← Chapters

မင်းကို နှောင့်ယှက်သလို ဖြစ်သွားလို့ တောင်းပန်ပါတယ်

Vol. 22 Ch. 343

မင်းကို နှောင့်ယှက်သလို ဖြစ်သွားလို့ တောင်းပန်ပါတယ်

Vol. 22 Ch. 343

“ ဝူကျန်းဝူလား ”

ရွှီချင်းသည် သစ်ပင်ကြီးပေါ် ဆောင့်ကြောင့်ထိုင်နေရင်း မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။

ယခင်က ထိုဝူကျန်းဝူသည် တားမြစ်ပင်လယ်ထဲမှာ သူ့ကို ရန်စခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဝူကျန်းဝူသည် အလွန်အမင်း ကြောက်လန့်နေဟန်တူပြီး သူ့ကို ခြိမ်းခြောက်နိုင်သည့်အရည်အချင်း မရှိတော့ပေ။ ယင်းအပြင် သူ့နောက်လိုက်ကို သတ်ဖြတ်ခဲ့သည့်အတွက် အခကြေးငွေပင် ပေးခဲ့သည်။

ထို့ကြောင့် ရွှီချင်းသည် အတန်ငယ် စဉ်းစားကာ ဝူကျန်းဝူကို ရှာဖွေရန် မတွေးတော့ပေ။ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းတည်ရှိရာ မြို့ပျက်ကြီးဆီသို့ သူ သွားတော့မည်ဖြစ်ပါသော်လည်း မေးမြန်းကြည့်လိုက်သည်။

“ သူ ဘာလုပ်နေတာလဲ ”

အရိပ်လေးသည် မြေပြင်ပေါ်တွင် ချက်ချင်း ပြန့်ကားသွားပြီး ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲသွားသည်။ သူ့မျက်လုံးများမှတစ်ဆင့် မြင်ခဲ့ရသော မြင်ကွင်းက ရှုပ်ထွေးလွန်းသည်ဖြစ်၍ အကြိမ်များစွာ ပြောင်းလဲလိုက်သည်။ နောက်ဆုံးတွင် အရိပ်လေးသည် မြင်ကွင်းကို ရှင်းလင်းစေရန် တွေဝေတွန့်ဆုတ်မနေဘဲ အစိတ်အပိုင်းများ ခွဲလိုက်သည်။

မြင်ကွင်းထဲ၌ အရိပ်ဆယ်ရိပ်ကျော်က သားရဲအမျိုးမျိုးအဖြစ် ကွဲထွက်သွားသည်။ ထိုသားရဲတိုင်းတွင် ဘုံတူညီသောအချက်ရှိသည်။ ယင်းမှာ ဝမ်းဗိုက်ကြီးများ ဖောင်းကားနေခြင်းပင်။

အရိပ်လေးက ဝူကျန်းဝူ၏ ရုပ်သွင်ကိုလည်း အကြမ်းထည်ပြသလိုက်သည်။ ဝူကျန်းဝူသည် သားရဲတစ်ကောင်၏ ဘေးတွင်ထိုင်ကာ သားရဲ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ပွတ်သပ်နေသည်။

သိပ်အရေးမထားခဲ့သော ရွှီချင်းသည်ပင် ဆွံ့အသွားရပြီး စိတ်ရှုပ်ထွေးသွားသည်။ ဘေးရှိကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အံ့အားသင့်သွားသည်။

“ ဘာတွေဖြစ်နေတာလဲ။ အဲဒီအရူး ဘာတွေလုပ်နေတာတုံး။ ဘာလို့ အဲဒီသားရဲကြီးတွေရဲ့ ဗိုက်တွေက ဖောင်းကားနေတာတုံး။ ဗိုက်ကြီးနေတာလား ”

ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဝိညာဉ် တုန်ရီသွားပြီး မယုံကြည်နိုင်သည့်အမူအရာများ ထင်ဟပ်လာသည်။

“ သခင်လေး၊ ကျွန်တော်မျိုးတို့ သွားကြည့်ကြမလား။ အဲဒီအရူး … ကျနော်မျိုးထင်တယ်။ သူ တစ်ခုခုကြီးကြီးမားမား လုပ်နေတာ ”

***

ရွှီချင်း ငြိမ်သက်နေသည်။ သူသည် စပ်စုတတ်သူတစ်ယောက် မဟုတ်ပါသော်လည်း မြင်ကွင်းက ထူးဆန်းလွန်းနေသည်။ သူကိုယ်တိုင် မြင်တွေ့ချင်လာသည်ဖြစ်၍ ပြောလိုက်သည်။

“ လမ်းပြ ”

အရိပ်လေးသည် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် လမ်းပြလိုက်သည်။

ရွှီချင်းသည် အရိပ်လေး ညွှန်ပြရာအတိုင်း လိုက်သွားပြီး တောအုပ်ထဲသို့ ပျောက်ကွယ်သွားသည်။

ခဏအကြာ တောင်တစ်လုံးကို ရွှီချင်း မြင်လိုက်ရသည်။

ထိုတောင်ကြီးသည် ဖီးနစ်တားမြစ်ဒေသကြီးထဲတွင် တည်ရှိသော အမှန်တရားတောင်တန်းကြီး၏ အခွဲ ဖြစ်သည်။

ရွှီချင်းသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး တောင်ပေါ်သို့ ခုန်တက်သွားသည်။ မကြာခင် တောင်၏ တခြားဘက်ခြမ်းရှိ သိပ်သည်းထူထပ်သော သစ်ပင်ခြုံနွယ်ကြားထဲမှာ ကွယ်ဝှက်နေသည့် တောင်အက်ကွဲကြောင်းတစ်ခုကို မြင်လိုက်ရသည်။

ထိုတောင်အက်ကွဲကြောင်းသည် ဆယ်ပေရှည်ပြီး သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအက်ကွဲကြောင်း တည်နေရာမှာ အလွန် လျှို့ဝှက်သည်။

အရိပ်လေးသာ လမ်းပြပေးခြင်းမရှိလျှင် ထိုအက်ကွဲကြောင်းကို ရွှီချင်း အာရုံခံမိရန် ခက်ခဲမည် ဖြစ်သည်။

ရွှီချင်းသည် အက်ကွဲကြောင်းရှေ့မှာ ရပ်ကြည့်ရင်း အံ့အားသင့်နေတော့သည်။ ထိုအက်ကွဲကြောင်းက အလွန် လျှို့ဝှက်စွာ တည်ရှိနေသည်ကို ကြည့်ရသည်မှာ ဝူကျန်းဝူ မည်မျှ သတိကြီးကြီးထားနေကြောင်း ဖော်ပြနေပေသည်။ ရွှီချင်းသည် အတန်ငယ် စဉ်းစားပြီးနောက် အက်ကွဲကြောင်းထဲသို့ သတိထား၍ ဝင်သွားပြီး အရိပ်လေး၏ လမ်းညွှန်မှုအတိုင်း လိုက်သွားသည်။

အက်ကွဲကြောင်းသည် ရွှီချင်း တွေးထားခဲ့သည်ထက် များစွာ နက်သည်။ ယင်းအပြင် အက်ကွဲကြောင်းထဲသို့ သူ ပို၍ တိုးဝင်လာမိသည်နှင့်အမျှ အစိုဓာတ်ကို တဖြည်းဖြည်း ခံစားလာရသည်။ ထိုအက်ကွဲကြောင်းသည် တောင်နှင့် မြေပြင်ကို ဖောက်ထွင်း၍ မြေအောက်မြစ်သို့ ဦးတည်နေသည့်အလားပင်။

ထိုအက်ကွဲကြောင်းတစ်လျှောက်တွင် သဘာဝဝင်္ကပါတစ်ခုသဖွယ် ဖြစ်နေသော လမ်းခွဲများစွာလည်း ရှိသည်။ အရိပ်လေး၏ တိကျသော ညွှန်ပြချက်သာ မရှိခဲ့လျှင် အက်ကွဲကြောင်းကို ရှာတွေ့သည့်တိုင်အောင် ရွှီချင်း လမ်းပျောက်သွားမည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ခဏအကြာတွင် အက်ကွဲကြောင်းအဆုံးသတ်သို့ ရွှီချင်း ရောက်သွားသည်။

အဆုံးသတ်တွင် မြေအောက်ဂူကြီးတစ်ဂူရှိသည်။ ဂူကြီး၏ တစ်ဖက်တွင် အရာအားလုံးကို စောင့်ကြည့်နေသော လင်းနို့တစ်ကောင် တွဲခိုနေသည်။

ထိုလင်းနို့ကို အရိပ်လေးက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ရွှီချင်းသည် လမ်းဆုံးသို့ တဖြည်းဖြည်း ရောက်သွားပြီး အောက်ဘက်ရှိ ဂူကြီးကို ကြည့်လိုက်သည်။ သူ၏မျက်နှာ တစ်မျိုး ဖြစ်သွားသည်။

ဂူကြီးထဲတွင် သားရဲနှစ်ဆယ်ကျော် ရှိသည်။

ထိုသားရဲများထဲတွင် ဝံပုလွေများနှင့် ကျားကြီးများသာမက ထူးဆန်းသော သားရဲကြီးများလည်း ရှိသည်။ ထိုအချိန်၌ ထိုသားရဲများအားလုံး ချုပ်နှောင်ခံထားရသည်။ ထိုသားရဲကြီးများသည် ကိုယ်ဝန်လွယ်ထားရသည့်အလား ဗိုက်ကြီးများဖောင်းကားလျက် လှဲနေသည်။

ယင်းအပြင် ဂူကြီး၏ အလယ်ဗဟိုတွင် တူးထုတ်ထားသော ရေကန်တစ်ကန်လည်း ရှိသည်။

ရေကန်ထဲတွင် ဆေးနံ့များ တထောင်းထောင်း လွင့်ပျံနေသည့် ဆေးရည်များစွာ ရှိသည်။

မျက်နှာတွင် ပွန်းပဲ့ရာများနှင့် ဝူကျန်းဝူက ဆေးရည်ကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူသည် ကျောက်ပန်းကန်တစ်လုံးနှင့် ဆေးရည်များ ခပ်လိုက်ပြီး ဖောင်ကားနေသော ဗိုက်ကြီးနှင့် ဝက်ဝံကြီးတစ်ကောင်ဘေးသို့ လျှောက်သွားသည်။ သူသည် ဂရုတစိုက်ဖြင့် ဝက်ဝံကြီးကို ဆေးရည်တိုက်လိုက်သည်။

ထိုဝက်ဝံကြီးမှာ ကြောက်လန့်တုန်ရီနေသည်။ ၎င်းမှာ ရုန်းကန်ပါသော်လည်း အချည်းနှီးသာ။ ၎င်း၏တစ်ကိုယ်လုံး ချုပ်နှောင်ခံထားရသည်ဖြစ်၍ ခုခံနိုင်ခြင်း မရှိပေ။ ၎င်းမှာ ထပင် မထနိုင်ပေ။

ဝူကျန်းဝူ၏ မျက်နှာက ညင်သာနူးညံ့နေသည်။ သူသည် ဆေးရည်တိုက်ရင်း ဝက်ဝံကြီး၏ ဗိုက်ကို ပွတ်သပ်ကာ ခပ်တိုးတိုး ဆိုလိုက်သည်။

“ ဒီလိုမျိုး ဖြစ်တာ ပုံမှန်ပါပဲ။ ခဏလောက် သည်းခံပေးပါဦး။ ငါ့တစ်ဘဝလုံး မင်းကို တာဝန်ယူသွားမှာပါ။ အချစ်လေး မွေးလာတော့မယ်လေ ”

“ အချစ်လေး မွေးလာရင် ငါ တကယ် ပျော်ရမှာ။ အဲဒီအချိန်ရောက်ရင် သူတော်စင်ကြယ်ကို စစ်မှန်တဲ့ ကောင်းကင်လက်ရွေးစင်က ဘယ်လိုတုံးဆိုတာ ငါ ပြလိုက်မယ် ”

“ ဘယ်သူက သမိုင်းတွင်မဲ့ ကောင်းကင်လက်ရွေးစင်ဖြစ်နိုင်မှာတုံး။ အရှင်ဝူကျန်းဝူဆိုတဲ့ ငါပဲ ဖြစ်နိုင်မှာကွ ”

ဝူကျန်းဝူသည် အံတင်းတင်းကြိတ်လိုက်သည်။ သူ၏အမူအရာကြောင့် ဘေးရှိ ဝက်ဝံကြီးမှာ ကြောက်လန့်သွားပြီး အပြင်းအထန် ရုန်းကန်လိုက်သည်။ ဝူကျန်းဝူက တတ်နိုင်သမျှ အညင်သာဆုံးဖြင့် ဝက်ဝံကြီးကို ပွတ်သပ်ပေးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ ကောင်းကောင်းနေ၊ ဘယ်မှလျှောက်မသွားနဲ့နော်။ မင်းလည်း ကောင်းကောင်းအနားယူနေဖို့ လိုတယ်။ အချစ်လေးကို အောင်အောင်မြင်မြင်နဲ့ မွေးထုတ်ပေးနိုင်ရင် ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုကို မင်း လုပ်လိုက်တာ။ ငါလည်း မင်းကို ကောင်းကောင်း ပြုစုမှာပါ ”

ထိုမြင်ကွင်းသည် ရွှီချင်း၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။

ဘေးရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ တသိမ့်သိမ့်တုန်သွားသည်။ ကျောက်စိမ်းပေလွှာလေးတစ်ခုကို အလျင်အမြန် ဆွဲထုတ်ကာ မှတ်တမ်းတင်လိုက်သည်။ သူ စိတ်လှုပ်ရှားလွန်းနေသည့်အတွက်ကြောင့်ပေလော၊ မှတ်တမ်းတင်ရာတွင် အသံအနည်းငယ် ထွက်သွားသည်။

ဝူကျန်းဝူမှာ ချက်ချင်း နှောင့်ယှက်ခံလိုက်ရပြီး ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

“ ကောင်းကင်နဲ့ မြေပြင်ဆိုတာ ငါ့အိမ်။ ငါ့မြင်ကွင်းကနေ ဘယ်သူ ပုန်းကွယ်နိုင်မှာလဲဟေ့ ”

သူသည် ပြောရင်းဆိုရင်း အပေါ်သို့ ခုန်လိုက်သည်။ သို့သော်လည်း ရွှီချင်းကို သူ မြင်သွားပြီး တုန်လှုပ်သွားသည်။

“ ရွှီချင်းလား ”

ဝူကျန်းဝူ ရင်တဒိန်းဒိန်းခုန်သွားသည်။ သူ အလွန် လျှို့ဝှက်စွာ ပုန်းကွယ်နေသည့်တိုင်အောင် ရွှီချင်းက ရှာတွေ့သွားသည်ဖြစ်၍ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။ သို့သော်လည်း သူ အောက်ဘက်ရှိ ဗိုက်ကြီးနေသော သားရဲများကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထို့နောက် ရွှီချင်း၏ အမူအရာကို သူ သတိထားမိသွားပြီး အသက်ရှူသွင်းလိုက်သည်။

“ ရွှီချင်း၊ မင်း နားလည်မှု လွဲနေတာ ”

“ မင်းကို နှောင့်ယှက်သလို ဖြစ်သွားလို့ တောင်းပန်ပါတယ် ”

ရွှီချင်းသည် ဝူကျန်းဝူကို စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

ဝူကျန်းဝူ၏ ဦးနှောက်မှာ အကြီးအကျယ် ပြဿနာရှိနေသည်ဟု ရွှီချင်း ခံစားနေရသည်။

ထိုသည်ကို မြင်၍ ဝူကျန်းဝူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ ထိတ်လန့်ကြောက်ရွံ့စိတ်ကိုပင် သတိမထားနိုင်တော့ဘဲ ကဗျာရွတ်ရန်ကိုပင် မေ့လျော့သွားပြီး ရွှီချင်းနောက်သို့ ကမန်းကတမ်း ပြေးလိုက်ကာ အော်ပြောလိုက်သည်။

“ ရွှီချင်း … အဲဒါက မင်း ထင်နေသလို မဟုတ်ဘူး ”

ဝူကျန်းဝူသည် အလွန် စိုးရိမ်ကြောင့်ကြသွားပြီး စိတ်ထိခိုက်သွားသည်။ ယခင်က ဆန္ဒမွန်သေတ္တာကို သူ ဖွင့်ကြည့်ခဲ့ပြီး ပုလင်းလေးကို ရပြီးနောက် အချိန်အတော်ကြာသည်အထိ စိတ်ဓာတ်ကျသွားခဲ့ရသည်။ ပုလင်းလေးကို လွှင့်ပစ်လိုက်ရန်လည်း နှမျောစရာကောင်းလှသည်ဟု သူ ခံစားမိသည်။

ထို့ကြောင့် အချက်အလက်များ ရှာဖွေခဲ့ပြီး ထိုပုလင်းလေးကို ချန်ခဲ့သူမှာ ရှေးဘုရင်ရွှမ်ယုံ၏ နောက်လိုက်ဖြစ်သော လူသားမဟုတ်သောမျိုးနွယ်မှ ဘုန်းတန်ခိုးကြီးမားသော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သဲလွန်စများ သူ တွေ့ခဲ့ရသည်။

ပထမတောင်ထိပ်မှာ သူတော်စင်ကြယ်ကို သူ ရှုံးနိမ့်သွားခဲ့ပြီးနောက် သူတော်စင်ကြယ်အား သင်ခန်းစာ ပေးနိုင်ရမည်ဟု သူ ကျိန်ဆိုခဲ့သည်။ ထို့ကြောင့် ဖီးနစ်တားမြစ်ဒေသကြီးသို့ ရောက်လာကာ ရှေးခေတ်က ချန်ခဲ့သော သွေးမျိုးဆက်ကို ဖန်တီးရန် ပြင်ဆင်ခဲ့သည်။

ဂိုဏ်းထဲတွင် မလုပ်သည်မှာ သူ၏ဂုဏ်သိက္ခာကို များစွာ အလေးထားသောကြောင့် ဖြစ်သည်။ ဂိုဏ်းထဲမှာ သူ ထိုသို့လုပ်နေသည်ကို တခြားလူများ မြင်သွားပါက နားလည်မှု လွဲသွားကြမည်ကို စိုးရိမ်ပူပန်သည့်အပြင် သူ့အား လူများစွာ မျက်စိဒေါက်ထောက်ကြည့်နေကြမည်ကိုလည်း သူ မလိုလားပေ။ ထို့ကြောင့် ယခုကဲ့သို့ လျှို့ဝှက်လွန်းသောနေရာတစ်ခုကို သူ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရွှီချင်းက သူ့ကို ရှာတွေ့သွားခဲ့မည်ဟု သူ မထင်ထားပေ။

ရွှီချင်းသာ ဂိုဏ်းသို့ ပြန်ရောက်သွားပြီး ထိုအကြောင်းများ ပျံ့နှံ့သွားခဲ့လျှင် သူ၏ဂုဏ်သိက္ခာ ရေစုန်မျောသွားမည်ဖြစ်ကြောင်း သူ တွေးမိသည်။

ဂိုဏ်းထဲမှ လူအားလုံးက သူ့အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြမည့်မြင်ကွင်းများ သူ့စိတ်ထဲ ပေါ်လာသည်။ ထိုအခြင်းအရာအားလုံးကြောင့် ဦးခေါင်းခွံ ပေါက်ကွဲလုမတတ် တဖျဉ်းဖျဉ်းနာကျင်လာရသည်။ သူ၏ လောကကြိး မှောင်မည်းသွားပြီဟု သူ ခံစားလိုက်ရပြီး အလွန် စိုးရိမ်ပူပန်သွားသည်။

ရွှီချင်းကို သူ အမီမလိုက်နိုင်တော့ကြောင်း သိလိုက်ရပြီး သူ အလျင်အမြန် အော်ပြောလိုက်သည်။

“ ရွှီချင်း၊ ငါ ပိုက်ဆံပေးပါ့မယ်ကွာ။ ဘယ်သူ့မှ လျှောက်မပြောပါနဲ့ ”

“ လူတိုင်းမှာ အသက်ရှင်ရပ်တည်တဲ့နည်းလမ်းတွေ ရှိတယ်။ ကိစ္စမရှိဘူး ”

ရွှီချင်း၏အသံက အဝေးမှ ပျံ့လွင့်လာသည်။

“ အဲဒီလို မဟုတ်ဘူးဟ ”

ဝူကျန်းဝူ၏ မျက်နှာ ဖြူဖျော့သွားပြီး ပို၍ စိုးရိမ်ကြောင့်ကြလာသည်။

“ ရွှီချင်း၊ ငါ မင်းကို ဝိညာဉ်ကျောက်တုံး သုံးသိန်းပေးပါ့မယ် ”

ရွှီချင်းသည် အက်ကွဲကြောင်းမှထွက်ကာ တောင်အပြင်ဘက်သို့ ရောက်သွားသည်။ ထိုစကားကို ကြား၍ သူ၏ခြေလှမ်းများ ရပ်သွားပြီး သူ့နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မကြာခင် ဝူကျန်းဝူသည် နီမြန်းနေသော မျက်လုံးများဖြင့် အက်ကွဲကြောင်းအပြင်ဘက်သို့ ထွက်လာသည်။ သူသည် ဝိညာဉ်လက်မှတ်များကို အမြန်ထုတ်လိုက်ပြီး ရွှီချင်း၏လက်ထဲ ထိုးထည့်လိုက်သည်။

“ ယူလိုက်ရွှီချင်း၊ မင်း ယူကို ယူရမယ်။ မင်း မယူရင် ငါ စိတ်အေးချမ်းမှာ မဟုတ်ဘူး။ ဒီကိစ္စက မင်း ထင်နေသလိုမျိုး တကယ်မဟုတ်ဘူး။ ငါ ငါ ငါ … ”

ဝူကျန်းဝူ၏ အသက်ရှူသံများ မြန်ဆန်လာသည်။

ထိုသည်ကို မြင်၍ ရွှီချင်းသည် ဝိညာဉ်လက်မှတ်များကို သိမ်းလိုက်ပြီး အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

“ ငါ ဘာမှမမြင်ခဲ့ဘူး ”

သို့သော်လည်း ဝူကျန်းဝူ စိုးရိမ်နေဆဲပင်။

“ ရွှီချင်း၊ မင်း ဘာလို့ ဖီးနစ်တားမြစ်နယ်မြေကို လာခဲ့တာလဲ။ ငါ ကူညီနိုင်တာရှိရင် ကူညီရအောင် ပြောလေ ”

“ အဆိပ်ပစ္စည်းတွေ ငါ လာရှာတာ ”

ရွှီချင်းက ဝူကျန်းဝူကို လှမ်းကြည့်လိုက်သည်။

“ အဆိပ်လား၊ ငါ နေရာတစ်ခု သိတယ်။ ငါ မင်းကို အဲဒီနေရာ ခေါ်သွားပေးမယ် ”

ရွှီချင်း၏စကားကို ကြား၍ ဝူကျန်းဝူက အလျင်အမြန် ပြောလိုက်သည်။

“ ရပါတယ် ”

ရွှီချင်းက ခေါင်းယမ်းပြလိုက်ပြီး ထွက်သွားသည်။

“ ရွှီချင်း၊ မသွားသေးပါနဲ့ဦး။ ငါ့ကို စောင့်နေ။ ခဏနေရင် ငါ ပြန်လာခဲ့မယ်။ ရတယ်မလား။ ဒီတောင်အောက်မှာ မင်းလိုချင်တဲ့အဆိပ် သေချာပေါက် ရှိတယ် ”

ဝူကျန်းဝူသည် ပြောရင်းဆိုရင်း အက်ကွဲကြောင်းဆီသို့ အလျင်အမြန် ပြေးသွားသည်။

ရွှီချင်းအတွက် အဆိပ်ကို သူ အမှန်တကယ် ယူပေးချင်နေသည်။ ထိုသို့ မလုပ်ခဲ့ပါက သူ စိတ်အေးချမ်းတော့မည် မဟုတ်ပေ။ ရွှီချင်း၏အဖြေကိုပင် မစောင့်ဘဲ အက်ကွဲကြောင်းထဲ ပျောက်ကွယ်သွားသည်။

သူ အလျင်စလိုဖြစ်နေခြင်းကြောင့် သူ၏အရိပ်မှာ မျက်လုံးတစ်လုံး ပေါ်လာပြီး ဘေးဘီဝဲယာအား ခိုးကြည့်နေသည်ကို သူ သတိမထားမိပေ။

ရွှီချင်း အတွေးနက်သွားသည်။ သူ ခေါင်းငုံ့လိုက်ပြီး သူ့ခြေထောက်အောက်ရှိ အရိပ်လေးကို ကြည့်လိုက်သည်။ အရိပ်လေးသည် မြေပြင်တွင် ချက်ချင်း ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး ဝူကျန်းဝူ၏ တည်နေရာနှင့် ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို အတတ်နိုင်ဆုံး ပုံဖော်ပြလိုက်သည်။

ခဏအကြာ အရိပ်လေးသည် ဝူကျန်းဝူ၏ပုံစံအဖြစ် ပြောင်းလဲသွားသည်။ ဝူကျန်းဝူသည် ဂူထဲသို့ ဝင်သွားပြီးနောက် ရေကန်ထဲ ခုန်ဆင်းကာ လျှို့ဝှက်လမ်းကြောင်းလေးသို့ ရောက်သည့်တိုင်အောင် ကူးခတ်သွားပြီး ထိုလမ်းကြောင်းလေးမှတစ်ဆင့် နေရာအကျယ်ကြီးတစ်ခုသို့ ရောက်သွားသည်။

ထိုနေရာတွင် ရေကန်ကြီးတစ်ကန်ရှိဟန်တူသည်။ သို့သော်လည်း အရိပ်လေး ပုံဖော်ပြသည့် ရေကန်ကြီးက ဧရာမလူသားခေါင်းကြီးပုံစံနှင့် ဆင်တူသည်။ ကန်ရေက ပစ်ချွဲနေသည့်အလား ဖြည်းညင်းစွာ စီးဆင်းနေသည်။

ဝူကျန်းဝူသည် ထိုနေရာသို့ ရောက်သွားပြီးနောက် ကန်ကြီးထဲမှ ပစ္စည်းအနည်းငယ်ကို တူးထုတ်ကာ ကျောက်ပန်းကန်ထဲ ထည့်လိုက်ပြီး လှည့်ပြန်လာသည်။

အရိပ်လေးသည် အရာအားလုံးကို ရှင်းလင်းစွာ ပုံဖော်နိုင်စွမ်းမရှိသည်။ ရွှီချင်း တွေးတောနေစဉ်မှာပင် ဝူကျန်းဝူ ပြန်ရောက်လာသည်။

“ ရွှီချင်း၊ ဒါ မင်းလိုချင်တာမျိုး ဖြစ်နေမလား ”

ဝူကျန်းဝူသည် ပြောရင်းဆိုရင်း ရွှီချင်းကို ကျောက်ပန်းကန် ပေးလိုက်သည်။

ရွှီချင်းသည် လှမ်းကြည့်လိုက်ပြီး ချက်ချင်း တည်ကြည်သွားသည်။

ကျောက်ပန်းကန်ထဲတွင် အေးခဲနေသော ပစ္စည်းတချို့ရှိသည်။ ယင်းပစ္စည်းများသည် အရည်အသွင် ရှိပါသော်လည်း အရည်မဟုတ်ပေ။ အရောင်အားဖြင့် မိုးပြာရောင်ရှိပြီး အလွန်သန့်စင်ကြည်လင်နေသည်။ ထိုပစ္စည်းများထံမှ ရနံ့တစ်မျိုးလည်း ထွက်ပေါ်နေ၏။

“ အင်မော်တယ်ဂျယ်လီလား ”

ရွှီချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုပစ္စည်းကို သူ မှတ်မိသည်။

သမားတော်ကြီးပိုင်၏ ဆေးကျမ်းထဲတွင် ထိုကဲ့သို့ ပစ္စည်းတစ်မျိုးအကြောင်း ဖော်ပြထားသည်။ ထိုပစ္စည်းသည် အဆိပ်မဟုတ်ပါသော်လည်း အလွန့်အလွန် ရှားပါးသော ဓာတ်ကူပစ္စည်းဖြစ်သည်။ သမားတော်ကြီးပိုင်၏ လေ့လာချက်အရ ထိုပစ္စည်းသည် ရှေးဟောင်းစာအုပ်များထဲတွင် ဖော်ပြထားသော အင်မော်တယ်ချီနှင့် ဆက်စပ်နိုင်ချေ များသည်။

“ ဒီတောင်အောက်မှာ ဒီလိုအရာတွေနဲ့ ပြည့်နေတဲ့ ထူးဆန်းတဲ့ရေကန်တစ်ကန်ရှိတယ်။ အရင်တုန်းက အဲဒီကန်ကို ငါ ရှာတွေ့တော့ အဲဒီဟာတွေနည်းနည်းလောက် ငါ ယူခဲ့ပေမဲ့ နှစ်နာရီလောက်နေတာနဲ့ ပျောက်သွားတယ်။ ငါ ဘယ်လိုပဲ သိမ်းထားသိမ်းထား မရဘူး။ ဂိုဏ်းကို အဲဒါတွေ ပြန်ယူဖို့ အချိန်မလောက်ခဲ့ဘူး။ ပြီးတော့ အဲဒါတွေက လူသားတွေဆိုရင် ဘာမှမဖြစ်ဘူး။ သားရဲတချို့ကို ငါ ကျွေးကြည့်တော့ ချက်ချင်း ဆွေးမြေ့ပြီး သေသွားတယ်။ ဒါက အဆိပ်ဖြစ်မယ်လို့ ငါ ထင်တာပဲ ”

ဝူကျန်းဝူက အလျင်အမြန် ရှင်းပြလိုက်သည်။

“ ငါ့ကို အဲဒီနေရာ ခေါ်သွားပေး ”

ရွှီချင်းသည် အတန်ငယ် ငြိမ်သက်နေပြီးနောက် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

ဝူကျန်းဝူက ချက်ချင်းပင် ရှေ့မှဦးဆောင်သွားလိုက်သည်။

ထိုအချိန်၌ မည်သည့်အရာကို ရွှီချင်း တောင်းဆိုသည်ဖြစ်စေ သူ သဘောတူမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ရွှီချင်းကို မြေအောက်ရေကန်ဆီသို့ ခေါ်သွားလေသည်။

All Chapters