လုပ်လေ ထပ်ကြိုးစားကြည့်
Vol. 25 Ch. 373
ရဲ့လင်းချန် ရှေ့သို့ လျှောက်သွားသည်နှင့် ပတ်ဝန်းကျင်မှ အော်ဟစ်အားပေးသံများက ကျယ်သထက် ကျယ်လောင် လာသည်။ ရဲ့လင်းချန်က ကိုရီးယားနိုင်ငံကို နိုင်နိုင်မလား သူတို့ မသိသော်လည်း သူတို့၏ အားအင်များက နောက်ကောက်ကျမနေခဲ့ပေ။
အချိန်တိုအတွင်းမှာပင် စိတ်ဓာတ်ကျနေသော တရုတ်လူမျိုးများသည် ဥက္ကဋ္ဌ သုံးယောက်၏ အပြုအမူများကို မြင်ပြီးနောက် ရဲ့လင်းချန်အပေါ် မျှော်လင့်ချက် မထားဘဲ မနေနိုင်အောင် ဖြစ်လာရသည်။
ကျောက်ရီထျန်းသည် ရဲ့လင်းချန်ကို လှမ်းကြည့်ပြီး တစ်ခဏမျှ မှင်တက်နေမိသည်။
ဥက္ကဋ္ဌ သုံးယောက်က ဦးနှောက်ပျက်နေ၍ ရဲ့လင်းချန်ကို ဖိတ်ခြင်း မဟုတ်မှန်း သူ တွေးမိပါသည်။ ရဲ့လင်းချန်နှင့် သူ ယှဉ်ပြိုင်ဖူးသဖြင့် တစ်ဖက်လူ၏ ခွန်အားကို သူ သိပါ၏။ သူ တိတ်ဆိတ်စွာသာ ရေရွတ်လိုက်မိသည်။
“တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘော လောကကိုယ်စား ဂုဏ်ရောင်ဂုဏ်ဝါ ရရှိအောင် မင်း လုပ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”
ကိုရီးယားနိုင်ငံမှ လူများသည် ရဲ့လင်းချန်ကို မျက်မှောင်ကြုတ်၍ ကြည့်နေပြီး သူ၏ နောက်ခံက ဘာမှန်းမသိ ဖြစ်နေကြလေသည်။
ထိုသို့သောအချိန်၌ အစောပိုင်းက ဘတ်စကက်ဘော ကစားကွင်းထဲ၌ ရဲ့လင်းချန်၏ တားဆီးခြင်း ခံလိုက်ရသည့် ကိုရီးယားလူမျိုး ကစားသမားသည် သူ့အား မကျေနပ်သော အမူအရာဖြင့် ကြည့်နေ၏။ ထို့နောက် သူက လက်မကို အောက်စိုက်ပြ၍ ရဲ့လင်းချန်အား အလွန် မခန့်သော အမူအရာမျိုး လုပ်ပြလေသည်။
ဤသည်ကိုမြင်သော် ကိုရီးယားနိုင်ငံမှ လူများသည် သတိဝင်လာပြီး တရုတ်လူမျိုးများအား ဖိအားပေးရန် အသည်းအသန် စတင် အော်ဟစ်ကြသည်။
“မင်းကို မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ငါ ထင်မထားမိဘူး၊ ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်၊ မင်းက ငါ့ကို ဘောလုံး လှမ်းပစ်တာကို တားရဲတဲ့အထိ သတ္တိကောင်းတာပဲ၊ အဲ့တော့ အခု ငါ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးရတာပေါ့”
ရဲ့လင်းချန် အရှေ့သို့ ရောက်လာသောအခါ ထိုကစားသမား၏ မျက်လုံးများက ကျဉ်းမြောင်းနေပြီး ရဲ့လင်းချန်အား အေးစက်စွာ ပြောဆိုသည်။
သူသည် နံပါတ်တစ်ဆယ် ဂျာစီကို ဝတ်ဆင်ထားပြီး အားလုံး၏ အပြုအမူအရ သူသည် ကပ္ပတိန် မဟုတ်သော်လည်း အသင်း၏ အဓိကလူ ဖြစ်သည်မှာ အသေအချာပင်။
ရဲ့လင်းချန်က ထိုကစားသမားအား အသာအယာ ကြည့်နေပြီး သူ့စကားကို မကြားသည့်ဟန်ဖြင့် ဘေးမှ ဖြတ်သွားလေသည်။
လျစ်လျူရှုခြင်းပင်။
လျစ်လျူရှုခြင်းသည် မည့်သည့် စကားလုံးမဆိုထက် ပိုကြီးမားသည့် စော်ကားမှုကြီး တစ်ခုပင်။
ထိုအပြုအမူက နံပါတ်တစ်ဆယ် ကစားသမား၏ မျက်နှာကို ပို၍ သုန်မှုန်သွားစေသည်။ သူက လက်ကိုမြှောက်၍ အချက်ပြလိုက်သည်။ သူ့အသင်းဖော်များအား နေရာမြန်မြန် ပြန်ယူကြရန် အချက်ပြလိုက်ခြင်းပင်တည်း။
“ဒီကောင်လေး၊ သူ့မှာ ကောင်းမွန်တဲ့ အရှိန်အဝါတစ်ခု ရှိတဲ့ပုံပဲ”
ဝန်ကြီးချုပ်ဖန့်သည် ရဲ့လင်းချန်အား အသိအမှတ်ပြုသည့်ဟန်ဖြင့် ကြည့်နေပြီး ပြုံးနေလေသည်။ မည်သို့ပင် ဆိုစေကာမူ အနည်းဆုံးတော့ ရဲ့လင်းချန်၏ အရှိန်အဝါက အခြေအနေကို တည်ငြိမ်သွားစေသည်။
“သူ့ရဲ့ အရှိန်အဝါတင် မကဘူး၊ သူ့ရဲ့ ဘတ်စကက်ဘော စွမ်းရည်ကလည်း ချမ်စန်းကို အပြတ်အသတ် အနိုင် ပိုင်းခဲ့တာ”
ဖန်ဟမ်က သူ့ခုံသို့ ပြန်လာပြီး ပြောသည်။
“အဲ့လိုလား”
ဝန်ကြီးချုပ်ဖန့် မျက်ခုံးပင့်မိသွားသည်။ ချမ်စန်းသည် လက်ရှိ ကပ္ပတိန် ဖြစ်ပြီး သူ့စွမ်းရည်ကို လူတိုင်းက အသိအမှတ် ပြုထားသူ ဖြစ်ကာ ထိုသို့သောလူတစ်ယောက် အနိုင်ပိုင်းခံလိုက်ရသည်က အံ့ဩစရာပင်။
သူ ကစားကွင်းထဲသို့ ပြန်ကြည့်လိုက်ပြီးနောက် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ ကစားသမားများက ရဲ့လင်းချန်ကို လေးစားစိတ်ဖြင့် ကြည့်နေကြသည်ကို သတိပြုလိုက်မိသည်။
ကျန်းဟဲကလည်း ရယ်နေပြီး အလွန် မျှော်လင့်စောင့်စားနေ၏။
“ဟားဟားဟား ဝန်ကြီးချုပ်ဖန့်၊ ပွဲက စတော့မယ်ဗျို့”
“မင်းကို ကြည့်ရတာ ယုံကြည်မှု ရှိနေတဲ့ပုံပဲ”
ဝန်ကြီးချုပ်ဖန့်သည်လည်း မနေနိုင်ဘဲ ရယ်လိုက်မိသည်။
“ငါတို့ ပြန်ဦးမော့လာနိုင်မယ့် မျှော်လင့်ချက်မျိုး ရှိလား”
“ပြန်ဦးမော့ဖို့ ခက်လိမ့်မယ်လို့ ကျုပ် ထင်တယ်”
ချင်းယွမ် သက်ပြင်းချသည်။
“ပွဲအစကတည်းက သူ ကစားခဲ့ရင် မျှော်လင့်ချက် ရှိနိုင်သေးတယ်၊ ဒါပေမဲ့ အခု ပွဲက မိနစ်နှစ်ဆယ်ပဲ ကျန်တော့တယ်၊ အရမ်း ခက်သွားပြီ …”
အမှတ် ကွာဟမှုက ကြီးမားလွန်းပြီး ပြိုင်ဘက်သည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပရော်ဖက်ရှင်နယ် အသင်း ဖြစ်ပေသည်။ သူတို့ကို အမီလိုက်ခြင်းကသာလျင် အရူးသွပ်ဆုံး အိပ်မက် ဖြစ်ပေလိမ့်မည်။
“ငါတို့ မနိုင်ရင်တောင်မှ အနည်းဆုံးတော့ ကိုရီးယားလူမျိုးတွေ ငါတို့ကို အထင်သေးခွင့် မပေးနိုင်ဘူး”
ဖန်ဟမ်က အခိုင်အမာ ပြောသည်။
ဒိုင်လူကြီးက စတင် ရေတွက်နေပြီး လူတိုင်း စိတ်လေးနေ၏။ သူတို့သည် မကြာခင် ပြန်စတော့မည့် ကစားပွဲအား စိုးရိမ်တကြီး ကြည့်နေကြသည်။
ပွဲစစချင်း ဘောလုံးပြန်ရသည်က ကိုရီးယားနိုင်ငံဘက်ကပင်။ သူတို့က အချင်းချင်း မျက်စိမှိတ်ပြနေကြပြီး တည်ငြိမ်နေသော ရဲ့လင်းချန်အား သရော်သော အကြည့်များဖြင့် ကြည့်နေကြသည်။
“ဟေ့ကောင်၊ မင်းကို ဘောလုံးကို ထိကိုမထိအောင် ငါတို့ တားနိုင်တယ်ဆိုတာကို မင်း ယုံလား”
နံပါတ် တစ်ဆယ် ကစားသမားက ရဲ့လင်းချန်ကို လှောင်လေသည်။
“မင်း စမ်းကြည့်လေ”
ရဲ့လင်းချန်၏ တုံ့ပြန်မှုက အစကတည်းက အလွန် တည်ငြိမ်နေ၏။ ဤသို့သော မောက်မာမှုနှင့် တည်ငြိမ်မှုတို့က မသိလျင် သူ့ပြိုင်ဘက်ကို လုံးဝ အလေးအနက် မထားသည့်ပုံ ပေါက်နေပြီး ယင်းက ကိုရီးယားနိုင်ငံမှ ကစားသမားများကို အလွန်အမင်း မကျေမနပ် ဖြစ်သွားစေသည်။
“ရွှီ”
ဝီစီသံ ထွက်ပေါ်လာလေပြီ။
ကစားပွဲ ပြန်စလေ၏။
ကိုရီးယားနိုင်ငံက ဘောလုံးကို အရင်ရသွားပြီး နံပါတ် တစ်ဆယ် ကစားသမားကို တန်းပေးလိုက်သည်။
“ဘုတ် ဘုတ် ဘုတ်”
နံပါတ်တစ်ဆယ် ကစားသမားက ဘောလုံးကို ပုတ်သာပုတ်နေပြီး အမြန် ပြေးမသွားသလို ဘောလုံးကိုလည်း မလွှဲပေးချေ။ သူသည် အရှေ့သို့ တက်ရုံလောက်လေးသာ တိုးနေပြီး အားကစားရုံတစ်ခုလုံး ဘတ်စကက် ဘောလုံးက ကြမ်းပြင်နှင့် တဘုတ်ဘုတ် ရိုက်နေသည့် အသံကိုသာ ကြားနေရသည်။
*မလှုပ်ပါလား*
စိတ်အား တက်ကြွနေသော တရုတ်လူမျိုးများသည် ရဲ့လင်းချန်ကို မယုံသင်္ကာ ကြည့်ကာ အံ့ဩနေကြသည်။
သူသည် တစ်နေရာတည်း၌ အလွန် တည်ငြိမ်စွာနှင့် ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။
“ဘူးးးး”
ကိုရီးယားနိုင်ငံ၏ လူအုပ်ထဲမှ သရော်သောအသံများ ထွက်ပေါ်လာ၏။
“ဝါးဟားဟားဟား၊ သူက နည်းနည်းလောက် အံ့ဩစရာကောင်းမယ့်သူလို့ ငါ ထင်နေခဲ့တာ၊ လတ်စသက်တော့ သူက ဟန်ဆောင်နေတဲ့ကောင်ပဲ”
“ချီးပဲ၊ ဒီကောင် ဘာလုပ်နေတာလဲ၊ ဟန်ထုတ်နေတာလား၊ သူ ဒီနေရာကို ဘာမှတ်နေလဲ”
“ဒီကောင်က ဒီကို အရယ်ခံဖို့ လာတာမှန်း ငါ သိနေတယ်၊ ဒါ တရုတ်လူမျိုးတွေ လုပ်ထားတဲ့ ဖျော်ဖြေရေး အစီအစဉ် တစ်ခုလား”
“ငါ မရတော့ဘူး၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်”
…
ကိုရီးယားနိုင်ငံနှင့် ခြားနားစွာပင် တရုတ်နိုင်ငံဘက်၌ တိတ်ဆိတ်နေ၏။ သူတို့ ပဟေဠိ ဖြစ်သလို ခံစားနေရသည်။
သူတို့အပြင် ကိုရီးယားနိုင်ငံမှ ကစားသမားများလည်း တွေဝေနေကြသည်။ မကြာခင်မှာပင် သူတို့ မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ရယ်ကြသည်။ သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်ထားသော်လည်း အလကား သက်သက် ဖြစ်နေပါတကား။
နံပါတ်တစ်ဆယ် ကစားသမားလည်း ရယ်နေသည်။ သူက ဘောလုံးကိုပုတ်၍ ရဲ့လင်းချန်အနားသို့ ဖြည်းဖြည်းချင်း ကပ်လာသည်။
“ဟေ့ကောင်၊ မင်းအတွက် ဘာက အကောင်းဆုံး ဖြစ်မလဲ မသိသေးရင် ဒီလို ခုခံတာက အလကားပဲ ဆိုတာကို မင်း သိသင့်တယ်”
သူက သရော်တော်တော် ပြောလိုက်သည်။ ထို့နောက် သူသည် ကိုယ်ကိုကိုင်း၍ ဘောလုံးပုတ်သည့် အရှိန်ကို မြှင့်ကာ ခုန်အုပ်တော့မည့် ကျားသစ်တစ်ကောင်ကဲ့သို့ ဟန်ပြင်လေသည်။ ထို့နောက်တွင်မူ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ရဲ့လင်းချန်ကို ကျော်တက်သွားသည်။
သို့သော် ရဲ့လင်းချန်ကို သူ ကျော်တက်လိုက်သည့် အချိန်မှာပင် သူ့တစ်ကိုယ်လုံး အေးစက်သွားပြီး တဘုတ်ဘုတ် ဖြစ်နေသည့် အသံသည်လည်း ရပ်တန့်သွားလေသည်။ ရုပ်ရှင် ကြည့်နေစဉ်တွင် ရုတ်တရက် မီးပျက်သွားသကဲ့သို့ သူ၏ စည်းချက်သံသည်လည်း ရုတ်တရက် နှောင့်ယှက်ခံလိုက်ရသည်။ လူတိုင်း ရင်တုန်သွားပြီး စိတ်ကို ပြန်ထိန်းလိုက်ကြသည်။
နံပါတ်တစ်ဆယ် ကစားသမား၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ သူ့လက်များ ဗလာဖြစ်နေသည်ကိုသာ သူ ခံစားမိနေပြီး ဦးနှောက်က တစ်ဒင်္ဂမျှ အလုပ်မလုပ်တော့ချေ။ အမှန်အတိုင်း ပြောရမည်ဆိုလျင် သူတောင်မှ ဘာဖြစ်သွားမှန်း မသိလိုက်ပေ။
သူ ပြန်ကြည့်လိုက်သောအခါ ရဲ့လင်းချန်က ဘတ်စကက်ဘောကို ယူပြီးသွားလေပြီ။ သူသည် အစောက ပုံစံကို ဆက်ထိန်းထားပြီး သူ့လက်ထဲမှ ဘတ်စကက်ဘောကြောင့်သာ မဟုတ်လျင် ဘယ်သူမှ သူ လှုပ်ရှားလိုက်မှန်း သိလိုက်မည် မဟုတ်ပါ။
“တကယ်ပဲ … ဘာတွေ ဖြစ်ကုန်တာလဲ”
“ဘောလုံးကို ဖြတ်လုလိုက်တာလား၊ ငါတို့ အရှိန်ကို ပြန်ဆုတ်လို့ ရမလား၊ ငါ ဘာမှမမြင်လိုက်ဘူး”
“မ…မ…မ...မိုက်တယ်ဟေ့”
“သူက အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ မသိရင် နတ်ဘုရားလိုပဲ”
“ဘာမှမပြောနဲ့တော့၊ ငါ့လေးစားမှုကို ဘာစကားလုံးနဲ့ ဖော်ပြရမှန်းတောင် မသိတော့ဘူး”
…
တရုတ်လူမျိုးများ ရုတ်တရက် စိတ်အားတက်ကြွလာပြီး အားလုံး အလိုလို ထရပ်မိလာကြသည်။ သူတို့ တစ်ကိုယ်လုံး ကြက်သီးထသလို ခံစားနေရသည်။ သူတို့ ဘာမှ နားမလည်သော်လည်း ရဲ့လင်းချန် ဘောလုံးကို လုထားသည်ကို မြင်ရရုံနှင့်တင် သူတို့အတွက် လုံလောက်နေလေပြီ။
သူတို့ တကယ်ကို အချိန် ကြာမြင့်စွာ ဖိနှိပ်ခံထားရသည်။ သူတို့အတွက် တန်ပြန်တိုက်စစ်ဆင်သည်ကို မြင်ရသည်က ရှားပါးလှသည်။ ၎င်းက နွေရာသီ၌ သူတို့ခေါင်းပေါ်သို့ ရေအေး တစ်ဇလုံ လောင်းချလိုက်သကဲ့သို့ လန်းဆန်း သွားသလို ခံစားလိုက်ရသည်။
ရဲ့လင်းချန်ကို သရော်နေဆဲ ဖြစ်သည့် ကိုရီးယား ကစားသမားများသည် ချက်ချင်း အပြုံးများ ပျောက်သွား လေသည်။ သူတို့သည် သူ့အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ အလန့်တကြား ကြည့်နေကြသည်။
သို့သော် ရဲ့လင်းချန်က ဘောလုံးကို လုပြီးနောက် မပုတ်ဘဲ ရပ်မြဲ ရပ်နေသည်။ မသိလျင် သူသည် ပုံမှန်အတိုင်း အသေးအဖွဲ ကိစ္စလေးအား လုပ်နေသလိုပင်။ အားလုံး၏ အကြည့်အောက်၌ သူက လက်ကိုမြှောက်၍ ဘောလုံးကို နံပါတ် တစ်ဆယ် ကစားသမားထံ အသာ ပြန်ပေးလိုက်သည်။
“လုပ်လေ ထပ်ကြိုးစားကြည့်”
…