← Chapters

ယင်ဟွမ်ပြည်နယ်က ပြဿနာများ ( ၁ )

Vol. 23 Ch. 344

ယင်ဟွမ်ပြည်နယ်က ပြဿနာများ ( ၁ )

Vol. 23 Ch. 344

ရွှီချင်း၏ရှေ့တွင် ရှိနေသည်မှာ အပြာရောင်ရေကန်ကြီးတစ်ကန်ဖြစ်သည်။ ရေပြင်က ကြည်လင်နေဟန်ရှိပါသော်လည်း အနီးကပ်ကြည့်ပါက ရေများ အေးခဲနေသည်ကို မြင်ရပေမည်။

ကန်ပတ်လည်တွင် ရောင်စုံအသီးအရွက်ပင်များလည်း ပေါက်ရောက်နေသည်။ ကန်ကြီးတည်ရှိရာ ဂူထိပ်မှာပင် ရေညှိများ ကပ်တွယ်နေသည်။

ဤနေရာတစ်ခုလုံး စိုစွတ်နေ၏။

ရွှီချင်းသည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ အရိပ်မျက်လုံးမှတစ်ဆင့် စစ်ဆေးခြင်းအရဖြစ်စေ သူ၏အာရုံအရဖြစ်စေ ဤနေရာတွင် အန္တရာယ်တစ်စုံတစ်ရာကို သူ အာရုံမခံမိပေ။ သို့သော်လည်း ရွှီချင်းသည် သတိထားနေဆဲဖြစ်ပြီး ကန်ကြီးဆီသို့ ဂရုတစိုက်ဖြင့် လျှောက်သွားသည်။ အနီးသို့ ရောက်သောအခါ ကန်အောက်ခြေကို သူ ကြည့်လိုက်သည်။

ကြည်လင်အေးခဲနေသောကန်ရေပြင်ကြောင့် အောက်ခြေကို ရှင်းလင်းစွာ မြင်နေရသည်။ ရွှီချင်းသည် ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ငြိမ်သက်သွားသည်။

ကန်အောက်ခြေတွင် မရေမတွက်နိုင်သော အရိုးများ၊ ကျောက်စရစ်ခဲများဖြင့် ပြည့်နှက်နေသည်။

ပြွတ်သိပ်၍ တည်ရှိနေသော အရိုးများ၏ ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသားများသာမက အမျိုးသမီးများ၏ အရိုးများ ဖြစ်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ဤနေရာမှာ ဆိုးဆိုးဝါးဝါးဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ဟန်တူသည်။

“ ဒီနေရာကို ငါ မတော်တဆ တွေ့ခဲ့တာ။ ဒီကို ခဏခဏ လာပေမဲ့ ဘာအန္တရာယ်မှ မတွေ့ခဲ့ရဘူး။ ကန်အောက်ခြေက အရိုးတွေကလည်း ထူးထူးဆန်းဆန်း ပြောင်းလဲသွားတာမျိုး မရှိဘူး ”

ဝူကျန်းဝူသည် ဝေ့ကြည့်လိုက်ပြီး ရွှီချင်းက သူ၏ရည်ရွယ်ချက်အမှန်ကို နားလည်မှုလွဲမည်စိုး၍ အလျင်အမြန် ရှင်းပြလိုက်သည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် ကန်ကြီးထဲရှိ အေးခဲနေသော ရေအရည်အသွေးက သမားတော်ကြီးပိုင်၏ ဆေးကျမ်းထဲတွင် ဖော်ပြထားခဲ့သည့် အင်မော်တယ်ဂျယ်လီနှင့် အနည်းငယ် ကွဲပြားနေသည်ကို တွေ့ရှိလိုက်ရသည်။

ဤကန်ကြီးထဲမှ ရနံ့များ ပို၍ သင်းပျံ့နေသည်။

အထူးသဖြင့် ကန်အနီးတဝိုက်တွင် ပို၍ အနံ့စူးရှသည်။ ကန်ကြီးထဲမှ ရနံ့က နေရာတစ်ခုလုံး သင်းပျံ့နေပြီး နှာခေါင်းနှင့် ပါးစပ်ထဲသို့ ထိုရနံ့ ဝင်သွားသောအခါ ချိုမြိန်သောအရသာကို ခံစားရမည် ဖြစ်သည်။ အစပိုင်းတွင် ထိုရနံ့ကို သဘောကျနေမည်ဖြစ်သော်လည်း အချိန်ကြာလာသောအခါ စိတ်ညစ်ညူးလာမည်ဖြစ်သည်။

ယင်းသည် အင်မော်တယ်ဂျယ်လီ၏ ဖော်ပြချက်နှင့် မတူညီပေ။

သို့သော်လည်း ဤရေကန်သည် ကြီးမားသော အပြောင်းအလဲများစွာကို မကြုံတွေ့ခဲ့ရခင်က အင်မော်တယ်ချီများဖြင့် ရစ်သိုင်းလျက်ရှိသော ကန်ကြီးတစ်ကန် ဖြစ်နိုင်ချေများကြောင်း ရွှီချင်း ခန့်မှန်းမိသည်။

ကန်ရေက ဆေးကျမ်းထဲတွင် ဖော်ပြထားသော အင်မော်တယ်ချီများဖြင့် ပြုလုပ်ထားသည့်ကန်ရေနှင့် ဆင်တူသည်။ သို့သော်လည်း မှန်းဆမရနိုင်သော အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရပြီး အင်မော်တယ်ဂျယ်လီက ပြောင်းလဲသွားခဲ့ခြင်းသာ ဖြစ်မည်။

သန္ဓေပြောင်းသွားသော အင်မော်တယ်ဂျယ်လီအဖြစ် ယူဆနိုင်သည်။

၎င်း၏အာနိသင်ကို ရွှီချင်း မသိပါသော်လည်း လေ့လာကြည့်လျှင် အကျိုးမယုတ်နိုင်ကြောင်း ခံစားမိသည်။

သူသည် အကြည့်လွှဲလိုက်ပြီး အနည်းငယ် ထပ်ယူရန် ပြင်လိုက်သည်။

ထိုအချိန်၌ ရွှီချင်း၏နှုတ်မှ အာမေဋိတ်သံသဲ့သဲ့ ထွက်သွားပြီး ကန်အောက်ခြေကို သူ ဂရုတစိုက် ကြည့်လိုက်သည်။

ထိုအချိန်၌ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထွက်ပေါ်လာရာ မီးမုန်တိုင်းကြီးတစ်ခုအသွင် ဖြစ်သွားသည်။

ဘေးရှိ ဝူကျန်းဝူမှာ ရွှီချင်း၏ အရှိန်အဝါကြောင့် မျက်လုံးများ ပြူးကျယ်သွားကာ နောက်ဆုတ်သွားသည်။

“ ဘာဖြစ်လို့လဲ ”

ဝူကျန်းဝူ ပြောလိုက်သည့်အခိုက် ရွှီချင်းသည် သက်စောင့်မီးတောက်စွမ်းအားများကို မျက်လုံးများထဲတွင် စုစည်းလိုက်သည်။ သူ့မျက်လုံးများသည် သောက်ရှူးကြယ်အလား စူးရှတောက်ပသွားပြီး ကန်အောက်ခြေရှိ နေရာတစ်နေရာသို့ စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာတွင် အရိုးများနှင့် ကျောက်များအပြင် ရွှီချင်းကို ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေသည့် ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။

“ မင်း ဘာကြည့်နေတာတုံး။ ကန်ထဲက ကောင်းတာတစ်ခုခု ရှိလို့လား။ ဒီကန်က ထူးဆန်းလွန်းတော့ ငါ အောက်မဆင်းရဲတာ ပြဿနာပဲ။ ငါလည်း ကန်ထဲက အရိုးတွေက အပြင်ထုတ်ဖို့ တွေးသေးတာ ဒါပေမဲ့ ငါ မလုပ်နိုင်ခဲ့ဘူး ”

ဝူကျန်းဝူသည် ရွှီချင်း၏အကြည့်ကို သတိထားမိလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

သို့သော်လည်း သူ့စကားမဆုံးခင် ရွှီချင်း စူးစိုက်ကြည့်နေသည့် ကျောက်တုံးမှာ မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရဟန်တူသည်။ ထိုကျောက်တုံးမှာ အပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာပြီး ကန်ရေပြင်ကို ဖောက်ခွဲ၍ ရွှီချင်းရှေ့တွင် လွင့်မျောနေတော့သည်။

ထိုမြင်ကွင်းကြောင့် ဝူကျန်းဝူ စကားမပြောနိုင်လောက်အောင် မှင်သက်သွားသည်။

ရွှီချင်းသည် ကျောက်တုံးကြီးကို ဂရုတစိုက် လေ့လာလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရင်းနှီးနေရသည့်အကြောင်းရင်းကို သူ သိသွားသည်။

ထိုအကြောင်းရင်းသည် အစွန်းရောက်ကောင်းကင်ဓားမော့အရှိန်အဝါ ဖြစ်သည်။

ကျောက်တုံးကြီးမှာ အစွန်းရောက်ကောင်းကင်ဓားမော့၏ တာအိုဓာတ်များ ကိန်းအောင်းနေသည်။

ရွှီချင်းသည် အံ့အားသင့်စွာဖြင့် ကျောက်တုံးကို သိမ်းဆည်းလိုက်သည်။

အရိပ်လေးသည်လည်း တိတ်ဆိတ်စွာဖြင့် သူ့နေရာသူ ပြန်သွားသည်။ မကြာသေးခင်က ကျောက်တုံးကြီးကို အပြင်သို့ ထုတ်လိုက်သည်မှာ အရိပ်လေးသာ ဖြစ်သည်။

ကျောက်တုံးကြီး အပြင်ရောက်သွားပြီးနောက် မူလက ကျောက်တုံးကြီး တည်ရှိနေခဲ့သောနေရာတွင် လျှို့ဝှက်စွာ ဖုံးကွယ်နေခဲ့သော ကျောက်ပြားတစ်ချပ် ပေါ်လာသည်။

ကန်ရေက အနည်းငယ် လှိုင်းထသွားသောကြောင့် ကျောက်ပြားပေါ်တွင် ကပ်ညိနေသည့် ဖုန်မှုန့်များ လွင့်ပျယ်သွားပြီး စာသားတချို့နှင့် ပုံရိပ်များ ပေါ်လာသည်။

ရွှီချင်းက ချက်ချင်း လှမ်းကြည့်လိုက်သည်။

“ ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ အင်မော်တယ်သန့်စင်ရေကန်ဆိုပါလား ”

ဘေးတွင် ရှိနေသော ဝူကျန်းဝူသည်လည်း ယင်းကို တွေ့ရှိလိုက်ပြီး စာသားများကို ရှင်းရှင်းလင်းလင်း မြင်သောအခါ တအံ့တသြ ပြောလိုက်သည်။

ရွှီချင်းသည်လည်း အံ့အားသင့်သွားသည်။ အနီးကပ်ကြည့်ပြီးနောက် ကျောက်ပြားပေါ်ရှိ ရုပ်ပုံက နန်းဟွမ်ကျွန်းကြီး၏ မြေပုံတစ်ချပ်ဖြစ်ဟန်တူသည်ကို သူ သတိထားမိလိုက်သည်။

မြေပုံပေါ်တွင် ကျစ်လွီဆဲ့တိုင်းပြည်ကြီး၏ နန်းမြို့တော်တည်နေရာကို ဖော်ပြထားသည်။ ထိုနေရာသည် လက်ရှိတွင် ကျစ်ထူမိသားစု တည်ရှိနေသောနေရာဖြစ်သည်။ ‘ အင်မော်တယ်သန့်စင်ရေကန် ’ ကိုလည်း အမှတ်အသားပြထားပြီး ဘေးတွင် ‘ အိမ်ရှေ့စံမင်းသားရဲ့ စံအိမ် ’ ဆိုသော အမှတ်အသားရှိသည်။

ထိုတည်နေရာအမှတ်အသားကို ကြည့်၍ ထိုနေရာမှာ ရွှီချင်း သွားချင်နေခဲ့သည့် အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းမှလွဲ၍ တခြားမဟုတ်ပေ။

ရွှီချင်းက ကန်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ ဤကန်ကြီး၏ ဇစ်မြစ်သည် ရှင်းလင်းပေသည်။ တချိန်တည်းမှာပင် ရွှီချင်း၏မှတ်ဉာဏ်များထဲ ကျစ်လွီဆဲ့တိုင်းပြည်ကြီး၏ မှတ်ဉာဏ်များ ပြန်ပေါ်လာသည်။

ကျစ်လီဆဲ့တိုင်းပြည်အကြောင်း ပထမဆုံးအကြိမ် သူ ကြားခဲ့ရစဉ်က မိသားစုကြီးရှစ်စုအကြောင်း ချန်ဖေးယွမ် သူ့ကို ပြောပြခဲ့စဉ်က ဖြစ်သည်။

ထိုအခါမှသာ နန်းဟွမ်ကျွန်းကြီးထဲတွင် ဟိုးလွန်လေပြီးသောအခါက ထူးဆန်းသော သွေးမျိုးဆက်နှင့် တိုင်းပြည်ကြီးတစ်ခု တည်ရှိခဲ့ဖူးကြောင်း သူ သိခဲ့ရသည်။

“ သူတို့က ဓမ္မရတနာတွေနဲ့ တစ်သားတည်း ပေါင်းစပ်နိုင်ကြတယ် ”

ယခင်က ချန်ဖေးယွမ်ကို မြင်လိုက်စဉ် ဖြစ်ပေါ်ခဲ့သော ခံစားချက်ကို သူ ပြန်တွေးမိလိုက်သည်။ ချန်ဖေးယွမ်သည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျပါသော်လည်း အလွန်အစွမ်းထက်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး သန္ဓေပြောင်းအင်မော်တယ်ဂျယ်လီနောက်ထပ် ယူလိုက်သည်။ သူသည် ကြာကြာမနေတော့ဘဲ ထွက်သွားသည်။

အပြင်လောကသို့ သူ ပြန်ရောက်လာသည်။

ဝူကျန်းဝူသည် အက်ကွဲကြောင်းဝင်ပေါက်အပြင်ဘက်သို့ ရောက်သည့်တိုင်အောင် သူ့ကို လိုက်ပို့သည်။ ထိုအချိန်၌ သူသည် လက်နှစ်ဖက်ကို ပိုက်ထားပြီး ရွှီချင်းကို အားတက်သရောကြည့်ကာ တစ်စုံတစ်ခု ပြောချင်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေ၏။

“ ငါ ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး။ မင်း စိတ်အေးလက်အေး နေလို့ရတယ် ”

ရွှီချင်းက ဝူကျန်းဝူကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး သက်တန့်တစ်စင်းအသွင်ဖြင့် ထွက်သွားသည်။

ဝူကျန်းဝူသည် အရှုံးအမြတ်ကို တွေးတောကြည့်ရင်း စိတ်ပျက်အားငယ်နေသောအမူအရာဖြင့် နေရာမှာပင် ရပ်နေသည်။

အချိန်အတော်ကြာပြီးနောက် ဝူကျန်းဝူက အံတင်းတင်းကြိတ်လိုက်သည်။

“ ငါ အရမ်းစိုးရိမ်နေလို့လဲ မဖြစ်ဘူး။ ဒီရွှီချင်းက ဗိုလ်ကျတတ်တဲ့ကောင်ဆိုပေမဲ့ သူ့ကတိကိုတော့ တည်လောက်မှာပါ။ အဆိုးဆုံးအနေနဲ့ ငါ့အဖိုးတန်ကလေးလေးတွေ မွေးပြီးတဲ့အချိန်အထိ ဂိုဏ်းကို ခဏလောက် မပြန်ဘဲနေရုံပေါ့ ”

All Chapters