ရေပန်းစားမှု တိုးလာခြင်း
Vol. 26 Ch. 376
သုံးမှတ်တန် ပစ်ချက်တိုင်းက လူတိုင်း၏ ရင်ကို တုန်လှုပ်သွားစေပြီး ထိုဖြစ်စဉ်က ထပ်ခါတလဲလဲ ဖြစ်ပျက်နေသည်။ ကိုရီးယားနိုင်ငံမှ ကစားသမားများအားလုံး ကြံရာမရ ဖြစ်နေကြသည်။
သုံးမှတ်တန် ပစ်ချက် ဆယ်ခါတိတိ ရလာသဖြင့် အမှတ်က ၁၃၆:၁၃၆ ဖြစ်လာသည်။ သရေ ဖြစ်နေလေပြီ။
ရဲ့လင်းချန်သည် နောက်ဆုံးပစ်ချက်ကို အလျင်စလို မပစ်ပေ။ သူသည် အေးအေးလူလူ ဘောလုံး လျှောက်ပုတ်နေပြီး လူတိုင်းအား ထိုင်ခုံမှနေ၍ ဖင်တကြွကြွ ဖြစ်အောင် ပြုလုပ်နေသည်။ နောက်ဆုံး စက္ကန့်တွင် ဘတ်စကက်ဘောလုံးက သူ့လက်ထဲမှ ထွက်သွားလေသည်။
အားလုံး၏ အာရုံစိုက်နေသော အကြည့်အောက်မှာပင် ဘောလုံးက လေထဲ၌ လှလှပပ ဝဲပျံနေပြီး ကွင်းထဲသို့ ဝင်သွားသည်။
“ဝိုး”
တရုတ်လူမျိုးများ ဝမ်းသာအားရ ဟစ်ကြွေးလာပြီး အားလုံး တုန်ယင်နေသော ခန္ဓာကိုယ်များဖြင့် ထရပ်ကြသည်။
ဝန်ကြီးချုပ်ဖန့်နှင့် အခြားသူများသည် သူတို့၏ အသက်ရှူနှုန်းကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူတို့၏ စိတ်လှုပ်ရှားနေသော နှလုံးသားအား တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိ ဖြစ်နေလေသည်။
ကိုရီးယားလူမျိုးများသည် ခုံ၌ ထိုင်နေကြပြီး ရဲ့လင်းချန်၏ ပြောင်မြောက်သော စွမ်းရည်ကို အံ့အားသင့် နေကြသည်။
“ရဲ့လင်းချန်၊ ရဲ့လင်းချန်၊ ရဲ့လင်းချန်”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ဦးဆောင်၍ ဟစ်ကြွေးလာပြီးနောက် တစ်ခဏအကြာတွင် အားလုံးက ရဲ့လင်းချန်၏ နာမည်ကို အော်ဟစ်ကြကာ အားလုံးနီးပါး မျက်ရည် ကျနေ၏။
“ဖျပ် ဖျပ်”
သတင်းထောက်များစွာတို့သည် သူတို့၏ ကင်မရာများကို ရဲ့လင်းချန်ထံ ချိန်၍ ကင်မရာကို တဖျပ်ဖျပ် ရိုက်နေကြလေသည်။
သတင်းထောက်များ သူ့ထံ လာနေသည်ကို မြင်ပြီး ရဲ့လင်းချန်က အားလုံးကို လက်ဝှေ့ယမ်းပြကာ လူအုပ် ကြားထဲမှ ငါးတစ်ကောင်သဖွယ် တိတ်တခိုး ထွက်သွားလေသည်။
သတင်းထောက်များသည် ရဲ့လင်းချန်ကို မဖမ်းနိုင်သောကြောင့် သူတို့အာရုံက ဝန်ကြီးချုပ်ဖန့်ထံ ပြောင်းသွားသည်။
ထိုသတင်းထောက်များနှင့် တွေ့ရသောအခါ ဝန်ကြီးချုပ်ဖန့်၏ မျက်နှာက ဂုဏ်ယူစိတ်ကြောင့် ဝင်းပနေပြီး စကား များများ ပြောလေသည်။ သူသည် မျက်မှောင်ကြုတ်၍ အရှက်ရနေသော ကိုရီးယားနိုင်ငံ၏ နည်းပြကို ပြောလိုက်သည်။
“မင်း ခုနက ဂုဏ်ယူတဲ့ မိန့်ခွန်းစကား ပြောခဲ့တယ် မဟုတ်လား၊ မင်း မိုက်ခရိုဖုန်း လိုချင်လား၊ ဒါမှ မင်း ဆက်ပြီး ကျေးဇူးတင်စကား ပြောလို့ရမှာလေ”
မနက်ခင်း ကုန်ဆုံးသွားချိန်တွင် ရဲ့လင်းချန်သည် ကျန်းဟဲထံမှ ဖုန်းလက်ခံ ရရှိခဲ့ပြီး သူ့အား ထမင်း အတူတူ စားရန် ဖိတ်ခေါ်သည်။ ထိုအခြေအနေမျိုး၌ ရဲ့လင်းချန် မငြင်းဆန်တော့ပေ။
နေ့လယ်စာစားချိန်အတွင်းတွင် ဝန်ကြီးချုပ်ဖန့်က ရဲ့လင်းချန်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ကြောင်း ပြောဆိုနေသည်။ ထိုအတောအတွင်း သူက ရဲ့လင်းချန်၏ လက်ကိုကိုင်ထားပြီး ငိုလျက် ပြောသည်။ သူသည် ရဲ့လင်းချန်အား တရုတ်နိုင်ငံ ဘတ်စကက်ဘော၏ ကယ်တင်ရှင်ဟု အမှန်တကယ် ယူဆထားသည်။ ထို့အပြင် သူသည် ရဲ့လင်းချန်အား ကိုရီးယားနိုင်ငံကို အနိုင်ယူခဲ့သည့်အတွက် ဆုကြေးအနေဖြင့် ဘောနပ်စ် ယွမ်ငါးသိန်း ချီးမြှင့်သည်။
ရဲ့လင်းချန်၏ ရပိုင်ခွင့်အနေဖြင့် နှစ်တိုင်း အားကစားကြေး ခံစားခွင့် ယွမ်ခြောက်သိန်းအား နှစ်စဉ် ပေးအပ်သွားမည် ဖြစ်သည်။ ထို့အပြင် ရဲ့လင်းချန်သည် လုံးဝကို သူမတူသောလူ ဖြစ်သဖြင့် လေ့ကျင့်ရေး၌ ပါဝင်ရန် မလိုအပ်ပေ။ သူ လုပ်စရာဟူ၍ နိုင်ငံတကာ ကစားပွဲများ၌ ဝင်ကစားပေးရန်သာ ရှိပေသည်။
မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ ကစားသမားများမှာမူ တစ်ယောက်ချင်းစီက ရဲ့လင်းချန်ကို လေးစား အားကျသော စကားများ ပြောကြသည်။ နောက်ဆုံးတွင် ရဲ့လင်းချန်က လုံးဝ မမူးပေ။ သူတို့ကသာ မူးပြီး ကြမ်းပြင်ပေါ်၌ မှောက်သွားလေသည်။
မကြာခင်မှာပင် ဘတ်စကက်ဘော ကစားပွဲက အင်တာနက်ပေါ်၌ ပေါက်သွားလေသည်။
သတင်းထောက်များသည် စိတ်လှုပ်ရှားနေကြပြီး ဘတ်စကက်ဘော ကစားပွဲ ပြီးပြီးချင်းမှာပင် သူတို့၏ ဆောင်းပါးများ တန်းထုတ်နိုင်အောင် ရေးသားကြသည်။
“သတင်းထူး၊ ဒါက သမိုင်းထဲက မြင်ဖူးသမျှထဲမှာ သတင်းကြီးတွေထဲက တစ်ခု ဖြစ်မှာ အသေအချာပဲ”
သူတို့ သတင်းကို ရေးသားပြီးသည်နှင့် တစ်ကမ္ဘာလုံး စိတ်ဝင်စားလာမည်မှာ သေချာသလောက်ပင်။
Tencent News, Sina News နှင့် Jinri Toutiao တို့အားလုံး တစ်ပြိုင်တည်း သတင်းတင်ကြသောကြောင့် လူတိုင်း၏ ဖုန်းထဲ၌ သတင်းပေးပို့ချက်များ တန်းတက်လာသည်။ ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများသည်လည်း ချက်ချင်း ပွက်ပွက်ညံလာပြီး တရုတ်နိုင်ငံ၏ အားကစားနှင့် ဘတ်စကက်ဘော အသင်းတို့၏ တရားဝင် website များတွင်လည်း ပိတ်ဆို့မှုများ ဖြစ်လာရသည်။
တစ်ချိန်တည်းမှာပင် ပွဲကို သွားကြည့်သည့် လူများသည် ဗွီဒီယိုများကို အင်တာနက်ပေါ် အချိန်နှင့်အမျှ တင်နေကြပြီး မရေတွက်နိုင်သော ကြည့်ရှုသူများကို ဆွဲဆောင်နေလေသည်။
ဘတ်စကက်ဘော ဝါသနာအိုး ဖြစ်သော ရှောင်တင်း၏ အကြီးမားဆုံး ဝါသနာမှာ ဘတ်စကက်ဘော ကစားခြင်း ဖြစ်သည်။ သူ အားလပ်သည့်အခါတိုင်း သူငယ်ချင်း သုံးလေးငါးယောက်နှင့်အတူ ဘတ်စကက်ဘော ကစားလေ့ ရှိသည်။ သူသည် များသောအားဖြင့် ဘတ်စကက်ဘောနှင့် ပတ်သက်သော သတင်းများကို ပို၍ အလေးထားလေ့ ရှိသည်။
ထိုသို့သောအချိန်၌ သူသည် NBA ဘတ်စကက်ဘော ကစားပွဲကို ကြည့်နေ၏။
*ငါတို့နိုင်ငံမှာ ဘတ်စကက်ဘော ကစားသမားကောင်းတွေ ရှိရင် ကောင်းမှာပဲ၊ ဒါဆို ငါ နေ့တိုင်း နိုင်ငံခြားသားတွေ ဘတ်စကက်ဘော ကစားနေတာကို ကြည့်စရာ မလိုတော့ဘူး၊ စိတ်မကောင်းစရာပဲ …*
သူ စိတ်ထဲ၌ ပြောနေမိသည်။ သို့သော် ထိုသို့သောအချိန်၌ သူ့ကွန်ပျူတာ ဖန်သားပြင်က တုန်ခါလာပြီး သတင်းတစ်ခု ပို့လာသည်။
[အံ့ဩစရာပဲ၊ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ကောအတွက် မျှော်လင့်ချက် ရှိလာပြီ]
ယင်းမှာ ပေါ်လာသော သတင်းခေါင်းစဉ်ပင်။
*ဒီလှည့်ကွက်ပဲ လာပြန်ပြီ*
ရှောင်တင်း နှုတ်ခမ်းစူသွားပြီး ဆဲဆိုရန်ပင် ပျင်းရိနေလေသည်။
ဤသို့သော သတင်းများက စိတ်တိုစရာ ကောင်းလှသည်။ သူတို့သည် နေ့တိုင်း နာမည်ကြီးလူတစ်ချို့၏ နာမည်ကို အသုံးချပြီး လူစိတ်ဝင်စားမှု ရရှိအောင် လုပ်ကြသည်။ ယင်းက အလွန်ကို အကျိုးမဲ့လှသည်။
သူသည် အနည်းဆုံး တူညီသော သတင်းခေါင်းစဉ် ရှစ်ခု၊ ကိုးခုကို မြင်ပြီးသား ဖြစ်သည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ ၎င်းသတင်းကို သိချင်စိတ်ဖြင့် နှိပ်ကြည့်လိုက်သည်။
*ဟမ်*
*တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားမှာ ကစားပွဲ ရှိခဲ့တာလား*
ရှောင်တင်း တစ်ခဏမျှ တောင့်တင်းသွားပြီးမှ ရုတ်တရက် သတိဝင်လာသည်။
*ဟုတ်သားပဲ၊ မနှစ်က ဒီလိုအချိန်မှာ တရုတ်နိုင်ငံက ကိုရီးယားနိုင်ငံနဲ့ ချစ်ကြည်ရေး ကစားပွဲ ကစားခဲ့တယ်လေ၊ ဒီနှစ်အတွက်က ပြီးသွားပြီလား*
သူ ရင်တစ်ချက် တုန်သွားပြီး စိတ်လိုလက်ရ ကြည့်လိုက်သည်။
သို့သော် ကစားပွဲ စသည်နှင့် ရှောင်တင်း၏ မျက်နှာက ဒေါသကြောင့် နီသထက် နီရဲလာ၏။
*အမှိုက်ပဲ၊ သူတို့တွေက ကိုရီးယားနိုင်ငံဆီမှာ လုံးဝ နင်းချေခံနေရတာပဲ*
ကိုရီးယားနိုင်ငံမှ ကစားသမားများ၏ တရုတ်လူမျိုး ကစားသမားများအား လှောင်ပြောင်နေပုံကို မြင်သောအခါ ရှောင်တင်း လုံးဝ သည်းမခံနိုင်တော့ချေ။
*သောက်ကျိုးနည်း ဒါက ဘာကြီးလဲ၊ မျှော်လင့်ချက် ဟုတ်လား၊ ငါ့ဖင်ကြီးကိုပဲ မျှော်လင့်ချက် နေလိုက်*
သူ စိတ်ထဲ၌ ကျိန်ဆဲနေပြီး တရုတ်နိုင်ငံ၏ ဘတ်စကက်ဘော ကစားပုံကြောင့် ပို၍ စိတ်ပျက်လာသည်။
သူ ဗွီဒီယိုကို ပိတ်တော့မည့်အချိန်၌ ရဲ့လင်းချန် ကွင်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ ရှောင်တင်း၏ လက်များ တစ်ခဏမျှ တန့်သွားပြီး ဆက်ကြည့်နေလိုက်သည်။
တစ်အောင့်ကြာသော် ရှောင်တင်း၏ စိတ်လှုပ်ရှားနေသော အသံကို ဆက်တိုက် ကြားလာရသည်။
“လခွမ်း မိုက်လိုက်တဲ့ ဖြတ်ယူမှုပဲ”
“အဲ့ပိတ်ဆို့မှုက လှလိုက်တာ၊ ကျွမ်းကျင်လွန်းတယ်”
“အမှတ်ရပြီ၊ အသံက ပဲ့တင်ထပ်နေတာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ”
“သူတို့ မှီလာပြီ၊ နောက်ဆုံးတော့ အမှတ်ကို ပြောင်းလိုက်နိုင်ပြီ၊ တရုတ်နိုင်ငံမှာ တကယ်ပဲ ဒီလို အားကောင်းတဲ့ ဝှက်ဖဲတစ်ချပ် ရှိနေတာပဲ၊ ဟားဟားဟား …”
ရှောင်တင်း၏ နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ သူ ယနေ့လောက် တစ်ခါမှ စိတ်မလှုပ်ရှားဖူးပါ။ တရုတ်နိုင်ငံ၏ ဘတ်စကက်ဘောက သူ့ကို အလွန် ဂုဏ်ယူသော ခံစားချက်ဖြစ်အောင် လုပ်ပေးသည်က ယခု ပထမဆုံး အကြိမ်ပင်။
ထို့နောက် သူ မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။
*ဒါက တော်တော်ကို ပုံမှန်မဟုတ်တာ၊ မဟုတ်မှလွဲရော အတုများလား၊ သတင်းက ဒီနှစ် လူစိတ်ဝင်စားအောင် ဟန်လုပ် ထားတာလား*
သူ ဝေ့ပေါ်သို့ သွားကြည့်လိုက်မှသာ ပြုံးမိသွားသည်။ ရေပန်းစားနေသော ရှာဖွေမှုများတွင် တရုတ်နိုင်ငံ ဘတ်စကက်ဘော အသင်းမှ ကိုရီးယားနိုင်ငံကို နိုင်သွားသည့် သတင်းက ထိပ်ဆုံးသို့ တက်နေ၏။
*တရုတ်အသင်းက တကယ် နိုင်သွားတာပဲ*
ထိုသတင်းဆောင်းပါးမှ မှတ်ချက်များက ငါးသောင်း ကျော်နေလေပြီ။
[အကျိုးသင့် အကြောင်းသင့် ပြောရမယ်ဆိုရင် ဒါ တရုတ်နိုင်ငံရဲ့ နံပါတ်တစ် မင်းသားချောလေးလို့ ငါ ပြောချင်တယ်၊ ဘယ်သူမှ မဆန့်ကျင်ဘူးမလား]
[သူက တကယ် ချောတာပဲ၊ အင်တာနက်ပေါ်က စတားတွေထက်တောင် ပိုချောသေးတယ်]
[ဒီလိုစွမ်းရည်နဲ့ဆိုရင် NBA က လူတွေကို တစ်ရာရာခိုင်နှုန်း ယှဉ်နိုင်မယ်လို့ ငါ ထင်တယ်၊ ငါတို့ တရုတ်လူမျိုး ဘတ်စကက်ဘော ကစားသမားတွေက မကြာခင် NBA ကို ဝင်နိုင်စွမ်း ရှိမယ်လို့ ငါ ခံစားမိနေတယ်]
[ကျေးဇူးပြုပြီး တိတ်တိတ်နေစမ်းပါ၊ ငါ ဖန်သားပြင်ကို လျက်နေတာကို မတားကြနဲ့]
[တအား ချောတာပဲ၊ သိပ်ချောတယ်၊ ငါ့ထက် ပိုရုပ်ချောတဲ့သူ ရှိတယ်ဆိုတာ တွေးကြည့်ဖို့တောင် ခက်တယ်၊ လေးစားပါတယ်]
[ငါ ငယ်ငယ်လေးကတည်းက သဘောကျရတဲ့လူ မရှိခဲ့ဘူး၊ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ကစပြီး နောင်အနာဂတ်မှာ ငါ သဘောကျရတဲ့သူ ရှိသွားပြီလို့ ကြေညာတယ်]
[ငါ ဗွီဒီယိုကို ဘယ်နှစ်ကြိမ် ကြည့်မိလဲဆိုတာကို ရေတောင် မရေတွက်နိုင်တော့ဘူး၊ ကြည့်လို့ကောင်းတယ်၊ ခေတ်ဆန်ပြီး ကြော့မော့တယ်၊ ဘတ်စကက်ဘော ကစားတာက သူ့လက်ထဲမှ အနုပညာတစ်ခုအဖြစ် ပြောင်းသွား သလိုပဲ]
…
လက်ရှိတွင် အားကစား ဝန်ကြီးဌာနက ဤသတင်းကို တွန်းတင်နေခြင်းဖြစ်စေ၊ လူအများ၏ ထင်မြင်ချက် တိုးပွားလာအောင် လုပ်ခြင်းဖြစ်စေ ရည်ရွယ်ချက်က အရေးမပါတော့ချေ။ ယင်းက တရုတ်နိုင်ငံ၏ အားကစား အတွက် မြင့်မားသော အချိန်ကာလ ဖြစ်ပေသည်။ လူအများသိအောင် ပြုလုပ်ခြင်းက လုပ်ကို လုပ်ရမည့် ကိစ္စပင်။
ရဲ့လင်းချန်သည် သူ၏ စနစ်ထဲမှ တိုးလာသော ရေပန်းစားမှုကို ကြည့်ပြီး ထိတ်လန့်သွားရသည်။ သူသည် နာမည်ကြီး အားကစား ကြယ်ပွင့်တစ်ယောက် ဖြစ်လာရန် စိတ်ကို ပြင်ဆင်ထားသော်လည်း ဤမျှ ပွက်လောရိုက်အောင် လုပ်မိလိမ့်မည်ဟု ထင်မထားမိပါ။
အရေအတွက်က သူ့အား ညတွင်းချင်း အိမ်ထောင်စုစာရင်းပင် လုပ်လို့ ရလောက်သည်။ သူ၏ ကျော်ကြားမှုက သာမန် ကြယ်ပွင့်ထက်ပင် သာလွန်နေ၏။
တကယ်တမ်းတွင် တရုတ်နိုင်ငံသည် အားကစားတွင် အခြားနိုင်ငံများထက် နောက်ကောက်ကျနေသည်မှာ ကြာနေပြီ ဖြစ်သည်။ ဂုဏ်ယူခြင်းနှင့် တောက်ပခြင်းတို့က ရှားပါးလာခဲ့သည်။ ထို့ကြောင့် သူ၏ ရေပန်းစားမှုက ရူးချင်စရာ ကောင်းလောက်အောင် တိုးနေခြင်းက သဘာဝကျပေသည်။