← Chapters

အခြေခံ လူ့သဘာဝ

Vol. 22 Ch. 334

အခြေခံ လူ့သဘာဝ

Vol. 22 Ch. 334

ဓားချက်တစ်ချက်က သက်စောင့်မီးလုံးသုံးလုံး ကျင့်ကြံသူကို ဇီဝိန်ချုပ်သွားစေခဲ့သည်။

ထိုအောင်မြင်မှုမျိုးကို ခုနစ်ဂိုဏ်းမဟာမိတ်ရှိ မည်သည့်ကောင်းကင်လက်ရွေးစင်မဆို လုပ်ဆောင်နိုင်ကြသည်။

သက်စောင့်မီးလုံးသုံးလုံးနှင့် သက်စောင့်မီးလုံးလေးလုံးအကြား ကွာခြားမှုက ကြီးမားလှသည် မဟုတ်ပါလား။ အခြေတည်အဆင့်၌ သက်စောင့်မီးလုံးလေးလုံးကို နောက်ထပ်အဆင့်ကြီးတစ်ဆင့်အဖြစ် ယူဆနိုင်သည်။

ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်၊ သက်စောင့်မီးအိမ် သို့မဟုတ် ရတနာပစ္စည်းများအကူအညီ မပါလျှင် ထိုနှစ်ခုခြားနားချက်သည် မိုးနှင့်မြေပမာ ဖြစ်သည်။

အမြန်နှုန်းအရဖြစ်စေ၊ ပေါက်ကွဲအားအရဖြစ်စေ မတူညီသောအဆင့်များ၌ ရှိကြသည်။

သို့သော်လည်း ရွှီချင်း၏ဓားချက်က မြင်လိုက်ရသည့်ခုနစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားများ၏ စိတ်နှလုံးကို တုန်ဟီးသွားစေသည်။

အစက ရွှီချင်းကို ဂရုမစိုက်ခဲ့ကြပါသော်လည်း တဖြည်းဖြည်း ပို၍ အလေးထားလာသည်။ ယခုအခါ ရွှီချင်းကို စိုးရိမ်ထိတ်လန့်နေပြီ ဖြစ်သည်။

ယင်းသည် စီမာယွီပျောက်သွားခြင်းနှင့် များစွာ ဆက်စပ်နေသည်။

သို့ဖြစ်၍ ရွှီချင်း၏တိုက်ခိုက်မှုက သူတို့အမြင်၌ အလွန် အစွမ်းထက်နေတော့သည်။

အမှန်စင်စစ် သူတို့ ဝန်ခံရန် ဆန္ဒမရှိကြသည့်တိုင်အောင် ရွှီချင်းကိုသာ တိုက်ခိုက်ခဲ့ပါက သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်နေကြသည်။ ရွှီချင်းကို သူတော်စင်ကြယ်ပြီးလျှင် ဒုတိယမြောက် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်အဖြစ် သူတို့ ယူဆနေကြပြီ ဖြစ်သည်။

ထိုဓားမော့ကို သူတို့ မြင်ပြီးနောက် ရွှီချင်း၏ဝှက်ဖဲများနှင့် ပတ်သက်၍ သူတို့ ခံစားချက်မျိုးစုံ ဖြစ်နေသည်။

ထိုဓားမော့သည် အစွန်းရောက်ကောင်းကင်ဓားမော့ဖြစ်သည်။

ထိုဓားမော့သိုင်းသည် ဓားချက်ခုနစ်ချက်ကို နားလည်ပြီးသောအခါမှသာ ပြည့်စုံသော ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ဖြစ်လာမည်ဖြစ်သော်လည်း ရွှီချင်းက ဓားမော့ဘယ်နှချက် နားလည်ထားမည်ကိုမူ သူတို့ သေသေချာချာ မသိပေ။

ရွှီချင်းမှာ ဓားမော့တစ်ချက်သာ ရှိနေမည်ဆိုလျှင်ပင် အံ့သြစရာကောင်းနေပြီ ဖြစ်သည်။

အစွန်းရောက်ကောင်းကင်ဓားမော့ကို နားလည်ရန် ကြိုးစားရာတွင် ပြင်ပအကူအညီများဖြင့် မရပေ။ ပင်ကိုယ်နားလည်နိုင်စွမ်းဖြင့်သာ အစွန်းရောက်ကောင်းကင်ဓားမော့ကို နားလည်နိုင်သည်။ ယင်းသည် မည်သည့်ဂိုဏ်းအတွက်မဆို အတူတူဖြစ်သည်။

ဓားမော့တာအိုကို အထူးလေ့လာလိုက်စားသော ဂိုဏ်းများ ဝမ်ကူးဒေသကြီး၌ ရှိသည်။ ထိုဂိုဏ်းများသည် လူတစ်ယောက်၏ ပါရမီကို အစွန်းရောက်ကောင်းကင်ဓားမော့အား မည်မျှနားလည်နိုင်သည်ဆိုသောအချက်ဖြင့် ဆုံးဖြတ်ကြသည်။

ထို့ကြောင့် အစွန်းရောက်ကောင်းကင်ဓားမော့ကို ကောင်းကင်လက်ရွေးစင်များအား သတ်မှတ်ရာတွင်လည်း စံနှုန်းတစ်ခုအဖြစ် ယူဆနိုင်သည်။ ထိုစံနှုန်းအောက်တွင် သူတော်စင်ကြယ်မှလွဲ၍ ခုနစ်ဂိုဏ်းမဟာမိတ်ရှိ ကျန်ကောင်းကင်လက်ရွေးစင်များအားလုံး အရည်အချင်း မပြည့်မီခဲ့ပေ။

ထိုဓားမော့ကို သူတို့ နားလည်ရန် အထပ်ထပ်အခါခါ ကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။

ထိုကြောင့် ကောင်းကင်ဓားမော့ဓားချက်ဖြင့် ရွှီချင်းက ဝတ်စုံနက်အဘိုးအိုအား သတ်ဖြတ်လိုက်သည်ကို သူတို့မြင်သောအခါ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ပေါ်ပေါက်လာသည်။

သူတို့ဖြစ်စေ၊ အလည်အပတ်လာကြသော မဟာမိတ်များဖြစ်စေ ထိုဓားချက်မှနေ၍ ရွှီချင်း၏ ကြောက်စရာကောင်းသောအချက်များကို မြင်သွားကြသည်။

ပြတ်သားခြင်းနှင့် လိမ္မာပါးနပ်ခြင်း …

ညဉ့်ငှက်အဖွဲ့အစည်းသည် ချီရွှဲ့ထုံဂိုဏ်းထဲ အမြစ်တွယ်နေခဲ့သည်မှာ နှစ်ကြာနေပြီဖြစ်၍ ရှင်းလင်းရ ခက်ခဲသော မြက်ရိုင်းပင်များကဲ့သို့ ဖြစ်လာသည်။ ထို့အပြင် ယခုတစ်ခေါက်တွင် ညဉ့်ငှက်အဖွဲ့ဝင်များစွာ စုစည်းလာခဲ့သည်ဖြစ်၍ လူဆိုးထိန်းဌာနအနေဖြင့် ညဉ့်ငှက်အဖွဲ့ဝင်များကို ရှင်းလင်းရန် အချိန်နှစ်လနီးပါး ယူခဲ့ရသည်။ ဤနေရာတွင် ပြဿနာတစ်ခု ရှိလာခဲ့သည်။

ထိုပြဿနာသည် ပေါ့သေးသေး မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ချီရွှဲ့ထုံဂိုဏ်းမှလူတစ်ယောက်က ညဉ့်ငှက်အဖွဲ့အစည်းကို တစ်စုံတစ်ခုသော အဆင့်အထိ အကာအကွယ်ပေးထားခဲ့သည်မှာ သေချာနေသောကြောင့်ပင်။ ထိုကိစ္စမှ ရရှိမည့် အကျိုးအမြတ်က ကြီးမားနေမည်ဖြစ်၍ ထိုကိစ္စတွင် ချီရွှဲ့ထုံဂိုဏ်းမှ လူတစ်ယောက်မက တိတ်တဆိတ် ပါဝင်ပတ်သတ်နေနိုင်သည်။

ထိုသူများသည် ညဉ့်ငှက်အဖွဲ့အစည်းနှင့်ပတ်သက်မိထားသော လုပ်ရပ်များကို နောက်ပြန်လှည့်၍ ရနိုင်တော့မည် မဟုတ်ပေ။

လူသားမဟုတ်သောမျိုးနွယ်ဝင်များသည် ထိုအချက်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြသည်။ အမှန်စင်စစ် လူဆိုးထိန်းဌာန ဦးစီးခဲ့သော ညဉ့်ငှက်အဖွဲ့စစ်ဆင်ရေးကြောင့် အတွင်းပိုင်းပြဿာနာများ ဖြစ်လာခဲ့ပါက ချီရွှဲ့ထုံဂိုဏ်းအနေဖြင့် မည်သို့ဖြေရှင်းမည်ကိုလည်း သူတို့ စောင့်ကြည့်နေခဲ့ကြသည်။

သို့သော်လည်း ရွှီချင်း၏လုပ်ရပ်များက အလွန် ပြတ်သားသည်။ ဝတ်စုံနက်အဘိုးအို၏ သရုပ်မှန်ကို သူ ရှင်းရှင်းလင်းလင်း အာရုံခံမိခဲ့ပါသော်လည်း နောက်ကြောင်းများအား ဆက်လက်စုံစမ်းမနေတော့ပေ။ ထိုအစား ထိုအဘိုးအို စကားပြောခွင့်မရစေရန် ဓားချက်တစ်ချက်တည်းဖြင့် လက်စတုံးပစ်ခဲ့သည်။ ထိုအဘိုးအို၏ အလောင်းက အသားစများဖြစ်သွားပြီး အပြင်ပန်းမှကြည့်လျှင် ထိုအဘိုးအို၏ သရုပ်မှန်ကို သိနိုင်တော့မည် မဟုတ်ပေ။

ထိုဓားချက်သည် ထိုအဘိုးအိုကို သတ်ဖြတ်လိုက်သည်သာမက ထိုအဘိုးအို၏ နောက်ကွယ်ရှိ ညဉ့်ငှက်အဖွဲ့အစည်း၏ အဆက်အသွယ်များကိုပါ ဖြတ်တောက်ပစ်လိုက်သည်။

ထိုကိစ္စနောက်ကွယ်တွင် ရှိနေသည့်လူများအား လူဆိုးထိန်းဌာနက ထိုကိစ္စကို ဆက်လက်စုံစမ်းတော့မည် မဟုတ်ကြောင်း ထိုဓားချက်ဖြင့် သူ ပြောပြလိုက်သည်။

ထိုနည်းလမ်းသည် ဖွံ့ဖြိုးတိုးတက်သောခေတ်၌ မှားယွင်းသည်ဟု ဆိုနိုင်ပါသော်လည်း ဤလောကပျက်ကြီးထဲ၌ အားအနည်းငယ်သာ စိုက်ထုတ်ရသည့်် လိမ္မာပါးနပ်သော ရွေးချယ်မှုဖြစ်သည်။

သူသည် ညဉ့်ငှက်အဖွဲ့အစည်းကို သတ်ဖြတ်လိုက်သည်သာမက နောက်ကွယ်မှလူများကိုလည်း မျက်နှာသာပေးလိုက်သည်။ သို့ဖြစ်ပေရာ ထိုလူများအနေဖြင့် ရွှီချင်းက ထိုကိစ္စကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု မဖြစ်မနေ ဝန်ခံရမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်းကို သူတို့ ပြဿနာရှာတော့မည် မဟုတ်ပေ။

ရွှယ်လျန့်ကျစ်သည်ပင် လေးစားသွားသည်။

‘ အလင်းရှိလျှင် အမှောင်လည်း ရှိမည် ’ ဆိုသော အယူအဆကို သိထားသည်ဖြစ်၍ ဂိုဏ်းထဲရှိ ဆိုးညစ်သောကိစ္စများကို သူ မမြင်ချင်ယောင်ဆောင်ထားခဲ့သည်။ နေရောင်ခြည်က အရိပ်ကို ဖြစ်စေသည်။ ကိစ္စအများစု၌ အဖြူနှင့်အမည်းသာမက မီးခိုးလည်း ရှိနေပေမည်။

ထိုစည်းမျဉ်းကို ရွှီချင်း နမော်နမဲ့ နေခဲ့ဖူးသည်။ ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်လာပြီးနောက် သူ မသိနိုင်သော လူများနှင့် ကွယ်ဝှက်နေသောဓားများ ရှိနေသည်ကို မြင်ခဲ့ရသည်။ သူသည် ဝါဂွမ်းစလေးတစ်ခုအလား လျင်မြန်စွာ သင်ယူရင်း ကြီးပြင်းလာခဲ့ပြီး ထိုသဘောတရားများကို နားလည်လာခဲ့သည်။

ထိုတိုက်ပွဲပြီးနောက် ရွှီချင်း၏နာမည်ကို လူသားမဟုတ်သောမျိုးနွယ်ဝင်များအားလုံး စွဲထင်စွာ မှတ်မိသွားကြသည်။ ယင်းအပြင် သူတို့ရင်ထဲတွင် ကြောက်ရွံ့စိတ်များလည်း ကြီးစိုးလာခဲ့၏။ သို့သော် သူတို့ သဘောကျသည်၊ မကျသည်ကို အလွယ်တကူ ထုတ်ပြမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုရသော် ထိုရွှီချင်းသည် တန်ခိုးစွမ်းအားအရာ၌သာမက ရက်စက်ကြမ်းကြုတ်သည့်နေရာတွင်လည်း ပြောင်မြောက်လှသည်ကို သူတို့ သိနေသောကြောင့် ဖြစ်သည်။ ရွှီချင်းသည် ဖုန်းကွယ်ရာ၌ ထူးချွန်သည်သာမက လိမ္မာပါးနပ်သူလည်း ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ကို တစ်ချီတည်းဖြင့် လက်စတုံးမပစ်နိုင်ခဲ့ဘဲ အရေးနိမ့်သွားခဲ့ပါက တန်ပြန်ခံစားရမည်မှာ ကြိမ်းသေသည်။

အကျိုးအမြတ်နှင့် ရန်ငြိုးကလဲ့စားများကဲ့သို့ တစ်ဖက်သေမှ ကိစ္စပြတ်မည်ဖြစ်သော တိုက်ပွဲများ မဟုတ်ခဲ့လျှင် မည်သူမျှ အသက်နှင့်ရင်း၍ လှုပ်ရှားရန် ဆန္ဒရှိမည် မဟုတ်ပေ။ အများစုက သူနှင့် ခင်မင်ရင်းနှီးရန်သာ ဆန္ဒရှိကြပေမည်။

ယင်းသည် ရှုပ်ထွေးသော လူ့သဘာဝပင်ဖြစ်သည်။

ညလုံးပေါက်ရှင်းလင်းပြီး၍ ညဉ့်ငှက်အဖွဲ့ဝင်များအားလုံးကို ဖမ်းဆီးပြီးနောက် နာမည်စာရင်းစာအုပ်ကို ရွှီချင်း ရခဲ့သည်။ ထို့နောက် သူက ဂိုဏ်းကို မေးမြန်းခဲ့ပြီး ဂိုဏ်းထံမှ မှန်ကန်ကြောင်း အဖြေရခဲ့သည်။

ထိုစာရင်းသည် ရတနာအကျဉ်းသားများအား ဝယ်ခဲ့သည့်လူများကိုမှတ်တမ်းတင်ထားသည့် စာရင်း ဖြစ်သည်။

စာရင်းစာအုပ်များသည့် ပျက်စီးကိန်းဆိုက်စေသည့် သော့ချက်တစ်ခု ဖြစ်သည့်တိုင်အောင် ထိုစာရင်းစာအုပ်များ တည်ရှိနေခြင်းသည် မှတ်တမ်းတင်ရန်သက်သက်သာ မဟုတ်ဘဲ အပြန်အလှန် စစ်ဆေးထိန်းကျောင်းသည့် နည်းလမ်းလည်း ဖြစ်နေတတ်သည်။

တချိန်တည်းမှာပင် မှတ်တမ်းများကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ယင်းသည် အတိုင်းအတာတစ်ခုအထိ တားမြစ်ရတနာများနည်းတူ တန်ဖိုးရှိသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ အရောင်းအဝယ်စာရင်းများကို ရည်ရွယ်ချက်ရှိရှိ မှတ်တမ်းတင်ခဲ့နိုင်ချေ များသည်။ မှတ်တမ်းထဲတွင် ခုနစ်ဂိုဏ်းမဟာမိတ်က ဝယ်ခဲ့သည့် နာမည်များနှင့် လူအရေအတွက်များသာ အဓိက ပါသည်။ ရွှီချင်းကို အံ့အားသင့်စေခဲ့သည်မှာ ခုနစ်ဂိုဏ်းမဟာမိတ်မှ ဂိုဏ်းတိုင်းက ရတနာအကျဉ်းသားများကို ဝယ်ခဲ့ခြင်း မဟုတ်ပေ။

ခုနစ်ဂိုဏ်းမဟာမိတ်အနက် ဒုတိယမြောက်တောင်ထိပ်၏ အထက်ဂိုဏ်းဖြစ်သော မိုးသောက်ဝိညာဉ်တောင်ကြား၊ ဆဋ္ဌမမြောက်တောင်ထိပ်၏ အထက်ဂိုဏ်းဖြစ်သော ကောင်းကင်ရတနာဂိုဏ်း၊ သတ္တမမြောက်တောင်ထိပ်၏ အထက်ဂိုဏ်းဖြစ်သော ရွှမ်ယုံဂိုဏ်းနှင့် ပဉ္စမမြောက်တောင်ထိပ်၏ အထက်ဂိုဏ်းဖြစ်သော ကံကြမ္မာဗိမာန်တို့က တစ်ယောက်မှ မဝယ်ခဲ့ပေ။

ရတနာအကျဉ်းသားများကို အများဆုံး ဝယ်ခဲ့သည့် ဂိုဏ်းများမှာ တိမ်လွှာဓားဂိုဏ်း၊ မိစ္ဆာသားကောင်ဂိုဏ်းနှင့် စတုတ္ထမြောက်တောင်ထိပ်၏ အထက်ဂိုဏ်းဖြစ်သော မဟာကျယ်ပြန့်တာအိုဂိုဏ်းတို့ ဖြစ်သည်။

တိမ်လွှာဓားဂိုဏ်းနှင့် မိစ္ဆာသားကောင်ဂိုဏ်းမှ ကောင်းကင်လက်ရွေးစင်များကို အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားခဲ့ပြီ ဖြစ်သည်။ မဖမ်းရသေးသည်မှာ မဟာကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူသာ ဖြစ်သည်။

စီမာလင်း၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ရွှီချင်း ပြန်တွေးမိလိုက်ပြီး မဟာကျယ်ပြန့်တာအိုနန်းတော်မှ ထိုကောင်းကင်လက်ရွေးစင်ကို ဖမ်းဆီးချင်လာသည်။ သို့သော်လည်း ကမူးရှူးထိုး ပြုမူရမည်မဟုတ်၍ ထိုသူကို ဖမ်းဆီးခွင့်ရရန် ဂိုဏ်းအား တောင်းဆိုလိုက်သည်။

ကြီးမားသော အကျိုးအမြတ် မဟုတ်ပါက သူ၏စည်းအပြင်ဘက်သို့ ပြောင်ပြောင်တင်းတင်း လှုပ်ရှားနေမည် မဟုတ်ပေ။

ထိုမှတ်တမ်းကို ချန်ထားခဲ့သူ၏ ရည်ရွယ်ချက်ကို မသိရပါသော်လည်း ခုနစ်ဂိုဏ်းမဟာမိတ်နှင့် ဆက်စပ်နေနိုင်သည်။ ဂိုဏ်းထံမှ အတည်ပြုချက်ရပြီး တရားဝင်ထောက်ခံချက်ရမှသာ ဘေးကင်းလုံခြုံမည်ဖြစ်ကြောင်း ရွှီချင်း ခံစားရသည်။

ဂိုဏ်းက သူ့ထံသို့ စကားတစ်လုံးသာ ပို့လိုက်သည်။

“ ဖမ်း ”

ဂိုဏ်း၏အဖြေကို ကြည့်၍ လူဆိုးထိန်းဌာနထဲမှ ရွှီချင်း ထွက်သွားသည်။ နောက်တစ်နေ့မနက်ခင်းတွင် ချီရွှဲ့ထုံဂိုဏ်း၏ လမ်းများပေါ် သူ လျှောက်သွားသည်။

လူဆိုးထိန်းဌာန၏ ညဉ့်လူသတ်ပွဲက အလွန်အကျိုးရှိသွားခဲ့သည်။ ယင်းလူသတ်ပွဲကြောင့် ပင်မမြို့ကြီးထဲရှိ လူ့မိစ္ဆာများ အစအနရှာမရအောင် ပျောက်သွားကြပြီ ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်း၏ စည်းမျဉ်းများက သာမန်လူများကို အဓိက ကာကွယ်ပေးထားသည်။ ထို့ကြောင့် လူဆိုးထိန်းဌာန၏ လုပ်ရပ်များက သာမန်လူများအပေါ် သက်ရောက်ခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သာမန်လူများမှာ ပို၍ ဘေးကင်းလုံခြုံလာသကဲ့သို့ ခံစားလာရသည်။

ရွှီချင်းသည် သူ စားနေကျ မနက်စာဆိုင်ကလေးသို့ ရောက်သွားသည်။ စွပ်ပြုပ်ပူပူနှင့် မုန့်အနည်းငယ် သူ စားလိုက်သည်။ နောက်ဆုံးတွင် ဆိုင်ရှင်၏ အားတက်သရောပြောဆိုမှုကြောင့် ကြက်ဥသုံးလုံး စားလိုက်ပြီး ဝိညာဉ်ကြေးပြားအနည်းငယ် ချန်ခဲ့ကာ နှုတ်ဆက်စကားဆို၍ ထွက်သွားသည်။

ထိုမနက်စာဆိုင်လေးသည် အစက နာမည်မကြီးဘဲ ပင်မမြို့ကြီးထဲရှိ မနက်စာဆိုင်များအနက် တစ်ဆိုင်သာ ဖြစ်ခဲ့သည်။ သို့သော် ပြီးခဲ့သော နှစ်များအတွင်း အပြောင်းအလဲများစွာ ဖြစ်လာခဲ့ပြီး ထိုဆိုင်လေးသည် လူဆိုးထိန်းဌာနထဲတွင် ညကင်းလှည့်တာဝန်ကျဂိုဏ်းသားများအတွက် မသွားမဖြစ် သွားလေ့ရှိသော ဆိုင်လေးတစ်ဆိုင် ဖြစ်လာခဲ့သည်။ ထိုဆိုင်လေးမှာ ယခင်ကထက် အဆပေါင်းများစွာ စီးပွားရေးတိုးတက်လာခဲ့သည်။

ယင်းအပြင် ထိုဆိုင်လေးထဲတွင် ပြဿနာရှာဝံ့သူ တစ်ယောက်မှ မရှိပေ။ ဆိုင်ရှင်သူဋ္ဌေးက အကြောင်းအရင်းကို ကောင်းစွာ သိသည်။ ထို့ကြောင့် စားပွဲကို ရှင်းလင်းပြီးနောက် ထွက်ခွာသွားသော ရွှီချင်း၏နောက်ကျောကို ကြည့်၍ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

လွန်ခဲ့သော သုံးနှစ်က သူ့ဆိုင်သို့ ထိုလူငယ် ရောက်လာခဲ့သည့် ပထမဆုံးအကြိမ်ကို သူ မှတ်မိနေသေးသည်။ ထိုလူငယ်သည် သတိကြီးသော အမူအရာဖြင့် စွပ်ပြုတ်ကို သောက်ပြီးနောက် အားရကျေနပ်သွားဟန် ဖြစ်သွားခဲ့သည်။

“ သုံးနှစ်တောင် ရှိသွားပြီပဲ။ ဘာလိုလိုနဲ့ ဒီလူငယ်လေးလဲ ကြီးပြင်းလာခဲ့ပြီး ဂိုဏ်းထဲမှာ နာမည်ကြီးလာခဲ့ပြီ ”

ဆိုင်ရှင်သည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီးနောက် သွေးညှီနံ့များ ထွက်နေသည့် ဘေးပတ်လည်မှ စားသုံးသူများကို ကြည့်လိုက်သည်။ ထိုသူများသည် ထွက်သွားသော လူငယ်၏ နောက်ကျောကို လေးစားကြည်ညိုသောမျက်လုံးများဖြင့် ကြည့်နေကြသည်ကို သူ မြင်လိုက်သည်။ သူ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

ရွှီချင်းသည် ပုံမှန်ခြေလှမ်းများဖြင့် လျှောက်နေသည်။ သူက ထူးချွန်သော ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပြီး ဂိုဏ်းထဲမှာ တန်ခိုးအာဏာကြီးမားလာပြီ ဖြစ်ပါသော်လည်း သူ့အကျင့်အတိုင်း ချောင်ကြိုချောင်ကြားများမှ သွားရသည်ကို သဘောကျနေဆဲပင်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် ကောင်းကင်ကြီး လင်းထိန်လာကာ လမ်းသွားလမ်းလာများ ပိုများလာသောအခါတွင် စံအိမ်တစ်အိမ်ရှေ့သို့ ရွှီချင်း ရောက်သွားသည်။

ထိုစံအိမ်သည် ချီရွှဲ့ထုံဂိုဏ်းထဲရှိ မဟာကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများ၏ စံအိမ်ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်လာကြသော အပြင်လူများအားလုံး၌ သတ်မှတ်ထားသော စံအိမ်များ ရှိသည်။ ဥပမာအနေဖြင့် မဟာကျယ်ပြန့်တာအိုနန်းတော်အတွက် စံအိမ်သည် နှစ်ထပ်စံအိမ်တစ်လုံးဖြစ်သည်။

ထိုစံအိမ်ကြီးကို မန္တန်အစီအရင်စွမ်းအားများ လွှမ်းခြုံထားသည်။ ခြံတံခါးဆီသို့ လျှောက်သွားသော ရွှီချင်းသည် မန္တန်အစီအရင်စွမ်းအားကို အာရုံခံမိလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဂိုဏ်းမန္တန်အစီအရင်ကြီးခင်ဗျာ ဒီနေရာကို ချုပ်နှောင်ပေးပါ ”

ယခုတစ်ခေါက်တွင် ရွှီချင်းကို အတင်းအကြပ် အမိန့်ပေးလိုက်သည်။ ဂိုဏ်းမန္တန်အစီအရင်ကြီး တဝုန်းဝုန်း မြည်ဟည်းလာပြီး ဖိအားကြီးတစ်ရပ် သက်ဆင်းလာကာ မဟာကျယ်ပြန့်တာအို၏ မန္တန်အစီအရင်များအားလုံးကို ချက်ချင်း ဖိနှိပ်လိုက်သည်။

အထဲမှ တအံ့တသြ ရေရွတ်သံများ ပဲ့တင်ထပ်လာသည်။

ရွှီချင်းသည် စံအိမ်တံခါးကို အတင်းအကြပ် တွန်းဖွင့်လိုက်ရာ မျက်နှာအမူအရာအမျိုးမျိုးဖြင့် ပြေးထွက်လာကြသော လူဒါဇင်အနည်းငယ်ကို မြင်လိုက်ရသည်။

ထိုလူဒါဇင်အနက် ထိပ်ဆုံးမှ ဦးဆောင်လာသည်မှာ ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

မိန်းကလေးသည် ရှုပ်ထွေးသောပန်းခက်များ မပါသည့်် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဝတ်ရုံ၏ အနားကွပ်များတါင်သာ နီစွေးနေပြီး တိမ်လွှာသဏ္ဍာန် ပုံဖော်ထားသည်။ သူမ၏ခန္ဓာကိုယ်မှ ဆေးနံ့များ သင်းပျံ့နေပြီး သူမ၏ရုပ်ရည်က လှပကြော့ရှင်းသည်။

ထိုအချိန်၌ သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများ ဝင်းလက်နေသည်။ ထွက်လာကြသည့် လူများအနက် သူမ၏မျက်လုံးများက အကြည်လင်ဆုံး ဖြစ်ပြီး ကြောက်လန့်သည့်အရိပ်အယောင်များ မြူတစ်မှုန်စာမျှ ရှိမနေပေ။

ထိုမိန်းကလေး၏ ဘေးတွင် အဝါရောင်ဝတ်စုံဝတ်လူငယ်လေးရှိသည်။ သူ၏ရုပ်ရည်က ရွက်ကြမ်းရေကျိုသာ ဖြစ်သည်။ မျက်နှာပေါ်တွင် အစက်အပျောက်များ ရှိသည်။ သို့သော် ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် ရွှီချင်းကို မမှိတ်မသုန် ကြည့်နေ၏။

မိန်းကလေး၏ တခြားတစ်ဖက်တွင် နောက်ထပ်လူငယ်တစ်ယောက်ရှိသည်။ ထိုလူငယ်သည် တိမ်လွှာရုပ်ပုံများဖြင့် ရက်လုပ်ထားသော အပြာရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုတိမ်များသည် ထူးဆန်းပြီး အလိုလို ပြောင်းလဲနေဟန်တူသည်။ ထိုတိမ်များမှ မန္တန်အစီအရင်တစ်ခု၏ အငွေ့အသက်များ ခပ်ရေးရေး ထွက်ပေါ်နေသည်။

သူ၏အသားအရေသည် ဖြူဖျော့နေပြီး သူ့မျက်လုံးများ ဂနာမငြိမ် ဖြစ်နေသည်။ ရွှီချင်းကို ကြည့်ကာ အသက်ရှူသံများ မြန်ဆန်နေသည်။

သူတို့သုံးယောက်နောက်တွင် မဟာကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများ ရှိသည်။ ထိုဂိုဏ်းသားများအားလုံး စိုးရိမ်ပူပန်နေကြ၏။

ရွှီချင်းသည် မနီးမဝေးရှိ သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်ကို ကြည့်လိုက်သည်။ ထိုသုံးယောက်သည် လူခွဲ၍ ရပ်နေကြပြီး စကားတစ်ခွန်းမဆိုပါသော်လည်း သူတို့ခန္ဓာကိုယ်များမှ ရွှေအမြုတေအဆင့်အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်နေသည်။

ရွှီချင်းသည် ဝေ့ကြည့်လိုက်ပြီးနောက် အပြာရောင်ဝတ်ရုံဝတ်လူငယ်ကို ကြည့်လိုက်သည်။

“ မဟာကျယ်ပြန့်တာအိုနန်းတော်က ကျိုးချီဖန်လား ”

All Chapters