← Chapters

ဝမ်ကူးဒေသ ကျားကစားပွဲ ( ၁ )

Vol. 22 Ch. 335

ဝမ်ကူးဒေသ ကျားကစားပွဲ ( ၁ )

Vol. 22 Ch. 335

“ ရွှီချင်း၊ ဒါက ငါ့မဟာကျယ်ပြန့်အိမ်တော်ပဲ။ မင်း ဘာလို့ ဒီရောက်လာတာတုံး ”

ရွှီချင်း၏စကားကို ကြား၍ အပြာရောင်ဝတ်စုံဝတ်လူငယ်၏ အသက်ရှူသံများ မြန်ဆန်သွားပြီး မည်းမှောင်နေသောမျက်နှာဖြင့် ရွှီချင်းကို အော်ပြောလိုက်သည်။

အမှန်စင်စစ် ယမန်နေ့ညက ညဉ့်ငှက်အဖွဲ့အစည်း ဖြိုခွင်းခံခဲ့ရပြီး ဝတ်စုံနက်အဘိုးအိုကို ကောင်းကင်ဓားမော့ဖြင့် ဇီဝိန်ချုပ်ပေးခဲ့ကာ တိမ်လွှာဓားဂိုဏ်းသားကို ချုပ်နှောင်လိုက်ကတည်းက အခြေအနေ မဟန်တော့သည်ကို သူ နားလည်ခဲ့သည်။

မည်သို့ပင်ကြည့်သည်ဖြစ်စေ ညဉ့်ငှက်အဖွဲ့အစည်းနှင့် ပတ်သက်နေသူမှာ သူ တစ်ယောက်တည်းသာ ကျန်တော့သည်။

သို့ဖြစ်၍ သူသည် ကြောက်လန့်တုန်ရီနေသည်မှလွဲ၍ အရေးပေါ်အခြေအနေအတွက် ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းမှ သူ၏သူငယ်ချင်းများကို ချက်ချင်း ဖိတ်ခေါ်ထားခဲ့သည်။

ရွှီချင်း ရောက်လာပြီး သူ့နာမည်အား အော်ခေါ်လိုက်သည်ကိုမြင်၍ ကျိုးချီဖန်၏ ရင်ထဲ ခဲဆွဲထားသကဲ့သို့ လေးလံသွားသည်။

ရွှီချင်းက စကားပြောလိုက်သည့်လူကို ကြည့်လိုက်သည်။ ဤနေရာသို့ သူ လာကတည်းက ကျိုးချီဖန်အကြောင်းကို ကြည့်ရှုခဲ့ပြီး ဖြစ်သည်။ ကျိုးချီဖန်သည် များသောအားဖြင့် သိုသိုသိပ်သိပ် နေတတ်ပြီး စတုတ္ထမြောက်တောင်ထိပ်ကို စိန်ခေါ်သည်မှလွဲ၍ ထင်ထင်ပေါ်ပေါ် မရှိခဲ့ပေ။

“ ဂိုဏ်းရဲ့အမိန့်အရ ညဉ့်ငှက်အဖွဲ့အစည်းနဲ့ ရောင်းဝယ်ခဲ့တဲ့လူကို ဖမ်းဆီးဖို့ ကျုပ် လာခဲ့တာပဲ ကျိုးချီဖန် ”

ရွှီချင်းသည် စကားပြောလိုက်ရင်း ခြေတစ်လှမ်း တိုးသွားသည်။ ထို့နောက် ကျိုးချီဖန်အနီးသို့ ရိပ်ခနဲ ရောက်သွားပြီး ကျိုးချီဖန်ကို ဖမ်းဆုပ်လိုက်သည်။

ကျိုးချီဖန်၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူ့ဝတ်ရုံပေါ်ရှိ အနီရောင်တိမ်စိုင်များ ချက်ချင်း ပေါက်ကွဲသွားပြီး မန္တန်အစီအရင်တစ်ခုအသွင် ချက်ချင်း ပြောင်းလဲသွားကာ ရွှီချင်းကို အညှာအတာမဲ့စွာ ဖိနှိပ်လိုက်သည်။ တချိန်တည်းမှာပင် သူသည် နောက်ဆုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ အစောင့်အရှောက်ကျန်း၊ တာအိုရောင်းရင်းတို့၊ ကျုပ်ကို ကူညီပေးကြပါဦး ”

သူ စကားပြောနေစဉ်မှာပင် ရွှီချင်း၏ညာလက်က အနီရောင်တိမ်မန္တန်အစီအရင်ကို ထိတွေ့သွားပြီ ဖြစ်သည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်း၏နောက်မှ ရွှေကျီးကန်း ပေါ်လာပြီး ရှေ့သို့ တဟုန်ထိုး ဝင်ရောက်သွားသည်။ မန္တန်အစီအရင်မှာ ချက်ချင်း ပျက်စီးသွားပြီး အနီရောင်တိမ်စိုင်များကို ရွှေကျီးကန်းက စုပ်ယူလိုက်သည်။

ကျိုးချီဖန်၏နောက်ရှိ တာအိုအစောင့်အရှောက်သည် ချီတုံချတုံ ဖြစ်နေသည်။ သူ သက်ပြင်းချလိုက်ပြီး ရှေ့တက်သွားသည်။ သို့သော်လည်း ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ဂိုဏ်းမန္တန်အစီအရင်ကြီး ကျရောက်လာသည်။ တာအိုအစောင့်အရှေက်မှာ မခုခံနိုင်ဘဲ မန္တန်အစီအရင်ကြီး၏ အားကို ယူ၍ အဝေးသို့ ဆုတ်ခွာသွားသည်။

မိစ္ဆာသားကောင်ဂိုဏ်းမှ တာအိုအစောင့်အရှောက်ကဲ့သို့ သူ ထုတ်ပယ်မခံချင်ပေ။ ချီရွှဲ့ထုံဂိုဏ်းက လူများကို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သူ သိသည်။ ချီရွှဲ့ထုံဂိုဏ်းကို တားဆီးခြင်းသည် အကျိုးမရှိပေ။

ယင်းအပြင် သူ ထုတ်ပယ်ခံခဲ့ရလျှင် သူ မျက်နှာပျက်ရမည်ဖြစ်ပြီး ကျိုးချီဖန်မှာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။ အတန်ငယ် ချုပ်နှောင်ခံရရုံသာ ဖြစ်မည်။ သို့ဖြစ်ပေရာ သူ့အနေဖြင့် အကျိုးမရှိဘဲ သက်စွန့်ဆံဖျား လုပ်နေရပါမည်နည်း။

သို့ဖြစ်၍ ဂိုဏ်းမန္တန်အစီအရင်ကြီး၏ အကူအညီဖြင့် သူ အလျင်အမြန် နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။

ဝိညာဉ်တောင်ကြားနှင့် ကောင်းကင်ရတနာဂိုဏ်းမှ ကောင်းကင်လက်ရွေးစင်နှစ်ယောက်မှာမူ ရွှီချင်းကို လှမ်းကြည့်လိုက်ပြီးနောက် အသီးသီး နောက်ဆုတ်သွားကြပြီး အကူအညီမပေးကြပေ။

သူတို့မှာ ကူညီပေးရန် တာဝန်မရှိပေ။ ခုနစ်ဂိုဏ်းမဟာမိတ်သည် မဟာမိတ်တစ်ခုသာ ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေ။

ထို့အပြင် ရွှီချင်းက ခိုင်မာသောဆုံးဖြတ်ချက်နှင့် ရောက်လာခြင်းဖြစ်သည်ကို သူတို့ သိသည်။ သူတို့ ကူညီသည့်တိုင်အောင် အသုံးဝင်မည်မဟုတ်။ သို့ဖြစ်ပေရာ ရွှီချင်းနှင့် မည်ကဲ့သို့ ရန်သူများ ဖြစ်ရပါမည်နည်း။

ဤနေရာသို့ သူတို့ကိုယ်တိုင် ရောက်လာခြင်းဖြင့် ကျိုးချီဖန်ကို သူတို့ မျက်နှာသာပေးခဲ့ပြီးပြီ ဖြစ်သည်။ သူတို့ကြားမှာ ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိပေ။ ယခုလို ရောက်လာခြင်းသည်ပင် လုံလောက်နေပြီ ဖြစ်သည်။

ရွှီချင်း၏အနာဂတ်က နေမင်းကြီး ထွန်းလင်းလာသည့်အလား အဆုံးအစမဲ့သည်။ ယင်းအပြင် ဂိုဏ်းများအကြားက ပဋိပက္ခများသည် ဂိုဏ်းသားတစ်ဦးတစ်ယောက်ချင်းစီနှင့် မသက်ဆိုင်ပေ။ သူတို့သာ ရွှီချင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားနိုင်ခဲ့လျှင် ပို၍ အဖိုးတန်နေမည်သာ ဖြစ်သည်။

သူတို့သည် နောက်ဆုတ်နေရင်း သူတို့ထဲမှ နှစ်ယောက်က ရွှီချင်းကို လက်နှစ်ဖက်ဆုပ်ပြလိုက်သည်။ ယင်းသည် သူတို့နှင့် ကျိုးချီဖန်အကြားတွင် စည်းခြားထားချင်သည့်အဓိပ္ပာယ် ပြနေပေသည်။

ထိုသည်ကိုမြင်၍ ကျိုးချီဖန် မျက်နှာပျက်သွားသော်လည်း တစ်ခွန်းမဆိုပေ။

ထိုသို့ဖြစ်လာမည်ကိုလည်း သူ ခန့်မှန်းထားခဲ့ပြီးသားပင်။ အကယ်၍ ထိုနှစ်ယောက် လှုပ်ရှားခဲ့လျှင်မူ အကောင်းဆုံး ဖြစ်သည်။ သူတို့ မလှုပ်ရှားခဲ့ကြသည့်တိုင်အောင် သူ အဖမ်းခံရသည်ကို လူများစွာ မြင်စေချင်သည့် သူ့ဆန္ဒ အထမြောက်သွားခဲ့ပြီဟု ယူဆနိုင်သည်။

သို့ဖြစ်ပေရာ သူ အကျဉ်းချခံရသည့်တိုင်အောင် အသက်အန္တရာယ်ကို စိတ်ပူနေစရာ လိုတော့မည် မဟုတ်ပေ။

လူအများအပြား စောင့်ကြည့်နေကြသည်ဖြစ်၍ သေချာပေါက် သူ့ဂိုဏ်း၏ဂုဏ်သိက္ခာ ထိခိုက်သွားပေမည်။

ထို့နောက် သူ့ဂိုဏ်းအနေဖြင့် ကျဆင်းသွားသော ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ရန် သူ လွတ်မြောက်အောင် အမြန်လုပ်ဆောင်မည် ဖြစ်သည်။

ထိုလူအသီးသီး၌ အတွေးကိုယ်စီ ရှိနေကြသည်။ သူတို့အကြောင်း သူတို့ တွေးတောနေကြစဉ် ရွှီချင်းသည် ဒုတိယမြောက်ခြေလှမ်း လှမ်းလိုက်ပြီး ကျိုးချီဖန်ရှေ့သို့ ရောက်သွားသည်။ ထို့နောက် ညာလက်ကို မြှောက်၍ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော ကျိုးချီဖန်ကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။

“ ငါ မင်းနဲ့ လိုက်ခဲ့မယ် ”

ကျိုးချီဖန်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပြီးပြီးဟု သူ ခံစားရသည်။ ခွေးသေတစ်ကောင်လို ထိုးကြိတ်ကန်ကျောက်ပြီး ဖမ်းဆီးခံရမည့်အဖြစ်မျိုး သူ မလိုချင်ပေ။ ယင်းမှာ ရှက်စရာကောင်းလှသည်။

ရွှီချင်း၏ မျက်ခုံးမွေးများ ပင့်သွားသည်။

ထိုအခြင်းအရာကို ကျိုးချီဖန် မြင်သောအခါ စိတ်ထဲတုန်ရီသွားသည်။ သို့သော်ငြား ခေါင်းမာပြီး ဒေါသထွက်နေသည့်အမူအရာကို သူ ဆင်မြန်းထားဆဲပင်။

“ ရွှီချင်း၊ ရတနာအကျဉ်းသားတွေကို ငါ ဝယ်ခဲ့တယ်ဆိုပေမဲ့ ငါ့ကိုယ်ကျိုးအတွက် သုံးခဲ့တာ မဟုတ်ဘူး။ ငါ့မှာ အဲဒီလိုအကျင့်မျိုး မရှိဘူး။ ဂိုဏ်းထဲက လူတချို့ကိုယ်စား ငါ ဝယ်ခဲ့တာ ”

“ ပြီးတော့ ဒီနေ့ပဲ အဲဒီရတနာအကျဉ်းသားတွေကို ငါ ပြန်လွှတ်ပေးလိုက်ပြီ။ အဲဒီရတနာအကျဉ်းသားတွေစာရင်းကို မင်းရဲ့ လူဆိုးထိန်းဌာနဆီ ငါ ပို့ခိုင်းလိုက်ပြီ။ အချိန်တွက်ကြည့်ရသလောက် အခုလောက်ဆို ရောက်နေလောက်ပြီ ”

ကျိုးချီဖန်သည် ခိုင်မာပြတ်သားသော အမူအရာဖြင့် သက်ပြင်းချလိုက်ပြီး မြန်မြန် ပြောလိုက်သည်။

ရွှီချင်း၏မျက်နှာ တစ်မျိုးဖြစ်သွားသည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ်ပေါ်ရှိ အသံလွှင့်ကျောက်စိမ်းပေလွှာမှာ တုန်ခါသွားသည်။ သူ၏အာရုံကို ဖြန့်ကျက်လိုက်ရာ သူ့စိတ်ထဲမှာ လူဆိုးထိန်းဌာနမှ စာတစ်စောင် ပေါ်လာသည်။

“ ဌာနမှူး … မဟာကျယ်ပြန့်တာအိုဂိုဏ်းက ကျိုးချီဖန်နာမည်နဲ့ ရတနာအကျဉ်းသားတွေ စာရင်းကို လူတစ်ယောက် လာပို့ပါတယ်။ ညဉ့်ငှက်အဖွဲ့အစည်းကို ဖမ်းဆီးခဲ့လို့ လူဆိုးထိန်းဌာနကို ဆုကြေးငွေတစ်ခုလည်း ပေးလာပါတယ်။ အဲဒီဆုကြေးငွေထဲမှာ ဝိညာဉ်ကျောက်တုံးနှစ်သန်းနဲ့ အမည်မသိဆေးလုံးတစ်လုံးလည်း ပါပါတယ်။ အဲဒီလူပြောတာကတော့ ဓမ္မတံခါးဖွင့်ဆေးလို့ ပြောပါတယ် ”

ရွှီချင်းက ကျောက်စိမ်းပေလွှာအား စစ်ဆေးကြည့်နေသည်ကို မြင်၍ ကျိုးချီဖန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော်လည်း အပြင်ပန်းတွင် ခေါင်းမာပြီး ဒေါပွနေသောအမူအရာကို ဆင်မြန်းထားဆဲပင်။

ရွှီချင်းသည် ကျိုးချီဖန်ကို စိုက်ကြည့်လိုက်ပြီးနောက် ညာလက်ကို အောက်သို့ တဖြည်းဖြည်း ချလိုက်သည်။

“ သွားမယ် ”

ရွှီချင်း လှည့်၍ ထွက်သွားသည်။

All Chapters