← Chapters

ဖီးနစ်တားမြစ်ဒေသကြီးထဲက တစ္ဆေလမ်း ( ၄ )

Vol. 22 Ch. 340

ဖီးနစ်တားမြစ်ဒေသကြီးထဲက တစ္ဆေလမ်း ( ၄ )

Vol. 22 Ch. 340

သို့သော်လည်း ဆိုင်ရှင်က ခေါင်းယမ်းနေဆဲပင်။ ရွှီချင်းက ရှိသမျှ အကုန်ထုတ်လိုက်သည်ကို သူ သိသွားဟန်တူသည်။ သူ့မျက်နှာက ကြိမ်ဖန်များစွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မျက်နှာပြောင်ကြီး ဖြစ်သွားသည်။ သူက မျက်နှာမဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီးနောက် ရွှီချင်း၏မျက်နှာကို ညွှန်ပြလိုက်သည်။

ရွှီချင်း ငြိမ်သက်နေသည်။

သူ အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ မိုးသောက်ယံသို့ ရောက်တော့မည်ဖြစ်သည်။ တစ္ဆေမြို့ထဲ သူ ပတ်သွားခဲ့ပြီး ထိုဖယောင်းတိုင်များအား ဤဆိုင်တစ်ဆိုင်တည်းသာ ရောင်းချသည်ကို တွေးမိလိုက်သည်။

သူ ခြေတစ်လှမ်း တိုးသွားသည်။ သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး သက်စောင့်မီးအိမ်သည်လည်း ထွန်းလင်းတောက်ပလာပေရာ သူ့ကိုယ်ထဲရှိ လောကကြီးတစ်ခုလုံး မီးများ လောင်ကျွမ်းနေသည့်အလားပင်။

သူ့ကိုယ်ထဲမှ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်မျိုးထွက်ပေါ်လာပြီး ရွှေကျီးကန်းကြီး၏ သွေးချီများနှင့် ပေါင်းစည်းသွားကာ အပူလှိုင်းအသွင်ဖြင့် အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။

ဆိုင်ရှင်သည် မျက်နှာမဲ့လူတစ်ယောက်မဟုတ်တော့ဘဲ အဘိုးအိုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သူ သိသိသာသာ မျက်နှာပျက်သွားသည်။ ရွှီချင်းက တိုက်ခိုက်တော့မည်ကို မြင်၍ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့နောက်မှ ဖယောင်းတိုင်ခုနစ်တိုင် ပျံထွက်လာပြီး ရွှီချင်း၏ရှေ့တွင် မျောလွင့်သွားသည်။

ထို့နောက် အဘိုးအိုသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာတစ်ခု ဆင်မြန်းလိုက်သည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ သူက ဖယောင်းတိုင်များကို သိမ်းဆည်းလိုက်ပြီး ပုလင်းခြောက်ပုလင်းကိုလည်း ပြန်ယူသွားကာ ထွက်သွားသည်။

သူသည် လမ်းတစ်လျှောက် သတိကြီးကြီးထား၍ သွားနေပြီး ကောင်းကင်ပေါ်ရှိ အပြောင်းအလဲများကို အာရုံစိုက်နေသည်။

သူ ရရှိခဲ့သည့် အချက်အလက်အရ တစ္ဆေလမ်းသို့ ဝင်ရောက်သွားပြီးနောက် အချိန်မစေ့သေးဘဲ ကြိုထွက်၍ မရပေ။ မိုးသောက်ယံသို့ ရောက်သည်အထိ စောင့်ပြီးမှသာ ပုလွေကို မှုတ်၍ ထွက်သွားရမည်ဖြစ်သည်။

ယခုလောလောဆယ်တွင် မိုးသောက်ယံသို့ ရောက်ရန် မလိုတော့ပေ။ ရွှီချင်းသည် လမ်းကြိုလမ်းကြားများထဲ သွားလာရင်း တိတ်ဆိတ်စွာ စောင့်နေသည်။

မကြာခင် ကောင်းကင်ကြီး လင်းထိန်လာသောအခါတွင် ဤမြို့ကြီးနှင့် ဘေးပတ်ဝန်းကျင်ရှိ တစ္ဆေများအားလုံး ပျောက်ကွယ်သွားတော့မည့်အလား ဖောက်ထွင်းမြင်လာရသည်ကို သူ ချက်ချင်း သတိထားမိလိုက်သည်။

ထိုအချိန်၌ တစ္ဆေမြို့တော်ကြီး၏ အလယ်ဗဟိုရှိ လေထဲတွင် မရေမတွက်နိုင်သော လက်များမှ ဖြစ်လာသော သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် ဘုန်းကြီးခေါင်းကြီး၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။

ထိုမျက်လုံးများသည် ငရဲအလား ရဲရဲနီနေသည်။ ထိုမျက်လုံးများထဲတွင် မရေမတွက်နိုင်သော တစ္ဆေများ ရုန်းကန်နေကြပြီး နာကျင်နေသောအမူအရာများဖြင့် စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

ယင်းသည် မြင်ရသူကို ရှုပ်ထွေးသော ခံစားချက်ဖြစ်စေပြီး ဘုန်းကြီးခေါင်းကြီး၏ မျက်နှာအမူအရာမှာ အတန်ငယ် ငေးမောသွားသည်။

ထိုစဉ် ခေါင်းကြီးသည် လှုပ်ရှားနေရာမှ ရပ်သွားသည်။ မိုးသောက်ယံမရောက်ခင် ထိုခေါင်းကြီးက တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ရှုပ်ထွေးသောအကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

ထိုတစ္ဆေမြို့ကြီးထဲရှိ နေရာအသီးသီးတွင် ဖောက်ထွင်းမြင်ရသောပုံရိပ်များအဖြစ် မပြောင်းလဲသွားသော လူရိပ်ဆယ်ရိပ်ကျော်ရှိသည်။ ယင်းလူရိပ်များသည် ပစ္စည်းများဝယ်ရန် ရောက်လာကြသော ကျင့်ကြံသူများဖြစ်ကြပြီး မိုးသောက်ယံအချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။

ဘုန်းကြီး၏ မျက်လုံးများသည် ထိုလူများကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်သည်။ ရွှီချင်းထံ အကြည့်ရောက်သွားသောအခါ ဆတ်ခနဲ တုန်ရီသွားပြီး နှာခေါင်းမှာ ပွချည်ရှုံ့ချည် ဖြစ်သွားသည်။ အတန်ငယ် အနံ့ခံပြီးနောက် မျက်လုံးများ ဝင်းလက်သွားသည်။

ရွှီချင်းသည်လည်း ထိုသည်ကို အာရုံခံမိလိုက်ပြီး မျက်နှာပျက်သွားသည်။ တချိန်တည်းမှာပင် ဘုန်းကြီးခေါင်းကြီးထံမှ မိုးခြိမ်းသံအလား ထည်ဝါခံ့ညားသောအသံကြီး ဟိန်းထွက်လာသည်။

“ ရွှေကျီးကန်း၊ ငါ့မျိုးနွယ်ကို သန့်စင်သွားတဲ့ ရွှေကျီးကန်း။ ရွှေကျီးကန်း သေကို သေရမယ် ”

ထိုအသံကြီး ပေါ်လာသည့်အခိုက် မိုးသောက်ယံသို့ ရောက်သွားကာ တစ္ဆေမြို့ကြီးတစ်မြို့လုံး ချက်ချင်း ငြိမ်သက်သွားသည်။

ထိုအသံကြီးသည် ဤတစ်ညတာအတွင်း ရွှီချင်း ကြားရသည့် တစ်ခုတည်းသော အသံဖြစ်သည်။

ထိုအသံကြီးထဲတွင် ဖော်ပြ၍မရနိုင်သော စွမ်းအားများ ပါဝင်နေသည်။ ရွှီချင်း၏နားထဲသို့ ထိုအသံကြီး ဝင်ရောက်သွားသောအခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး ပြိုလဲသွားတော့မည့်အား သူ့ဝိညာဉ် မငြိမ်မသက် ဖြစ်လာသည်။ ကံကောင်းထောက်မ၍ သက်စောင့်မီးအိမ်ထီးနက်က သူ့ဝိညာဉ်ကို ကာကွယ်ပေးထားရာ သူ ပြန်သက်သာလာသည်။

သူက တစ္ဆေပုလွေကို အလျင်အမြန် ထုတ်လိုက်ပြီး မှုတ်လိုက်သည်။

နားစည်ကွဲလုမတတ် စူးရှကျယ်လောင်သောအသံ လွင့်ပျံသွားသည်။ ယင်းနောက် ရွှီချင်း၏ပတ်လည်ရှိ အရာအားလုံး တခဏလေးအတွင်း ပျောက်ကွယ်သွားသည်။

အသက်ရှူကြိမ်တစ်ကြိမ်စာ ကြာပြီးနောက် တောအုပ်ထဲရှိ တြွိဂံပုံစံ သစ်ပင်သုံးပင်ထားခဲ့သောနေရာ၌ ရွှီချင်း ပြန်ပေါ်လာသည်။

တစ္ဆေမြို့ကြီးကိုမူ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

မိုးကုတ်စက်ဝိုင်းဆီမှ ရောင်နီပျို့လာသည်။ နေမင်းကြီးက ခေါင်းပြူထွက်လာကာ နေရောင်ခြည်များကို လောကကြီးတစ်ခွင် ဖြန့်ကျက်လိုက်လေသည်။

တချိန်တည်းမှာပင် ဤတားမြစ်ဒေသကြီးထဲရှိ ရွှီချင်းနှင့် အလွန့်အလွန် ဝေးကွာသောအရပ်၌ မြို့ကြီးတစ်မြို့ ရှိသည်။

ထိုမြို့ကြီးသည် တစ္ဆေမြို့ကြီးနှင့် လုံးဝ မတူညီပေ။ ထိုမြို့ကြီးသည် ဒြပ်ရှိသော မြို့ကြီးဖြစ်ပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက မြို့ပျက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ညအမှောင်ထုကြီး အောက်တွင် နံရံကျိုးများနှင့် ဖုန်များကို ဝိုးတဝါး မြင်နိုင်သည်။

မြို့ပျက်ကြီး၏ အရှေ့အရပ်၌ နေရောင်ခြည်ရောက်ရှိလာခြင်းနှင့်အတူ ကြီးမြတ်သော အားကြီးတစ်ခုက ညဇာပဝါကို ဖယ်ရှားလိုက်လေရာ အမှောင်ထုထဲတွင် ပုန်းကွယ်နေသော ဘုရားကျောင်းတစ်ကျောင်း ပေါ်လာသည်။

ဘုရားကျောင်းအပြင်ဘက်တွင် ကျင့်ကြံသူဒါဇင်ကျော် တင်ပျဉ်ခွေထိုင်၍ တရားမှတ်နေသည်။ သူတို့အဝတ်အစားများသည် မတူညီကြဘဲ တစ်ယောက်ကိုတစ်ယောက် သတိထားနေကြ၏။ သိသာထင်ရှားစွာပင် သူတို့သည် မတူညီသောနေရာအသီးသီးမှ ရောက်လာကြခြင်း ဖြစ်သည်။

ယခု မိုးသောက်ယံသို့ ရောက်လာသောအခါ သူတို့သည် ဘုရားကျောင်းကြီးကို စိုးရိမ်ပူပန်ကာ လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။

ဘုရားကျောင်းကြီးထဲတွင် ဓားမော့ကြီးတစ်လက်ကို ကိုင်စွဲထားသော ရုပ်ထုကြီးတစ်ခု ရှိသည်။

ဘုရားကျောင်းတစ်ခုလုံး၌ လူဆို၍ ထိုရုပ်ထုကြီးအောက်တွင် တရားထိုင်နေသောလူ တစ်ယောက်သာ ရှိသည်။

ထိုလူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူကို ဆောင်းထားသည်။ သူ၏ရုပ်ရည်သွင်ပြင်သည် စာဖွဲ့၍ မရနိုင်လောက်အောင် ချောမောပြီး မျက်နှာအမူအရာက အလွန် အေးစက်သည်။ သူ၏ခေါင်းပေါ်ရှိ ကွန်ခြာက ထူးခြားပြီး သူ့တစ်ကိုယ်လုံးမှ အံ့သြစရာကောင်းသော အရှိန်အဝါတစ်မျိုး ဖြာထွက်နေသည်။

သူကား သူတော်စင်ကြယ်ပင်။

All Chapters