ရက်စက်သောလူ၊ သမန်းဝံပုလွေ၊ မီးတောက် ဝံပုလွေ
Vol. 25 Ch. 374
*ဒါ ဒါက …*
ပရိသတ်များ ငြိမ်ကျသွားသည်။
လူတိုင်းက ရဲ့လင်းချန်ကို မယုံသင်္ကာ ကြည့်နေကြသည်။ လက်ရှိတွင် ဘယ်သူမှ ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။
ဘောလုံး ဖြတ်လုလိုက်သည်ကိုပင် စကားထဲ ထည့်မပြောဘဲ ရဲ့လင်းချန်က ဘောလုံးကို ပြိုင်ဘက်ထံ ပြန်ပစ်ပေး လိုက်သည်။ ဤအပြုအမူက တစ်ဖက်လူကို ဘာမှမမြင်နိုင်အောင် ဖြစ်သွားစေပြီး အလွန် ခန့်မှန်းရ ခက်သွား စေသည်။
ဘယ်သူမှ စကားတစ်ခွန်းပင် မပြောနိုင်တော့ပါ။
ထိုအထဲတွင် ကိုရီးယားနိုင်ငံမှ ပရိသတ်များ၊ နိုင်ငံခြား ပရိသတ်များနှင့် ကိုရီးယားနိုင်ငံမှ ကစားသမားများလည်း ပါဝင်ပေသည်။
နံပါတ်တစ်ဆယ် ကစားသမား၏ မျက်နှာ ပြာနှမ်းသွားပြီးနောက် ဖြူရော်လာသည်။ သူ အလှောင်ခံလိုက်ရသလို ခံစားရသော်လည်း ဘယ်လို ငြင်းရမလဲ မသိပေ။
“ဘုတ် ဘုတ် ဘုတ်”
ရုတ်တရက် သူ့လက်ထဲမှ ဘောလုံးက လွတ်ကျသွားပြီး ကြမ်းပြင်နှင့် ရိုက်ခတ်နေသည်။ ပဲ့တင်ထပ်သံများ ပျံ့လွင့်လာပြီး လူတိုင်း ရင်တုန်ကာ အသိပြန်ဝင်လာကြသည်။
“ဖိနှိပ်လွန်းတယ်၊ သောက်ကျိုးနည်း ဖိနှိပ်လွန်းတယ်ဟေ့၊ ငါ ငိုမိတော့မလို့”
“ဂုဏ်ပဲ၊ ဒါ ငါတို့ တရုတ်နိုင်ငံရဲ့ ဂုဏ်ပဲ၊ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်၊ ရင်ခုန်စရာ ကောင်းလွန်းတယ်”
“အားးးး ရှင်က ဘယ်လိုလုပ် အဲ့လောက် ချောနိုင်ရတာလဲ၊ ရဲ့လင်းချန် ကျွန်မ ရှင်နဲ့အတူ စပ်စလူးစိန် ကလေးလေးတွေ ရှိချင်လိုက်တာ …”
တရုတ်လူမျိုး ပရိသတ်များအားလုံး ရူးမတတ် ဖြစ်နေကြသည်။ ထိုသို့သောအချိန်၌ ရင်ထဲအထိ ခံစားရသည့် ဂုဏ်တစ်ခုက သူတို့ရင်ထဲ၌ ဖြစ်တည်နေပြီး သူတို့အားလုံး စိတ်ထဲ၌ စိတ်အားတက်ကြွသလို ခံစားရကာ ကြက်သီးမွေးညင်း ထလာကြလေသည်။
ဘတ်စကက်ဘောသည် အမြဲတမ်း လူတိုင်းအတွက် ရင်နာစရာ အချက်တစ်ခု ဖြစ်ခဲ့သည်။ အနည်းငယ်မျှ ထုတ်ပြောမိသည်နှင့် လူတိုင်း၏ မျက်နှာ ထိုင်းမှိုင်းကုန်သည်။ ဘယ်သူမဆို မနိုင်နိုင်တော့ဟု တွေးမိသည့် အခြေအနေထိပင် ရောက်သွားခဲ့ပြီး မည်သူမဆိုနှင့် ကစားနိုင်ခွင့် ရသည်ကိုပင် ကျေနပ်ခဲ့ရသည်။
သို့သော် ရဲ့လင်းချန်က ဘတ်စကက်ဘောကို အသာလေး လုခဲ့သည့်အပြင် ပြိုင်ဘက်ထံသို့ပင် ပြန်ပစ်ပေးခဲ့သည်။ ထိုသို့ အထင်သေးမှုနှင့် မောက်မာမှုတို့က လူတိုင်းကို ရင်ခုန်စေပြီး ယခင်က ဘယ်သူမှ မတွေးရဲသော ကိစ္စပင်။
“ဒီကောင်လေး …”
ဖန်ဟမ် လက်ကိုမြှောက်၍ သူ့မျက်လုံးထောင့်ကို ပွတ်လိုက်သည်။ သူ မျက်ရည် ကျနေခြင်း ဖြစ်သည်။ ဤသို့သော မြင်ကွင်းမျိုးက သူ့အိပ်မက်ထဲတွင်သာ မြင်တွေ့ခဲ့သည့် မြင်ကွင်းမျိုးပင်။ သို့သော် ယင်းက သူ့အရှေ့တည့်တည့်၌ အမှန်တကယ် ဖြစ်နေလေသည်။
ကြာရှည်လွန်းခဲ့လေပြီ။ ယနေ့ကဲ့သို့သော နေ့မျိုးအတွက် သူ အချိန် ကြာမြင့်စွာ စောင့်ခဲ့ရသည်။
“ဟားဟားဟား … သူက အရင်လို မောက်မာနေတုန်းပဲ၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိတဲ့စိတ်က အားလုံးထက် သာတယ်”
ကျန်းဟဲ မနေနိုင်ဘဲ ရယ်လိုက်မိသည်။ သူက ရဲ့လင်းချန်အား မျှော်လင့်ချက်တို့ ပြည့်နေသော မျက်လုံးတို့ဖြင့် ကြည့်နေ၏။
မြို့တော် အားကစားရုံတွင်လည်း ရဲ့လင်းချန် ထိုနည်းတူ ဖြစ်ခဲ့ကြောင်းကို သူ မှတ်မိနေပါသေးသည်။ ထိုသို့ ဖိနှိပ်တတ်သည့် အပြုအမူဖြင့် သူက လူတိုင်းကို ဆွံ့အအောင် ပြုလုပ်ခဲ့သည်။
“အဓိပ္ပာယ် မရှိဘူး၊ ဒါ လုံးဝကို အရေးမပါဘူး၊ မိနစ် နှစ်ဆယ်ပဲ ကျန်တော့တာလေ၊ ငါတို့ အမှတ်ရဖို့ပဲ အာရုံစိုက် သင့်တာ”
ဝန်ကြီးချုပ်ဖန့်က စောဒက တက်နေသော်လည်း ရဲ့လင်းချန်အား အားကျမှုအပြည့်ဖြင့် ကြည့်နေသည်။
“မင်း သတ္တိကောင်းတာပဲ အစ်ကိုရဲ့”
ချမ်စန်းက ကွင်းထဲ၌ ရပ်နေပြီး ရဲ့လင်းချန်အား ပြောလေသည်။
အခြား ကစားသမားများ မလှုပ်ကြပေ။ သူတို့သည် ဘေးလူများကဲ့သို့ ရပ်နေကြပြီး ဘောလုံးကို သွားမကောက် ကြချေ။
သူတို့တွင် ရဲ့လင်းချန်ကို ယုံကြည်စိတ် အပြည့် ရှိသည်။ လက်ရှိအချိန်၌ အချို့သော ကစားသမားများသည် ကိုရီးယားနိုင်ငံမှ ကစားသမားများကို သနားနေပြီး ရဲ့လင်းချန်၏ လွှမ်းမိုးမှုအောက်၌ သူတို့၏ ထိတ်လန့်လာ တော့မည့်ပုံကိုပင် ကြိုမြင်ယောင်နေလေသည်။
“ကောက်ပြီး ဆက်လုပ်လေ”
ရဲ့လင်းချန်၏ တည်ငြိမ်သောအသံက နံပါတ်တစ်ဆယ် ကစားသမားကို ပြန်အသိဝင်သွားစေသည်။ သူသည် ရဲ့လင်းချန်အား စိတ်တိုသလို ကြည့်ပြီး ပြာနှမ်းနေသော မျက်နှာဖြင့် ကိုယ်ကိုကိုင်း၍ ဘောလုံးကို ကောက်လိုက်သည်။
“ငါ သေချာပေါက် မင်းကို နောင်တရအောင် လုပ်ပြမယ်”
အေးစက်စွာ ပြောလိုက်ပြီးနောက် သူက ဘောလုံးကို လက်နှစ်ဖက်ဖြင့် ပုတ်ကာ ရဲ့လင်းချန်အား သေချာ စိုက်ကြည့်နေ၏။
ပွဲကြည့် ပရိသတ်များ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြီး အသက် ပြင်းပြင်းရှူရမည်ကိုပင် လန့်နေ၏။
တရုတ်လူမျိုးများသည် ရဲ့လင်းချန်၏ သူရဲကောင်းဆန်သော ပုံစံကို မြင်ရရန် မျှော်လင့်နေကြပြီး ကိုရီးယားနိုင်ငံမှ လူများသည် အရှက်ရမှုအားလုံးကို ရှင်းလင်းနိုင်ရန် မျှော်လင့်နေ၏။
“ကျွီ”
ဖိနပ်နှင့် ကြမ်းပြင်တို့ ပွတ်တိုက်သံက လူတိုင်း၏ နားစည်ထဲသို့ စူးခနဲ ဝင်ရောက်လာသည်။ နံပါတ်တစ်ဆယ် ကစားသမား၏ မျက်နှာက အလွန်အမင်း တည်နေသည်။ သူသည် ကိုယ်ကို တတ်နိုင်သလောက် ကိုင်းထားပြီး ဘောလုံးကို လက်ဖြင့် ပုတ်နေသည်။ ထိုနည်းအားဖြင့် ဝင်ဖြတ်ခံရမည့် အခွင့်အရေး လျော့နည်းသွားပေမည်။
သူ့လျင်မြန်မှုက မယုံနိုင်လောက်အောင် မြန်လွန်းလှပြီး လက်ရှိတွင် သူ သတိလက်လွတ် မဟုတ်တော့ပေ။ သူသည် စိတ်ကို အကောင်းဆုံး သတိထားနေပြီး ရဲ့လင်းချန်ကို ဖြတ်ကျော်နိုင်မည့် သူ အကျွမ်းဆုံး နည်းလမ်းကိုလည်း အသုံးပြုထားသည်။
ရဲ့လင်းချန်ရှေ့သို့ ရောက်သောအခါ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး ဟန်ဆောင်၍ လှုပ်ရှားမှုတစ်ခု ပြလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ရဲ့လင်းချန်၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေ၏။
သို့သော် ရဲ့လင်းချန်က အစကတည်းက မရွေ့သဖြင့် သူ စိတ်ပျက်သွားရသည်။
“ခွီး”
သူ ခနဲ့၍ ရယ်လိုက်သော်လည်း စိတ်ထဲ၌ အလွန် မသက်မသာ ခံစားနေရသည်။ သူ၏ နောက်အကွက်အတွက် ပြင်ဆင်နေချိန်တွင် သူ့လက်များက ထပ်မံ၍ ဗလာ ဖြစ်သွားပြန်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူသည် ရဲ့လင်းချန်ကို ဖြတ်ကျော်သွားပြီးနောက် နေရာမှာတင် အေးခဲ သွားရပြန်သည်။ သူ့နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာ၏။
နှစ်ကြိမ်မျှ ရင်ဆိုင်ပြီးနောက် သူ့ရင်ထဲ၌ တုန်လှုပ်စ ပြုလာသည်။ ရဲ့လင်းချန် သူ့အပေါ် ပေးလာသည့် ဖိအားက အလွန် ကြီးမားလွန်းလှပြီး ရွေ့မရသော တောင်ကြီးတစ်လုံးလိုပင်။ သူ့တွင် ရဲ့လင်းချန်ကို ဖြတ်ကျော်နိုင်စွမ်း မရှိဟု ခံစားချက် ရလာသည်။
ဘောလုံးကို ဖြတ်ပုတ်လိုက်ခြင်း မဟုတ်ဘဲ ယူဆောင်သွားခြင်း ဖြစ်သည်။ လုပ်ငန်းစဉ် နှစ်ခုလုံးက ခြားနားသော ဖြစ်စဉ်များ ဖြစ်ပြီး ခက်ခဲမှုအဆင့်ကလည်း ကွဲပြားလေသည်။
“ဝိုး”
ထိုသို့သောအချိန်၌ တရုတ်လူမျိုးများသာမက ကိုရီးယားလူမျိုးများပါ အံ့အားသင့်ကုန်သည်။
“သူက ထူးချွန်လွန်းတယ်၊ သူက တကယ်ကို ထူးချွန်လွန်းတာပဲ၊ သူက လူ ဟုတ်သေးရဲ့လား”
“သူက ခပ်နိမ့်နိမ့် ပုတ်တဲ့ နည်းစနစ်ကိုတောင် ဝင်ဖြတ်နိုင်တာပဲ၊ ဒါ ဘယ်လို လက်အရှိန်မျိုးလဲ၊ ဒါ ဘယ်လို တုံ့ပြန်မှုမျိုးလဲ၊ သူ ပြိုင်ဘက်နဲ့ ထိရောထိမိရဲ့လား”
“လခွမ်း၊ လခွမ်းပဲဟေ့၊ ငါတို့ရဲ့ ကြီးမြတ်တဲ့ တရုတ်နိုင်ငံ ဘတ်စကက်ဘောအဖွဲ့ထဲမှာ ရက်စက်တဲ့ လူတစ်ယောက် ရှိနေပါလား၊ လေးစားစရာပဲ”
“သူက ရက်စက်တဲ့လူထက်တောင် ပိုပြီးတော့ ရက်စက်တာပဲ၊ သူက သမန်းဝံပုလွေပဲ”
“သမန်း ဝံပုလွေ ဟုတ်လား၊ ဟားဟားဟား … ငါတော့ သူက ဝံပုလွေမီးတောက်လို့ ငါ ထင်တယ်”
တရုတ်စကားအပြင် နိုင်ငံခြား ဘာသာစကားများလည်း အရူးအမူး ထွက်ပေါ်နေ၏။
“ဘုရားသခင် … သူက စူပါမန်းပဲ”
“မိုက်လိုက်တာ”
“တရုတ်လူမျိုးတွေက တော်တော် တမူထူးခြားတာပဲ”
…
ပွဲကြည့်ပရိသတ်များသည် ဆူညံပွက်လောရိုက်နေပြီး အသံများ ညံနေလေသည်။
ဘယ်နိုင်ငံသားလဲ ဆိုသည်ကို အရေးစိုက်မနေတော့ဘဲ ထူးချွန်သူကို လေးစားမှုသက်သက်သာ ဖြစ်ပေါ်နေသည်။ သူ့ကဲ့သို့ ဘတ်စကက်ဘော ပါရမီရှင်က မည်သူမဆို၏ လေးစားခြင်းကို ရရှိသင့်ပေသည်။
“နောက်တစ်ခေါက်”
ရဲ့လင်းချန်သည် စိတ်ဓာတ်ကျနေသော နံပါတ် တစ်ဆယ် ကစားသမားကို တစ်ချက်ကြည့်၍ ဆက်ပြောသည်။
နံပါတ်တစ်ဆယ် ကစားသမားသည် ဘောလုံးကို ကိုင်၍ လုံးဝ ဆွံ့အနေလေသည်။ ရဲ့လင်းချန်၏ ပုံရိပ်က ပို၍ ထည်ဝါသထက် ထည်ဝါလာသည်ဟုသာ သူ ခံစားမိနေပြီး ကြောက်စိတ် ဖြစ်ပေါ်လာရသည်။
“ကြောက်နေပြီလား၊ ဒါဆိုရင် … မင်းဆိုရင်ရော”
ရဲ့လင်းချန်သည် ပြိုင်ဘက်က အချိန်အတိုင်းအတာ တစ်ခုအထိ ငြိမ်နေသည်ကို မြင်ပြီး အခြားသော ကိုရီးယား ကစားသမားများကို လှည့်ကြည့်လိုက်သည်။
သူတို့သည် အချင်းချင်း ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ အချို့ဆိုလျင် အနောက်သို့ အလိုလို ဆုတ်သွားကြသည်။
ရိုးရှင်းသော လှုပ်ရှားမှုနှစ်ခုက ကိုရီးယားနိုင်ငံ၏ ကစားသမားများ အားလုံးကို နင်းခြေသွားလေသည်။ အထင်သေးနေသော ကိုရီးယား ကစားသမားများ အချိန်တိုအတွင်း အလွန် ကြောက်ရွံ့သွားလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပေ။ ထိုကြောက်ရွံ့မှုက သူတို့၏ ရင်ထဲမှ လာခြင်း ဖြစ်ပေသည်။
“သူ့ကို စိတ်ထဲမထားနဲ့၊ ပစ်လိုက်”
ထိုသို့သောအချိန်၌ နံပါတ်တစ်ဆယ် ကစားသမား၏ မျက်နှာက မှုန်မှိုင်းနေသည်။ သို့သော် သူက ခပ်ကျယ်ကျယ် အော်ပြော၍ လက်ကိုမြှောက်၍ ဘောလုံးကို ပင့်လိုက်သည်။
“ဘုတ်”
အခြား ဘတ်စကက်ဘော ကစားသမားတစ်ယောက်က ခုန်၍ ဘောလုံးကို ဖမ်းလိုက်ပြီးနောက် ခေါင်းကိုနှိမ့်၍ ဘတ်စကက်ဘော တိုင်နားသို့ အသည်းအသန် ပြေးသွားလေသည်။
“ဘတ်စကက်ဘောက လူတစ်ယောက်တည်း ကစားတဲ့ ကစားနည်း မဟုတ်ဘူး၊ ဒါ အမှတ်ရတဲ့ ကစားပွဲပဲ၊ ငါတို့ ဒီပွဲကို နိုင်ပြီ၊ ငါတို့ နိုင်ပြီ၊ ဒီလို အမှတ်မျိုးနဲ့ မင်း ဘယ်လိုလုပ် ငါတို့ကို အမီလိုက်နိုင်မှာလဲ”
နံပါတ် တစ်ဆယ် ကစားသမားက ရူးသွပ်သွားသကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်သည်။
သူ့စကားများက လူတိုင်းကို နှလုံးခုန်နှုန်း မြန်လာစေသည်။
“အရှက်မရှိလိုက်တာ”
“ကျစ် … အခု သူက ခဏလေးပဲ ဟန်ပြနိုင်တာပါ၊ သူသာ ကစားပွဲထဲ စောစော ဝင်ခဲ့ရင် ငါတို့ နိုင်တာ ကြာပြ”
“ကိစ္စမရှိဘူး၊ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောက တိုးတက်လာတော့မှာ”
တရုတ်လူမျိုးများက ပြန်လည်ချေပ၍ သရော်လေသည်။
“ဟူး … နှမျောစရာပဲ”
ဝန်ကြီးချုပ်ဖန့်သည် သက်ပြင်းချလိုက်သော်လည်း ရဲ့လင်းချန်အား ပြုံး၍ ကြည့်နေသည်။
“ဒါပေမဲ့ … ဒီကောင်လေးက တကယ့်ကို လူတစ်မျိုးပဲ၊ ဟားဟားဟား …”
သူသည် သူ့ပြိုင်ဘက်၏ စိတ်ကို လွှမ်းမိုးနိုင်လေသည်။ ကစားပွဲအား နိုင်မလား၊ ရှုံးမလားဆိုသည်က အရေးမပါ တော့မှန်း လူတိုင်း သိလိုက်ကြသည်။
ပရိသတ်များ ကြည့်နေစဉ်မှာပင် ကစားသမားက ဘောလုံးကိုပုတ်၍ အခြားကစားသမားများကို ကျော်ဖြတ်ကာ တရုတ်နိုင်ငံ အသင်း၏ ဘတ်စကက်ဘောတိုင်နားသို့ ရောက်ရှိလာလေသည်။