ့ ဂုဏ်ယူစရာကွ”
“လုပ်ထားဟေ့၊ ငါ မင်းကို ယုံတယ်”
“အကောင်းဆုံး လုပ်ပစ်လိုက်”