← Chapters

ဖီးနစ်တားမြစ်ဒေသကြီးထဲက တစ္ဆေလမ်း ( ၃ )

Vol. 22 Ch. 339

ဖီးနစ်တားမြစ်ဒေသကြီးထဲက တစ္ဆေလမ်း ( ၃ )

Vol. 22 Ch. 339

တချို့က လေထဲ မျောလွင့်နေကြပြီး တချို့က မြေပြင်ပေါ် တွားသွားနေကြသည်။ တချို့ တခြားတစ္ဆေများအပေါ် ထိုင်နေကြပြီး တချို့က ဝေဟင်ထဲ ပျံဝဲနေကြသည်။ တချို့က မရေမတွက်နိုင်သော တစ္ဆေမျက်နှာများအဖြစ် ပြောင်းလဲက အချင်းချင်း ကိုက်နေသည်။ ထိုတစ္ဆေများသည် သွေးပျက်ဖွယ် ရယ်မောလိုက်ကြပြီး တဟုန်ထိုး ပြေးသွားကြသည်။

တစ္ဆေတစ်ကောင်ချင်းစီထံမှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေပြီး ဆာလောင်မွတ်သပ်နေဟန်တူသည်။ ရွှီချင်းသည် တစ္ဆေများကို အာရုံခံကြည့်လိုက်ပြီး ပို၍ သတိထားသွားသည်။

သူသည် ရှေ့ဆက်သွားနေရင်း ဘေးတစ်ဖက်တစ်ချပ်ရှိ ဆိုင်လေးများကို ကြည့်ကာ သူ လိုချင်သော ပစ္စည်းများကို ရှာဖွေနေသည်။

လမ်းမကြီးပေါ်တွင် တစ္ဆေများဖြင့် စည်ကားနေသည်။ ဆိုင်များ၏ အတွင်းနှင့်အပြင်မှာလည်း တစ္ဆေများ ရှိသည်။ ကြောက်စရာအကောင်းဆုံးတစ်ချက်မှာ ပကတိ ငြိမ်သက်တိတ်ဆိတ်နေခြင်း ဖြစ်သည်။

ရွှီချင်းသည် အသံမထွက်စေဘဲ မျောလွင့်သွားရင်း ဆိုင်များကို ကြည့်နေသည်။ ရုတ်တရက် သူ့စိတ်ထဲ တုန်ခါသွားပြီး ရှေ့တူရှုသို့ ကြည့်လိုက်သည်။

သူ့ရှေ့တည့်တည့်မှ ပုပ်ပွနေသော အနက်ရောင်အသားအရေနှင့် သားရဲမျက်နှာတစ္ဆေကြီးတစ်ကောင်က မေးကို ကိုင်၍ လျှောက်လာနေသည်။

ထိုမကောင်းဆိုးဝါးထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပျံ့လွင့်နေသည်။ ကြည့်ရသည်မှာ ထိုမကောင်းဆိုးဝါးက ရွှီချင်းကို ခန္ဓာကိုယ်ချင်း ပစ်တိုက်ချင်နေဟန်တူသည်။

ရွှီချင်း၏မျက်လုံးများထဲတွင် မည်သည့်အရိပ်အယောင်မျှ ရှိမနေပေ။ ထိုအချိန်၌ သူ့ပတ်လည်တွင် သိပ်သည်းထူထပ်သော ဓာတ်နှောများ ပို၍ ပျံ့နှံ့လာသည်။ ထိုဓာတ်နှောများသည် သွေးဆာနေသော တစ္ဆေမျက်နှာကြီးအသွင် ပြောင်းလဲ၍ သားရဲမျက်နှာတစ္ဆေကြီးကို သွားဖြဲပြလိုက်သည်။ ၎င်း၏မျက်လုံးများက လောဘရောင်လက်နေသည်။

ထိုတစ္ဆေမျက်နှာကြီးသည် အရိပ်လေးမှ ဖြစ်လာခြင်း ဖြစ်သည်။ အရိပ်လေးသည် တစ္ဆေမြို့ကြီးသို့ ရောက်လာကတည်းက တစ္ဆေများကို ဝါးမျိုချင်နေပါသော်ငြား ရွှီချင်းက ခွင့်မပြုပေးခဲ့ပေ။

ထို့ကြောင့် အရိပ်လေးမှာ ထိန်းချုပ်နေခဲ့ရသည်။ ယခု တစ္ဆေတစ်ကောင်က သူ့ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လျှောက်လာနေသည်ဖြစ်ရာ သူ ကျေနပ်ပီတိ ဂွမ်းဆီထိနေတော့သည်။

ရွှီချင်းက မလှုပ်ရှားသေးခင် ဓာတ်နှောမြူခိုးများဖြင့် ဖြစ်လာသော တစ္ဆေမျက်နှာကြီးက ရှေ့တက်သွားပြီး ပါးစပ်ကြီးကို ဟ၍ သားရဲမျက်နှာတစ္ဆေကြီးကို ဝါးမျိုလိုက်သည်။

၎င်းမှာ လက်ဖျားခါရလောက်အောင် မြန်ဆန်လှသည်ဖြစ်ရာ သားရဲတစ္ဆေမျက်နှာကြီးမှာ အစအန ရှာမရအောင် ပျောက်သွားသည်။

မြူခိုးတစ္ဆေမျက်နှာကြီးက အားရကျေနပ်စွာဖြင့် ပြန်ရောက်လာသည်။

ရွှီချင်းသည် မြူခိုးများထဲရှိ အရိပ်လေးကို လှမ်းကြည့်လိုက်သည်။ သူသည် ဘာမှမပြောတော့ဘဲ ဆက်လျှောက်သွားသည်။

ထိုဖြစ်ရပ်သည် တစ္ဆေမြို့ကြီး၌ သာမန်ကိစ္စလေးတစ်ခုသာ ဖြစ်သည်။ ဘေးပတ်လည်ရှိ တစ္ဆေများမှာ အံ့အားတသင့် မဖြစ်သွားပေ။

ထိုသို့ဖြင့် ရွှီချင်းသည် မြို့ထဲ လှည့်ပတ်သွားလာနေပြီး ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်သွားသည်။

ထိုဆိုင်ထဲတွင် ရောင်းချသည့်ပစ္စည်းများမှာ မိစ္ဆာအဆိပ်များ ဖြစ်သည်။

ထိုအဆိပ်မျိုးသည် ဒြပ်မရှိဘဲ မြူခိုးများနှင့် ဆင်တူသည်။ အစိမ်းရောင်တစ္ဆေခေါင်းများထဲတွင် ချုပ်နှောင်ထားသော ပုံရိပ်ယောင် အဆိပ်များပင် ရှိသည်။

ထိုဆိုင်ထဲရှိ ပစ္စည်းများအားလုံးက လေထဲတွင် မျောလွင့်နေသော အရွယ်အစားမျိုးစုံရှိသည့် တစ္ဆေခေါင်းများဖြစ်သည်။ ထိုခေါင်းများအားလုံးက ပြုံးနေကြသည်။

ရွှီချင်းက ထိုတစ္ဆေခေါင်းများကို အနီးကပ်ကြည့်ပြီး အားရကျေနပ်သွားသည်။

ဤနေရာသို့ သူ လာရှာသည်မှာ ထိုသို့ ယင်ယန်အစွမ်းရောက်မိစ္ဆာအဆိပ်မျိုး ဖြစ်သည်။

ထူးခြားသော ကျင့်ကြံခြင်းအတတ်မရှိပါက သက်ရှိများအတွက် ထိုသို့အဆိပ်မျိုးကို စုဆောင်းထားရန် အလွန်ခက်ခဲသည်။ မကောင်းဆိုးဝါးများသည်သာ ထိုအဆိပ်မျိုးကို ကိုင်တွယ်နိုင်ကြသည်။

ရွှီချင်းသည် ဆိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။

ဆိုင်ရှင်က ဝက်ဝံကြီးတစ်ကောင်နှင့် ဆင်သည်။ နှုတ်ခမ်းများသည် ဟင်းရိုင်းကဲ့သို့ နီစွေးသည်။ မျက်လုံးများသည် မှန်တစ်ချပ်နှင့် ဆင်တူပြီး ခေါင်းမှာ ရှည်လျားသော ဦးချိုများ ရှိကာ ကျောတွင် အစိမ်းရောင်အတောင်ပံများ ရှိသည်။ ဆယ်ပေရှည်သော ကျားသစ်အမြီးလည်း ပါသည်။

သူသည်း ရွှီချင်းကို စေ့စေ့စပ်စပ်အကဲခတ်နေသည်။ ရွှီချင်းနှင့် အကြည့်ချင်းဆုံသွားပြီးနောက် သူက ပါးစပ်ကြီးကို ဟ၍ ပြုံးလိုက်ဟန်တူသည်။

ရွှီချင်းက တည်ငြိမ်စွာ ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် ဆိုင်ထဲမှာ ဝဲပျံနေသော တစ္ဆေခေါင်းပေါင်း ဆယ့်သုံးခေါင်းခန့် ရွှီချင်းနှင့် ဆိုင်ရှင်တို့ရှေ့သို့ မျောလွင့်လာသည်။

ထို့နောက် ရွှီချင်းက ပုလင်းလေးကို ထုတ်လိုက်ပြီး တွန်းပို့လိုက်သည်။

ဆိုင်ရှင်၏ အမြီးက ပုလင်းလေးကို ချက်ချင်း ရစ်ပတ်လိုက်ပြီး ဆွဲယူလိုက်သည်။ ထို့နောက် ပုလင်းလေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီး သွေးညှီနံ့များ ပျံ့လွင့်လာကာ သွေးခဲကြီးတစ်ခဲ ပေါ်လာသည်။

ထိုသွေးခဲသည် ညဉ့်ငှက်အဖွဲ့ဝင်များ၏ နှလုံးသွေးဖြစ်သည်။ ပုလင်းထဲတွင် သွေးစပ်ပေါင်း ရာဂဏန်းခန့် ရှိသည်။

ဆိုင်ရှင်က သူ့ပါးစပ်နားကပ်လိုက်ပြီး သဘောကျစွာ အရသာခံကြည့်လိုက်သည်။ ထိုနှလုံးသွေးများထဲတွင် ဝိညာဉ်အရိပ်များ ပေါ်လာသည်ကို ရွှီချင်း မြင်လိုက်ရသည်။

ထိုဝိညာဉ်အရိပ်များသည် ညဉ့်ငှက်အဖွဲ့ဝင်များ၏ အရိပ်များ ဖြစ်သည်။

ဆိုင်ရှင်က သဘောကျကျေနပ်သွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။

ရွှီချင်းသည် သူ့ရှေ့မှ တစ္ဆေခေါင်းများကို ယူ၍ သိုလှောင်အိမ်ထဲ ထည့်လိုက်သည်။ ထို့နောက် ဆိုင်ထဲမှ လှည့်ထွက်ကာ တစ္ဆေလမ်းမကြီးပေါ် ဆက်လျှောက်သွားသည်။ သူက မကောင်းဆိုးဝါးအုပ်ကြီးထဲတွင် တိုးဝှေ့သွားလာရင်း တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပစ္စည်းဝယ်လေသည်။

ညအချိန် ကုန်လွန်တော့မည်ဖြစ်သည်။ ရွှီချင်းသည် အချိန်အတော်ကြာ ရှာပြီးနောက် သူ လိုချင်သော နောက်ဆုံးပစ္စည်းကို ရှာတွေ့သွားသည်။

ထိုပစ္စည်းက တည်းခိုခန်းတစ်ခန်းနှင့်ဆင်တူသော ဆိုင်လေးထဲတွင် ရှိသည်။

ဆိုင်ထဲမှာ ခန္ဓာများ ချိတ်ဆွဲထားသည်။ ယင်းခန္ဓာများသည် လူသားခန္ဓာများ၊ သားရဲခန္ဓာများ၊ လူသားမဟုတ်သော မျိုးနွယ်ဝင်ခန္ဓာများနှင့် ပုံရိပ်ယောင်ခန္ဓာများ ဖြစ်သည်။

ထိုခန္ဓာများအားလုံးကို နံရံတွင် ချိတ်ဖြင့် ချိတ်ဆွဲထားပြီး ထိုခန္ဓာများအားလုံး အသက်ရှင်နေသေးသည်။

အောက်ဘက်တွင် အရှိန်တညီးညီး တောက်လောင်နေသော ဖယောင်းတိုင်မျိုးစုံရှိပြီး ထိုဖယောင်းတိုင်များမှ ထူးဆန်းသော စိတ်ဆန္ဒတစ်ခု ပျံ့လွင့်နေပေရာ ထိုအသက်ရှင်နေသေးသော သတ္တဝါများမှာ ခံစားချက်မျိုးစုံ ဖြစ်နေသည်။

တချို့က မူးယစ်နေကြပြီး တချို့က ဒေါသထွက်နေကြသည်။ တချို့က ဝမ်းနည်းနေကြပြီး တချို့က တက်ကြွနေကြသည်။

သူတို့အားလုံး ဘဝနှင့်ချီကြာမြင့်သော အိပ်မက်ထဲ ရောက်နေသည့်အလားပင်။

ရွှီချင်း၏စိတ်အာရုံကို ဆွဲဆောင်နေသည်မှာ ထိုသတ္တဝါများ မဟုတ်ဘဲ အောက်ဘက်ရှိ ဖယောင်းတိုင်များ ဖြစ်သည်။

ထိုဆိုင်က ထိုကဲ့သို့ ဖယောင်းတိုင်များကို ရောင်းချသည်။

ဤနေရာသို့ မလာခင်က ဂိုဏ်းထဲမှာ ဝယ်ခဲ့ဖူးသည့် သတင်းအချက်အလက်ထဲတွင် ထိုဖယောင်းတိုင်များအကြောင်းကို သူ သိခဲ့ရသည်။ ထိုဖယောင်းတိုင်သည် အဆိပ်တစ်မျိုးဖြစ်ပြီး နာမည်က အလွန် နားဝင်ချိုသည်။ ထိုဖယောင်းတိုင်များကို သုံးဘဝမူးယစ်ဆေးများဟူ၍ ခေါ်ကြပြီး ဈေးက ခေါက်ခိုက်နေသည်။

ယင်းသည်လည်း ဤနေရာသို့ ရွှီချင်း လာခဲ့ရသည့် အဓိကရည်ရွယ်ချက်ဖြစ်သည်။

ထိုဖယောင်းတိုင်များကို မြင်ပြီးနောက် သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ပုလင်းလေးပုလင်းကို ထုတ်၍ ဆိုင်ရှင်၏ရှေ့မှာ ချထားလိုက်သည်။

ဆိုင်ရှင်သည် အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးဖြစ်ပြီး သာမန်ရုပ်ရည်သွင်ပြင်ရှိသည်။ သူသည် ရွှီချင်း ထုတ်လိုက်သည့် ပုလင်းလေးများကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။

သူ ခေါင်းယမ်းလိုက်သည့်အချိန်မှာပင် သူ၏မျက်နာ အဆက်မပြတ် ပြောင်းလဲသွားသည်။ ပထမဦးစွာ ချောမောသောလူငယ်လေးတစ်ယောက်ဖြစ်သွားသည်။ ထို့နောက် အရေးအကြောင်းများနှင့် အဘိုးအို ဖြစ်သွားသည်။ ယင်းနောက် အဆော့သန်သောကလေးတစ်ယောက် ဖြစ်သွားသည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ သူ့လက်ထဲတွင် နှလုံးသွေးဆယ့်တစ်ပုလင်းသာ ရှိတော့ပြီး ငါးပုလင်းကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

သူ ရရှိထားသည့်အချက်အလက်အရ သုံးဘဝမူးယစ်ဆေးကို ဝယ်ရန် လေးပုလင်းဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

အတန်ငယ် တွေးတောပြီးနောက် ရွှီချင်းက နောက်တစ်ပုလင်းထုတ်ကာ ဆိုင်ရှင်ရှေ့မှာ ချထားလိုက်သည်။

ဆိုင်ရှင်က ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပါသော်လည်း ခေါင်းယမ်းပြလိုက်သည်။

မြူခိုးများဖြင့် ကွယ်နေသော ရွှီချင်း၏မျက်နာ မည်းမှောင်သွားသည်။ အတန်ငယ် တိတ်ဆိတ်နေပြီးနောက် လက်ကျန်ပုလင်းကို သူ ထုတ်လိုက်သည်။

https://mmxianxia.com/wp-content/uploads/2023/07/Ghost-City-300x186.jpg

All Chapters