ဖီးနစ်တားမြစ်ဒေသကြီးထဲက တစ္ဆေလမ်း ( ၂ )
Vol. 22 Ch. 338
လေအေးများ တဟူးဟူး တိုက်ခတ်လာပြီး ဖယောင်းတိုင်မီးများ ဟိုယိမ်းသည်ယိမ်း ဖြစ်လာသည်။ ဖော်ပြ၍ မရနိုင်သော အအေးဓာတ်တစ်ခုက ပတ်ဝန်းကျင်ကို စိမ့်ဝင်လာသည်။
မြေပြင်မှာ ချက်ချင်း အေးခဲသွားပြီး ပတ်ဝန်းကျင်ရှိ အသီးအရွက်များကို ဆီးနှင်းများဖုံးလွှမ်းသွားသည်။ ဖယောင်းတိုင်သုံးတိုင်၏ မီးရောင်သည်လည်း အစိမ်းရောင်သို့ ပြောင်းသွားသည်။
လေထဲတွင် တီးတိုးတီးတိုးစကားသံများ ပဲ့တင်ထပ်လာသည်။
မရေမတွက်နိုင်လောက်အောင် တီးတိုးပြောဆိုနေကြသည့်အလား မည်သည့်စကားများ ပြောနေသည်ကို ကြားရန် မဖြစ်နိုင်ပေ။ ထိုစကားသံများသည် ရွှီချင်း၏ နားထဲ ဝင်ရောက်သွားပြီး ရွှီချင်း၏စိတ်ထဲ တုန်ခါသွားသည်။ အဝေးတွင် မြူခိုးများ ရစ်သိုင်းလာသည်။
ထိုမြူခိုးများသည် လေနုအေးများထဲမှ ပေါက်ဖွားလာသည့်အလား ရုတ်တရက် များပြားလာသည်။ ထိုမြူခိုးများ၏ အကျယ်က ကြီးသည်ထက် ကြီးမားလာပြီး တောအုပ်ထဲရှိ သစ်ပင်များကို ဖုံးလွှမ်းသွားသည်။
ယင်းနောက် မြူခိုးများထဲတွင် မြို့ကြီးတစ်မြို့ ပေါ်လာသည်။
မြို့ရိုးများသည် မီးခိုးရောင်ဖြစ်ပြီး မြို့ထဲရှိ အဆောက်အအုံများသည်လည်း မီးခိုးရောင်ဖြစ်သည်။ သမိုင်းထဲတွင် ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းမြို့ကြီးတစ်မြို့ လူသားလောကသို့ ဘွားခနဲ ပြန်ပေါ်လာသည့်အလား ထိုမြို့ကြီးကို ကြည့်မိသည့်မည်သူမဆို ရှေးဆန်သောအငွေ့အသက်များကို ခံစားရမည်ဖြစ်သည်။
ထိုမြို့ကြီးသည် အလွန် သက်ဝင်စည်ကားနေ၏။
မြို့ကြီးထဲတွင် မရေမတွက်နိုင်သော လူရိပ်များ မျောလွင့်နေကြသည်။ ထိုလူရိပ်များမှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။
တချို့လူရိပ်များတွင် ခေါင်းများမရှိပေ။ တချို့မှာ သားရဲခန္ဓာများ ရှိကြသည်။ တချို့၌ ရှည်လျားသောခန္ဓာကိုယ်များ ရှိကြပြီး တချို့က သေးသွယ်သောခန္ဓာကိုယ်များ ရှိကြသည်။ တချို့လူရိပ်များ၏ ပါးစပ်များမှာ ကြီးမားလွန်းလှ၍ မေးရိုးများကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကြသည်။ ကောက်ကျစ်ယုတ်မာသောအတွေးများနှင့် လူရိပ်များလည်း ရှိသည်။
မြို့ကြီးထဲ၌ လှည့်ပတ်သွားလာနေသော တစ္ဆေများသာမက မရေမတွက်နိုင်သော ဆိုင်လေးများလည်း ရှိသည်။
ဆိုင်ရှင်များသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မကောင်းဆိုးဝါးများ ဖြစ်ကြသည်။
သာမန်လူများသာ ဤမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါက လိပ်ပြာလွင့်မတတ် ကြောက်လန့်တုန်ရီသွားကြမည် ဖြစ်ပေသည်။
ယင်းသည် တစ္ဆေများကြီးစိုးရာ တစ္ဆေမြို့ကြီး ဖြစ်ပေသည်။
မြို့ကြီးထဲတွင် အသက်ရှင်နေသောလူများ ရှိကောင်းရှိနိုင်သော်လည်း သူတို့ကို ရှာမတွေ့စေရန် သူတို့အရှိန်အဝါများကို ဖုံးကွယ်၍ ဓာတ်နှောများဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းထားကြသည်။
ယင်းသည်လည်း တစ္ဆေလမ်းထဲသို့ ဝင်ရောက်ပြီးနောက် လိုက်နာရသည့် စည်းမျဉ်းများအနက် တစ်ခု ဖြစ်သည်။
တစ္ဆေလမ်းက လူသားမျိုးနွယ်နှင့် ရောင်းဝယ်ဖောက်ကားချင်ပါသော်ငြား စည်းမျဉ်းအရ လူသားများမှာ သန္ဓေပြောင်းတော့မည့်အလား တစ်ကိုယ်လုံး ဓာတ်နှောများဖြင့် ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေရမည် ဖြစ်သည်။
ယင်းအပြင် ထိုတစ္ဆေမြို့ကြီးသည် မရေမတွက်နိုင်သော မကောင်းဆိုးဝါးများ၊ တစ္ဆေများဖြင့် ပြည့်နှက်နေပါသော်ငြား ချောက်ချားဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေသည်။ မြို့ကြီးထဲရှိ သတ္တဝါများအားလုံး စကားမပြောနိုင်ကြသည့်အလားပင်။
အထင်ရှားဆုံးအရာမှာ မြို့ကြီး၏ အလယ်ဗဟိုတွင် လွင့်မျောနေသော ဧရာမခေါင်းကြီးတစ်လုံး ဖြစ်သည်။
ထိုခေါင်းကြီးသည် လေထဲတွင် လွင့်မျောနေပြီး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ ခေါင်းကြီး ဖြစ်ဟန်တူသည်။ သို့သော် ထိုခေါင်းကြီး၌ ဆံပင်များ မရှိပေ။
ဘုန်းကြီးတစ်ပါး၏ ခေါင်းကြီးတစ်လုံးနှင့် ဆင်သည်။
၎င်း၏မျက်လုံးများသည် ပိတ်ထားပြီး လေထဲတွင် မလှုပ်မယှက်ရှိနေသည်။ ခေါင်းကြီးကို သံကြိုးကြီးများဖြင့် ပိတ်လှောင်ထား၏။
အနီးကပ်ကြည့်ပါက ထိုသံကြိုးကြီးများသည် ခြောက်ကပ်ကပ်လက်များ ရစ်ပတ်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို မြင်ရပေမည်။
တစ္ဆေမြို့ကြီး၏ ဂိတ်တံခါးလေးခု၌ အပေါ်ပိုင်း ခန္ဓာကိုယ် ဗလာကျင်းနေပြီး ကလေးခေါင်းများနှင့် အရပ်ရှည်ရှည် လူထွားကြီးများရှိနေသည်။ ထိုလူထွားကြီးများသည် ပေငါးဆယ်ရှည်သော မည်းနက်တောင်ပြောင်သည့် တစ္ဆေဓားမော့ကြီးတစ်လက်ကို ပခုံးပေါ်တွင် ထမ်းထားကြသည်။
ထိုအခြင်းအရာအားလုံးကို ကြည့်၍ ရွှီချင်း၏ မျက်လုံးများထဲ သံသယများဖြင့် ပြည့်နှက်လာပြီး သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။
ဖီးနစ်တားမြစ်ဒေသတစ္ဆေမြို့တော်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးပါသော်လည်း သူ မြင်နေရသည့်မြင်ကွင်းသည် သူ သိခဲ့ရသော အချက်အလက်များနှင့် တသွေမတိမ်း တူညီနေသည်။ ထိုသို့ သူ မျက်မြင်ကြုံတွေ့လိုက်ရပြီးနောက် တားမြစ်ပင်လယ်ကြမ်းပြင်၌ သူ မြင်ခဲ့ရသော တစ္ဆေမြို့ကြီးအကြောင်းကို ပြန်တွေးမလိုက်သည်။
“ ဒါဆို အဲဒီနေရာကလည်း တစ္ဆေလမ်းပဲလား ”
ရွှီချင်းသည် ချက်ချင်း မဝင်သေးဘဲ ဘေးပတ်လည်ကို သတိကြီးကြီးထား၍ အကဲခတ်လိုက်သည်။ တဖြည်းဖြည်းနှင့် အေးစက်စက်လေပြင်းများကြောင့် သူ့ပတ်လည်ရှိ ဖယောင်းတိုက်များ အရှိန်ပြင်းစွာ ယိမ်းခါလာသည်။
ရွှီချင်းသည် စိုးရိမ်ပူပန်မနေပေ။ အမှားအယွင်းမရှိကြောင်း သေချာသွားသည့်တိုင်အောင် သူ အသေးစိတ် ဆက်ကြည့်နေသည်။ ဘေးပတ်လည်ရှိ ဖယောင်းတိုင်မီးများ ငြိမ်းသက်တော့မည့်အလား ဖြစ်လာပြီး တစ္ဆေမြို့ကြီး ဝေဝါးကာ ပျောက်ကွယ်သွားတော့မည့်အချိန်ရောက်သောအခါမှသာ အရိပ်လေးဆီမှ သူ စုပ်ယူလိုက်သည်။
ရုတ်တရက် သူ့ကိုယ်ထဲတွင် ဓာတ်နှောများ သိသိသာသာ မြင့်တက်လာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူ့ကိုယ်ထဲရှိ ဓာတ်နှောများမှာ များပြားလာပြီး အချိန်မရွေး သန္ဓေပြောင်းတော့မည့်အနေအထားသို့ ရောက်လာကာ သူ၏အသားအရေသည်လည်း မည်းနက်လာသည်။
နောက်ဆုံး၌ သိပ်သည်းထူထပ်သော ဓာတ်နှောများဖြင့် ဖွဲ့စည်းထားသည့် မြူခိုးများက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရစ်သိုင်းလာသည်။ ထိုအခါမှသာ ရွှီချင်းသည် တစ္ဆေမြို့တော်သို့ တစ်လှမ်းချင်း လျှောက်သွားသည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေသုံးဆယ်အကွာသို့ ရောက်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်းသည် မြူခိုးများထဲ ဝင်ရောက်သွားပြီး တစ္ဆေမြို့တော်ကြီး၏ ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။
ဂိတ်တံခါးဆီသို့ သူ ရောက်သွားသောအခါ ဂိတ်တံခါး၏ ဘေးတစ်ဖက်တစ်ချပ်ရှိ လူထွားကြီးနှစ်ယောက်က သူ့ကို ကြည့်လိုက်ကြသည်။
ရွှီချင်းသည် ရပ်မသွားဘဲ တစ္ဆေမြို့ကြီးထဲသို့ လျှောက်သွားသည်။
သူ အထဲရောက်သွားသောအခါ သူ့ကို ကြည့်နေသည့် လူထွားကြီးနှစ်ယောက်၏ အကြည့်များ ပျောက်သွားသည်။ ထိုအချိန်၌ ဘေးပတ်လည်ရှိ မြူခိုးများ ချက်ချင်း မြင့်တက်လာကြပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်ဖြစ်၍ ရွှီချင်းှာ မြူခိုးများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
အဝယ်တော်တစ်ယောက် ရောက်လာခြင်းနှင့်အတူ ဤနေရာကို ပြင်ပလောကကြီးနှင့် ပိုင်းခြားလိုက်သည့်အလားပင်။ ကောင်းကင်ယံ၌ လမင်းကြီးသည် အစိမ်းရောင်ပြောင်းသွားပြီး မြို့ကြီးပေါ်သို့ မည်းမှောင်သောအလင်းများ ဖြာကျပေးနေသည်။
ယင်းသည် ရွှီချင်း လေ့လာထားခဲ့သည့် အချက်အလက်များနှင့် ကိုက်ညီနေ၏။
သူသည် လမ်းမရှည်ကြီးအတိုင်း တဖြည်းဖြည်း လျှောက်လာခဲ့ပြီး မရေမတွက်နိုင်သော မကောင်းဆိုးဝါးများထဲ ရောနှောကာ လျှောက်သွားသည်။
ထိုအချိန်၌ မြို့အလယ်ဗဟိုရှိ ဧရာမဘုန်းကြီးခေါင်းကြီး၏ နှာခေါင်းက တစ်ခုခုကို အနံ့ခံမိလိုက်သည့်အလား ရုတ်တရက် လှုပ်ရှားသွားသည်။ ၎င်း၏မျက်ခွံများ ပွင့်လာတော့မည့်ဟန်ရှိသော်လည်း သံကြိုးများမှ အနက်ရောင်အလင်းများ တဖျပ်ဖျပ်လက်လာကာ ၎င်းမှာ ပြန်လည်ငြိမ်သက်သွားသည်။
ရွှီချင်းသည် ထိုအဖြစ်အပျက်ကို မြင်သွားပြီး မျက်လုံးများ မှေးသွားသည်။
လမ်းမရှည်ကြီးပေါ်တွင် တစ္ဆေများ မရေမတွက်နိုင်အောင် ရှိသည်။
ရွှီချင်းသည် ဘုန်းကြီးခေါင်းကြီးထံမှ အကြည့်လွှဲလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
စက္ကူတစ်ရွက်နှင့် ဆင်တူသော တစ္ဆေတစ်ကောင်ကို သူ မြင်လိုက်ရသည်။ ထိုတစ္ဆေသည် လျှောက်သွားနေရင်း စုတ်တံတစ်ချောင်းကို ထုတ်၍ မျက်နှာတွင် မျက်ရစ်များပင် ဆွဲလိုက်သည်။
တစ်ကိုယ်လုံး စိုရွှဲနေသော တစ္ဆေတစ်ကောင်လည်း ရှိသည်။ ထိုတစ္ဆေထံမှ စီးကျနေသော ရေစက်များသည် မျက်လုံးခြောက်လုံးနှင့် တစ္ဆေပေါက်စလေးများ ဖြစ်သွားပြီး သူ့နောက်မှ တကောက်ကောက်လိုက်နေသည်။
နီစွေးသော မျက်လုံးများ၊ ရှည်လျားသော နားရွက်များ၊ အနည်းငယ် နီမြန်းသော မည်းနက်နေသည့်ခန္ဓာကိုယ်များနှင့် သုံးနှစ်အရွယ် မှင်စာလေးများလည်း ရှိသည်။ ထိုမှင်စာလေးများသည် မြေပြင်ပေါ်တွင် ပြေးလွှားဆော့ကစားနေကြ၏။
မနီးမဝေးရှိ စံအိမ်တစ်လုံးပေါ်၌ အမွေးအမျှင်များ ပြောင်ရှင်းနေသော ကြောင်လေးတစ်ကောင်က လှဲ၍ သွေးသံရဲရဲနှင့်ခေါင်းတစ်လုံးကို လက်သည်းများဖြင့် ကိုင်ကာ လျှာဖြင့် လျက်နေသည်။
ထိုကြောင်လေး၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်ဖြစ်၍ ထိုကြောင်လေးသည်လည်း တစ္ဆေတစ်မျိုးဖြစ်ကြောင်း သိနိုင်သည်။
ခေါင်းပြတ်တစ္ဆေများ၊ သားရဲပုံသဏ္ဍာန်တစ္ဆေများ၊ အရိုးခြောက်များ သို့မဟုတ် မျက်နှာများစွာပါရှိသည့် မြူခိုးတစ္ဆေများ နေရာအနှံ့ ရှိနေပေသည်။