← Chapters

နယူတန်ရဲ့ အခေါင်းဖုံးကို ငါ မမနိုင်တော့ဘူး

Vol. 26 Ch. 379

နယူတန်ရဲ့ အခေါင်းဖုံးကို ငါ မမနိုင်တော့ဘူး

Vol. 26 Ch. 379

လူလေးဆယ့်နှစ်ယောက်တွင် အယောက်နှစ်ဆယ်က ရဲ့လင်းချန်၏ ကယ်ဆယ်ခြင်း ခံရပြီး သူ ဆယ်ခါမျှ သွားလိုက်ပြန်လိုက် လုပ်ခဲ့ရသည်။ ကျန်နှစ်ဆယ့်တစ်ယောက်ကိုမူ အခြား ရေကူးသမားများက ကယ်သွား ခဲ့သည်။

ဘတ်စ်ကား ခရီးသည် တစ်ယောက်မှ အသက်အန္တရာယ် မရှိသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။

“စူပါမန်းဝိုင်၊ ငါက မင်းရဲ့ အမာခံ ပရိသတ်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို နမ်းပါ၊ ငါ့ကို ဖက်ပေးပါ၊ ပြီးတော့ ငါ့ကို မြင့်မြင့်လေး မြှောက်ပေးပါ …”

“အား … ငါ့မင်းသားလေး၊ ကျေးဇူးပြုပြီး မင်းရဲ့ မင်းသမီးလေးကို အနမ်းနဲ့ နှိုးပေးပါ၊ လာပါ”

“စူပါမန်းဝိုင်၊ ကျေးဇူးပြုပြီး ငါ့ကို မင်းနဲ့ တစ်နာရီလောက် အတူရှိခွင့်ပေးပါ၊ ငါ မင်းကို စူပါမန်း အသေးစားလေး ပေးပါ့မယ် …”

…

ရဲ့လင်းချန်က လူအများ၏ စိတ်ဝင်စားစရာ ဖြစ်လာလေသည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အားလုံးက သူ့ထံသို့ တောက်ပသော မျက်လုံးများဖြင့် ပြေးလာကြသည်။

အရူးအမူး ဖြစ်နေသော လူအုပ်ကြီးနှင့် ကြုံရသောကြောင့် ရဲ့လင်းချန် အချိန်မဆွဲရဲပေ။ သူ ခြေထောက်များကို မြှောက်၍ ကမ်းစပ်သို့ မပြေးတော့ပေ။ သူက ရေကန်ကိုဖြတ်၍ အသည်းအသန် ထွက်ပြေးလိုက်သဖြင့် သူ့အနောက်၌ ရေစက်များသာ ကျန်ခဲ့လေသည်။

လူတိုင်း ခါးသက်စွာ သက်ပြင်းချလိုက်ပြီးနောက် သူ့နောက်ကျောက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရသည်။

…

ရဲ့လင်းချန်သည် ထိုလူများကို မျက်ခြေဖြတ်နိုင်၍ စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူသည် အေးအေးလူလူဖြင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရိုက်ကွင်းရှိရာသို့ လျှောက်သွားလိုက်သည်။

သူ့၌ အချိန်များ ပိုနေသဖြင့် လမ်းဘေး ရှုခင်းများကို လမ်းလျှောက်ရင်း အေးအေးလူလူ ကြည့်ရှုနေသည်။

တစ်နာရီ ကြာပြီးနောက် ရဲ့လင်းချန်သည် သူ့အရှေ့မှ အဆောက်အဦးကို ကြည့်ပြီး မျက်လုံး အရောင် လက်လာသည်။

ရှောင်ဖေးဖေး ရွေးထားသော ရိုက်ကွင်းက တကယ်ပင် ကောင်းလှသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရိုက်ကူးရန် သင့်တော်လှပေသည်။

စတူဒီယိုက ဆယ့်ခြောက်ထပ်တွင် ရှိသည်။ သူ ဝင်သွားသောအခါ ကင်မရာများနှင့် အသံသွင်း ကိရိယာများ အားလုံးကို နေရာချထားသည်။

ရဲ့လင်းချန်သည် အပြင်ဘက်မှနေ၍ အခန်းထဲမှ စကားသံမျိုးစုံကို ကြားနေရသည်။ ဟူရီဖေးနှင့် အခြားသူများ ကွန်ပျူတာဘေး၌ ထိတ်လန့်နေသော မျက်နှာအမူအရာတို့ဖြင့် ဝိုင်းနေကြပြီး ရှောင်ဖေးဖေးသည်လည်း ထိုနည်းတူပင်။

“မင်းတို့ ဘာလုပ်နေကြတာလဲ”

ရဲ့လင်းချန်၏အသံက သူတို့ကို အနည်းငယ် အံ့ဩသွားစေပြီးနောက် သူ့အနားသို့ စိတ်လှုပ်ရှားစွာ ဝိုင်းလာကြသည်။

“သခင်လေးရဲ့၊ ဒါလေး လာကြည့်ပါဦး၊ ဒါက ရှင့်ကို နေ့ခင်းကြောင်တောင်ကြီးမှာ လန့်သွားစေမှာ သေချာတယ်”

ချန်မိန်ကျား၏ မျက်နှာက ရဲနေပြီး ရဲ့လင်းချန်အား ဗွီဒီယိုတစ်ခု ပြလေသည်။ သူမပုံစံက ချစ်ခင်စွဲလမ်းပုံ ပေါ်နေသလိုပင်။

“အဲ့မျက်နှာဖုံးအောက်မှာ အခြားသူတွေနဲ့မတူတဲ့ ခပ်ချောချော မျက်နှာလေး ရှိမယ်လို့ ကျွန်မ လောင်းရဲတယ်”

ရဲ့လင်းချန်သည် ဗွီဒီယို၏ အကြောင်းအရာကို ကြည့်လိုက်ပြီးနောက် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ၎င်းမှာ ရဲ့လင်းချန်၏ ရေပေါ် လမ်းလျှောက်၍ လူကယ်နေသည့် ဖြစ်စဉ်တစ်ခုလုံးကို ရိုက်ကူးထားသည့် ဗွီဒီယိုတစ်ခု ဖြစ်သည်။ သူ အစောကတည်းက ခန့်မှန်းထားပြီးသား ဖြစ်သလို ဤအတောအတွင်း သူ၏ ရေပန်းစားမှုသည်လည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

အပေါ်ယံတွင် သူ၏ သရုပ်ဆောင်စွမ်းရည် တစ်ရာရာခိုင်နှုန်းကို အသုံးချ၍ အလွန် ထိတ်လန့်ချင်ယောင် ဆောင်လိုက်သည်။

“ဝိုး … ဒီလို အံ့ဩဖို့ကောင်းတဲ့ လူမျိုး ရှိတာလား၊ ဒါက တကယ်ကော ဟုတ်ရဲ့လား”

“ဒါ တကယ်ပါ၊ လုံးဝကို အစစ်အမှန်ပဲ”

ဝမ်ယွီက ချစ်ခင်လေးစားသော အမူအရာဖြင့် မျှော်လင့်တကြီး ပြောလေသည်။

“ဒီကမ္ဘာထဲမှာ စူပါမန်းတစ်ယောက် တကယ် ရှိလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး၊ မကြာခင် အယ်ထရာမန်း ကိုပါ မြင်ရမယ်လို့ ကျွန်မ ခံစားမိနေတယ်”

“ဘာလို့လဲ၊ အယ်ထရာမန်းက မိစ္ဆာလေးတွေနဲ့ တိုက်ခိုက်နေတာကို တကယ့်ဗားရှင်းမျိုးနဲ့ ကြည့်ရဖို့ ပြင်ဆင် ထားတာလား”

လုရှောင်ပုက ထိုသို့ ပြောချလာသည်။

“ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် စူပါမန်းဝိုင်က ဒဏ္ဍာရီလာ သံလက်ဝါး ရေပေါ် လျှပ်ပြေးသမား ဖြစ်လောက်တယ်”

သူတို့က အချင်းချင်း ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။

ထိုအချိန်တိုလေးအတွင်းမှာပင် စူပါမန်းဝိုင်နှင့် ပတ်သက်သော သတင်းတိုင်းက ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများသို့ တန်းတက်သွားပြီး ဗွီဒီယိုများအား TikTok၌ အသည်းအသန် တင်နေကြသည်။ အင်တာနက် တစ်ခုလုံး ဆူညံပွက်လောရိုက်နေလေသည်။

ဤသို့ ကြီးကျယ်လှသော သတင်းမျိုးသည် အတုအယောင် မဖြစ်နိုင်ပါ။ တစ်နည်းအားဖြင့် စူပါမန်းဝိုင်သည် သူ၏ တကယ့် အစွမ်းအစဖြင့် ရေပေါ်၌ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ စူပါမန်းဝိုင်၏ မီးလောင်နေသော အဆောက်အဦးမှ ကလေးများကို ကယ်တင်ခြင်းသည် လူ့ခန္ဓာကိုယ်၏ အကန့်အသတ်ကို တွန်းအားပေး၍ လုပ်ဆောင်ခဲ့သဖြင့် ဖြစ်နိုင်ချေ ရှိသည်ဟု ဆိုနိုင်လျင် သူ၏ လက်ရှိ လုပ်ရပ်က သာမန် အကြောင်းတရားကို လုံးဝ ချိုးဖောက်နေ၏။ သိပ္ပံပညာက ၎င်းကို လုံးဝ မရှင်းပြနိုင်ဘဲ လူအများ၏ အမြင်တွင် သက်ရောက်မှု ကြီးမားစွာ ဖြစ်ပေါ်သွားစေသည်။

[ချီးပဲ ငါ နယူတန်ရဲ့ အခေါင်းဖုံးကို မမနိုင်တော့ဘူး၊ အကူအညီ တောင်းပါတယ်ကွာ]

[နာမည်ကျော် သိပ္ပံပညာကို ရှင်းပြချက်ပေးဖို့ ငါ တောင်းဆိုတယ်၊ ဒီက စည်းမျဉ်းစည်းကမ်းတွေက ဘာလဲ၊ ဒီလူသစ်လေး နားမလည်တော့ဘူး]

[ဆုတ်ခေတ်က အဆုံးသတ်တော့မယ်၊ သိုင်းပညာ လျှို့ဝှက်ချက်တွေနဲ့ အရည်အချင်းတွေ နိုးထလာပြီ၊ နတ်ဘုရားတွေကို ကျွန်တော့်ကို ရွှေလက်ချောင်းလေး ပေးသနားဖို့ တောင်းဆိုပါတယ်]

[စူပါမန်းဝိုင်က လုံးဝကို ဇာတ်လိုက်ပဲ၊ ကျေးဇူးပြုပြီး ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ၊ ငါ ဘာမဆို လုပ်နိုင်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးပါ]

[ငါ့တစ်ဘဝလုံး စာအုပ်တွေ ဖတ်လာခဲ့တာ၊ အခုမှ မင်းတို့က ငါ့ကို သောက်ကျိုးနည်း စူပါမန်းက တကယ် ရှိတယ်လို့ ပြောနေတာလား]

…

ရှောင်ဖေးဖေးက ပို၍ တည်ငြိမ်ပုံ ပေါ်သည်။ သူမက ရဲ့လင်းချန်နားသို့ လျှောက်လာပြီး နှုတ်ခမ်းလေးကို စူလိုက်ပြီးမှ ပြုံးလိုက်သည်။

“လင်းချန်၊ နင် ဘတ်စကက်ဘော ကောင်းကောင်း ကစားတတ်မယ်လို့ ငါ ထင်မထားမိဘူး၊ ကွင်းထဲမှာ နင် သိပ်ချောတာပဲ”

“ကျွန်တော်က သာမန်လေးပါပဲ၊ ကျွန်တော်က အဲ့ကိုရီးယားကောင်တွေကို နှိပ်စက်နိုင်တာထက် ပိုလုပ်နိုင်ပါတယ်”

ရဲ့လင်းချန်က ပြုံးကာ ပြောလိုက်လေသည်။

“ဒါနဲ့ စကားမစပ်၊ သခင်လေးရဲ့ ရှင် တအားချောတာပဲ၊ ကျွန်မက ရှင့်ရဲ့ အမာခံ ပရိသတ်ပါ၊ တကယ်ပါ”

ချန်ချီချီက ရဲ့လင်းချန်အား ချက်ချင်း သဘောကျသည့် အကြည့်ဖြင့် ကြည့်လာသည်။ ထို့နောက် သူမက ဘာမပြော ညာမပြောနှင့် လက်နှစ်ဖက်လုံးကို ဆန့်တန်းလေသည်။

“ကျေးဇူးပြုပြီး ရှင့်လက်မှတ်လေး ထိုးပေးပါ၊ ကျွန်မလက်မောင်း၊ လည်ပင်း၊ တင်ပါး ဒါမှမဟုတ် ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်”

“အား…အား…အား…သခင်လေးရဲ့က အခု ဘတ်စကက်ဘော စူပါစတားတစ်ယောက်ဆိုတာကို ငါ မေ့တော့မလို့”

ချန်မိန်ကျားက အော်ဟစ်၍ ထခုန်လေသည်။

“ရှင်က ကျွန်မတို့ရဲ့ နိုင်ငံ့ရတနာပဲ”

စူပါမန်းဝိုင်၏ ဇာတ်လမ်းက ထိတ်လန့်စရာ ကောင်းလှပြီး သူတို့၏ စိတ်ဝင်စားမှု အများစုကို ဆွဲဆောင် ထားခဲ့သဖြင့် ရှောင်ဖေးဖေး ပြောလာမှသာ မကြာသေးခင်က ဘတ်စကက်ဘော ကစားပွဲအကြောင်းကို သူတို့ ပြန်အမှတ်ရသွားလေသည်။

ရဲ့လင်းချန်၏ အားကစားရုံတွင်းမှ ပုံရိပ်များက သူတို့၏ စိတ်ထဲ၌ ထင်ဟပ်လာသည်။

“သခင်လေးရဲ့၊ ကျွန်မက ရှင့်ပရိသတ် တစ်ယောက်ပါ၊ ရှင်နဲ့ တွေ့ရတာကို ဂုဏ်ယူမိပါတယ်”

အရပ်ရှည်ရှည်နှင့် ရှည်လျားထူထဲသော လှိုင်းတွန့်သဏ္ဌာန် ဆံပင်များ ရှိသည့် မိန်းကလေးတစ်ယောက်က အနားသို့ လျှောက်လာပြီး ရဲ့လင်းချန်အား ပြုံးပြကာ သူမ၏ သွယ်လျသော လက်တစ်ဖက်ကို ဆန့်တန်း လာလေသည်။

“သူက ကျွန်မတို့ မြို့တော် အနုပညာကောလိပ်က အတန်းဖော် တစ်ယောက်လေ၊ တိုက်ခန်းတွင်းမှ အချစ် ဇာတ်လမ်းမှာ ဧည့်သည် သရုပ်ဆောင် နေရာတွေ အများကြီး ရှိတာဆိုတော့ ကျွန်မတို့ သူ့ကိုလည်း ခေါ်လာလိုက်တာ”

ဟူရီဖေးက မိတ်ဆက်ပေးသည်။

“သခင်လေးရဲ့ ကျွန်မရောပဲ၊ ကျွန်မက ဟူရီဖေးရဲ့ အခန်းဖော်ပါ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရိုက်ကူးရေးမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မ သိပ် ကံကောင်းတာပဲ”

ရင်သက်ရှုမောဖွယ် ကိုယ်လုံးကိုယ်ပေါက်နှင့် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အခြားမိန်းကလေး တစ်ယောက်ကလည်း အနားသို့ လျှောက်လာသည်။

မြို့တော် အနုပညာ ကောလိပ်၏ အရည်အသွေး မြင့်မားမှုကို အသိအမှတ် ပြုရပေမည်။ သူမတို့အားလုံးက ကိုယ်ပိုင် အရည်အသွေးကိုယ်စီဖြင့် လှပသော မိန်းကလေးများ ဖြစ်ကြပေသည်။

“ကဲကဲ အားလုံးပဲ ဇာတ်ညွှန်းကို မြန်မြန် စစ်ပြီး တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရိုက်ကူးဖို့ အသင့်ပြင်ကြပါ”

ရှောင်ဖေးဖေးက ခပ်အေးအေး ပြောပြီး ရဲ့လင်းချန်အနား၌ ဝိုင်းနေသည့် မိန်းကလေးများကို လူစုခွဲနေသည်။

ရှောင်ဖေးဖေးသည် တစ်ချက် ကြည့်လိုက်ရုံနှင့် ထိုအမျိုးသမီးများ၏ မျက်လုံးတွင်းမှ ချစ်စိတ်ကို ထိုးထွင်း မြင်နေရသည်။ သူမတို့အားလုံးက အခွင့်ကောင်းရရန် စိတ်အားထက်သန်နေလောက်သည်။

ရှောင်ဖေးဖေး၏ အကာအရံသဖွယ် ပြုမူမှုကြောင့် မိန်းကလေးတစ်ဖွဲ့သည် ရဲ့လင်းချန်ကို အသားယူရန် ပြင်နေသည့် သူမတို့၏ လက်များကို ပြန်ရုတ်ရန်သာ တတ်နိုင်လေတော့သည်။ သူတို့ မကျေမနပ်ဖြင့် နောက်ဆုတ် သွားကြသည်။

“အဲ့ဒါ ဘာအနံ့လဲ”

ထိုသို့သောအချိန်၌ ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး မီးဖိုချောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“အား…ငါ့နေ့လယ်စာ”

ဝမ်ယွီ အော်ဟစ်ပြီး မီးဖိုချောင်သို့ ချက်ချင်း ပြေးသွားသည်။ သူ့အနောက်မှ ဟူရီဖေးနှင့် ချန်မိန်ကျားသို့ လိုက်သွားကြသည်။

ထိုအချိန်တွင် တူးနံ့နှင့်အတူ မီးဖိုချောင်တွင်းရှိ ဒယ်အိုးမှ အနက်ရောင် မီးခိုးများ ထွက်လာလေသည်။

“သွားပြီ သွားပြီ၊ တူးကုန်ပြီ၊ စားလို့မရတော့ဘူး”

ချန်မိန်ကျား ခါးသက်စွာ ရေရွတ်လိုက်မိသည်။

“ဒါတွေအားလုံးက ငါတို့ စူပါမန်းဝိုင်ရဲ့ ဗွီဒီယိုကို ကြည့်ရင်း မျောသွားလို့ပဲ၊ ငါတို့ အိုးထဲက ဟင်းကို မေ့သွားခဲ့တာ”

ဝမ်ယွီက အလွန် မကျေမချမ်း ဖြစ်နေ၏။

“ထားလိုက်တော့၊ ထပ်ချက်ကြတာပေါ့”

ရှောင်ဖေးဖေးက ခေါက်ဆွဲထုတ်အချို့ကို ထုတ်လိုက်သည်။

ရဲ့လင်းချန်သည် အိုးထဲမှ တူးနေသော ခေါက်ဆွဲများကို ကြည့်လိုက်ပြီးနောက် ရှောင်ဖေးဖေး၏ လက်ထဲမှ ခေါက်ဆွဲထုပ်ကို ကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်မိသွားလေသည်။

“မင်း ဒါကိုပဲ စားမလို့လား”

ရှောင်ဖေးဖေး၏ မျက်နှာက ပိန်ချုံးချည့်နဲ့ပုံ‌ ပေါ်နေသည်က အံ့ဩစရာ မဟုတ်တော့ပေ။ သူမက အမြဲတမ်း အလုပ် ကြိုးစားသော်လည်း အမြဲ ကျန်းမာရေးနှင့် မညီညွတ်စွာ စားနေခဲ့သည်။ သူမ ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါမည်နည်း။

“လတ်တလောတော့ ဒါပဲလေ၊ ငါ ရိုက်ကူးရေးကို မြန်မြန်လုပ်ဖို့ လိုတယ်၊ အဲ့ဒါကြောင့် ငါ နေ့လယ်စာ ဖြစ်ရင် ပြီးရော ဘာဖြစ်ဖြစ် စားလိုက်တာပဲ”

ရှောင်ဖေးဖေးက ပြောသည်။

“မဖြစ်ပါဘူး”

ရဲ့လင်းချန် ခေါင်းခါယမ်းလိုက်ပြီးမှ ပြုံးလိုက်သည်။

“မင်းတို့ ရိုက်ကူးရေး စလိုက်ပါ၊ ကျွန်တော် မင်းတို့အတွက် နေ့လယ်စာ ပြင်လိုက်မယ်"

All Chapters