← Chapters

ဝမ်ကူးဒေသ ကျားကစားပွဲ ( ၂ )

Vol. 22 Ch. 336

ဝမ်ကူးဒေသ ကျားကစားပွဲ ( ၂ )

Vol. 22 Ch. 336

ကျိုးချီဖန်က အေးစက်စက်နှာမှုတ်၍ မေးကိုပင့်ထားသည်။ ဘေးပတ်လည်ရှိ ဂိုဏ်းသားများ၏ တိတ်ဆိတ်သောအကြည့်များအောက်တွင် သူသည် ကျယ်ပြန့်တာအိုနန်းတော်စံအိမ်ဝင်ပေါက်မှ ထွက်သွားသော ရွှီချင်းနောက်သို့ ခပ်သုတ်သုတ် လိုက်သွားသည်။

သူသည် လူဆိုးထိန်းဌာနအကျဉ်းထောင်သို့ သွားရာလမ်းတစ်လျှောက်လုံး ခေါင်းမာသည့်အမူအရာဖြင့် လျှောက်သွားသည်။

သူ့အတွက် သတ်မှတ်ထားသော အကျဉ်းခန်းက သေလုမျောပါးဖြစ်နေသည့် စီမာလင်းနေသော အကျဉ်းခန်းထက် သိသိသာသာ ပိုကောင်းနေသည်ကို သူ မြင်သောအခါမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“ ငါ မြန်မြန်လုပ်လိုက်တာ အဆင်ပြေသွားတယ်။ နို့မဟုတ်ရင် ဒီတစ်ခေါက် မရှုမလှ ခံလိုက်ရမှာ ”

ယင်းနောက် ပို၍ ဆိုးဆိုးဝါးဝါးဖြစ်နေသော ဟွမ်ရီခွန်နှင့် သူတော်စင်ကြယ်၏ ဆရာတူညီကို မြင်လိုက်ရပြီး သူ တုန်လှုပ်သွားသည်။ ဟွမ်ရီခွန် ပျောက်သွားခြင်းသည် ရွှီချင်းနှင့် ဆက်စပ်နေမည်ဖြစ်ကြောင်း သူ ခန့်မှန်းထားခဲ့ပါသော်လည်း ယခုကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဟွမ်ရီခွန်ကို မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသောအခါ သူ၏ပြင်ဆင်မှုများ မှန်ကန်သွားခဲ့ကြောင်း စိတ်ထဲမှ လေးလေးနက်နက် ခံစားလိုက်ရသည်။

တချိန်တည်းမှာပင် စီမာလင်းနှင့် ဟွမ်ရီခွန်တို့ကို ချုပ်နှောင်ကွင်းနှစ်ဆယ်ကွင်းဖြင့် ချုပ်နှောင်ထားပြီး သူ့ကို ချုပ်နှောင်ကွင်းဆယ့်ရှစ်ကွင်းဖြင့် ချုပ်နှောင်ထားသည်ကိုလည်း သတိထားမိလိုက်သည်။

“ ကြည့်ရတာ ရွှီချင်းက အကျိုးသင့်အကြောင်းသင့် ပြောလို့ ရတဲ့ လူတစ်ယောက်ပဲ ”

ကျိုးချီဖန် သက်ပြင်းချလိုက်ပြီး သူ၏အစီအစဉ်ကို ပို၍ သဘောခွေ့သွားသည်။ ယခုတစ်ကြိမ်တွင် ထိုကိစ္စပြေလည်စေရန်နှင့် သူ၏ဂုဏ်သိက္ခာ မကျစေရန် တိုးတိုးတိတ်တိတ်တစ်မျိုး ပေါ်ပေါ်ထင်ထင်တစ်မျိုးဖြင့် နည်းလမ်းပေါင်းစုံ သုံးခဲ့ရသည်ဟု ဆိုနိုင်သည်။

သူသည် စီမာလင်းနှင့် မတူညီပေ။ သူက စစ်ဆေးရေးတွင် အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ သူ များစွာ မျက်နှာပျက်သွားမည် မဟုတ်ပေ။ သူ့ဂိုဏ်းသည်သာ ဂုဏ်သိက္ခာကျဆင်းသွားမည်ဖြစ်ပြီး ယင်းသည် သူနှင့် ဘာမှမသက်ဆိုင်ပေ။

ထို့အပြင် သူ နေရသည့်နေရာသည် မဆိုးလှပေ။ အထူးသဖြင့် စီမာလင်းနှင့် ဟွမ်ရီခွန်တို့ နိုးထလာကြပြီး သူ ရှိနေသည့်အကျဉ်းခန်းသို့ စိတ်ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်ကို သူ သတိထားမိလိုက်သည်။ သူတို့၏ ဝေခွဲမရသော အကြည့်များကြောင့် ကျိုးချီဖန် အနည်းငယ် ဂုဏ်ယူသွားသည်။

ကျိုးချီဖန် ဖမ်းဆီးခံရခြင်းနှင့်အတူ စိန်ခေါ်ပွဲများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး တစ်ယောက်မှ စိန်မခေါ်ကြတော့ပေ။ ချီရွှဲ့ထုံဂိုဏ်း၏ ပျော်ပွဲရွှင်ပွဲအခမ်းအနားက ဆက်လက်ကျင်းပနေသည်။

ရွှီချင်းမှာမူ ညဉ့်ငှက်အဖွဲ့အစည်းကိစ္စအား ဖြေရှင်းပြီးနောက် ဂိုဏ်းမှ ရက်တိုခရီးထွက်ရန် စီစဉ်ထားသည်။

သူ သွားမည့်နေရာမှာ ဖီးနစ်တားမြစ်နယ်မြေဖြစ်သည်။

သူသည် ဂိုဏ်းထဲမှ ဝယ်ယူရရှိနိုင်သော အဆိပ်မြက်များနှင့် အဆိပ်များအားလုံးနီးပါး ဝယ်ခဲ့ပြီး ဖြစ်သည်။ တစ်ဆယ့်ခြောက်ကြိမ်မြောက်ပိုးကောင်နက်အသုတ်ပြီးနောက် အတားအဆီးတစ်ခုကို ကြုံတွေ့လိုက်ရသည်။

အဆိပ်တားမြစ်ဆေးအား သန့်စင်မည့် သူ့အစီအစဉ် ရပ်သွားခဲ့သည်။

သူ ရှေ့မဆက်နိုင်တော့ပေ။

ရွှီချင်း လေ့လာကြည့်ပြီးနောက် အဆိပ်မြက်ပင်များက လုံလောက်အောင် အဆင့်မမြင့်သည့်အတွက်ကြောင့်သာ ရှေ့မဆက်နိုင်ခြင်းဖြစ်ကြောင်း ခံစားလိုက်ရသည်။ ပိုးကောင်နက်များ အဆင့်တက်သွားစေရန် ပိုပြီး ပြင်းထန်သော အဆိပ်များ သူ လိုအပ်သည်။

ထိုသို့ အဆိပ်ပြင်းသော အဆိပ်မြက်ပင်များရှိနိုင်သည့် အသင့်တော်ဆုံးနေရာမှာ ဖီးနစ်တားမြစ်နယ်မြေသာ ဖြစ်သည်။

ယင်းအပြင် ခေါင်းဆောင် ပြောကြားခဲ့သည့် အစွန်းရောက်ကောင်းကင်ဓားမော့အမွေသည်လည်း ဖီးနစ်တားမြစ်နယ်မြေထဲမှာ ရှိနေသည်။ ရွှီချင်းသည် ထိုနေရာသို့ သွားကြည့်ရန် စီစဉ်ထားသည်။ ထိုအတွေးဖြင့် ရွှီချင်းသည် နောက်ထပ်ရက်အနည်းငယ်အတွင်း ဖီးနစ်တားမြစ်နယ်မြေအကြောင်း သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းနေခဲ့သည်။

ထိုတားမြစ်နယ်မြေသည် ဂိုဏ်းအနီးအနားမှာတည်ရှိပြီး ပထမတောင်ထိပ် လေ့ကျင့်သည့်နေရာလည်း ဖြစ်သည်။ သို့ဖြစ်၍ နန်းဟွမ်ဒေသတစ်ခွင်လုံးတွင် ဖီးနစ်တားမြစ်နယ်မြေအကြောင်း နားအလည်ဆုံးအင်အားစုမှာ ချီရွှဲ့ထုံဂိုဏ်း၏ ပထမတောင်ထိပ်ဖြစ်သည်။

ဖီးနစ်တားမြစ်နယ်မြေနှင့် ပတ်သက်ပြီး အကြောင်းအရာမျိုးစုံရှိသည်။

သို့သော်လည်း ပထမတောင်ထိပ်မှ လူများကို ရွှီချင်း မယုံကြည်ပေ။ ထို့ကြောင့် ငွေကုန်ကြေးကျခံ၍ ရင်းမြစ်အသီးသီးမှ သတင်းအချက်အလက်များ ဝယ်ခဲ့ပြီး ထိုအချက်အလက်များကို သူကိုယ်တိုင် နှိုင်းယှဉ်ကြည့်ခဲ့သည်။ တချိန်တည်းမှာပင် အသိဉာဏ်ဌာနသို့ သွား၍လည်း သူ ရှာဖွေခဲ့သည်။

နောက်ဆုံးတွင် စာဖိုင်တစ်ရာခန့် မွှေနှောက်ရှာဖွေပြီးနောက် ဖီးနစ်တားမြစ်နယ်မြေအကြောင်းကို အကျဉ်းချုပ် သူ မှတ်သားထားခဲ့သည်။

ထိုမှတ်သားထားသည့်အရာများထဲတွင် အဆိပ်ပင်များ ရှိနေတတ်သောနေရာများနှင့် အဆိပ်နှင့်ပတ်သက်ပြီး သူ့ကို အကူအညီဖြစ်စေနိုင်သော မိစ္ဆာများနေထိုင်သည့်နေရာများလည်း ပါဝင်သည်။

တချို့အသေးစိတ်အချက်အလက်များကိုမူ အကြိမ်ရေများစွာ နှိုင်းယှဉ်ကြည့်ပြီးနောက် သူ လုံးဝ နားလည်သွားခဲ့သည်။

ထို့နောက် ဖီးနစ်တားမြစ်နယ်မြေသို့ သွားရန် ပစ္စည်းအချို့ကို ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ တိုးတိုးတိတ်တိတ် ဖြစ်စေ ပြင်ဆင်ခဲ့သည်။ အကျဉ်းချခံထားရသော ညဉ့်ငှက်အဖွဲ့ဝင်များထံမှ နှလုံးသွေးများလည်း သူ ရခဲ့သည်။

အကျဉ်းချခံထားရသော ညဉ့်ငှက်အဖွဲ့ဝင်ပေါင်း ထောင်းချီရှိနေ၍ နှလုံးသွေးဆယ့်တစ်ပုလင်း ရခဲ့သည်။ ထိုပုလင်းများကို ရွှီချင်း ကြည့်ပြီးနောက် သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

ထိုနှလုံးသွေးများသည် တားမြစ်နယ်မြေထဲရှိ မိစ္ဆာနယ်မြေတစ်ခု၌ ပစ္စည်းများကို ဝယ်ယူနိုင်သော ငွေကြေးဖြစ်သည်။

ရွှီချင်း ပြင်ဆင်နေစဉ် ဂိုဏ်းဆီသို့ ဧည့်သည်များ တဖွဲဖွဲ ရောက်လာကြသည်။

နေ့စဉ်နေ့တိုင်း အင်အားစုမျိုးစုံ ရောက်လာတတ်သည်။ ချီရွှဲ့ထုံဂိုဏ်းကြီး ပို၍ စည်ကားသက်ဝင်လာစဉ် ချီရွှဲ့ထုံဂိုဏ်းသားများအကြား ဆူညံပွက်လာရိုက်သွားစေသော နောက်ထပ်အင်အားကြီးအုပ်စုတစ်စု ရောက်လာသည်။

ယင်ဟွမ်ပြည်နယ်ရှိ အင်အားစုကြီးခြောက်စုအနက် တစ်စုဖြစ်သော လီထူတာအိုယဇ်ပလ္လင် …

နန်းဟွမ်ဒေသကြီးထဲရှိ လီထူဂိုဏ်းသည် လီထူတာအိုယဇ်ပလ္လင်အင်အားစု၏ ဂိုဏ်းခွဲဖြစ်သည်။ သို့ဖြစ်၍ လီထူတာအိုယဇ်ပလ္လင်အင်အားစု ရောက်လာခြင်းကြောင့် နန်းဟွမ်ဒေသကြီးထဲရှိ လီထူဂိုဏ်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ယခုတစ်ခေါက်တွင် လီထူတာအိုယဇ်ပလ္လင်အင်အားစုမှ လူငါးယောက် ရောက်လာခဲ့သည်။

ထိုလူငါးယောက်ကို ရွှီချင်း ကိုယ်တိုင်မမြင်ခဲ့ရပါသော်လည်း တင်ပြချက်များမှတစ်ဆင့် သူတို့အကြောင်း သိခဲ့သည်။ ထိုလူငါးယောက်သည် ဆက်ခံသူမင်းသားများနှင့် အဆင့်တူဖြစ်သော လီထူတာအိုယဇ်ပလ္လင်အင်အားစု၏ နတ်ကလေးငယ်များ ဖြစ်ကြသည်။

လီထူတာအိုယဇ်ပလ္လင်အင်အားစု၏ တာအိုကလေးငယ်ငါးယောက်အကြောင်း တင်ပြချက်ကို သူ ကြည့်ရှုလိုက်သောအခါ ထိုတင်ပြချက်စာဖိုင်ကို ကိုင်ထားသည့် သူ့လက်များ ဆတ်ခနဲ ရပ်တန့်သွားသည်။

တစ်စုံတစ်ခုကို ပြန်တွေးမိလိုက်သည့်အလား သူ့မျက်နှာပေါ်မှာ ထူးဆန်းသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ သူ့အစ်ကိုလား ”

လီထူတာအိုယဇ်ပလ္လင်အင်အားစု၏ နတ်ကလေးငယ်ငါးယောက်အနက် တစ်ယောက်ကို ရတနာမုဆိုးစခန်းတွင် သူ မြင်ခဲ့ဖူးသည်။

ထိုသူသည် မျက်နှာတွင် အမာရွတ်ရှိသော မိန်းကလေး၏ အစ်ကို ဖြစ်သည်။

“ သူ အခု ဘယ်လိုဖြစ်နေပြီလဲ မသိဘူး ”

ရွှီချင်း၏စိတ်ထဲ စုတ်ပြတ်ပေရေနေသော မျက်နှာနှင့် မိန်းကလေး၏ပုံရိပ် ပေါ်လာသည်။ ထိုမိန်းကလေးသည် တဖွဲဖွဲကျနေသော နှင်းများထဲ ရပ်ကာ သူ့ကို ပြုံးပြနေသည်။ ထို့နောက် ထိုမိန်းကလေးက သူ့ကို ချိုချဉ်တစ်လုံး ပေးလိုက်သည်။

“ အစ်ကို ကလေး … ညီမ စိတ်ဓာတ်ကျနေရင် ညီမအမေက ညီမကို ချိုချဉ်ပေးတယ်။ အဲဒီချိုချဉ်လေးစားလိုက်ရင် ညီမ ပိုပျော်လာတယ် ”

“ ဒါက နောက်ဆုံးကျန်တဲ့ချိုချဉ်ပဲ။ ဒါ အစ်ကို့ကို ပေးတာ ”

“ အစ်ကိုကလေး၊ ပျော်ပျော်နေရမယ်နော် ”

ရွှီချင်း ငြိမ်သက်သွားသည်။ သမားတော်ကြီးပိုင်၏ စကားများကို သူ ပြန်တွေးမိလိုက်သည်။

“ ငါတို့ မသေသေးရင် ပြန်ဆုံကြဦးမှာပါ ”

ရက်ပေါင်းများစွာ ကြာပြီးနောက် ဖီးနစ်တားမြစ်နယ်မြေအတွက် ပြင်ဆင်မှုများအားလုံး ပြီးစီးသွားသောအခါ ညအခါသယမတွင် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှ ရွှီချင်း ထွက်လာခဲ့သည်။ သူသည် ပထမတောင်ထိပ်လမ်းမှတစ်ဆင့် အမှောင်ထုထဲ ဖြတ်သန်းကာ ဖီးနစ်တားမြစ်နယ်မြေသို့ တန်းတန်းမတ်မတ် သွားလေသည်။

ရွှီချင်း ထွက်သွားပြီး တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်း၏ သတ္တမမြောက်တောင်ထိပ်ရှိ အဆောင်တစ်ဆောင်၌ လရောင်အောက်တွင် အနက်ရောင်တာအို ဝတ်ဆင်ထားပြီး မျက်လုံးများ စူးရှတောက်ပကာ မျက်နှာ၌ အရေးအကြောင်းများ ထင်ဟပ်နေသော အဘိုးအိုတစ်ဦးသည် သတ္တမမြောက်သခင်ကြီးနှင့် ကျားကစားနေသည်။

ထိုအဘိုးအိုသည် ချီရွှဲ့ထုံဂိုဏ်း၏ ဘိုးဘေးဖြစ်သော ရွှယ်လျန့်ကျစ်မှလွဲ၍ တခြားသူ မဟုတ်ပေ။ သူ့မျက်လုံးများ စူးရှတောက်ပနေခြင်းသည် သူ၏မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြနေပေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ' တာအိုတစ်ထောင်ဖြိုခွင်းခြင်း ' ဟု ခေါ်ဆိုကြသော ဗလာနတ္ထိအဆင့်တစ် ဖြစ်သည်။

သူ၏မျက်လုံးများထဲမှ စူးရှတောက်ပသော အလင်းတိုင်းသည် မဟာတာအို ဖြစ်သည်။

သူတို့နှစ်ယောက်အပြင် ဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ ထိုအမျိုးသမီးသည် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားပြီး ထူးခြားသောရုပ်ရည်ရှိသည်။ သူမသည် မျက်နှာသေဖြင့် သူတို့နှစ်ယောက်အတွက် ရေနွေးများ ငှဲ့ပေးနေသည်။

ရွှီချင်းသာ ရှိနေခဲ့လျှင် ထိုသက်လတ်ပိုင်းအရွယ်အမျိုးသမီးမှာ တင်းရွှယ်၏ ဒေါ်လေးဖြစ်ကြောင်း မှတ်မိနေမည် ဖြစ်သည်။

ဘိုးဘေးရွှယ်လျန့်ကျစ်သည် သူ၏လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်မော့သောက်လိုက်သည်။ သူသည် ကျားခုံကို စူးစိုက်ကြည့်ကာ နောက်ထပ်ရွှေ့ရမည့်အကွက်အား စဉ်းစားနေသော အမှတ်ခုနစ်သခင်ကြီးအား ကြည့်ကာ ပြုံးလိုက်သည်။

“ အမှတ်ခုနစ်၊ ဒီကျားကစားပွဲထဲမှာဆိုရင် ခုနစ်ဂိုဏ်းမဟာမိတ်ရဲ့ နောက်ထပ်ရွှေ့ကွက်က ဘာဖြစ်မယ်လို့ ထင်လဲ။ သူတု့ိက အခုလိုမျိုး ကြီးကြီးကျယ်ကျယ်ဖြစ်အောင် ဖန်တီးပြီး ချီရွှဲ့ထုံဂိုဏ်းကို အပြစ်ပေးမယ်ဆိုပြီး လူသိရှင်ကြား ကြေညာနေတယ်။ သူတို့ ဒီလိုလုပ်နေပုံထောက်ရင် သူတု့ိရဲ့ ရည်ရွယ်ချက်အမှန်က ဘာဖြစ်မလဲ ”

ရွှယ်လျန့်ကျစ်က အဓိပ္ပာယ်လေးနက်သောအပြုံးဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဘိုးဘေးက ကျုပ်ကို စမ်းသပ်နေမှန်း ကျုပ် သိပေမဲ့ ကျုပ်က တုံးတယ်။ မသိဘူး ”

အမှတ်ခုနစ်သခင်ကြီးက အတွေးထဲနစ်မျောနေဟန်ဆောင်လိုက်သည်။

“ မင်းက ဖုံးကွယ်ရတာကို သဘောကျတုံးပဲကိုးကွ ”

ရွှယ်လျန့်ကျစ်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည်လည်း ပြုံးလိုက်သည်။ သူသည် နောက်ထပ်ရွှေ့ကွက်ကို စဉ်းစားပြီးသွားဟန်တူပြီး ကျားစေ့တစ်စေ့ကို ကောက်ယူကာ ကျားခုံပေါ် တင်ထားလိုက်သည်။

“ အဆင့်နိမ့်တဲ့ကျားစေ့ခုနစ်စေ့ အစားခံရရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ အဆင့်မြင့်ကျားစေ့တစ်စေ့သာ အစားခံလိုက်ရရင် အားလုံးရှုံးမှာပဲ။ ဥပမာ၊ ခုနစ်ဂိုဏ်းမဟာမိတ်က ဟိန်ဟန်အပြည့်နဲ့ တောင်အရပ်ကို ဦးတည်နေပေမဲ့ သူတို့ ရည်ရွယ်ချက်အမှန်က မြောက်အရပ်ဖြစ်မှာ သေချာတယ် ”

“ ခုနစ်ဂိုဏ်းမဟာမိတ်က မြောက်အရပ်က အားဖြည့်နတ်မြစ်ကို ငမ်းငမ်းတက်လိုချင်နေတာ ကြာပြီ။ ထိုက်စီရှန်းမုန်ဂိုဏ်းသာ ခုနစ်ဂိုဏ်းမဟာမိတ်ကို နည်းလမ်းပေါင်းစုံနဲ့ မဟန့်တားခဲ့ဘူးဆိုရင် ခုနစ်ဂိုဏ်းမဟာမိတ်က အခုလိုအခြေအနေကို ရောက်နေမှာ မဟုတ်ဘူး။ ဒီတော့ ဘာဆက်ဖြစ်မလဲ မကြာခင် ကျုပ်တို့ သိရလောက်မှာပါ ”

“ ထိုက်စီရှန်းမုန်ဂိုဏ်းသာ ဒေါသထွက်လာရင် ကျုပ်တို့လည်း လုပ်ရကိုင်ရ အဆင်ပြေလာမှာ ”

အမှတ်ခုနစ်သခင်ကြီးက ခပ်တိုးတိုး ပြောလိုက်သည်။

All Chapters