ဖီးနစ်တားမြစ်ဒေသကြီးထဲက တစ္ဆေလမ်း ( ၁ )
Vol. 22 Ch. 337
နန်းဟွမ်ဒေသကြီး၌ တားမြစ်နယ်မြေများစွာရှိပါသော်လည်း တားမြစ်ဒေသတစ်ခုသာ ရှိသည်။
ယင်းသည် ဖီးနစ်တားမြစ်ဒေသဖြစ်သည်။
ဖီးနစ်တားမြစ်ဒေသသည် ကြီးမားကျယ်ပြန့်ပြီး နန်းဟွမ်ဒေသကြီး၏တစ်ဝက်ကျော်ကို နေရာယူထားသည်။ အမှန်တရားတောင်တန်းကြီးသာ ပိုင်ခြားထားခြင်းမရှိခဲ့ဘဲ တခြားထူးခြားသောအကြောင်းခြင်းရာများသာ မရှိခဲ့ပါမူ ဖီးနစ်တားမြစ်ဒေသက ပို၍ ကြီးမားနေပေမည်။
သို့တိုင်အောင် ပြီးခဲ့သည့်နှစ်များအတွင်း ဖီးနစ်တားမြစ်နယ်မြေက ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာခဲ့သည်။ တချို့နေရာများတွင် အမှန်တရားတောင်တန်းကြီးပေါ်သို့ပင် ပျံ့နှံ့သွားသည်။
ထိုသို့ ဆက်ဖြစ်နေပါက နှစ်ထောင်ချီအတွင်း နန်းဟွမ်ဒေသကြီးတစ်ခုလုံး ဖီးနစ်တားမြစ်ဒေသကြီး ဖြစ်သွားပေမည်။
တားမြစ်နယ်မြေများနှင့် တားမြစ်ဒေသများအကြား ကွာခြားချက်မှာ ဒေသခံမျိုးနွယ်များ ဖြစ်သည်။
တားမြစ်နယ်မြေများမှာ အများအားဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲများ၊ မိစ္ဆာများ၊ ထူးဆန်းသော မြို့ပျက်များနှင့် အချုပ်အနှောင်များ ရှိနေတတ်သည်။ သို့သော် တားမြစ်နယ်မြေများတွင် အသိဉာဏ်ရှိသော မျိုးနွယ်များ မရှိကြပေ။ တားမြစ်ဒေသများ၌သာ အသိဉာဏ်ရှိသော မျိုးနွယ်များကို မွေးဖွားပေးနိုင်ကြသည်။
ဥပမာအနေဖြင့် ရုပ်အလောင်းတားမြစ်ဒေသက တားမြစ်ပင်လယ်ထဲ၌ တည်ရှိသည်။
ထု့ိကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ရုပ်အလောင်းတားမြစ်ဒေသ၏ အစွန်အဖျား၌သာ ရှိသည်။ ဖီးနစ်တားမြစ်ဒေသကြီးထဲ၌ ထိုသို့မျိုးနွယ်များစွာ ရှိသည်။
သို့သော်လည်း မီးဖီးနစ်ငှက်ကြီးက လူသားမျိုးနွယ်ကို ခင်မင်တွယ်တာသည်ဖြစ်၍ ဖီးနစ်တားမြစ်ဒေသကြီးထဲမှာ မွေးဖွားလာကြသော မျိုးနွယ်များကို အပြင်သို့ ထွက်ခွင့်မပြုပေ။ နှစ်ဖက်စလုံး ငြိမ်းအေးစွာဖြင့် တစ်ဖက်ကိုတစ်ဖက် မနှောင့်ယှက်ဘဲ နေကြသည်။
လူသားအင်အားစုများ ဖီးနစ်တားမြစ်ဒေသကြီးထဲသို့ ဝင်သောအခါမှာပင် အတူတူဖြစ်သည်။ ရင်းမြစ်ပစ္စည်းများအား ရှာဖွေရာ၌ဖြစ်စေ၊ ရက်စက်ကြမ်းကြုတ်သော သားရဲများအား အမဲလိုက်ရာ၌ဖြစ်စ ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ အသိဉာဏ်ရှိသော မျိုးနွယ်များကို ရှောင်ကွင်းသွားတတ်ကြသည်။
သို့သော်လည်း ဖီးနစ်တားမြစ်ဒေသကြီးထဲ၌ လူသားမျိုးနွယ်နှင့် ရောင်းဝယ်ဖောက်ကားနေသော မျိုးနွယ်တချို့လည်း ရှိသည်။
ဥပမာအနေဖြင့် ‘ တစ္ဆေလမ်း ’…
ယင်းသည် တစ္ဆေများနှင့် ဝိညာဉ်များ၏ ဈေးဖြစ်သည်။
ယင်းသည် ဖီးနစ်တားမြစ်ဒေသကြီး၌ ထူးခြားသောမျိုးနွယ် မဟုတ်ပေ။ အမှန်စင်စစ် တားမြစ်ဒေသများတွင် ဆင်တူမျိုးနွယ်များ ရှိတတ်သည်။ ထိုနေရာများသည် မြို့ကြီးတစ်မြို့ကဲ့သို့ ထင်ရသော်လည်း အမှန်စင်စစ် ထိုနေရာရှိ ထူးထွေဆန်းပြားသော သတ္တဝါများအားလုံး မကောင်းဆိုးဝါးများသာ ဖြစ်သည်။
သူတို့ ရောင်းသော ပစ္စည်းများသည် အများအားဖြင့် မိစ္ဆာသဘာဝရှိနေတတ်သော ပစ္စည်းများဖြစ်ပြီး လူသားလောကတွင် ရှာမရသောပစ္စည်းများသာ ဖြစ်သည်။
ဖီးနစ်တားမြစ်ဒေသကြီးသို့ ဝင်ရောက်ပြီးနောက် ရွှီချင်း၏ ပထမပစ်မှတ်မှာ ‘ တစ္ဆေလမ်း ’ ဖြစ်သည်။
“ တစ္ဆေလမ်းက နေရာအတိအကျ မရှိတတ်ဘူး။ ဒါပေမဲ့ ကံကိုယုံပြီး ဝင်သွားလို့လဲ မရဘူး ”
ညဉ့်နက်နေပြီဖြစ်ပြီး ရွှီချင်းသည် တစ္ဆေတစ်ကောင်အလား ခရီးဆက်နေသည်။
တစ်ခါတရံ သူက ခုန်ပျံကျော်လွှား၍ သွားတတ်ပြီး ရံဖန်ရံခါ ဦးတည်ချက် ပြောင်းသွားတတ်သည်။ တစ်ခါတလေ မြင့်မားသော သစ်ပင်ကြီးတစ်ပင်ပေါ် တက်ကာ ဘေးပတ်လည်ကို သေသေချာချာ ကြည့်ရှုလေ့လာတတ်သည်။ သူ၏အိတ်ထဲမှ အဆိပ်မှုန့်များထုတ်၍ ဘေးပတ်လည်သို့ ပက်တတ်သည်လည်း ရှိသည်။
ပထမတောင်ထိပ်မှ ဂိုဏ်းသားတစ်ယောက်သာ ရွှီချင်း၏လုပ်ရပ်များကို မြင်တွေ့လျှင် သေချာပေါက် အံ့အားသင့်သွားပေမည်။ အဘယ်ကြောင့်ဆိုသော် ရွှီချင်း၏လုပ်ရပ်များသည် တိကျမှန်ကန်ကာ ကျွမ်းကျင်ပိုင်နိုင်နေသောကြောင့် ဖြစ်သည်။
သူ ခုန်ပျံသွားသည်မှာ မြေပြင်တွင် ပုန်းကွယ်နေသော တွားသွားသတ္တဝါများ ရှိနေသောကြောင့် ဖြစ်သည်။ သူ ဦးတည်ချက်ပြောင်းသည်မှာ ရှေ့တူရှုတွင် ပင့်ကူအိမ်များနှင့် မုဆိုးများ ရှိနေသောကြောင့် ဖြစ်သည်။ သစ်ပင်ကြီးများပေါ် ပျံတက်သွားသည်မှာ တောအုပ်ထဲ လမ်းပျောက်မသွားစေရန်အတွက် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ရန် ဖြစ်သည်။
သူ ပျံသန်းမသွားသည်မှာ တားမြစ်ဒေသကြီးထဲရှိ ကောင်းကင်ကြီးက မှောင်မည်းနေသောကြောင့် ဖြစ်သည်။ မည်သည့်နေရာမှ အန္တရာယ် ရုတ်တရက် ပေါ်လာမည်ကို မသိနိုင်ပေ။
ရွှီချင်း၏လက်ရှိတိုက်ရည်ခိုက်ရည်က အံ့မခန်းဖြစ်နေပြီဖြစ်သည့်တိုင်အောင် တားမြစ်နယ်မြေများကို သူ လေးစားနေဆဲပင်။
ထိုလေးစားမှုသည် သူ့သွေးများထဲ အမြစ်တွယ်နေပြီဖြစ်သည်။ သူ့သွေးများ စီးဆင်းနေသမျှ ကာလပတ်လုံး ထိုလေးစားစိတ်က ပျောက်သွားမည် မဟုတ်ပေ။
“ ဘယ်တားမြစ်နယ်မြေပဲဖြစ်ဖြစ် အကြောင်းအရင်းမရှိဘဲ သတ်ဖြတ်တာ မလုပ်သင့်ဘူး။ သွေးညှီနံ့က ကြောက်စရာကောင်းတဲ့သတ္တဝါကြီးတွေကို အမြဲတမ်း ဆွဲဆောင်နိုင်တယ် ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သူ့ညာလက် ဆတ်ခနဲ ဆန့်ထွက်လာပြီး သူ့ဘေးရှိ မြေကြီးထဲမှ ပျံထွက်လာသော ထူးဆန်းသောပိုးကောင်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။
ထိုပိုးကောင်သည် သေးသွယ်ပြီး သုံးလက်မခန့် ရှည်သည်။ ငါးတစ်ကောင်နှင့် ဆင်တူပါသော်လည်း ထိုပိုးကောင်၏ အမြီး၌ ဆူးချွန်များ ရှိသည်။ ၎င်း ပျံထွက်လာသည့်အခါ ခန္ဓာကိုယ်က ကျုံ့ဝင်သွားပြီး အမြီးရှိ ဆူးချွန်များက လက်နက်သဖွယ် ရွှီချင်း၏လည်ပင်းကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
“ လမ်းပင့်ကူငါးပဲ ”
ရွှီချင်းသည် ငါး၏ခေါင်းကို ထုချေလိုက်ပြီး အသေကောင်ကို သူ့သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်သည်။
အဓိပ္ပာယ်မရှိသော သတ်ဖြတ်ခြင်းများ မလုပ်သင့်သော်လည်း ရင်းမြစ်များရရန်အတွက်မူ သတ်ဖြတ်ရပေမည်။
ထိုလမ်းပင့်ကူငါး၏ကိုယ်ပေါ်ရှိ ဆူးချွန်များထဲတွင် သက်စောင့်မီးလုံး မထုတ်ဖော်နိုင်သေးသည့် အခြေတည်အဆင့်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သော အဆိပ်တစ်မျိုး ရှိသည်။
ဖီးနစ်တားမြစ်ဒေသကြီးထဲသို့ ရွှီချင်း ပထမဆုံးအကြိမ် ဝင်လာခြင်း ဖြစ်သော်လည်း အပင်များနှင့် တားမြစ်နယ်မြေပတ်ဝန်းကျင်ကို သူ ရင်းနှီးနေပြီးသား ဖြစ်သည်။ ထိုခရီးအတွက် သူ အထူးပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ မျိုးနွယ်များနှင့် သားရဲကြီးများအကြောင်းကို သူ ကြည့်ရှုခဲ့ပြီးပြီ ဖြစ်သည်။
“ တစ္ဆေလမ်းကို လူတွေ ပထမဆုံး ရှာတွေ့တာက ကံကောင်းလို့။ နှစ်ပေါင်းများစွာ တစ်ဖက်နဲ့တစ်ဖက် ရောင်းဝယ်ဖောက်ကားပြီးတဲ့နောက် တစ္ဆေလမ်းက တစ္ဆေပုလွေလို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို ထုတ်ပေးခဲ့တယ် ”
“ ညဉ့်သန်းခေါင်ယံမရောက်ခင် ဆယ့်ငါးမိနစ်အလို ဖီးနစ်တားမြစ်ဒေသကြီးရဲ့ မြေကွက်လပ်တစ်နေရာမှာ သစ်ပင်သုံးပင်ကို တြွိဂံပုံစံ ထားရမယ်။ အဲဒီထောင့်သုံးထောင့်မှာ ဖယောင်းတိုင်သုံးတိုင်ကို ထွန်းညှိပေးရမယ်။ ကိုယ်က အလယ်ဗဟိုမှာနေပြီး တစ္ဆေပုလွေကို မှုတ်လိုက်တဲ့အခါ ကိုယ့်ရှေ့မှာ တစ္ဆေလမ်း ပေါ်လာလိမ့်မယ် ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ သတင်းအချက်အလက်ပေါင်းများစွာ သူ နှိုင်းယှဉ်ကြည့်ခဲ့ပြီးနောက် ယင်းသည် သူ ရှာတွေ့ခဲ့သော အမှန်ကန်ဆုံး နည်းလမ်း ဖြစ်သည်။ ယင်းအပြင် ဂိုဏ်းမှ တစ္ဆေပုလွေကိုလည်း သူ ဝယ်ထားခဲ့ပြီးပြီ ဖြစ်သည်။
ရွှီချင်းသည် တရိပ်ရိပ်သွားနေရင်း ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သစ်ပင်ကြီးတစ်ပင်ပေါ် ဆင်းသက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“ ဒီနေရာက သင့်တော်တယ် ”
ရွှီချင်းသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သံတုတ်နက်လေး ချက်ချင်း ပျံထွက်လာပြီး ဘေးပတ်လည်သို့ ပျံသန်းသွားသည်။ ခဏအကြာ သစ်ပင်ကြီးသုံးပင် ပြတ်ထွက်သွားပြီး မြေပြင်သို့ ဘုန်းခနဲ ကျလာသည်။
ထိုသစ်ပင်ကြီးသုံးပင်အနက် တစ်ပင်မှာ ရွှီချင်း ရပ်နေသော အပင် ဖြစ်သည်။ သစ်ပင်ကြီးသုံးပင် မြေပြင်သို့ ကျသွားသည့်အတွက်ကြောင့် ရွှီချင်း၏ခန္ဓာကိုယ် လေထဲသို့ မြောက်တက်သွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုကပြီး သစ်ပင်ကြီးသုံးပင်၏ တည်နေရာကို တြွိဂံပုံစံဖြစ်အောင် ထားလိုက်သည်။
သံတုတ်နက်လေး ပြန်ရောက်လာသောအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သခင်ကို သစ္စာရှိသော ကျွန်တစ်ယောက်၏ အသွင်အပြင်မျိုးဖြင့် ဘေးဘီဝဲယာကို စိုးရိမ်တကြီး စောင့်ကြည့်လိုက်သည်။
ရွှီချင်းသည် သစ်ပင်သုံးပင်ကြားတွင် ဆင်းသက်လိုက်သည်။ ထို့နောက် အဖြူရောင်ဖယောင်းတိုင်များ ထုတ်ကာ သစ်ပင်များပေါ် ထွန်းညှိလိုက်သည်။ ပြီးသည်နှင့် အရိုးများဖြင့် လုပ်ထားသော ပုလွေတစ်လက်ကို ထုတ်လိုက်သည်။
ရွှီချင်းသည် ပုလွေကို ကိုင်ထားရင်း ကောင်းကင်ကြီးကို မော့ကြည့်ကာ မှန်ကန်သောအချိန်ကို စောင့်နေသည်။
မကြာခင် သန်းခေါင်ယံသို့ရောက်ရန် ဆယ့်ငါးမိနစ်အလိုသို့ ရောက်လာသည်။
ရွှီချင်းသည် တစ္ဆေပုလွေကို နှုတ်ခမ်းတွင်တေ့၍ အသာအယာ မှုတ်လိုက်သည်။
တစ္ဆေပုလွေထံမှ နားစည်ကွဲလုမတတ် စူးရှသောအသံ ထွက်ပေါ်လာသည်။ ထိုစဉ် လေအေးများ ရုတ်တရက် တဟူးဟူး တိုက်ခတ်လာသည်။