← Chapters

မိစ္ဆာဝိညာဉ်များထဲ တိုးဝင်မိခြင်း

Vol. 22 Ch. 341

မိစ္ဆာဝိညာဉ်များထဲ တိုးဝင်မိခြင်း

Vol. 22 Ch. 341

ဖီးနစ်တားမြစ်နယ်မြေကြီးထဲရှိ သစ်ပင်သုံးပင်ကို တြွိဂံပုံစံ ချထားသောနေရာ၌ ဖယောင်းတိုင်သုံးတိုင်မှာ မီးစာကုန်သည်အထိ လောင်ကျွမ်းပြီးသွားသည်မှာ ကြာပြီဖြစ်၍ သစ်ပင်များပေါ်တွင် ဖယောင်းသားအလွှာတစ်ခု ပေါ်လာသည်။

ရွှီချင်းသည် သစ်ပင်သုံးပင်၏ အလယ်ဗဟိုတွင် ရပ်၍ တစ္ဆေမြို့တော် ပျောက်သွားသောနေရာသို့ ကြည့်လိုက်သည်။

သူက သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်ပြီး သူ ယူခဲ့သော ပစ္စည်းများ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

“ တစ္ဆေမြို့ကပစ္စည်းတွေကို နေ့ခင်းမှာ ထုတ်ကြည့်လို့မရဘူး။ ညမှာပဲ အသုံးပြုလို့ရတာ ”

ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ယင်းသည် သူ သိခဲ့သော အချက်အလက် ဖြစ်သည်။ တစ္ဆေလမ်းမှာ သူ ကြုံခဲ့ရသည့် ဖြစ်ရပ်များကို သူ စမြုံ့ပြန်လိုက်ရင်း သူ့စိတ်ထဲ အတွေးများစွာ ပေါ်လာသည်။

“ အဲဒီဘုန်းကြီးခေါင်းကြီးက ရွှေကျီးကန်းလို့ ပြောလိုက်တာလား ”

“ အဲဒီမျိုးနွယ်က အရင်က ရွှေကျီးကန်း သန့်စင်တာ ခံခဲ့ရတာလား ”

ရွှီချင်း စဉ်းစားတွေးတောလိုက်ပြီး နေရာမှ ထွက်သွားသည်။ ဘေးဘီဝဲယာသို့ သူ လှည့်ပတ်ကြည့်ရှုလိုက်ရင်း ရှေ့သို့ တဟုန်ထိုး သွားလိုက်သည်။

တစ္ဆေလမ်းကိစ္စကိုမူ သူ တွေးသလို ဖြစ်နိုင်ချေများကြောင်း ခန့်မှန်းမိသည်။ အသေးစိတ်အဖြစ်အပျက်များကိုမူ သူ အဆင်ပြေသောအခါမှသာ ရှာဖွေကြည့်ရပေမည်။

ထို့ကြောင့် ထိုကိစ္စအား တွေးတောခြင်းကို သူ ရပ်လိုက်ပြီး တောအုပ်ထဲ တရိပ်ရိပ်ဖြင့် သွားနေသည်။

တစ္ဆေလမ်းအပြင် ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ သူ၏အစီအစဉ်များထွဲင် အဆိပ်သားရဲများနှင့် အဆိပ်ပင်များလည်း ပါသည်။ ၎င်းတို့ကို သူ ရှာဖွေစုဆောင်းရပေဦးမည်။

“ အားလုံး အဆင်ပြေရင် ပိုးကောင်နက်လေးတွေကို အဆင့်တက်အောင် ငါ လုပ်ပေးနိုင်မှာပဲ။ အဆိပ်တားမြစ်ဆေးကို သန့်စင်မယ့် ငါ့အစီအစဉ်က ဘာမှဖြစ်တော့မှာ မဟုတ်တော့ဘူး ”

ရွှီချင်းသည် မြန်ဆန်သည်ထက် မြန်ဆန်စွာ သွားနေသည်။ လမ်းတစ်လျှောက်တွင် ရံဖန်ရံခါ သူ၏ဦးတည်ချက်များကို ပြောင်းလဲကာ သူ လိုအပ်သော အဆိပ်ပင်များကို ရှာဖွေလေသည်။

ထိုသို့ဖြင့် တစ်နေ့ ကုန်လွန်သွားသည်။

နေ့ခင်းဘက်တွင် ဖီးနစ်တားမြစ်ဒေသကြီး၏ အန္တရာယ်အဆင့်က ညဘက်ထက် များစွာ နည်းသည်။

ရွှီချင်းသည် အပြင်ဘက်ပိုင်း၌သာ သွားလာနေ၏။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်တို့ကို ပေါင်းစပ်လိုက်သောအခါ သားရဲအနည်းငယ် ကြုံခဲ့ရပါသော်လည်း အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

သူ လိုအပ်သော မြက်ပင်များနှင့် အဆိပ်ပင်များကိုလည်း ရှာတွေ့ခဲ့သည်။ သို့သော်လည်း ယခုတစ်ခေါက်ခရီးက အန္တရာယ်နှင့် လုံးလုံးလျားလျား လွတ်ကင်းနေခဲ့သည်တော့ မဟုတ်ပေ။ မှောင်ရီပျိုးစအချိန်တွင် ရွှီချင်းသည် ခပ်လှမ်းလှမ်းတွင် အနီရောင်မြက်ခင်းပြင်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုမြက်ခင်းပြင်ကြီးထံမှ သူ အန္တရာယ်အငွေ့အသက် ရလိုက်သည်။

သူက ဖျပ်ခနဲ ကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း အနီရောင်မြက်ခင်းကြီးက ထူးဆန်းစွာ လူးလွန့်သွားသည်။ မြက်ခင်းကြီးပေါ်မှာ မျက်လုံးတစ်လုံးပြီးတစ်လုံး ပေါ်လာပြီး ရွှီချင်းကို စူးစိုက်ကြည့်နေသည်။

ထိုမျက်လုံးများထံမှ ရက်စက်ကြမ်းကြုတ်သောလှိုင်းများ ဖြာထွက်လာသည်။

ရွှီချင်း တုန်ရီသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ယားကျိကျိဖြစ်လာသလို ခံစားလာရသည်။ သူ သက်စောင့်မီးလုံးများနှင့် သက်စောင့်မီးအိမ်တို့ကို ထွန်းညှိလိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်သောအခါမှသာ ထိုရက်စက်ကြမ်းကြုတ်သောလှိုင်းကို တားဆီးနိုင်ခဲ့သည်။

ထိုနေရာမှ ထွတ်လာပြီးနောက် သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်သည်။ သူ့လက်ပေါ်တွင် မည်သည့်အချိန်ကမသိ ကြီးထွားလာသော တစ်ဝက်မျက်လုံးတစ်လုံးကို မြင်လိုက်ရသည်။

တစ်ဝက်မျက်လုံးဟု ဆိုရခြင်းမှာ ထိုမျက်လုံးက အပြည့်အဝ ပွင့်မလာသေးသောကြောင့် ဖြစ်သည်။

သို့သော်လည်း ၎င်း၏ မျက်ခွံများနှင့် မျက်တောင်များက အလွန် ကြည်လင်သည်။ အနီရောင်မြက်ခင်းထဲရှိ မျက်လုံးများနှင့် တသွေမတိမ်း တူညီသည်။

ထိုမျက်လုံးသည် အလွန် ထူးဆန်းသည်။ မိစ္ဆာမီးတောက်နှင့် လောင်ကျွမ်းသည်ဖြစ်စေ၊ တူးထုတ်ရန် ကြိုးစားသည်ဖြစ်၍ ဖယ်ထုတ်၍ မရပေ။ အရိပ်လေးသည်ပင် ထိုမျက်လုံးကို သူ့လက်ပေါ်မှ ခဏလေး ပျောက်သွားအောင်သာ လုပ်နိုင်သည်။ အရိပ်လေး အဝေးရောက်သွားသည်နှင့် ထိုမျက်လုံးက ပြန်ပေါ်လာတတ်သည်။

ယင်းအပြင် ထိုမျက်လုံးက ကြီးထွားနေသည်မှာ သိသာသည်။ ရက်အနည်းငယ်အတွင်း ထိုမျက်လုံး ပွင့်လာမည်ဟု ရွှီချင်း ခံစားနေရသည်။

ထိုမျက်လုံးသာ ပွင့်လာပါက မည်သို့ဖြစ်မည်ကို ရွှီချင်း မသိချင်ပေ။ ထို့ကြောင့် သူက အရိပ်လေးကို သုံး၍ မျက်လုံးအား နှစ်ခြမ်းခွဲလိုက်ပြီး ကျင်းဝူလျန့်ဝမ့်လင်အတတ်ဖြင့် သန့်စင်လိုက်သည်။ နောက်ဆုံးတွင် တစ်ပိုင်းမျက်လုံးကို သူ သန့်စင်နိုင်လိုက်သည်။

“ ဒီဖီးနစ်တားမြစ်ဒေသကြီးက အရမ်းအန္တရာယ်များတာပဲ ”

ရွှီချင်းသည် သူ့လက်ကို ကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့ကိုယ်ပေါ်မှ မျက်လုံးသုံးဆယ်ကျော်ကို သူ ရှင်းထုတ်ပစ်နိုင်လိုက်သည်။

ထိုမျက်လုံးများသည် မျက်လုံးအပြည့်အဝဖြစ်သည့်အဆင့်သို့ ရောက်ရန် အဝေးကြီး လိုသေးသည်။ ယင်းအပြင် အများစုက သစ်စေ့များနှင့် ဆင်တူသည်။ ရွှီချင်းကို ကြောက်လန့်သွားစေသည့်အချက်မှာ ၎င်းတို့က သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ကြီးထွားနေခြင်း မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါများထဲတွင် ကြီးထွားနေခြင်း ဖြစ်သည်။

သူသာ အသိနောက်ကျခဲ့ပါက သို့မဟုတ် ၎င်းတို့ကို လျစ်လျူရှုထားခဲ့ပါက ၎င်းတို့ ကြီးထွားလာသည်နှင့် ဆိုးဆိုးဝါးဝါး အခြေအနေသို့ ရောက်သွားရမည်ကို သူ မှန်းဆကြည့်နိုင်သည်။

ရွှီချင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ မှောင်ရီပျိုးစအချိန်ကို ကျော်လွန်ပြီး ညအချိန်သို့ ရောက်လာပြီဖြစ်၍ သူ ပို၍ သတိထားလာသည်။ သူက သစ်ခေါင်းတစ်ခုကို ရွေးကာ သစ်ခေါင်းထဲ တိုးဝင်သွားသည်။

“ ငါ လိုချင်တဲ့ အဆိပ်မြက်ပင်တွေအကုန်လုံးနီးပါး ငါ ရပြီ။ နောက်တစ်ဆင့်အနေနဲ့ အဆိပ်သားရဲတွေ ငါ စုဆောင်းရမယ် ”

နောက်တစ်ဆင့် သူ၏ပစ်မှတ်က နေ့ခင်းဘက်မှာသာ လှုပ်ရှားရမည်ဖြစ်၍ သူ အပြင်သို့ ထွက်မနေတော့ပေ။

ယင်းအပြင် ယနေ့ညတွင် သူသည် ပိုးကောင်နက်များကို မိစ္ဆာယင်အဆိပ်နှင့် ပေါင်းစပ်ကြည့်ဦးမည် ဖြစ်သည်။ သူသည် မန္တန်အစီအရင်များ နေရာချလိုက်ပြီး သစ်ခေါင်းအပြင်ဘက်သို့ အဆိပ်မှုန့်များ ပက်လိုက်သည်။

သူ ဘေးကင်းလုံခြုံပြီဖြစ်ကြောင်း သေချာသောအခါမှသာ မျက်လုံးများကို မှိတ်၍ တရားထိုင်လိုက်သည်။

ညသည် တဖြည်းဖြည်း ကုန်လွန်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အပြင်လောကကြီးမှ ထူးဆန်းသော အော်မြည်သံသဲ့သဲ့ အချိန်တိုင်း ထွက်ပေါ်နေသည်။ ရွှီချင်းသည် ထိုအသံများကို နားထောင်ရင်း မြို့ပျက်ကြီးသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

‘ တားမြစ်နယ်မြေတွေနဲ့ တားမြစ်ဒေသကြီးတွေကို ဂရုမစိုက်ဘဲ နေနိုင်လောက်တဲ့အထိ ငါ အစွမ်းထက်လာပါ့မလား ’

ရွှီချင်း တစ်ကိုယ်တည်း တွေးတောလိုက်သည်။

အချိန်များ ကုန်လွန်လာခဲ့ပြီး မကြာခင် ညသန်းခေါင်ယံအချိန်သို့ ရောက်လာသည်။ ပတ်ဝန်းကျင်တွင် လေအေးများ တဟူးဟူး တိုက်ခတ်လာပြီး ရွှီချင်း အသက်ရှူလိုက်သည့်အခါ သူ့ပါးစပ်မှ အဖြူငွေ့များ ထွက်လာသည်။ ယင်းကြောင့် သူ မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သော အအေးဓာတ်ကို သူ ပြန်ခံစားလိုက်ရသည်။

အအေးဓာတ်ကို ရွှီချင်း ကြောက်သည်။ သို့သော် အခြေတည်အဆင့်သို့ ရောက်သွားပြီး သူ၏ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည် တိုးတက်လာကတည်းက အအေးဓာတ်ကို သူ မခံစားခဲ့ရတော့ပေ။

သို့သော် … ယနေ့တွင် အအေးဓာတ်ကို သူ ပြန်ခံစားနေရသည်။

“ တစ်ခုခု လွဲနေပြီ ”

ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားသည်။ ယမန်နေ့ညက တားမြစ်နယ်မြေထဲရှိ အပူချိန် လျော့ကျနေသည်ကို သူ ခံစားမိခဲ့ပါသော်လည်း ယခုလောက် အခြေအနေ မဆိုးသေးပေ။

ထိုအတွေးနှင့်အတူ သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးများ ချက်ချင်း တောက်လောင်လာသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ ထုတ်ဖော်လိုက်ပြီးနောက် သစ်ခေါင်းအပြင်ဘက်သို့ ပြေးထွက်ကာ ဘေးပတ်လည်ကို အကဲခတ်လိုက်သည်။ တခဏလေးအတွင်း ရွှီချင်း၏မျက်နှာ မည်းမှောင်သွားသည်။

မနီးမဝေးရှိ တောအုပ်ထဲတွင် မြူခိုးများစွာ ရုတ်တရက် ရစ်သိုင်းလာသည်ကို သူ မြင်လိုက်ရသည်။ ထိုမြူခိုးများသည် ဆက်လက်ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယမန်နေ့ညက ပေါ်လာခဲ့သော တစ္ဆေမြို့ကြီး တိတ်တဆိတ် ပေါ်လာပြန်သည်။

ယခုတစ်ခေါက်တွင် တစ္ဆေပုလွေကို ရွှီချင်း မမှုတ်ခဲ့ပေ။ ဘေးပတ်လည်ကိုလည်း သူ စစ်ဆေးကြည့်ခဲ့ပြီးပြီဖြစ်ပြီး တစ္ဆေမြို့တော်ကို ဆင့်ခေါ်သူ တစ်ယောက်မှ မရှိပေ။ ရွှီချင်းသည် တွေဝေမနေဘဲ အစွမ်းကုန် ထွက်ပြေးလေသည်။

သူ့နောက်တွင် တစ္ဆေမြို့အထက်ရှိ လေထဲ၌ မရေမတွက်နိုင်သော လက်များဖြင့် ချုပ်နှောင်ခြင်းခံထားရသော ဘုန်းကြီးခေါင်းကြီးက သူ ထွက်ပြေးသွားသည့်ဘက်သို့ တဖြည်းဖြည်း လှည့်ကြည့်လာသည်။ ထို့နောက် မိုးခြိမ်းသံကဲ့သို့ အသံကြီး ဟိန်းထွက်လာပြန်သည်။

“ ငါ့မျိုးနွယ်ကို သန့်စင်သွားတဲ့ ရွှေကျီးကန်း။ ရွှေကျီးကန်း သေကို သေရမယ် ”

ဘုန်းကြီးခေါင်းကြီးသည် ရုတ်တရက် အပြင်သို့ ခုန်ထွက်လာပြီး အမြင့်တွင် ပျံသန်းသွားသည်။ လက်များဖြင့် ဖန်တီးထားသော သံကြိုးများသည် အလွန် ရှည်လျားစွာ ဆွဲဆန့်နိုင်ပါသော်လည်း ခေါင်းကြီးကို မဟန့်တားနိုင်ပေ။

ခေါင်းကြီးက တစ္ဆေမြို့ကြီးအပြင်ဘက်ရှိ တောအုပ်ထဲသို့ ဝုန်းခနဲ ဝင်ရောက်လာသည်။ သစ်ပင်များစွာ ကျိုးကြေသွားပြီး ခေါင်းကြီးက ဘောလုံးတစ်လုံးအလား ရွှီချင်းနောက်သို့ ထပ်ကြပ်မကွာ ပြေးလိုက်လေသည်။

ထိုခေါင်းကြီးမှာ အလွန် မြန်ဆန်သည်။ ၎င်း ဖြတ်သန်းသွားသည့်နေရာတိုင်း ကျိုးကြေပျက်စီးသွားသည်။ ၎င်း၏နောက်ရှိ လက်သံကြိုးများသည်လည်း ရှည်ထွက်ကာ တွန့်လိမ်ရှုံ့တွလာသည်။ တစ္ဆေမြို့ကြီးသည်ပင် တုန်ခါလာသည့်အလား တဂျိမ်းဂျိမ်းမြည်ဟည်းလာသည်။

ထိုအခြင်းအရာအားလုံးကြောင့် ရွှီချင်း၏ရင်ထဲတွင် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရပြီး မျက်လုံးများ မှေးသွားသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးအိမ်နှင့် သက်စောင့်မီးလုံးများကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး သူ့နောက်ရှိ ရွှေကျီးကန်းကြီးသည်လည်း ရုပ်လုံးပေါ်လာရာ သူ၏အရှိန် ပို၍ မြန်ဆန်သွားသည်။

သို့သော်လည်း ဧရာမတောင်ကြီးအလား ခေါင်းကြီးက သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်နေဆဲပင်။

တချိန်တည်းမှာပင် တစ္ဆေမြို့တော်မှ စူးရှကျယ်လောင်သောအသံများ မြည်ဟည်းလာသည်။ မရေမတွက်နိုင်သော တစ္ဆေလက်များ ဆန့်ထွက်လာပြီး ခေါင်းကြီးနောက်သို့ လိုက်လေသည်။

အဝေးမှကြည့်ပါက ထိပ်ဆုံးတွင် ရွှီချင်းရှိပြီး သူ့နောက်တွင် ခေါင်းကြီး ရှိသည်။ ခေါင်းကြီးကို ချိတ်ဆက်ထားသော သံကြိုးများက ခေါင်းပြတ်ကြီး၏ အမြန်နှုန်းကို ကန့်သတ်ထားသည်။ တချိန်တည်းမှာပင် တစ္ဆေမြို့တော်မှ တစ္ဆေလက်များ ဆန့်ထွက်လာကာ ခေါင်းကြီးနောက်သို့ လိုက်လေသည်။

“ ရွှေကျီးကန်း …”

ခေါင်းကြီးသည် နောက်မှလိုက်ခံနေရသည့်တိုင်အောင် အနည်းငယ် တက်ကြွနေဆဲဖြစ်ပြီး အော်ဟစ်လိုက်သည်။

“ မင်းတို့အားလုံး … ”

“ သေမယ် ”

ခေါင်းကြီးက လေထဲသို့ ထပ်မံခုန်တက်လိုက်ပြီး အော်ဟစ်ကာ မနီးမဝေးရှိ ရွှီချင်းထံ ဝုန်းခနဲ ဝင်ရောက်သွားသည်။ သို့သော် ခေါင်းကြီးပေါ်ရှိ သံကြိုးများမှာ ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်၍ ခေါင်းကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

တစ္ဆေလက်များ ရောက်တော့မည်ကို ခေါင်းကြီး မြင်သွားပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။ ထို့နောက် ၎င်းမှာ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ခေါင်းလေးများအဖြစ် မြေပြင်ပေါ်သို့ ကျသွားကာ ရွှီချင်းနောက်သို့ လိုက်သွားသည်။

သံကြိုးများဖြင့် ချုပ်နှောင်ခြင်းမရှိတော့သည်ဖြစ်၍ ထိုခေါင်းလေးများသည် ကြောက်ခမန်းလိလိ မြန်ဆန်နေသည်။ တခဏလေးအတွင်း ခေါင်းလေး တစ်ဆယ်ကျော်က ရွှီချင်းအပေါ်သို့ ခုန်တက်သွားပြီး ရွှီချင်းကို ကိုက်တော့မည့်ဟန်ပြင်ကာ ပါးစပ်များကို ဖွင့်လိုက်ကြသည်။

ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ငွေ့များ ဆူဝေသွားသည်။ သူက ချာခနဲလှည့်ကြည့်လိုက်ပြီး သူ့နောက်တွင် ရွှေကျီးကန်း ပေါ်လာသည်။ သံတုတ်နက်လေးသည်လည်း ပျံထွက်လာပြီး ထိုခေါင်းများထံ ပြေးဝင်သွားသည်။

ရွှေကျီးကန်းကြီးက စူးရှစွာ အော်မြည်၍ ရှူသွင်းလိုက်သည်။ သံတုတ်နက်လေးသည်လည်း လျင်မြန်စွာ လှုပ်ရှားသွားသည်။ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ခေါင်းလေးအနည်းငယ် ပျက်စီးသွားကာ ပြာများ ဖြစ်သွားသည်။

သို့သော်လည်း ခေါင်းတစ်ခေါင်းကိုမျှ မစုပ်ယူလိုက်ရပေ။

ထိုခေါင်းပြတ်လေးများက ပုံရိပ်ယောင်သာဖြစ်ပြီး အစစ်အမှန် မဟုတ်သည့်အလားပင်။

ယင်းအပြင် ပြာများသည် ပြန်လည်စုစည်းသွားပြီး ခေါင်းလေးများ ပြန်ဖြစ်လာသည်။ ရွှီချင်း၏ ခြေထောက်ဘေးတွင် ခေါင်းလေးများ ပေါ်လာပြီး ရွှီချင်း၏ ခြေသလုံးကို ကိုက်လိုက်သည်။

ရွှီချင်း၏ ကိုယ်ထဲမှ သက်စောင့်မီးတောက်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။ ဘေးပတ်လည်ရှိ ခေါင်းများ အဝေးသို့ လွင့်ထွက်သွားပါသော်လည်း ပျက်စီးမသွားကြပေ။ တချိန်တည်းမှာပင် ၎င်းတို့သည် တကွိကွိအသံများပြု၍ တဂျွမ်းဂျွမ်း ဝါးစားနေသည်။

“ အရသာ ရှိလိုက်တာ၊ အရသာ ရှိလိုက်တာ၊ အရသာ ရှိလိုက်တာ ”

“ အားနည်းတယ်၊ အားနည်းတယ်၊ အားနည်းတယ် ”

ရွှီချင်း၏ မျက်နှာ မည်းမှောင်သွားသည်။ ရွှေကျီးကန်းက အစွမ်းမနိမ့်ဘဲ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ရွှေကျီးကန်း၏ အစစ်အမှန်စွမ်းအားကို အသုံးမချနိုင်သေးခြင်းသာ ဖြစ်ကြောင်း သူ သိသည်။

သူ ခြေသလုံးကို ကြည့်လိုက်သည်။ အသားစတစ်စကို ခေါင်းလေးများ ကိုက်သွားခဲ့သည်။

ယခင်က သူသာ တခြားလူများကို စုပ်ယူခဲ့သည်။ တခြားတစ်ယောက်က သူ့ကို ကိုက်သည်မှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ခေါင်းလေးတစ်ခေါင်းသည် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး ကျောချမ်းဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ ၎င်းက နောက်တစ်ကိုက် ကိုက်ရန် ပြင်လိုက်စဉ် တစ္ဆေလက်ကြီးတစ်ခုက ၎င်းကို တစ္ဆေမြို့တော်ဆီသို့ ပြန်ဆွဲခေါ်သွားလေသည်။

တခြားခေါင်းများထဲမှ တချို့က တစ္ဆေလက်များကို ရှောင်တိမ်းလိုက်ကြပြီး ရွှီချင်းကို ထပ်ကိုက်လိုက်ကြသည်။

ရွှီချင်း၏မျက်နှာ မည်းမှောင်သွားသည်။ သူ၏သက်စောင့်မီးတောက်အစွမ်းက ထိုသတ္တဝါလေးများအပေါ်တွင် အလုပ်မလုပ်သည်ကို သူ သိလိုက်ရသည်။ နောက်ထပ်ခေါင်းလေးတစ်ခုက သွေးအေးစွာ ပြေးဝင်လာသည်ကို သူ မြင်ပြီး မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။

အရိပ်လေးက ရွှီချင်း၏အတွေးများကို အာရုံခံမိလိုက်ပြီး ချက်ချင်း ခုန်အုပ်ကာ ခေါင်းပြတ်လေးထဲရှိ ဓာတ်နှောများကို စုပ်ယူလိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း နောက်ကျမနေဘဲ ခေါင်းလေးကို မြန်ဆန်စွာ ထိုးစိုက်လိုက်သည်။

ခေါင်းလေးသည်လည်း ရက်စက်ကြမ်းကြုတ်သည်။ ၎င်းက မရှောင်တိမ်းဘဲ အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ကို ကိုက်လိုက်သည်။

ထိုသို့ ၎င်း ကိုက်လိုက်စဉ်မှာပင် ခေါင်းတစ်ခုလုံး ပျက်စီးသွားပြီ မျက်လုံးများထဲမှ မရေမတွက်နိုင်သော ပိုးကောင်များ ပျံထွက်လာသည်။

ထိုပိုးကောင်လေးများသည် ရွှီချင်း၏ ပိုးကောင်နက်များ ဖြစ်သည်။ အစောကတည်းက ထိုပိုးကောင်နက်လေးများကို သူ ထုတ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အရိပ်လေးနှင့်အတူ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုပိုးကောင်နက်လေးများသည်လည်း အသုံးမဝင်သေးပေ။

ခေါင်းလေးများ ဖျက်ဆီးခံလိုက်ရတိုင်း အသစ်ပြန်ဖြစ်လာသည်။ ယင်းအပြင် ခေါင်းပြတ်များ ပိုများလာကာ သူ့ထံ တိုးဝင်လာကြသည်။

ရွှီချင်း၏မျက်နှာ ကြောက်စရာကောင်းလောက်အောင် ဖြစ်နေသည်။ ထိုခေါင်းလေးများကို ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အသုံးမဝင်ကြောင်း သူ သိသည်။ သူသည် ချာခနဲလှည့်ကာ အစွမ်းကုန် ပြေးသွားသည်။

ထိုသို့ဖြင့် ညတစ်ည ကုန်လွန်သွားသည်။

ရွှီချင်းသည် တစ်ညလုံး တရကြမ်း ပြေးနေသည်။ သူသာ မီသွားလျှင် ခေါင်းလေးများကို ဖျက်ဆီးကာ ခေါင်းလေးများကို ထပ်မံဝန်းရံခွင့်မပေးဘဲ ဆက်လက်ထွက်ပြေးလေသည်။ တချိန်တည်းမှာပင် တစ္ဆေလက်များသည် ခေါင်းတစ်ခေါင်းပြီးတစ်ခေါင်း တစ္ဆေမြို့ကြီးဆီသို့ ဆွဲခေါ်နေသည်။

မိုးကုတ်စက်ဝိုင်းဆီတွင် ရောင်ခြည်လာသောအခါမှသာ နောက်မှလိုက်နေသော ခေါင်းပြတ်လေးများ ပျောက်သွားသည်။

ရွှီချင်းသည်သာ နေရာတွင် ကျန်နေခဲ့သည်။ သူ၏မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် ဆူဝေနေပြီး ယမန်နေ့ညက တစ္ဆေမြို့တော် ပေါ်လာခဲ့သည့်အရပ်သို့ စူးစိုက်ကြည့်လိုက်သည်။

သူ၏အဝတ်အစားများ တွန့်ကြေနေပြီး ပဲ့ထွက်သွားသော အသားစများနေရာတွင် အသစ်ပြန်ပေါက်လာပါသော်လည်း ကိုက်ရာများက တဖြည်းဖြည်းနှင့်သာ ပျောက်သွားသည်။

“ အဲဒါ ဘာကြီးတုန်း။ ဖျက်ဆီးလို့လဲမရဘူး။ ချက်ချင်း အသစ်ပြန်ဖြစ်တာ။ အဲဒီတစ္ဆေလက်တွေမှပဲ အဲဒီကောင်တွေကို ပြန်ခေါ်နိုင်တယ် ”

“ အဲဒီတစ္ဆေလက်တွေက ထောင်စောင့်တွေနဲ့ တူတယ်။ အဲဒီဘုန်းကြီးခေါင်းပြတ်ကြီးက ရာဇဝတ်သားနဲ့ ပိုတူတယ်။ အဲဒီခေါင်းပြတ်ကြီးက ငါ့ကြောင့် ထောင်ထဲကနေ အတင်းအကြပ် ဖောက်ပြေးတာ … ”

“ ပြီးတော့ …”

ရွှီချင်းသည် ခန္ဓာကိုယ်ပေါ်ရှိ ကိုက်ရာများကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ပေါ်လာသည်။

“ အဲဒီကောင်ကို သတ်ပစ်ဖို့ နည်းလမ်း ငါ ရှာရမယ် ”

ရွှီချင်း၏ မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် အေးစက်တင်းမာနေသည်။ ထိုသည်ကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှ မြင်၍ စိတ်ထဲမှ အေးစက်စက်နှာမှုတ်လိုက်သည်။

‘ မင်း ငါ့ကို ကိုက်ရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ မိစ္ဆာရွှီကို သွားကိုက်မိလို့ကတော့ မင်းရဲ့ခေါင်းတော့ ကိစ္စချောပြီပဲ ’

#ဒီည နောက်ထပ်မလာတော့ပါဘူး။ မနက်ဖန်တစ်ရက်လည်းနားပါဦးမယ်။ တနင်္လာနေ့မှပဲ ပြန်တင်ပေးပါမယ်။

တကယ်တော့ ရှေ့လေးငါးခန်းလောက်နေရင် ဆက်တိုက်ကြမ်းတဲ့အခန်းတွေ လာတော့မှာပါ။ အဲဒီအခါကျ မြန်မြန်ရေးနိုင်အောင်လို့ အားမွေးနေတာပါ

All Chapters