သက်ခြွေဓားမော့
Vol. 22 Ch. 333
ရွှီချင်းသည် ကယ်ဆယ်ရေးအချက်ပြမီးကျည် ထွက်ပေါ်လာခဲ့သည့်နေရာသို့ ဦးတည်သွားသည်။
အရာခပ်သိမ်းကို လောင်ကျွမ်းနေသော မီးပင်လယ်ကြီးက မိစ္ဆာဆန်ဆန် ချောမောသောသူ့ရုပ်ရည်ကို တစ်မျိုး စွဲဆောင်မှုရှိသွားစေသည်။
ခဏအကြာ ထိုနေရာသို့ သူ ရောက်သွားသည်။
သူ၏မီးသရဖူက တဟုန်းဟုန်း တောက်လောင်နေပြီး ရွှေကျီးကန်းကြီးက ဂီးခနဲ အော်မြည်လိုက်ရာ ဝေဟင်တွင် လျှပ်စီးကြောင်းများ ဖုံးလွှမ်းသွားတော့သည်။
မီးတောက်များသည် လှိုင်းလုံးကြီးအသွင်ဖြင့် မြင့်တက်သွားပြီး အဆုံးမဲ့စွမ်းအားများကို ဆောင်ကြဉ်း၍ စတုတ္ထမြောက်ညဉ့်ငှက်အသိုက်အမြုံကို လောင်းချလိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး မီးပင်လယ်ကြီးက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထွက်ပြေးရန် ကြိုးစားနေကြသည့် ညဉ့်ငှက်ကျင့်ကြံသူအများအပြား အော်ပင်မအော်နိုင်ကြဘဲ ပြာများဖြစ်သွားသည်
အဆောက်အအုံများသည်လည်း တစ်လုံးပြီးတစ်လုံး ပြိုကျသွားသည်။
ထိုနေရာသည် ပဉ္စမမြောက်တောင်ထိပ်၏ ပိုင်နက်ထဲတွင် တည်ရှိပြီး သုံးထပ်မျှော်စင်တစ်လုံးနှင့် အလွန်ကျယ်ပြန့်သော နေရာတစ်ခု ဖြစ်သည်။ နေ့အခါတွင် ထိုနေရာ၌ မန္တန်အစီအရင်များ ရောင်းချသည်။ ထိုနေရာသည် ပဉ္စမမြောက်တောင်ထိပ်နှင့် ဘာမှသက်ဆိုင်ခြင်းမရှိသော်လည်း နောက်ကွယ်တွင် အဆက်အဆံများ ရှိသည်။
ထိုမျှော်စင်က ညဉ့်ငှက်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ကို ပဉ္စမမြောက်တောင်ထိပ်က သိနေသည်လား မသိပါသော်လည်း ရွှီချင်းက ဂရုမစိုက်ပေ။ ယနေ့ညပြီးလျှင် ထိုနေရာ ထပ်မံတည်ရှိတော့မည် မဟုတ်ပေ။
သူ ရောက်သွားပြီး မီးပင်လယ်ကြီး ပျံ့လွင့်သွားစဉ် ထိုနေရာပတ်လည်ရှိ လူဆိုးထိန်းဌာနဂိုဏ်းသားများ စိတ်တက်ကြွသွားပြီး သူ့ကို အရိုအသေပြုလိုက်သည်။
ခပ်လှမ်းလှမ်းတစ်နေရာရှိ ပြိုကျနေသော အဆောက်အအုံများနှင့် တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်များကြားတွင် တိုက်ပွဲနှစ်ပွဲက သိသိသာသာ ပေါ်လွင်နေသည်။ တိုက်ပွဲတစ်ပွဲတွင် လူဆိုးထိန်းဌာန၏ လက်ထောက်ဌာနမှူးခုနစ်ယောက်၊ ရှစ်ယောက်နှင့် ပြည့်နေသည်။ သူတို့က ဂိုဏ်း၏မန္တန်အစီအရင်စွမ်းအားကို ပူးပေါင်းဆင့်ခေါ်၍ ညဉ့်ငှက်အဖွဲ့အစည်း၏ အကြီးအကဲကို ဖိနှိပ်နေသည်။
ထိုအဘိုးအိုသည် ပိုးဖဲထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာမှာ အညိုရောင်အစက်အပျောက်များဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်၌ သူသည် အစွမ်းကုန် ရုန်းကန်နေသည်ဖြစ်၍ သူ့မျက်နှာမှာ ဒေါသရောင်လက်နေသည်။ သူ့ကိုယ်ထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော သက်စောင့်မီးလုံးသုံးလုံးလည်း ရှိသည်။
အစက ထိုအခြေတည်အဆင့် လက်ထောက်ဌာနမှူးများကို သူ ချက်ချင်း ဇီဝိန်ချုပ်ပေးနိုင်သည်။ သို့သော်လည်း ဂိုဏ်း၏မန္တန်အစီအရင်စွမ်းအားဖြင့် ပေါင်းစပ်လိုက်သောအခါ သူတို့ကို သတ်ဖြတ်နိုင်စွမ်းမရှိတော့သလို သူတို့လက်ထဲမှ အလွယ်တကူ မလွတ်မြောက်နိုင်တော့ပေ။
သို့သော်လည်း လက်ထောက်ဌာနမှူးများမှာ အဘိုးအိုကို လုံးလုံးလျားလျား ချုပ်နှောင်နိုင်လောက်သည်အထိ မန္တန်အစီအရင်ကြီးကို လုံလုံလောက်လောက် ထိန်းချုပ်နိုင်ခွင့် မရှိကြပေ။ ထို့ကြောင့် သူမသာကိုယ်မသာ အခြေအနေဖြစ်သွားပြီး နှစ်ဖက်စလုံး ဒဏ်ရာများ ရသွားကြသည်။ သို့သော် ချီရွှဲ့ထုံဂိုဏ်းများသည် ‘ အဆိပ်ကောင်မွေးမြူခြင်းစနစ် ’ ဖြင့် ရှင်သန်ကြီးထွားလာခဲ့ကြသော ဝံပုလွေပေါက်များဖြစ်၍ ရက်စက်ကြမ်းကြုတ်ခြင်းက သူတို့အရိုးများထဲ စွဲနေသည်။ အသာစီးမရနိုင်သောအခြေအနေသို့ ရောက်နေပြီး ဒဏ်ရာများ ရနေကြသည့်တိုင်အောင် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြဆဲပင်။
တခြားဘက်တိုက်ပွဲတွင် လူဆိုးထိန်းဌာန၏ သက်စောင့်မီးလုံးနှစ်လုံး ဌာနမှူးလေးယောက်က တပည့်ရာချီနှင့်အတူ ပူးပေါင်း၍ ပဉ္စမမြောက်တောင်ထိပ်၏ ဝင်္ကပါဖြင့် လူတစ်ယောက်ကို ချုပ်နှောင်နေသည်။
ထိုလူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ( ၁၈ )နှစ်၊ ( ၁၉ ) နှစ် ပတ်ခြာလည်ရှိဟန်တူသည်။ သူသည် ယောက်ျားပီသကာ ချောမောပြီး သူ့မျက်လုံးများထဲတွင် ကြယ်ကလေးများ ရှိနေဟန်တူသည် သူ့ဘေးတွင် ဓားကိုးလက် လှည့်ပတ်နေပြီး ဓားချီများ ဖြစ်ပေါ်လာကာ ဘေးပတ်လည်သို့ ရိုက်ခတ်နေသည်။
သူက သက်စောင့်မီးလုံးသုံးလုံးကို ပိုင်ဆိုင်ထားသည်။ ထိုသက်စောင့်မီးလုံးများကို သူ ထွန်းညှိထားပြီး သူ့မျက်နှာက ဒေါသရောင်လက်နေသည်။ သူသည် ဝင်္ကပါကို ဖောက်ခွင်းရန် ကြိုးစားနေပြီး အညှာအတာမဲ့စွာ သတ်ဖြတ်နေသည်။
ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးက ထိုလူငယ်အပေါ်တွင် သက်ရောက်ခြင်း မရှိပေ။
ထို့ကြောင့် လူဆိုးထိန်းဌာနများသည် ပဉ္စမမြောက်တောင်ထိပ်၏ ဝင်္ကပါကိုသာ အသုံးချလိုက်ပြီး တပည့်ပေါင်းရာချီ၏ အထောက်အပံ့ဖြင့် ထိုလူငယ်ကို ခက်ခက်ခဲခဲ ချုပ်နှောင်နေသည်။ သို့သော်လည်း သူတို့ ကြာကြာ တောင့်မခံနိုင်တော့မှန်း သိသာသည်။ သူတို့ကန့်သတ်ချက်ကို ရောက်နေပြီ ဖြစ်သည့်အလား မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်နေကြသည်။
ရွှီချင်း ရောက်လာခြင်းသည် ထိုနေရာကို မိုးကြိုးပစ်လိုက်သည့်အလားပင်။ တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်ကြီးကြောင့် ဝတ်စုံနက်အဘိုးအိုနှင့် တိမ်လွှာဓားဂိုဏ်းမှ လူငယ်ကို မျက်နှာပျက်သွားစေသည်။
အထူးသဖြင့် တိမ်လွှာဓားဂိုဏ်းမှလူငယ် ဖြစ်သည်။ ရွှီချင်းကို သူ သိထားပြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကိုပါ နားလည်ထားသည်ဖြစ်၍ သူ့စိတ်ထဲ တုန်ရီသွားသည်။
ရွှီချင်းက အဘိုးအိုကို လျစ်လျူရှု၍ သူ့ထံသို့ တန်းတန်းမတ်မတ် လာနေသည်ကို မြင်သောအခါ သူ့ပတ်လည်ရှိ ဓားပျံများမှ ထုတ်လွှတ်နေသော ဓားချီများမှာ အနည်းငယ် ပရမ်းပတာ ဖြစ်သွားသည်။
“ ရွှီချင်း၊ ငါက ဒီနေရာက ဖြတ်သွားတာပဲရှိတာ။ ညဉ့်ငှက်အဖွဲ့အစည်းနဲ့ ဘာမှမမဆိုင်ဘူး ”
ထိုလူငယ်ပြောလိုက်သည့် တချိန်တည်းမှာပင် တတိယမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနမှူးက အလျင်အမြန် ပြောလိုက်သည်။
“ ဌာနမှူးရွှီ၊ စောစောက ဒီအသိုက်ကို ကျုပ်တို့ဝိုင်းထားတုန်းက ဒီလူငယ်က အဲဒီညဉ့်ငှက်အဖွဲ့ခေါင်းဆောင်နဲ့ ဆွေးနွေးနေတာ။ ဘာအကြောင်းဆွေးနွေးနေလဲ မသိပေမဲ့ ဖြတ်သွားဖြတ်လာမဟုတ်တာတော့ သေချာပါတယ် ”
ရွှီချင်း ခေါင်းညိတ်လိုက်ပြီး ရှေ့တစ်လှမ်း တိုးသွားသည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လူငယ်ကို ဝိုင်းထားသော လူဆိုးထိန်းဌာနဂိုဏ်းသားများမှာ ညင်သာသောအားလှိုင်းကြီးဖြင့် ဖယ်ထုတ်ခြင်း ခံလိုက်ရပြီး ဝင်္ကပါ ချက်ချင်း ပျက်သွားသည်။ သူက လူငယ်ထံသို့ လျှောက်သွားသည်။
လူငယ်၏မျက်နှာအမူအရာ ဆိုးဆိုးဝါးဝါး ပျက်သွားသည်။ အသက်ရှူသံများ မြန်ဆန်လာပြီး ခြိမ်းခြောက်သောလေသံဖြင့် ပြောလိုက်သည်။
“ ရွှီချင်း၊ သူတော်စင်ကြယ်က ငါ့ဂိုဏ်းတူအစ်ကိုနော်။ မင်း ငါ့ကို နာကျင်အောင်လုပ်ရင် သူက မင်းကို သေချာပေါက် သတ်မှာ။ ငါ … ”
လူငယ်၏စကားမဆုံးခင် ရွှီချင်းသည် မျက်နှာသေဖြင့် လူငယ်၏ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူသည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး ဓားပျံများက သူ့ကို ထိပင် ထိမသွားခဲ့ချေ။
ထိုလူငယ်မှာ ခုခံရန်အချိန်ပင်မရလိုက်ပေ။ ရွှီချင်းသည် လူငယ်၏လည်ပင်းကို ဖမ်းဆုပ်ကာ မြေပြင်သို့ အညှာအတာမဲ့စွာ ဖိချလိုက်သည။
မြေပြင်မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ထိုလူငယ်၏ ဒွါရခုနစ်ပါးမှ သွေးများစီးကျလာသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးသုံးလုံးအနက် နှစ်လုံးမှာ ငြိမ်းသက်သွားသည်။ သူ ထိတ်လန့်ကြောက်ရွံ့သွားပြီး ဘေးပတ်လည်ရှိ ဓားပျံများကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပါသော်လည်း နှေးကွေးလွန်းနေသည်။
ရွှီချင်းသည် လူငယ်ကို မြေပြင်ပေါ်မှ ဆွဲမကာ အနောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။
လူငယ်၏ကိုယ်မှ တဖျစ်ဖျစ်အက်ကွဲသံများ ထွက်လာပြီး အရိုးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးသွားသည်။ သွေးများ လေထဲ ဖွာခနဲ လွင့်ပျံသွားပြီး သူ့ကိုယ်ထဲရှိ လက်ကျန်သက်စောင့်မီးလုံးမှာ တောင့်မခံနိုင်တော့ဘဲ ငြိမ်းသက်သွားသည်။
မြေပြင်ပေါ်သို့ သူ ကျသွားသောအခါ ဒဏ်ရာပြင်းထန်စွာ ရနေပြီ ဖြစ်သည်။
ရွှီချင်း ညွှန်ကြားနေရန်ပင် မလိုအပ်ဘဲ လူဆိုးထိန်းဌာနဂိုဏ်းသားများသည် ချက်ချင်း ရှေ့တက်သွားကြပြီး လူငယ်၏ကိုယ်မှာ ချုပ်နှောင်ကွင်းများ တပ်ဆင်လိုက်သည်။
ထိုအချိန်၌ လက်ထောက်ဌာနမှူးများ၏ ထောင်ချောက်ထဲ ပိတ်မိနေသော ညဉ့်ငှက်အဖွဲ့ဝင်အဘိုးအိုသည် သက်စောင့်နည်းလမ်းများ အသုံးချလိုက်သည်။ သူ ရှိနေသည့်နေရာမှ အားကောင်းသောအငွေ့အသက်များ တဟူးဟူး ထွက်ပေါ်လာပြီး လက်ထောက်ဌာနမှူးများ နောက်သို့ ဆုတ်သွားသည်။ သူသည် တံဆိပ်ပြားတစ်ခုကို အလျင်အမြန် ထုတ်လိုက်ပြီး လွှင့်ပစ်လိုက်သည်။ တံဆိပ်ပြား ကွဲထွက်သွားပြီး ဂိုဏ်းမန္တန်အစီအရင်ကြီး၏ ဖိအား အနည်းငယ် လျော့သွားသည်။
ထိုအခွင့်အရေးကို အမိအရယူ၍ ဝတ်စုံနက်အဘိုးအိုက ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်ဆီသို့ ထွက်ပြေးသွားသည်။
ရွှီချင်း ခေါင်းလှည့်၍ အေးတိအေးစက်ကြည့်လိုက်သည်။
ထိုသူကို သူ မသိပါသော်လည်း ထိုသူသည် ရုပ်ဖျက်ထားခြင်းဖြစ်ပြီး သူ၏အစစ်အမှန်ရုပ်သွင်မဟုတ်ကြောင်း သူ အာရုံခံမိသည်။ ဂိုဏ်းမန္တန်အစီအရင်ကို အားလျော့သွားစေသည့် ကျောက်စိမ်းပေလွှာမှာ ဂိုဏ်းတံဆိပ်ပြား ဖြစ်သည်။
လက်ထောက်ဌာနမှူးများ ဆင့်ခေါ်ခဲ့ကြသည့် ဂိုဏ်းမန္တန်အစီအရင်ကြီး၏ ဖိအားသည် သာမန်သာ ဖြစ်ပါသော်လည်း ထိုမျှအလွယ်တကူ အားပျော့သွားနိုင်သောအရာ မဟုတ်ပေ။ ထိုသို့ လုပ်နိုင်ရန်မှာ ထိုသူက ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက်သာ ဖြစ်ရပေမည်။
ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးထဲတွင် ညဉ့်ငှက်အဖွဲ့အစည်း တည်ရှိနေရန်မှာ ချီရွှဲ့ထုံဂိုဏ်းသားများ၏ အကူအညီမပါဘဲ မဖြစ်နိုင်ပေ။ ထိုအချက်ကို ရွှီချင်း သတိထားမိပါသော်လည်း ထိုကိစ္စကို တူးဆွရန် အစီအစဉ် မရှိပေ။
ယင်းသည် အဓိပ္ပာယ်မရှိလှချေ။
ထိုသူ ဝေးသည်ထက် ဝေးရာသို့ ထွက်ပြေးနေသည်ကို မြင်၍ ရွှီချင်းသည် လေထဲသို့တည်ငြိမ်စွာ ပျံတက်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ရာ သူ့ခေါင်းအထက်တွင် ဧရာမကောင်းကင်ဓားမော့အရိပ်ကြီး ပေါ်လာသည်။
ထိုဓားမော့သည် ခံ့ညားထည်ဝါပြီး ပေါ်လာသည်နှင့် လေပြင်းမုန်တိုင်းများ တဟူးဟူး တိုက်ခတ်သွားသည်။ လူသတ်ငွေ့များ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာပြီး ထိုသည်ကို အာရုံခံမိလိုက်ကြသည့် လူအားလုံး မျက်နှာများ ပြောင်းလဲသွားကြသည်။
အထူးသဖြင့် ထိုတိုက်ပွဲကို အာရုံစိုက်နေကြသော ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်တချို့ပင်။ လူတစ်ယောက်က ထိုဓားမော့ကို ချက်ချင်း မှတ်မိလိုက်ပြီး တအံ့တသြ ပြောလိုက်သည်။
“ အစွန်းရောက်ကောင်းကင်ဓားမော့ ”
အံ့အားသင့်စွာ အော်ဟစ်သံများ ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားစဉ် ရွှီချင်းသည် မြင်ကွင်းမှ ပျောက်ကွယ်လုဆဲဆဲဖြစ်နေသော သက်စောင့်မီးလုံးသုံးလုံးနှင့် ညဉ့်ငှက်အဖွဲ့ခေါင်းဆောင်ကို ကြည့်ကာ လက်ကို အောက်သို့ ချလိုက်သည်။
တခဏလေးအတွင်း ကောင်းကင်ဝေဟင်ပြင်ရှိ ကောင်းကင်ဓားမော့ကြီးသည် မျက်စိကျိန်းမတတ် စူးရှတောက်ပလာပြီး အဘိုးအိုကို ကြမ်းတမ်းစွာ ခုတ်ချလိုက်သည်။ ဓားမော့ကြီးမှာ မြန်ဆန်လွန်းလှသည်ဖြစ်၍ ကြယ်နှင့်လများကို ပိုင်းဖြတ်နိုင်ဟန်တူသည်။
ညအမှောင်ထုကြီးထဲ၌ စူးရှတောက်ပသောအလင်းတန်းက ကြယ်ကြွေသွားသည့်အလား။
ဓားမော့ကြီး ကျဆင်းသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။
ထွက်ပြေးနေသော ညဉ့်ငှက်အဖွဲ့ဝင်အဘိုးအိုမှာ ထိတ်လန့်ကြောက်ရွံ့သွားသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးများ တဟုန်းဟုန်း တောက်လောင်လာပြီး ခုခံရန် ကြိုးစားလိုက်ပါသော်လည်း အသုံးမဝင်ချေ။ ဓားမော့အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေသည်။ သူက ခါးခါးသီးသီး စိတ်ပျက်နေသောအကြည့်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
“ မင်းက အစွန်းရောက်ကောင်းကင်ဓားမော့ကိုတောင် သိနေတာကိုး ”
ထိုအချိန်၌ သူ့မျက်ခုံးမွေးနှစ်ခုကြားတွင် သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။ ထိုသွေးစီးကြောင်းသည် သူ၏နှာခေါင်းမှတစ်ဆင့် နှုတ်ခမ်းများ၊ မေးရိုး၊ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းသို့ တိုင်အောင် ပျံ့နှံ့သွားသည်။
သူ၏ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားပြီး သွေးများ ဒလဟောစီးကျလာသည်။ ထို့နောက် ထိုခန္ဓာကိုယ်နှစ်ခြမ်းမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြန်ပြီး အသားစများအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် သွေးများအိုင်ထွန်းသွားသည်။
ရွှီချင်း၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ကောင်းကင်ဓားမော့သည် ယခင်ကထက် အဆပေါင်းများစွာ အစွမ်းထက်နေပြီ ဖြစ်သည်။ ဓားချက်တစ်ချက်ဖြင့် သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူကို ဇီဝိန်ချုပ်ပေးနိုင်သည်။ ထိုဖြစ်ရပ်ကို မြင်တွေ့လိုက်ကြရသည့် ပင်မမြို့ကြီးထဲရှိ လူအားလုံး ငြိမ်ကျသွားသည်။
တချိန်တည်းမှာပင် ဝတ်စုံနက်အဘိုးအို သေသွားသည့်နေရာနှင့် မနီးမဝေးရှိ လမ်းပေါ်၌ လူဆိုးထိန်းဌာနအသင်းတစ်သင်းသည် ညဉ့်အခါ ထွက်လာမည့်လူများအား စေ့စေ့စပ်စပ် ရှာဖွေနေသည်။
သူတို့တာဝန်သည် ညဉ့်ငှက်အသိုက်များကို ဖျက်ဆီးရာမှ ထွက်ပြေးလာကြမည့် ညဉ့်ငှက်အဖွဲ့ဝင်များကို ဖမ်းဆီးရန်ဖြစ်သည်။ လူဆိုးထိန်းဌာနများ၏ ပိုက်စိပ်တိုက်ရှာဖွေခြင်းအောက်တွင် ထိုညဉ့်ငှက်အဖွဲ့ဝင်များ ပုန်းကွယ်ရန် နေရာမရှိတော့ပေ။
သို့သော် ညမထွက်ရအမိန့်အောက်မှာပင် အကြောင်းအမျိုးမျိုးပြ၍ အပြင်ထွက်တတ်ကြသော သာမန်လူများလည်း ရှိသည်။ ဥပမာအနေဖြင့် ထိုလူဆိုးထိန်းဌာနဂိုဏ်းသားများရှေ့တွင် စိုးရိမ်ထိတ်လန့်သောအမူအရာဖြင့် တုန်ရီစွာ ရပ်နေသော ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ပတ်ခြာလည် လူငယ်လေးတစ်ယောက်ပင်။
ထိုလူငယ်သည် ချီရွှဲ့ထုံဂိုဏ်းသို့ ယမန်နေ့က ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် သူသည် စစ်ဆေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဆဋ္ဌမမြောက်တောင်ထိပ်မှာ ဂိုဏ်းသားသစ် ဖြစ်လာခဲ့သည်။ သူ ရရှိခဲ့သည့် ဂိုဏ်းတံဆိပ်ပြားက မဆိုးလှသောကြောင့် ဆဋ္ဌမမြောက်တောင်ထိပ်၏ လူဆိုးထိန်းဌာနသို့ တင်ပြရန် စီစဉ်ခြင်းခံခဲ့ရသည်။
ယခု သူ့အိမ်သို့ အပြန်လမ်းတွင် လူဆိုးထိန်းဌာနဂိုဏ်းသားများ၏ စစ်ဆေးခံလိုက်ရခြင်း ဖြစ်သည်။ သူ ရှာဖွေခံနေရစဉ်အတောအတွင်း ဝေဟင်မှ စူးစူးဝါးဝါး အော်ဟစ်သံကြီး ကြားလိုက်ရပြီး လေထဲမှာ ပိုင်းဖြတ်ခံလိုက်ရသော ညဉ့်ငှက်အဖွဲ့ခေါင်းဆောင်ကို မြင်တွေ့သွားခဲ့သည်။
ထိုဓားချက်သည် သူ၏စိတ်နှင့်ခန္ဓာကိုယ် တုန်လှုပ်သွားစေခဲ့သည်။ သူ့မျက်လုံးများထဲတွင် ပြင်းပြသော စိတ်ဆန္ဒများနှင့် ဖော်ပြ၍မရနိုင်သော လေးစားကြည်ညိုခြင်းများ ပေါ်လာသည်။
“ အဲဒါ သတ္တမမြောက်တောင်ထိပ်က လူဆိုးထိန်းဌာနမှူးရွှီချင်းပဲ။ သူက ငါတို့ချီရွှဲ့ထုံဂိုဏ်း တစ်ဂိုဏ်းလုံးမှာ နာမည်ကြီးတယ် ”
လူငယ်လေး၏ မျက်ဝန်းများထဲမှ လေးစားကြည်ညိုသောအရိပ်အယောင်များကို သတိထားမိ၍ လူငယ်လေးအား ရှာဖွေနေသော လူဆိုးထိန်းဌာနဂိုဏ်းသားက ရူးသွပ်သည့်မျက်ဝန်းများဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ဘေးရှိလူဆိုးထိန်းဌာနအဖွဲ့ဝင်များကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ ဒီညီလေးက ငါတို့အဖွဲ့ဝင်တစ်ယောက်ပဲ။ မင်းတို့ကောင်တွေ ပြန်ရုတ်သိမ်းလို့ရပြီ။ ဒီညီလေးကို မခြောက်ကြနဲ့။ ညဉ့်ငှက်အဖွဲ့ဝင်လက်ကျန်တွေကို ဆက်ရှာကြမယ်။ အရုဏ်မတက်ခင် ပင်မမြို့ကြီးထဲမှာ ညဉ့်ငှက်အဖွဲ့ဝင်တစ်ယောက်မှ မရှိစေရဘူးလို့ ဆရာရွှီချင်း အမိန့်ပေးထားတယ် ”
“ ပြီးတော့ ညီလေး၊ မင်း မြန်မြန် ပြန်တော့။ ဒီညက မအေးချမ်းဘူး ”
လူဆိုးထိန်းဌာနဂိုဏ်းသားများ စိတ်လှုပ်တရှားဖြင့် ထွက်သွားကြသည်။ လူငယ်လေးတစ်ယောက်တည်းသာ နေရာမှာပင် ရပ်၍ တဖြည်းဖြည်း ပျောက်ကွယ်နေသော ကောင်းကင်ဓားမော့အရိပ်ကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် စိတ်အားတက်ကြွခြင်းများဖြင့် ပြည့်နှက်လာသည်။
“ ငါလည်း ဘယ်တော့မှ အဲဒီလိုမျိုး လုပ်နိုင်မှာလဲ ”
လူငယ်လေးသည် ခပ်တိုးတိုးရေရွတ်လိုက်ပြီး ခပ်သုတ်သုတ် ထွက်သွားသည်။ သူ သတိမထားမိလိုက်ဘဲ သူ့ရင်ထဲတွင် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်လိုသည့်ဆန္ဒ အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။