← Chapters

ယင်ဟွမ်ပြည်နယ်က ပြဿနာများ ( ၂ )

Vol. 23 Ch. 345

ယင်ဟွမ်ပြည်နယ်က ပြဿနာများ ( ၂ )

Vol. 23 Ch. 345

ပထမတောင်ထိပ်ကို သူတော်စင်ကြယ် ဖိနှိပ်ခဲ့သည့်ကိစ္စကြောင့် ဝူကျန်းဝူ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ သူသည် ဂူသို့ ပြန်သွားပြီး ဗိုက်ကြီးနေသော သားရဲများကို ဆက်လက်ဂရုစိုက်နေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီဖြစ်ပြီး ကောင်းကင်ယံတွင် လမင်းကြီး မြင့်တက်နေပြီ ဖြစ်သည်။ လရောင်အောက်တွင် ဖီးနစ်တားမြစ်ဒေသကြီးသည် တစ္ဆေများ၏ လှောင်အိမ်ကြီးသဖွယ် ပြောင်းလဲသွားပြီး ဆွဲဆွဲငင်ငင် အော်ဟစ်သံများ၊ ရံဖန်ရံခါ သားရဲများ၏ ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေသည်။

ရွှီချင်းသည် ပိန်းပိတ်အောင်မှောင်မည်းနေသော တောအုပ်ကြီးတစ်လျှောက် ပြေးလွှားနေသည်။

သူသည် ဝူကျန်းဝူအကြောင်း တခြားလူများအား ပြောပြရန် ဆန္ဒမရှိပေ။

ဤလောကပျက်ကြီးထဲတွင် လူတိုင်းမှာ အသက်ရှင်သန်ရေးအတွက် နည်းလမ်းကိုယ်စီ ရှိကြသည်။ ဝူကျန်းဝူမှာ ထူးဆန်းသော အလေ့အကျင့်များ ရှိပါသော်ငြား သူ့ကို မထိခိုက်သည့်အပြင် အင်မော်တယ်ဂျယ်လီများကိုပင် ပေးခဲ့သည်။ ထို့ကြောင့် ရွှီချင်းမှာ ဝူကျန်းဝူကိစ္စကို စဉ်းစားမနေတော့ပေ။

ဤလောကကြီးက ကျယ်ပြန့်ပြီး ထူးဆန်းသော သတ္တဝါမျိုးစုံ ရှိနေသည်ဟူ၍သာ သူ ခံစားနေရသည်။

“ ဒါပေမဲ့ ဝူကျန်းဝူမှာလည်း တခြားရည်ရွယ်ချက် ရှိနေလောက်တယ် ”

ရွှီချင်းသည် ခေါင်းယမ်းလိုက်ပြီး ထိုအတွေးကို စိတ်ထဲ ပြန်သိမ်းထားလိုက်သည်။ သူက သစ်ခေါင်းကြီးတစ်ခေါင်းကို မြင်သွားပြီး ဘေးပတ်လည်ကို စစ်ဆေးကြည့်ကာ သစ်ပင်ပတ်လည်မှာ အကာအကွယ်အစီအရင်များ ချလိုက်ပြီး သစ်ခေါင်းထဲ ဝင်ရောက်သွားသည်။

ထို့နောက် ရွှီချင်းက သူ ရရှိခဲ့သည့် အင်မော်တယ်ဂျယ်လီကို ထုတ်လိုက်သည်။

အချိန်အနည်းငယ် ကျော်လွန်သွားသည်ဖြစ်၍ အင်မော်တယ်ဂျယ်လီတစ်ဝက်သာ ကျန်တော့သည်။ ယင်းကြောင့် ဝူကျန်းဝူ ပြောပြခဲ့သည့်စကားကို ရွှီချင်း အမှတ်ရလိုက်သည်။ ထိုအင်မော်တယ်ဂျယ်လီသည် နှစ်နာရီပြည့်လျှင် ပျောက်ကွယ်သွားမည် ဖြစ်သည်။

သူ အနည်းငယ် တွေးတောပြီးနောက် ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ ပုလင်းကို ဖွင့်ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ အထဲမှ ပိုးကောင်နက်များ ပျံထွက်လာပြီး အင်မော်တယ်ဂျယ်လီပေါ်သို့ ဝါးမျိုရန် ဆင်းသက်သွားသည်။

ရွှီချင်းသည် သေသေချာချာ စောင့်ကြည့်နေသည်။ သို့သော်လည်း ပိုးကောင်နက်များက အင်မော်တယ်ဂျယ်လီများကို စားပြီးသွားသည့်တိုင်အောင် မည်သည့်ထူးခြားချက်မျှ ဖြစ်မလာခဲ့ပေ။ ရွှီချင်း အတန်ငယ် တွေးတောလိုက်ပြီးနောက် ထိုပိုးကောင်နက်တစ်သုတ်ကို သူ ယူလာခဲ့သည့် အင်မော်တယ်ဂျယ်လီအားလုံး ကျွေးရန် ဆုံးဖြတ်လိုက်သည်။

ခဏအကြာ အင်မော်တယ်ဂျယ်လီများ ပျောက်ကွယ်သွားသည်။ ရွှီချင်းသည် အချိန်အတော်ကြာသည်အထိ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ထိုပိုးကောင်နက်များကို ပုလင်းထဲ သိမ်းထားလိုက်သည်။ ထိုပုလင်းကို သူ မှတ်သားလိုက်ပြီး သီးခြားခွဲထားလိုက်၏။

တစ်ခုခု ထူးခြားမှုကို ကြည့်ရှုရန် အင်မော်တယ်ဂျယ်လီများအား ထိုပိုးကောင်နက်များ အစာချေပြီးသည့်အချိန်တိုင်အောင် သူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ယင်းနောက် ရွှီချင်းသည် အင်မော်တယ်သန့်စင်ရေကန်မှ ရရှိခဲ့သည့် အစွန်းရောက်ကောင်းကင်ဓားမော့၏ တာအိုဓာတ် ကိန်းအောင်းနေသော ကျောက်တုံးကို ထုတ်လိုက်သည်။ သူက ကျောက်တုံးကို လေ့လာလိုက်ပြီး အထဲရှိ တာအိုဓာတ်ကို နားလည်ရန် ကြိုးစားလိုက်သည်။ တဖြည်းဖြည်းနှင့် ဓားမော့အရိပ်တစ်ခု သူ့မျက်လုံးများထဲ ပေါ်လာသည့်အလား ခံစားလိုက်ရသည်။

ထိုသို့ဖြင့် ညတစ်ည ကုန်လွန်သွားသည်။

နောက်တစ်နေ့ မနက်ခင်း ရွှီချင်း၏ မျက်လုံးများ ပွင့်လာသည့်အခါ သူ ပထမဆုံးလုပ်သည်မှာ လက်ထဲရှိ ကျောက်တုံးကို ကြည့်ခြင်း ဖြစ်သည်။

“ ဒီကျောက်တုံးက အစွန်းရောက်ကောင်းကင်ဓားမော့ကို ပိုနားလည်သွားအောင် ငါ့ကို ကူညီပေးလိုက်တာပဲ ”

ရွှီချင်းသည် အကျိုးအမြတ်များစွာ ရရှိသွားသည့်အလား ခံစားလိုက်ရသည်။ ထို့နောက် အင်မော်တယ်ဂျယ်လီများကို စားခဲ့သည့် ပိုးကောင်နက်လေးများအား စစ်ဆေးကြည့်လိုက်သည်။

သူ့သွေးမှတစ်ဆင့် ဂရုတစိုက် စစ်ဆေးလေ့လာခြင်းအောက်တွင် ထိုပိုးကောင်နက်လေးများ မူးယစ်ရီဝေနေကြဟန်တူသည်ကို သူ တွေ့လိုက်ရသည်။ ၎င်းတို့အားလုံး မလှုပ်ရှားကြဘဲ တက်တက်ကြွကြွ မရှိကြပေ။

သို့သော်လည်း ၎င်းတို့၏ အရှိန်အဝါများက အနည်းငယ် ပြောင်းလဲသွားသည်။

ယင်းကြောင့် ရွှီချင်း စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သို့သော်လည်း ထိုပိုးကောင်နက်များမှာ ယခုတွင် တက်တက်ကြွကြွမရှိနေသည်ဖြစ်၍ ပြောင်းလဲမှုအတိအကျကို မမြင်ရသည်ဖြစ်ရာ ၎င်းတို့အား မနှောင့်ယှက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုပိုးကောင်နက်များအား ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ရေကန်၏ တည်နေရာကို မှတ်သားလိုက်သည်။ ထို့နောက် သစ်ခေါင်းထဲမှ ထွက်ခွာကာ အဝေးသို့ တဟုန်ထိုး ပြေးသွားသည်။

သူသည် အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း တည်ရှိရာ မြို့ပျက်ကြီးဆီသို့ ဦးတည်သွားခြင်းဖြစ်ပြီး နောက်ထပ်အစွန်းရောက်ကောင်းကင်ဓားမော့အား နားလည်နိုင်မည့် အခွင့်အရေးရှိမလား ကြည့်ချင်နေသည်။ သူသာ နားမလည်နိုင်ခဲ့လျှင် ဓားမော့ကွက်ကို ပိုနားလည်လာစေရန် ထိုကျောက်တုံးအား လေ့လာမည်ဖြစ်သည်။

“ ဒီကျောက်တုံးအစွန်းတွေက ဓားသွားလို စူးရှချွန်ထက်နေတာ။ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းနဲ့ ဆက်စပ်နေလောက်တယ်။ အဲဒါက ရုပ်ထုရဲ့ တစ်စိတ်တပိုင်း ဖြစ်လောက်တယ် ”

ရွှီချင်း ဝေဖန်အကဲဖြတ်လိုက်သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီး ဆယ်ရက်ကျော်လွန်သွားသည်။

ထိုဆယ်ရက်အတွင်း ရွှီချင်း ဆက်လက်၍ တဟုန်ထိုး သွားနေသည်။ ရံဖန်ရံခါ အဆိပ်မြက်ပင်များကို ခူးယူတတ်ပြီး ရံဖန်ရံခါ အဆိပ်သားရဲများမှ အဆိပ်များကို နှုတ်ယူတတ်သည်။ အင်မော်တယ်ဂျယ်လီအား စားသုံးခဲ့ကြသော ပိုးကောင်နက်များကိုလည်း သူ စောင့်ကြည့်ခဲ့သည်။ သို့သော်လည်း ထိုပိုးကောင်နက်များမှာ အိပ်ပျော်နေဆဲပင်။

“ အခုထိ မနိုးသေးတာလား ”

ရွှီချင်း အနည်းငယ် အံ့အားသင့်သွားသည်။ ထိုပိုးကောင်နက်များ အသက်ရှင်နေသေးကြောင်းကိုသာ သူ အာရုံမခံနိုင်ခဲ့လျှင် ၎င်းတို့အားလုံး သေသွားပြီဟူ၍သာ သူ ယူဆလိုက်မည် ဖြစ်သည်။

“ စောင့်ကြည့်ကြတာပေါ့ ”

ရွှီချင်းက ရှေ့တူရှုသို့ ကြည့်လိုက်သည်။

မနီးမဝေးတွင် ထာဝရအိပ်စက်အနားယူနေဟန်တူသော ရှေ့ဟောင်းမြို့ပျက်ကြီးတစ်ခုကို သူ မြင်နေရသည်။

အချိန်ကား မွန်းတည့်ချိန်ဖြစ်သည်။ နေရောင်ခြည်က စူးရှတောက်ပါနေပါသော်လည်း တစ်ပင်နှင့်တစ်ပင် နွယ်ယှက်နေသော သစ်ပင်များစွာကြောင့် မြေပြင်သို့ ပြောက်ကျားအလင်းစက်များသာ ကျရောက်နေသည်။

ထိုအလင်းစက်လေးများအောက်တွင် အချိန်၏လောကဓံကို ရိုက်ခတ်ခံခဲ့ရသော ရှေ့ဟောင်းမြို့ကြီးအား သူ ကြည့်လိုက်သည်။

မြို့ပျက်ကြီး၏ အလယ်ခေါင်တွင် ထည်ဝါသော ဘုရားကျောင်းကြီးတစ်ကျောင်းကို သူ ဝိုးတဝါး မြင်လိုက်ရသည်။

ဘုရားကျောင်းကြီးသည် ကြည့်မိသူအဖို့ မြို့ပျက်ကြီးက သက်သေထူနေသော အချိန်တိုက်စားမှုများနှင့် ထူးဆန်းသော ရှေးဟောင်းအငွေ့အသက်များကို ခံစားရစေသည်။

“ ငါ ရောက်ပြီ ”

ရွှီချင်းသည် ခုန်ပျံကျော်လွှားကာ မြို့ပျက်ကြီးနှင့် အနီးသို့ ရောက်လာသည်။

မြို့ပျက်ကြီးထဲသို့ ရွှီချင်းဝင်ရောက်သွားပြီး ဆယ်မိနစ်ခန့်အကြာ …

ဖီးနစ်တားမြစ်ဒေသကြီးမှ အလွန်ဝေးကွာသောအရပ်ရှိ ဝမ်ကူးဒေသကြီးထဲတွင် မိုးမြေတုန်ဟီးစေသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ယင်ဟွမ်ပြည်နယ်ရှိ အင်အားစုများအားလုံး ရင်ထဲ ဗြောင်းဆန်နေကြတော့သည်။

ခုနစ်ဂိုဏ်းမဟာမိတ်ရှိ တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာသည် နှစ်ပေါင်းနှစ်ရာနီးနီး ကြာပြီးနောက် ပြန်လည်အသက်ဝင်လာခဲ့သည်။

သူတို့သည် ချီရွှဲ့ထုံတစ်ဂိုဏ်းလုံးအား ဖျက်ဆီးချင်နေသည့်အလားပင်။

အကြောင်းရင်းမှာ ပြီးခဲ့သော ခုနစ်ရက်က ခုနစ်ဂိုဏ်းမဟာမိတ်သည် နောက်ထပ် ရွှေ့ပြောင်းမိန့် ထုတ်ပြတ်ခဲ့ပြီးနောက် ချီရွှဲ့ထုံဂိုဏ်းကို ရာဇသံပေးခဲ့ပါသော်လည်း ရွှယ်လျန့်ကျစ်က အချိန်ဆွဲထားဆဲပင်။

ပြီးခဲ့သည့်တစ်ရက် ခုနစ်ဂိုဏ်းမဟာမိတ်၏ အမြင့်ဆုံးအစည်းအဝေးတွင် ဘုံသဘောတူညီချက်တစ်ရပ်ကို ချမှတ်ခဲ့ကြပြီး ချီရွှဲ့ထုံဂိုဏ်းသို့ သံတမန်တစ်ယောက် စေလွှတ်ခဲ့ကြသည်။

ထိုသဘောတူညီချက်မှာ ရွှယ်လျန့်ကျစ်နှင့် တောင်သခင်ကြီးခုနစ်ပါးတို့အနေဖြင့် တစ်ရက်အတွင်း ခုနစ်ဂိုဏ်းမဟာမိတ်သို့ ပြန်သွားကာ တောင်းပန်ရမည် ဖြစ်သည်။ သူတို့ ပြန်မသွားခဲ့လျှင် ဂိုဏ်းသားအားလုံးနှင့်အတူ ချီရွှဲ့ထုံဂိုဏ်းကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်းထဲရှိ လူသားမဟုတ်သောမျိုးနွယ်များနှင့် ပင်လယ်ရပ်ခြားအင်အားစုများကို သုံးရက်အတွင်း ထွက်သွားရန်ကိုလည်း အကြောင်းကြားခဲ့သည်။ အကယ်၍ ချီရွှဲ့ထုံဂိုဏ်းမှာ ဆက်နေခဲ့ပါက သူတို့သည်လည်း အကျိုးဆက်ကို ခံစားရမည်ဖြစ်သည်။

ထိုကိစ္စက နေရာအများစု၌ အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းသို့ အလည်အပတ် ရောက်လာကြသော လူသားမဟုတ်သောမျိုးနွယ်များ တစ်ခုပြီးတစ်ခု ထွက်သွားကြသည်။ ခုနစ်ဂိုဏ်းမဟာမိတ်မှ လူများစွာလည်း ထွက်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး ဝရုန်းသုန်းကား ဖြစ်သွားပြီး လူအားလုံး သွေးရူးသွေးတန်း ဖြစ်သွားကြသည်။

သို့သော်လည်း တစ်ရက်ကြာသည့်တိုင်အောင် ရွှယ်လျန့်ကျစ်က အဖြေမပေးခဲ့ပေ။ ခုနစ်ဂိုဏ်းမဟာမိတ် ဒေါသထွက်သွားခဲ့ပြီး တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကြီး အသက်ဝင်သွားခဲ့သည်။

ယင်းရတနာကြီးသည် သွေးနီရောင်အလင်းတန်းအသွင်ဖြင့် ခုနစ်ဂိုဏ်းမဟာမိတ်မှ ကောင်းကင်ယံသို့ ပျံတက်လာသည်။ ယင်းနောက် လေထဲတွင် သွေးရောင်သစ်စေ့တစ်စေ့အဖြစ် ပြောင်းလဲသွားခဲ့ပြီး မြောက်အရပ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

ယင်းရတနာကြီးသည် တောင်အရပ်ရှိ ချီရွှဲ့ထုံဂိုဏ်းသို့ ဦးတည်သွားခြင်းမဟုတ်ဘဲ မြောက်အရပ်သို့ ဦးတည်သွားခြင်း ဖြစ်သည်။

ယင်ဟွမ်ပြည်နယ်၌ ယင်ဟွမ်ပြည်နယ်၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ကို ဆက်သွယ်ပေးထားသော တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ် တည်ရှိနေသည့် တောင်ကြီးတစ်လုံးနှင့် မြစ်တစ်စင်း တည်ရှိသည်။ တောင်ကြီးသည် ထိုက်စီကြမ္မာဆိုးတောင်ဖြစ်ပြီး မြစ်ကြီးသည် အင်မော်တယ်အားတိုးမြစ် ဖြစ်သည်။

ထိုက်စီကြမ္မာဆိုးတောင်သည် မြောက်နှင့်တောင်ကို ထိစပ်နေပြီး အင်မော်တယ်အားတိုးမြစ်ကြီးသည် အရှေ့နှင့်အနောက်ကို ထိစပ်နေသည်။ ၎င်းတို့ ထိစပ်နေသည့်နေရာသည် ယင်ဟွမ်ပြည်နယ်၏ အလယ်ဗဟိုဖြစ်ပြီး ထိုနေရာတွင် ဂိုဏ်းကြီးတစ်ဂိုဏ်း တည်ရှိသည်။

ထိုဂိုဏ်းကို စီအနိမ့်ဂိုဏ်းဟူ၍ ခေါ်ကြပြီး ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် ဆက်စပ်ခြင်းမရှိပေ။ သို့သော်လည်း ထိုစီအနိမ့်ဂိုဏ်းသည် ခုနစ်ဂိုဏ်းမဟာမိတ်ကို ဖိနှိပ်ရန် ထိုက်စီရှန်းမုန်ဂိုဏ်းမှ ထောက်ပံ့ပေးထားသော နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်သည်ကို မည်သည့်အင်အားစုမဆို သိကြသည်။

ထိုဂိုဏ်းထဲ၌ တောင်ပေါ်လမ်းမှတစ်ဆင့် ခုနစ်ဂိုဏ်းမဟာမိတ်၏ မြစ်ဝသို့ စီးဆင်းသွားမည့် အားဖြည့်နတ်မြစ်၏ မြစ်လက်တက်တစ်ခုကို ပိတ်ဆို့ထားသော ဆည်ကြီးတစ်ဆည် တည်ဆောက်ထားသည်။

ထိုသို့ မြစ်လက်တက်ကို ပိတ်ဆို့လိုက်သည်ဖြစ်၍ ခုနစ်ဂိုဏ်းမဟာမိတ်၌ ဓာတ်နှောများနှင့် ဝိညာဉ်စွမ်းအားများကို သန့်စင်ရာတွင် ကြီးစွာသော သက်ရောက်မှု ဖြစ်သွားစေခဲ့သည်။

ခုနစ်ဂိုဏ်းမဟာမိတ်အတွက် စီအနိမ့်ဂိုဏ်းသည် သူတို့လည်ပင်းမှာ စူးဝင်နေသည့် ငါးရိုးတစ်ချောင်းကဲ့သို့ ဖြစ်သည်။ ဆည်ကြီးကို ဖယ်ရှားပေးရန် ကြိမ်ဖန်များစွာ လူလွှတ်တောင်းဆိုခဲ့ပါသော်လည်း ထိုက်စီရှန်းမုန်ဂိုဏ်းက အမြဲတစေ ဝင်ရှုပ်ကာ ကြမ်းတမ်းသော တောင်းဆိုချက်များကို အဆိုပြုခဲ့သည်။

ခုနစ်ဂိုဏ်းမဟာမိတ်သာ စီအနိမ့်ဂိုဏ်းကို ပြောသည့်အတိုင်း လုပ်စေလိုလျှင် တိုက်ပွဲတစ်ပွဲ မဆင်နွှဲမချင်း စီအနိမ့်ဂိုဏ်းက သေချာပေါက် ရပ်ပေးမည် မဟုတ်ပေ။ တချိန်တည်းမှာပင် အင်အားစုအသီးသီး၏ အပြန်အလှန် စစ်ဆေးထိန်းကျောင်းခြင်းအောက်တွင် တားမြစ်ဓမ္မရတနာကို ရည်ရွယ်ချက်မရှိ အသက်သွင်းခြင်းက သေချာပေါက် သံသယများ ဝင်သွားစေမည်ဖြစ်သည်။

ယင်းအပြင် တခြားအင်အားစုများသည် လူသားအချင်းချင်း တိုက်ခိုက်ကြသည်ကို သဘောကျကြပြီး လောင်စာများ ထည့်ပေးလိုက်ကြလေရာ ခုနစ်ဂိုဏ်းမဟာမိတ်မှာ မခံမရပ်နိုင်အောင် ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် တိမ်လွှာဓားဂိုဏ်းမှ ထွက်ပေါ်လာသော တားမြစ်ဓမ္မရတနာမှ ဖြစ်လာသည့် သွေးရောင်သစ်စေ့ကြီး၏ ပစ်မှတ်သည် စီအနိမ့်ဂိုဏ်းမှလွဲ၍ တခြားမဟုတ်ပေ။

သွေးရောင်သစ်စေ့ကြီးသည် ကြောက်ခမန်းလိလိ မြန်ဆန်လှသည်ဖြစ်၍ မိုင်ထောင်ချီအကွာအဝေးကို တခဏလေးအတွင်း ပျံသန်းသွားကာ စီအနိမ့်ဂိုဏ်းထဲသို့ ကျရောက်သွားသည်။

ယင်းသည် ချီရွှဲ့ထုံဂိုဏ်းနှင့် ပြဿနာဖြစ်နေသည်ဆိုသော အဖုံးအကာအောက်မှ ခုနစ်ဂိုဏ်းမဟာမိတ်၏ ရည်ရွယ်ချက်အမှန်ဖြစ်သည်။

သူတို့သည် ချီရွှဲ့ထုံဂိုဏ်းနှင့် အကြီးအကျယ် ပြဿနာတက်နေပြီး ဒေါသထွက်နေဟန်ဖြစ်နေသော်လည်း အမှန်စင်စစ် ထိုအခြင်းအရာအားလုံးသည် မီးခိုးငွေ့များသာ ဖြစ်သည်။ သူတို့၏လည်မျိုတွင် စိုက်ဝင်နေသော ငါးအရိုးကို ဖယ်ထုတ်ရန် တားမြစ်ဓမ္မရတနာအား အသက်သွင်းရမည့်အကြောင်းရင်းအား ရှာဖွေခြင်းသာ ဖြစ်သည်။

သွေးရောင်သစ်စေ့ ကျဆင်းသွားပြီး စီအနိမ့်ဂိုဏ်း၏ မြေပြင်မှ ထူးဆန်းသော သွေးသစ်ပင်ကြီးတစ်ပင် ကြီးထွားလာကာ ကောင်းကင်ယံသို့တိုင်အောင် မြင့်တက်သွားသည်။

သစ်ပင်ကြီး ခါယမ်းသွားခြင်းနှင့်အတူ စီအနိမ့်ဂိုဏ်းထဲရှိ ကျင့်ကြံသူတစ်ဝက်ကျော် နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားသည်။ သူတို့သွေးများ သစ်ပင်ကြီးပေါ်တွင် စွန်းထင်းသွားပြီး ကျန်ကျင့်ကြံသူများသည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။

သစ်ပင်ကြီးက နောက်တစ်ကြိမ် ယိမ်းခါသွားရာ ဂိုဏ်းတစ်ခုလုံး တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး မြေပြင်ပြိုကွဲကာ အဆောက်အအုံများ ပျက်စီးသွားသည်။ ဆည်ကြီးသည်ပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ဆည်ကြီး၏ ပိတ်ဆို့ခြင်းမရှိတော့သည်ဖြစ်၍ အင်မော်တယ်အားတိုးမြစ်ရေက ထိုက်စီကြမ္မာဆိုးတောင်ပေါ်လမ်းတစ်လျှောက် တဝေါဝေါ စီးဆင်းသွားလေသည်။

သစ်ပင်ကြီး တတိယအကြိမ် လှုပ်ရှားသွားသောအခါတွင် သစ်ပင်ကြီးမှ ပန်းတစ်ပွင့်ဖူးပွင့်လာပြီး ရှေးဟောင်းအသံကြီး ဟိန်းထွက်လာသည်။

“ စီအနိမ့်ဂိုဏ်းက ငါတို့ခုနစ်ဂိုဏ်းမဟာမိတ်က ဂိုဏ်းသားတွေကို သတ်ခဲ့တယ်လို့ သက်သေရထားတယ်။ စီအနိမ့်ဂိုဏ်းကို သုတ်သင်မယ် ”

ကောင်းကင်ယံသို့ သွေးစိတ်ဆန္ဒတစ်ခု ထိုးတက်သွားပြီး မန္တန်အစီအရင်ကြီးတစ်ခု ဖြစ်သွားသည်။ မန္တန်အစီအရင်ကြီးထဲတွင် လူရာချီ၍ ပေါ်ပေါက်လာပြီး လူတစ်ယောက်ချင်းစီတိုင်းက ကြောက်ခမန်းလိလိအရှိန်အဝါများနှင့် လူသတ်ငွေ့များ ရှိနေသည်။

အရာအားလုံးသည် တခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ယခင်က ချီရွှဲ့ထုံဂိုဏ်းကို ခြိမ်းခြောက်ရန်အလို့ငှာ ဂိုဏ်းကြီးသုံးဂိုဏ်းက တားမြစ်ဓမ္မရတနာများကို စတင်ပြင်ဆင်ခဲ့ကြသည်။ အစောပိုင်းက တိမ်လွှာဓားဂိုဏ်း၏ တားမြစ်ဓမ္မရတနာကိုသာ အသက်သွင်းခဲ့ကြသော်လည်း မကြာခင်မှာပင် တခြားဂိုဏ်းခြောက်ဂိုဏ်းသည်လည်း သူတို့၏ တားမြစ်ဓမ္မရတနာများကို အသက်သွင်းလိုက်ကြသည်။ ခုနစ်ဂိုဏ်းမဟာမိတ်၏ အထက်ကောင်းကင်ယံတွင် အရောင်များ ပြောင်းလဲသွားသည်။

လောကကြီး တုန်ခါနေတော့သည်။

#အခန်း ( ၃၃၆ ) မှာ အားဖြည့်နတ်မြစ်လို့ ပြန်ထားခဲ့ပါတယ်။ ဒီအခန်းကစပြီး အင်မော်တယ်အားတိုးမြစ်အဖြစ် ပြန်ဆိုသွားပါမယ်။ ဇာတ်လမ်းကတော့ စလာပါပြီ။

All Chapters