အဆင့်များ
Vol. 19 Ch. 257
ရေအိုင်ထဲသို့ ဆင်းခဲ့သည့်အခါ လီလော့တို့သည် သဘာဝစွမ်းအင် ပေါကြွယ်ဝနေသော အဆီအနှစ်အရည်များဖြင့်ပြည့်နေသော ကြီးမားသည့် မီးတောင်ဝများစွာကိုတွေ့မြင်လိုက်ရသည်။
မီးတောင်ဝများသည် ချောမွေ့မနေဘဲ အချွန်အတက်များစွာရှိသည့်အတွက် အန္တရာယ်များလှသည်။
"အဆင်သင့်ဖြစ်ပြီလား..... ဒီ ရေအိုင်မှာ အဆင့် ၃၈ ဆင့်ရှိတယ်.... အဆင့်တစ်ဆင့်ချင်းစီက ငါတို့ရဲ့ခန္ဓာကိုယ်ကို ပိုသန်မာစေလိမ့်မယ်..... အခု ငါတို့တွေ အဆင့် ၃၅ထိရောက်အောင်သွားကြတာပေါ့....."
လီလော့ ထိုသို့ပြောလိုက်သည့်အခါ ပိုင်မျန်မျန်က .......
"ခေါင်းဆောင်....၃၅ဆင့်က ငါ့အတွက် သိပ်ဝေးလွန်းတယ်....ငါက ၃၂ ဆင့်ထိတောင်ရောက်ဖို့မသေချာဘူး...."
လီလော့တို့သုံးဉီးတွင် သူမသည် ပွင့်လန်းခြင်းအဆင့်တွင်သာရှိသေးသည့်အတွက် အဆင့်အနိမ့်ဆုံးဟု ဆိုရမည်။
"အင်း...ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ကြိုးစားကြတာပေါ့... ပိုနက်လေလေ သက်ရောက်မှုတွေ ပိုကောင်းလေလေပဲ...ဒီအချိန်က ရေအိုင် စဖွင့်တဲ့အချိန်ဆိုတော့ သက်ရောက်မှုအပြင်းထန်ဆုံးဖြစ်နေတာမို့ အခွင့်အရေးကို ဖြုန်းတီးလို့မဖြစ်ဘူး..."
ထို့နောက်သုံးယောက်သား စကားမပြောတော့ဘဲ ရေအိုင်အောက်ခြေဆီ ဆင်းသွားခဲ့ ကြသည်။ မကြာမီ အောက်ခြေရှိကျောက်တုံးကြီးနှင့် ချိတ်ဆက်မိသွားကာ ၎င်းတို့အတွင်း၌ စွမ်းအင်များ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားကြသဖြင့် အံသြထိတ်လန့်ခဲ့ရပြန်သည်။
စွမ်းအင်များသည် သွေးကြောများမှတဆင့် ခန္ဓာကိုယ်အနှံ့သို့ စိမ့်ဝင်လာကြသည်။
သို့သော်လည်း ဤသည်မှာတခဏမျှသာ ကြာမြင့်ခဲ့သည်။
"သိပ်မြန်လွန်းတယ်....ဒါပေမယ့် ငါ့ရဲ့ ပဲ့တင်ထပ်သံ စွမ်းအားတွေ နည်းနည်း တိုးလာသလို ခံစားရတယ်" ဟု ရှင်းဖူက ဝမ်းသာအားရ ပြောလိုက်သည်ကို လီလော့က ခေါင်းညိတ်ထောက်ခံလိုက်သည်။
ပမာဏအများကြီးမရခဲ့သော်လည်း သူ့ရဲ့ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုလုံး လှုပ်ရှားနေသည်ကို ခံစားမိနေသည်။
သို့သော်လည်း အခုမှ ပထမအဆင့်သာရှိသေးသည်မဟုတ်လော.....
"ခေါင်းဆောင်.... မင်း စွမ်းအားစုပ်ယူတာ ငါတို့ထက် နည်းနည်းပိုကြာတယ်နော်....."
ရှင်းဖူပြောလိုက်မှသာ လီလော့လည်း သူ့ကိုယ်သူ သတိထားမိတော့သည်။
"တကယ်လား....."
စက္ကန့်အနည်းငယ်မျှသာပိုကြာသည့်အတွက် သတိမထားမိခဲ့ပေ။
ပထမအဆင့်သည် ငါးစက္ကန့်၊ ခြောက်စက္ကန့်အတွင်း ပြီးသွားခဲ့ပြီး စက္ကန့်အနည်းငယ်သာကြာခဲ့ပါသည်။ သို့သော်လည်း ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုရှိသည့် လီလော့အတွက် နှစ်ဆအကျိုးထူးခဲ့သည်။
"ဆက်သွားကြရအောင်...."
နောက်မိနစ်အနည်းငယ်တွင် လီလော့တို့ နောက်ထပ် ဆယ်ဆင့်အထိ ရောက်ခဲ့ကြသည်။
လီလော့၏ စွမ်းအားစုပ်ယူချိန်သည် ရှင်းဖူတို့ထက် သိသိသာသာ ပိုကြာသည်ကို သတိပြုမိခဲ့ကြသည်။
ခြေလှမ်း ဆယ်လှမ်း လှမ်းလိုက်ရုံဖြင့် ပဲ့တင်ထပ်သံ စွမ်းအားများ လျင်မြန်စွာ ကြီးထွားလာသည်ကို ခံစားနေရပြီဖြစ်သည်။ယခုဆိုလျှင် မျိုးစေ့နှစ်ခုပေါ်တွင် နဂါးတစ်ကောင်သဖွယ် ကောက်ကြောင်းများ ထင်ရှားတောက်ပနေလေပြီ။
“ ပဲ့တင်ထပ်သံနှစ်ခုကြောင့် ဖြစ်လိမ့်မယ်ထင်တယ်....”
မျိုးအစေ့နှစ်ခုဖြင့် စွမ်းအင်စုပ်ယူနိုင်ခြင်းသည် အမှန်တကယ်ပင် သိသာထင်ရှားသော အားသာချက်တစ်ခုဖြစ်သည်။
ရှင်းဖူတို့က ထိုအချက်ကိုအလွယ်တကူလက်ခံလိုက်ကြသော်လည်း အမှန်တကယ်ဖြစ်ပျက်နေသည်များကို လီလော့တစ်ယောက်တည်းသာသိနေသည်။
စွမ်းအင်စုပ်ယူခြင်းလုပ်ငန်းစဉ်ကို အသားအသောက်ပြိုင်ပွဲတစ်ခုနှင့် နှိုင်းယှဉ်နိုင်လျှင်လီလော့သည် ပါးစပ်နှစ်ခုပါရှိသော ယှဉ်ပြိုင်သူတစ်ဉီးနှင့်အလားသဏ္ဍာန်တူနေ၏။
ထို့ကြောင့် နောက်ဆုံးအဆင့်ထိရောက်လိုစိတ်များ ပိုမိုပြင်းပြနေလေ၏။
စိတ်အားထက်သန်စွာနှင့် လီလော့တို့ အောက်ဘက်သို့ ဆက်သွားခဲ့ကြရာ နောက်ထပ်နှစ်နာရီအကြာတွင် အဆင့်၃၀ထိရောက်ခဲ့ကြပြီဖြစ်သည်။
ယခုဆိုလျှင် သုံးယောက်စလုံးသည် ပဲ့တင်ထပ်သံစွမ်းအားများကို ပြည့်ဝစွာစုပ်ယူထားပြီးကြသော်လည်း ရပ်တန့်ရန်အတွေးမရှိဘဲ ရှေ့ဆက်ရန်သာ စိုင်းပြင်းနေကြသည်။
နှစ်နာရီအတွင်း ခက်ခက်ခဲခဲ ကျင့်ကြံခြင်းသည် အပြင်လောကတွင် သုံး၊လေးလခန့်ကျင့်ကြံခြင်းနှင့်တူညီနေသည်မဟုတ်လော....
သို့ရာတွင် ၎င်းတို့အပေါ် ဖိအားများ ပိုမိုကြီးထွားလာသည်ကိုလည်း မေ့မထားသင့်ပေ။
သစ်ရွက်၏ အကာအကွယ်သက်ရောက်မှုရှိနေသည့်တိုင် တရိပ်ရိပ်တိုးပွားလာသောဖိအားတို့ကြောင့် မသိမသာ မျက်နှာပျက်နေကြလေပြီ။
ဤသို့ဖြင့် ၃၁ ဆင့်သို့ သုံးယောက်စလုံး တက်လှမ်းခဲ့ကြပြန်သည်။
အခြားအဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာသော်လည်း ချွေးဒီးဒီးကျလျှက် အံကြိတ်ပြီး ဖိအားကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေကြရှာသည်။
နောက်ဆုံးတွင် ကျောင်းသားတစ်ဦးသည် ဖိအားအောက်တွင် ပြိုလဲသွားကာ သူ့ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းတစ်ခုသဖွယ် အရှိန်ဖြင့် ကမ်းစပ်ပေါ်သို့ ပစ်လွှတ်ခံလိုက်ရသည်။ အပြင်ဘက်မှာ ကျောင်းသားများ အချိန်မှီဖမ်းပေးထားသော်လည်း ထိုကျောင်းသား၏မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။
လီလော့တို့သည် သူတို့ကိုယ်တိုင်လည်း ဖိအားတွေ ခံစားနေရသည့်အတွက် တခြားသူတွေကို စိတ်ပူရန် အချိန်မရှိခဲ့ရှာပေ။
ယခုဆိုလျှင် သုံးယောက်ထဲတွင် အားအနည်းဆုံးဖြစ်သည့် ပိုင်မျန်မျန်သည် အံတင်းတင်းကြိတ်ထားသည်မှာ မေးရိုးများပြုတ်ထွက်တော့မတတ်ပင်.....
လီလော့ မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်ကို သူမနားလည်သော်လည်း ခေါင်းခါလိုက်သည်။
လီလော့တို့ သုံးဉီးအကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်လှမ်းချင်း လှမ်းခဲ့သည်မှာ ၃၄ဆင့်သို့ရောက်သည်အထိပင်.....
၃၄ဆင့်သည် ပိုင်မျန်မျန်၏ နောက်ဆုံးကန့်သတ်ချက်ဖြစ်သည်။သို့သော်လည်း ဇွဲ့လုံ့လကြီးစွာကြိုးစားခဲ့သည့်အတွက် အစောပိုင်း ပွင့်လန်းခြင်းအဆင့်မှ နှောင်းပိုင်းပွင့်လန်းခြင်းအဆင့်ထိ ရောက်ခဲ့လေပြီ။
သူမ သက်ပြင်းချပြီး စိတ်လျှော့လိုက်သည့်အခါ လျှပ်စီးကြောင်းနှင့်အတူ အပြင်ဘက်သို့ လွှင့်ထွက်သွားခဲ့သည်။
သူမသည် ရည်မှန်းချက်ကြီးသူမဟုတ်သလို၊ တိုက်ပွဲဝင်ခြင်း သို့မဟုတ် စိန်ခေါ်ခြင်းများကိုလည်း စိတ်မဝင်စားသည့်အတွက် လက်ရှိအခြေနေသည်
သူမအတွက် လုံလောက်နေပြီဖြစ်သည်။
ပိုင်မျန်မျန်၏ဆုံးဖြတ်ချက်ကို နားလည်သည့်အနေဖြင့် လီလော့ ခေါင်းညိတ်လိုက်သည်။အတင်းအကြပ်ဖိအားပေးခြင်းသည် ကောင်းကျိုးထက်ဆိုးကျိုးပိုများနိုင်သည်မဟုတ်လော....
ပိုင်မျန်မျန် ထွက်ခွာသွားသည်ကို ကြည့်ပြီး လီလော့နှင့် ရှင်းဖူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ၃၅ ဆင့်ဆီသို့ မဆိုင်းမတွအတူတူ ဆင်းခဲ့ကြလေသည်။
ထားမိသည်။
" လီလော့.....နင် လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်......လော့လန်အိမ်တော်မှာ တောက်ပနေတဲ့ဖီးနစ်ရှိတယ်ဆိုတာသာလူတွေသိကြတာ....ငုပ်လျှိုးနေတဲ့ နဂါးတစ်ကောင်ရှိနေမှန်းဘယ်သူမှမသိကြသေးဘူး........"
....................................
အိုးးးးးး
လီလော့သည် ၃၆ဆင့်သို့ရောက်သောအခါ ပြင်းထန်သော စွမ်းအင်လှိုင်းများနှင့်ကြုံတွေ့နေရပြီး သတိမမူမိပါက အရိုးအသားတခြားစီဖြစ်သွားနိုင်သည်။
အရိုးအက်ကွဲသံသဲ့သဲ့ကိုတောင်ကြားနေရသည်။
သဘာဝစွမ်းအင်များက ကျိုးပျက်နေသော ဆည်တစ်ခုမှတစ်ဆင့် မြစ်တစ်စင်းဆီသို့ စီးဝင်နေသည့်နှယ် ခန္ဓာကိုယ်ထဲသို့ တလဟော စီးဝင်လျှက်ရှိသည်။
လီလော့သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီးတစ်ခုခုကို မျှော်လင့်စောင့်စားနေသည်။
လက်ရှိတွင် စက္ကန့်တိုင်းသည် ရွှေထက်ပင်အဖိုးတန်နေသောကြောင့် နာကျင်မှုများကို ဂရုစိုက်နေဖို့အချိန်မရှိ......
ပဲ့တင်ထပ်သံအဆင့် မြင့်လေ စွမ်းအင်နှင့် ရင်းနှီးမှု မြင့်မားလေဖြစ်ပြီး စွမ်းအင်စီးဆင်းမှုကို ကိုင်တွယ်ရ ပိုလွယ်ကူလေဖြစ်သည်။
ဥပမာဆိုသော် ကျန်းချင်းအာသည် သူမ၏ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံကို ကောင်းမွန်စွာအသုံးချပြီး ဖိအားများကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
သူ့ထံတွင် ကျန်းချင်းအာလို အဆင့်ကိုးပဲ့တင်ထပ်သံမရှိသော်လည်း ပဲ့တင်ထပ်သံလေးခု ရှိနေပါသည်။
သို့သော်.... အလင်းနှင့်မြေပဲ့တင်ထပ်သံတို့သည် ရေနှင့်သစ်သားပဲ့တင်ထပ်သံတို့၏ အကူပဲ့တင်ထပ်သံများဖြစ်သောကြောင့် စွမ်းအင်များကို စုပ်ယူရာတွင်အားနည်းနေသည်။
နာကျင်မှုကို ကြံ့ကြံ့ခံရင်း ပဲ့တင်ထပ်သံနန်းတော်နှစ်ခုလုံး တလက်လက်တောက်ပနေလေပြီ။
သူလိုအပ်သော ဒြပ်စင်စွမ်းအင်လေးမျိုးစလုံးကို စုပ်ယူလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ တဖြည်းဖြည်း သန့်စင်လာသည်။ တဖြည်းဖြည်းနှင့် အနက်ရောင်စွမ်းအင်များထဲမှ အပြာ၊ အစိမ်း၊ အဝါနှင့် အဖြူရောင်စွမ်းအင်တို့ကို ထုတ်ယူခဲ့သည်။
ဤသည်မှာ ကုန်ကြမ်းများထဲမှ လိုအပ်သောအရာများကိုရွေးထုတ်နေသည့်နှယ်.....
ပဲ့တင်ထပ်သံနန်းတော်များသည် စွမ်းအင်များကို တတ်နိုင်သမျှ လျင်မြန်စွာ စုပ်ယူနိုင်ပြီး ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုဆီသို့ ပို့ဆောင်ပေးနေသည်။
အဆင့် ၃၇....
ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ကိုရောက်ပြီဖြစ်သောကြောင့် ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများဖြစ်ပေါ်လာပြီဖြစ်သည်။ ထို့အပြင် ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုကလည်း အချိန်မရွေးပေါက်ကွဲတော့မည့်နှယ် ပြင်းထန်စွာတုန်ခါနေကြပြီ....
သို့သော်လည်း အဆင့်မတက်ရန် ထိန်းထားနိုင်ဆဲပင်....
ခြေတစ်လှမ်းစာရှေ့တိုးပြီးသည်နှင့် မျှော်လင့်ထားသမျှ ပြည့်ဝတော့မည်သာ.......