← Chapters

စစ်မှန်သော နဂါးများရဲ့ တိုက်ပွဲ

Vol. 23 Ch. 346

စစ်မှန်သော နဂါးများရဲ့ တိုက်ပွဲ

Vol. 23 Ch. 346

မြို့ပျက်ကြီးထဲ သွားနေသော ရွှီချင်းသည် ဝမ်ကူးဒေသကြီးထဲတွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိပေ။

သို့သော်လည်း မွန်းတည့်ကောင်းကင်ပြင်တွင် အနီရောင်ယှက်သန်းနေဟန်တူသည်ဟု သူ ဝိုးတဝါး ခံစားနေရသည်။

ထိုအခြင်းအရာမှလွဲ၍ တခြားမူမမှန်သောအရာများ မရှိပေ။

ယင်းအပြင် ထိုအနီရောင်သည်လည်း ဝိုးတဝါးမျှသာ ဖြစ်ပေရာ တခြားသူများအနေဖြင့် ဆက်စပ်တွေးမိရန် ခက်ခဲပေသည်။

ထို့ကြောင့် ရွှီချင်းသည် ကောင်းကင်ကြီးကို ဖျပ်ခနဲ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။ ထို့နောက် မြို့ပျက်ကြီးထဲရှိ အပျက်အစီးများကို သူ ဆက်လက် စစ်ဆေးကြည့်လိုက်သည်။

ထိုမြို့ပျက်ကြီး၏ ပုံစံသည် ရွှီချင်း မြင်ခဲ့ဖူးသည့် မြို့များနှင့် ကွဲပြားသည်။ ဤနေရာရှိ အဆောက်အအုံများ၏ ခေါင်မိုးများကို ဒေါင်လိုက်နှင့် အလျားလိုက် စီတန်းထားသော ထုတ်တန်းအရွယ်အစားအမျိုးမျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ထားပုံမှာ အလွန် လက်ရာမြောက်ပြီး တစ်စုံတစ်ခုသော နည်းနာနိဿယများအား လိုက်နာထားဟန်တူသည်။

မြို့ကြီးတစ်မြို့လုံး အချိန်၏ တိုက်စားခြင်းခံခဲ့ရပါသော်ငြား တချိန်က ခံ့ညားထည်ဝါခဲ့ပုံများနှင့် သေသပ်ကျနသော အနုသုခမလက်ရာများကို မြင်နိုင်သေးသည်။

ကြမ်းခင်းပြားတိုင်းတွင် ပန်းကနုတ်များ ဖော်ထားပြီး အိမ်တိုင်းကို ဝိညာဉ်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ လမ်းတိုင်းကို ကျောက်ဖြူသားဖြင့် ခင်းထားပြီး မြစ်ကမ်းနံဖူးတိုင်းတွင် ရွှေပြားများဖြင့် စီခြယ်ထားသည်။

ယခုအခါ ထိုထည်ဝါသောအရာများသည် ဓာတ်နှောများနှင့် အချိန်၏ တိုက်စားခြင်းတို့ကြောင့် ရောင်ဝါများ လျော့ကျသွားခဲ့သည်။ နောက်မျိုးဆက်အနေဖြင့် လှည့်ပတ်ကြည့်ရှုခြင်းဖြင့်သာ တချိန်က မြို့ပျက်ကြီး၏ ချမ်းသာကြွယ်ဝမှုကို မှန်းဆကြည့်နိုင်ကြပေသည်။

ထိုသို့ မှန်းဆကြည့်ခြင်း အဆုံးသတ်သွားသောအခါတွင် ကြိုဆိုနေသည်မှာ ငှက်များနှင့် သားရဲများ၏ မစင်များ၊ နေရာအနှံ့ ရှိနေသော ရွှံ့နွံ့များ၊ မြို့ကြီးတစ်လျှောက် ကြီးထွားနေသော ချုံနွယ်ပိတ်ပေါင်းများ ဖြစ်ပေသည်။

ထိုအခြင်းအရာအားလုံးကြောင့် ထိုမြို့ကြီး၏ ချွတ်ခြုံကျနေမှုကို ပို၍ ပေါ်လွင်သွားစေသည်။ မကြာခင် ‘ ကျစ်လွီ ’ ဟူ၍ ရေးထွင်းထားသော ကျောက်ပြားကျိုးတစ်ချပ်ကို ရွှီချင်း မြင်လိုက်ရသည်။

“ အင်မော်တယ်သန့်စင်ရေကန်ထဲက မြေပုံအရဆိုရင် ဒါက ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ အိမ်ရှေ့စံမင်းသား စံအိမ်ပဲ ”

ရွှီချင်းသည် ရွှံ့ထူထပ်သော လမ်းအတိုင်း လျှောက်သွားပြီး မြေပြင်ပေါ်ရှိ ရှုပ်ယှက်ခတ်နေသော ခြေရာများကို ကြည့်လိုက်သည်။ သူသည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး အဆောက်အအုံတချို့မှာ ဖြတ်သွားနေသော ကျင့်ကြံသူများစွာကို သတိထားမိလိုက်သည်။

ဤနေရာတွင် ကျင့်ကြံသူများသာမက လူတချို့လည်း တစ်နှစ်ပတ်လုံး ရှိနေကြဟန်တူသည်။

မြို့ပျက်ကြီးနှင့်ပတ်သက်၍ ဂိုဏ်းထဲမှာ သူ ရရှိခဲ့သော သတင်းအချက်အလက်အရ ဤနေရာတွင် ကျင့်ကြံသူများ အမြဲတစေ ရှိနေတတ်သည်။

ထိုကျင့်ကြံသူများအားလုံး နန်းဟွမ်ကျွန်းကြီး၏ နေရာအနှံ့အပြားမှ ရောက်လာကြခြင်း ဖြစ်သည်။

တချို့က ဂိုဏ်းများမှ ကျင့်ကြံသူများဖြစ်ကြပြီး တချို့က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများ ဖြစ်ကြသည်။ ဖီးနစ်တားမြစ်ဒေသကြီးက အလွန်ကျယ်ပြန့်ပြီး ရင်းမြစ်ပစ္စည်းများ ပေါကြွယ်ဝသည်ဖြစ်၍ အန္တရာာယ်ရှိသည့်တိုင်အောင် ရင်းမြစ်ပစ္စည်းများအတွက် ကျင့်ကြံသူများ အားထားရာနေရာ ဖြစ်နေဆဲပင်။

ဤလောကပျက်ကြီးထဲတွင် ရင်းမြစ်ပစ္စည်းများအတွက် လူတိုင်း တိုက်ခိုက်နေကြရသည် မဟုတ်ပါလား။ အထူးသဖြင့် ဂိုဏ်းငယ်လေးများ၊ အင်အားစုလေးများနှင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများပင်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ရည်ခိုက်ရည် တိုးတက်လာခြင်းသည် သေမင်းကို စိန်ခေါ်ကာ သွေးခင်းလမ်းကို ဖြတ်ကျော်ပြီးမှ ရလာခြင်း ဖြစ်သည်။

ဂိုဏ်းကြီးများမှ ကျင့်ကြံသူများသည်လည်း ထိုကဲ့သို့ ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ကြရသည်။ သူတို့ တိုက်ခိုက်ရသည့်အရာသည် မတူညီသော အဆင့်တွင် ရှိပြီး သူတို့ရင်ဆိုင်ရသည့် အန္တရာယ်ကလည်း ပို၍ ကြီးမားပေသည်။

ဤမြို့ပျက်ကြီးသည် နှစ်ပေါင်းများစွာကြာ တည်ရှိနေခဲ့သည်ဖြစ်၍ ဘေးကင်းလုံခြုံပြီဟု ယူဆနိုင်သည်။ ထို့ကြောင့် ထိုမြို့ပျက်ကြီးက ရင်းမြစ်ပစ္စည်းများ ရရှိရန် ဖီးနစ်တားမြစ်ဒေသကြီးဆီသို့ ရောက်လာကြသော ကျင့်ကြံသူများအတွက် အနားယူရာအသိုက်အမြုံ ဖြစ်လာခဲ့သည်။

ရွှီချင်း ရောက်ရှိလာခြင်းသည် လူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သို့သော် သူတို့သည် ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ချက်ချင်း အကြည့်လွှဲသွားကြသည်။ ဤနေရာရှိ လူအများစုသည် သတိကြီးသောစရိုက်များရှိကြပြီး တစ်ယောက်ကိုတစ်ယောက် သတိထားနေကြသည်။

ရွှီချင်း၏စရိုက်သည်လည်း အတူတူပင် ဖြစ်သည်။

သူသည် ရှေ့ဆက်သွားနေရင်း ဘေးတစ်ဖက်တစ်ချပ်ကို ကြည့်၍ အန္တရာယ်နှင့် ကောက်ကျစ်ရက်စက်မှုများကို သတိထားနေသည်။ သူသည် အရှိန်မလျော့ဘဲ မြို့ပျက်ကြီး၏ အလယ်ဗဟိုသို့ တရိပ်ရိပ်ဖြင့် ခရီးဆက်နေသည်။

မကြာခင် သူ၏မြင်ကွင်းထဲ ရင်းနှီးသော ဘုရားကျောင်း ပေါ်လာသည်။

မြို့ပျက်ကြီးထဲရှိ တခြားအဆောက်အအုံများနှင့် မတူဘဲ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း၏ ထိပ်က စက်ဝိုင်းပုံစံရှိသည်။

အမြင့်တစ်နေရာမှ အောက်သို့ ကြည့်လိုက်မည်ဆိုပါက မြို့ပျက်ကြီးတစ်ခုလုံးတွင် စက်ဝိုင်းပုံစံ အဆောက်အအုံ တစ်လုံးသာ ရှိသည်ကို သတိထားမိမည်ဖြစ်ပြီး ထိုအဆောက်အအုံသည်လည်း အလယ်ဗဟိုတွင် ရှိသည်ကို မြင်ရပေမည်။

ထိုကဲ့သို့ စီစဉ်ထားမှုကြောင့် ထိုနေရာသည် အတိတ်က စည်ကားခဲ့သောနေရာဖြစ်ပြီး ထိုဘုရားကျောင်း၏ အဆင့်အတန်းက အလွန် မြင့်မားနေမည်ကို မှန်းဆကြည့်နိုင်ပေသည်။

ရွှီချင်းသည် ဘုရားကျောင်းကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်လိုက်ပြီးနောက် အနီးသို့ တိုးကပ်သွားသည်။

သူ အဝေးမှ လှမ်းကြည့်လိုက်သောအခါ ဘုရားကျောင်းအပြင်ဘက်တွင် ထိုင်နေသော ဝတ်စုံအသီးသီးဝတ်ထားကြသည့် ကျင့်ကြံသူဒါဇင်ကျော်ကို မြင်လိုက်ရသည်။

ထိုကျင့်ကြံသူများသည် အုပ်စု နှစ်စု သို့မဟုတ် သုံးစု ခွဲ၍ ရှိနေကြပြီး တချို့က တစ်ယောက်တည်း ထိုင်နေကြသည်။ သူတို့အားလုံး ဘုရားကျောင်းထဲသို့ မြင်နိုင်သည့်နေရာတွင် ထိုင်နေကြခြင်း ဖြစ်သည်။ သူတို့သည် ရံဖန်ရံခါ ခေါင်းများမော့၍ ဘုရားကျောင်းထဲသို့ ကြည့်တတ်ကြသည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာမူ အများစုက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည်။ သက်စောင့်မီးတောက်မရှိသေးသည့် အခြေတည်အဆင့်ကျင့်ကြံသူများလည်း ရှိသည်။ မီးခိုးရောင်ဆံပင်ရှည်များနှင့် အရေးအကြောင်းများ ရှိနေသော အဘိုးအိုနှစ်ယောက်သည်သာ သက်စောင့်မီးလုံးတစ်လုံးအဆင့်သို့ ရောက်နေကြသည်။

ဤနေရာတွင် ထိုသက်စောင့်မီးလုံးတစ်လုံးအဘိုးအိုနှစ်ယောက်နှင့် သက်စောင့်မီးလုံးမထုတ်ဖော်နိုင်သေးသော အခြေတည်အဆင့်ကျင့်ကြံသူ လေးယောက်၊ ငါးယောက်ခန့် ရှိနေသည်မှာ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟု ယူဆနိုင်သည်။ သူတို့အတွက် အစွန်းရောက်ကောင်းကင်ဓားမော့ကို နားလည်အောင် လုပ်ရန်မှာ မဖြစ်နိုင်သည် မဟုတ်ပေ။ အစွန်းရောက်ကောင်းကင်ဓားမော့ကို သူတို့ နားလည်သွားသည်နှင့် ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားသည်နှင့် ညီမျှသွားပေမည်။

သို့သော်လည်း ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ကျင့်ကြံသူများ ရှိနေသည်မှာ ထူးဆန်းသည်။

ရွှီချင်းသည် ဖျပ်ခနဲ ကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် အဖြေတစ်ခု ရသွားသည်။

အဘယ်ကြောင့်ဆိုသော် သူ လျှောက်သွားသည်နှင့် လူအုပ်ကြီးထဲမှ လောဘအရိပ်အယောင်များကို အာရုံခံမိလိုက်သည်။ သို့သော်လည်း သူ့အရှိန်အဝါကို အာရုံခံမိလိုက်ပြီးနောက် ထိုလောဘအရိပ်အယောင်များက မှင်သက်သွားသော ငှက်တစ်ကောင်အလား အလျင်အမြန် ဆုတ်ခွာသွားသည်။

တစ်ယောက်မှ ဂရုမစိုက်သော ဘေးပတ်လည်ရှိ မြက်ရိုင်းများထဲတွင် ဆွေးမြေ့နေသော အရိုးများ ရှိသည်။

ဤနေရာသည် အစွန်းရောက်ကောင်းကင်ဓားမော့ကို နားလည်ရန် နေရာဖြစ်သော အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း ဖြစ်သည်။

သို့သော်လည်း ဤနေရာသည် အားနည်းသူက အားကြီးသူ၏ သားကောင်ဖြစ်သွားသော နေရာလည်း ဖြစ်သည်။

အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း၏ ဂုဏ်သတင်းကြောင့် ဤနေရာသို့ ကျင့်ကြံသူများ အချိန်တိုင်း ရောက်လာတတ်သည်။ ထိုရောက်လာသည့်ကျင့်ကြံသူများက ထိပ်သီးကျင့်ကြံသူများဖြစ်နေလျှင် အဆင်ပြေသည်။ သို့သော် လုံလောက်အောင် အစွမ်းမထက်ပါက ဤနေရာတွင် ဆိုးဆိုးဝါးဝါး သေဆုံးသွားရမည်ဖြစ်ပြီး အရာအားလုံး ဆုံးရှုံးလိုက်ရမည်သာ ဖြစ်သည်။

ရွှီချင်း၏ ဆုံးဖြတ်ချက်အရ သူတို့က ရည်ရွယ်ချက်ရှိရှိ အုပ်စုနှစ်စု၊ သုံးစု ခွဲခြားနေသည့်တိုင်အောင် တူညီသော ဓားပြဂိုဏ်းမှဖြစ်သည်ဟူသော အချက်ကို မပြောင်းလဲနိုင်ပေ။

ရွှီချင်းသည် အတွေးနက်သွားပြီး တစ်လှမ်းချင်း လျှောက်သွားသည်။

တာအိုဘုရားကျောင်းအပြင်ဘက်ရှိ လူဒါဇင်ကျော်က သွေးအေးသောအကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ အဆုံးသတ်တွင် ရွှီချင်းကို သူတို့ မတိုက်ခိုက်ဝံ့ကြတော့ပေ။

ဤနေရာတွင် သူတို့က အသက်ရှင်နေနိုင်သည်ဖြစ်၍ ကောင်းမွန်သော အသိဉာဏ်ရှိနေသည်မှာ သဘာဝပင်။ ရွှီချင်းက ဒုက္ခပေး၍မရသော လူတစ်ယောက်ဖြစ်ကြောင်း သူတို့ ခပ်ရေးရေး သိသည်။

ရွှီချင်းသည် ဘုရားကျောင်းအနီးသို့ ရောက်သွားသည်နှင့် အနည်းငယ် ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဖြစ်နေသော ရုပ်ထုကြီးကို မြင်လိုက်ရသည်။ ရုပ်ထုအောက်တွင် တရားထိုင်နေသော သူတော်စင်ကြယ်ကိုလည်း သူ မြင်လိုက်သည်။

ထိုရွှေရောင်ဝတ်ရုံမှ ထုတ်လွှတ်နေသော စူးရှတောက်ပသည့် အလင်းတန်းက မျက်စိကျိန်းမတတ် ဝင်းလက်နေသည်။ သူ့ခေါင်းထက်ရှိ ကွန်ခြာမှ ထွက်ပေါ်နေသော အလင်းတန်းက ရေအလား အဖက်ဖက်သို့ ဖြာကျနေသည်။

ယခု သူ၏မျက်လုံးများကို ပိတ်ထားသည်ဖြစ်ပြီး စိတ်ခံစားချက်များ မရှိသည့်အလား သူ့တစ်ကိုယ်လုံး အေးစက်နေသည်။

ရွှီချင်းသည် ခြေလှမ်းများ ရပ်လိုက်ပြီး သတိထားသည့်စိတ် ပေါ်လာသည်။ သူက ဂိုဏ်းထဲရှိ သူတော်စင်ကြယ်ကို အာရုံစိုက်မနေသည်ဖြစ်၍ ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ယခု ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားနေပြီဖြစ်ပါသော်လည်း သူ တိုက်ခိုက်သည့်နည်လမ်းက အစွမ်းကုန်သုံးကာ တိုက်ခိုက်ခြင်း ဖြစ်သည်။ မလိုအပ်ဘဲ ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲရန် သူ ဆန္ဒမရှိပေ။

သူ အတန်ငယ် တွေးတောပြီးနောက် သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်ကို စိတ်ဝင်စားသွားပါသော်ငြား အကြောင်းအရင်းမရှိဘဲ ပြဿနာတက်ကာ အဓမ္မလုယူမည် မဟုတ်ပေ။ သူသည် ဘုရားကျောင်းထဲသို့ မဝင်ဘဲ ရုပ်ထုကို မြင်နိုင်သည့်အပြင်ဘက်တစ်နေရာတွင် ထိုင်ကာ အစွန်းရောက်ကောင်းကင်ဓားမော့ကို နားလည်ရန် ကြိုးစားလိုက်သည်။

‘ သစ်ပင်က ငြိမ်သက်ချင်နေသော်လည်း လေက အနားမပေးချေ ’

သူတော်စင်ကြယ်သည် တစ်ခုခုကို အာရုံခံမိလိုက်ဟန်တူသည်။ သူ၏ သေးသွယ်သော မျက်လုံးများ ခံစားချက်ကင်းမဲ့စွာဖြင့် တဖြည်းဖြည်း ပွင့်လာသည်။ သူသည် ဓားသွားပမာ စူးရှသောအကြည့်ဖြင့် ဘုရားကျောင်းအပြင်ဘက်ရှိ ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းကို သူ မြင်သောအခါ စကားတစ်ခွန်းမဆိုဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် သူ့ရှေ့ရှိ လေဟာနယ်ကြီး တွန့်လိမ်သွားပြီး လှိုင်းများ ထလာသည်။ ထို့နောက် မြေပြင်ပေါ်မှ ဖုန်မှုန့်များက ကျောက်ဓားကြီးတစ်လက်အသွင် စုစည်းသွားသည်။

ထိုဓားကြီး ပေါ်လာသည်နှင့် ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်ရာ မြေပြင်တွင် မြောင်းများ ပေါ်လာသည်။

ဘုရားကျောင်းအပြင်ဘက်ရှိ သက်စောင့်မီးလုံးတစ်လုံး အခြေတည်အဆင့်ကျင့်ကြံသူ အဘိုးအိုနှစ်ယောက်မှာ မျက်နှာများပျက်သွားကြပြီး အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

သူတို့၏ လက်ရှိအစွမ်းဖြင့် ထိုဓားကြီး၏ ခြစ်ရာလေး ခံလိုက်ရလျှင်ပင် သေချာပေါက် သေဆုံးသွားမည်ဖြစ်ကြောင်း သူတို့ သိကြသည်။

တခြားသူများသည်လည်း အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

သူတို့ နောက်ဆုတ်လိုက်ချင်း ဘုရားကျောင်း၏ ဓားထိပ်ဖျားက ရွှီချင်းထံသို့ ညွှန်လိုက်သည်။ ထို့နောက် တရွှီရွှီမြည်ဟည်း၍ ရွှီချင်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ထိုဓားဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေထုကြီး စုတ်ပြဲသွားသည့်အသံများ၊ လှိုင်းတွန့်လေးများ ပေါ်လာသည်။ ထို့နောက် ထိုဓားကြီးသည် ဘုရားကျောင်းတံခါးကို ဖြတ်၍ ရွှီချင်း၏ရှေ့သို့ ရောက်သွားကာ မျက်ခုံးမွေးနှစ်ခုကြားကို ထိုးစိုက်လိုက်သည်။

ရွှီချင်းသည် တိုးဝင်လာသော ကျောက်ဓားကြီးကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။

ဝုန်းခနဲ မြည်ဟည်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျောက်ဓားကြီး ပျက်စီးသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ဓားစများက ရွှီချင်းရှေ့သို့ ရောက်သွားသောအခါ မုန်တိုင်းတစ်ခုဖြစ်သွားပြီး အရပ်မျက်နှာအနှံ့ လှဲကျင်းတိုက်ခတ်သွားသည်။ ထိုဓားစမုန်တိုင်း ဖြတ်သန်းသွားသည့်နေရာရှိ မြေပြင်မှ ပေါင်းပင်များ အမြစ်မှ ကျွတ်ထွက်သွားပြီး မြေသားများ ဖွာလန်ကြဲသွားသည်။

ကံကောင်းထောက်မ၍ ကျင့်ကြံသူဒါဇင်မှာ အလျင်အမြန် ဆုတ်ခွာနိုင်လိုက်သည်။ ထိုသို့မဟုတ်လျှင် ထိုဓားစမုန်တိုင်းထဲ ရောက်သွားပြီး အသက်ရှင်ရန် အခွင့်အရေးရမည် မဟုတ်ပေ။

ဓားစမုန်တိုင်းထဲတွင် ရွှီချင်း၏မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် တင်းမာနေ၏။ သူသည် ဘုရားကျောင်းထဲကို အေးတိအေးစက်ကြည့်လိုက်ရာ သူတော်စင်ကြယ်နှင့် အကြည့်ချင်း ဆုံသွားသည်။

“ မင်း ဘာလုပ်ချင်တာတုံး ”

ရွှီချင်းက ခပ်လေးလေးဖြင့် ပြောလိုက်သည်။

သူတော်စင်ကြယ်သည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူ့အတွက် သူ လုပ်သမျှ အရာအားလုံးသည် သူ့သဘောအတိုင်းသာ ဖြစ်သည်။ သူ တိုက်ခိုက်ချင်လျှင် တိုက်ခိုက်မည်ဖြစ်သည်။ သူ သတ်ဖြတ်ချင်လျှင် သတ်ဖြတ်မည်ဖြစ်သည်။ သူ့နှလုံးသားထဲတွင် နန်းဟွမ်ကျွန်းကြီးရှိ လူသားမျိုးနွယ်က ထုတ်ဖော်ပြောပြရလောက်အောင် အဖိုးမတန်ပေ။

သူ၏ရှေ့ရှိ ရွှီချင်းကို အစက သူ မသိခဲ့ပေ။ ရွှီချင်းက စီမာလင်းကို ဖိနှိပ်ခဲ့သည့်အတွက် ရွှီချင်းကို သူ စိတ်ဝင်စားလာခဲ့သည့်တိုင်အောင် ရွှီချင်း၏ရုပ်ရည်သွင်ပြင်ကို မမြင်ဖူးခဲ့ပေ။ သူသည် ရွှီချင်းကို သူ့အတွက် ကောင်းမွန်သော အာဟာရ ဖြစ်လာစေရန်အတွက် မွေးမြူရန်သာ စီစဉ်ထားခဲ့သည်။

ဤနေရာတွင် သူ ဓားကွက်ကို နားလည်ရန် ကြိုးစားနေစဉ်အတောအတွင်း တိမ်လွှာဓားဂိုဏ်းသားများက ရွှီချင်းအကြောင်း ပြောပြသောအခါမှသာ သူ သိခဲ့ရသည်။ ရွှီချင်း၏ရုပ်သွင်ကိုလည်း မြင်ခဲ့ရသည်။

အစောပိုင်းက သူသည် သာမန်တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်ပါသော်လည်း ရွှီချင်းမှာ ဘာမှဖြစ်မသွားခဲ့ပေ။ ထိုအချက်ကြောင့် သူ့မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများဖြင့် ဝင်းလက်သွားပြီး ရွှီချင်းကို ချက်ချင်း ဝါးမျိုပစ်ရန် တွေးမိလိုက်သည်။

သို့သော် ရွှီချင်းကို ယခု ဝါးမျိုလိုက်လျှင် ခံတွင်းတွေ့မည်မဟုတ်ကြောင်း သူ ခံစားရသည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ငါမရှိတာကို အခွင့်အရေးယူပြီး ငါ့ညီလေးကို ဖမ်းလိုက်တာ မင်းလား ”

“ မင်း ပြန်ရောက်ရင် ဦးသုံးကြိမ်ချပြီး ချက်ချင်း လွှတ်ပေးရမယ်။ ရွှီချင်း မှတ်ထားနော်၊ သူ့ဆံပင်မွှေးတစ်ချောင်း လျော့သွားရင် မင်းလက်ချောင်းတစ်ချောင်းကို ချိုးပစ်မယ် ”

သူတော်စင်ကြယ်က အမိန့်ပေးနေသည့်အလား တည်ငြိမ်စွာ ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူသည် ရွှီချင်းကို လျစ်လျူရှုကာ တရားထိုင်ရန် မျက်လုံးများကို မှိတ်လိုက်သည်။

တာအိုကျောင်းအပြင်ဘက်ရှိ လူတိုင်း မျက်နှာအမူအရာအမျိုးမျိုး ဖြစ်သွားသည်။ သူတို့က ရွှီချင်းနှင့် သူတော်စင်ကြယ်ကို မမှိတ်မသုန် ကြည့်လိုက်ကြသည်။

ဤအတောအတွင်း သူတော်စင်ကြယ်အကြောင်းကို သူတို့ စုံစမ်းကြည့်ခဲ့ပြီး သူတော်စင်ကြယ်၏ မောက်မာသောအကျင့်စရိုက်ကို ကြုံဖူးခဲ့ကြသည်။ ယခုအချိန်၌ သူတော်စင်ကြယ်၏ တိုက်ကွက်များက မည်မျှ အစွမ်းထက်သည်ကို သူတို့ မြင်လိုက်ရသည်။

တချိန်တည်းမှာပင် သူတော်စင်ကြယ်၏ စကားများမှတစ်ဆင့် ရွှီချင်းကိုလည်း သူတို့ သိသွားသည်။

“ ချီရွှဲ့ထုံဂိုဏ်းက ရွှီချင်းလား ”

“ အဲဒါ ချီရွှဲ့ထုံဂိုဏ်းရဲ့ ကောင်းကင်လက်ရွေးစင်မလား ”

“ အဲဒီတော့ ဘာဖြစ်လဲ။ ဝမ်ကူးဒေသကြီးထဲက လူတွေကို တွေ့ရင် သူလည်း ခေါင်းငုံ့ပေးရမှာပဲလေ ”

ရွှီချင်းသည် ဘုရားကျောင်းဝင်ပေါက်ရှေ့တွင် ရပ်နေသည်။ သူသည် သူတော်စင်ကြယ်၏ လည်ပင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် သူတော်စင်ကြယ်၏ ခေါင်းအထက်ရှိ သက်စောင့်မီးအိမ်ကွန်ခြာကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး လူသတ်ချင်စိတ်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။

ထိုဖြစ်ရပ်ကို မြင်သောအခါ သံတုတ်နက်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အံ့အားသင့်သွားရပြန်သည်။ စစ်မှန်သော နောက်ထပ်နဂါးတစ်ကောင်က သူ့အား ရှာတွေ့သွားမည်ကို စိုးရွံ့ကာ သူ အလျင်စလို ကိုယ်ထင်မပြဝံ့ချေ။ သို့သော် စိတ်ထဲတွင် သူ လေးပင်စွာ သက်ပြင်းချလိုက်သည်။

‘ ငါ ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက ဇာတ်လမ်းတွေထဲမှာဆိုရင် ရန်သူက မင်းသားကို အနိုင်ကျင့်လေ့ရှိတယ်။ ပြီးရင် မင်းသားက အကျဉ်းအကြပ်ထဲ ရောက်သွားပြီး တန်ပြန်တိုက်ခိုက်တော့တာပဲ။ အဲဒါက ကျေနပ်စရာကောင်းတယ်ဆိုပေမဲ့ အဲဒီလိုမျိုး ဇာတ်လမ်းတွေ ဖတ်ရတာ နည်းနည်း ငြီးငွေ့လာတယ် ’

‘ ဒါပေမဲ့ မိစ္ဆာရွှီက မတူဘူး။ သူ့အကျင့်စရိုက်နဲ့ဆိုရင် ရန်သူက နည်းနည်းလောက် သတ်ဖြတ်ချင်စိတ်လေး ပြလိုက်တာနဲ့ သူ့အသက်ကို ခြိမ်းခြောက်လာတယ်လို့ ယူဆလိုက်တာပဲ။ ရန်သူက မလှုပ်ရှားရသေးခင်မှာတောင် သူက ကြောက်စရာကောင်းလောက်အောင် လူသတ်ချင်စိတ်တွေနဲ့ ပြည့်နှက်လာတယ် ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တွေးနေသော အရာကို ရွှီချင်း မသိပါသော်လည်း သူနှင့် သူတော်စင်ကြယ်အကြားတွင် တိုက်ရည်ခိုက်ရည် ကွာခြားချက်ရှိသည်ကို သူ သိသည်။ ထို့ကြောင့် သူသည် အလျဉ်စလို မလုပ်သေးဘဲ ချာခနဲလှည့်ကာ လေတဖြူးဖြူးတိုက်ခတ်နေသော နေရာတစ်နေရာကို ရှာလိုက်သည်။ ထို့နောက် အဆိပ်ကို တိတ်တဆိတ် ဖြန့်လိုက်သည်။

သူတော်စင်ကြယ်ကို သူ သတ်ချင်သည်။

အဘယ်ကြောင့်ဆိုသော် တိမ်လွှာဓားဂိုဏ်းသားကို ညဉ့်ငှက်အဖွဲ့အစည်းထဲတွင် သူ ချုပ်နှောင်ခဲ့စဉ်အခါက ထိုတိမ်လွှာဓားဂိုဏ်းသားမှာ ဆံပင်များပင် မဆိုထားဘိ အရိုးများပင် ကျိုးသွားရသည် မဟုတ်ပါလား။

သူတော်စင်ကြယ်၏ စကားအရ ဆံပင်တစ်ပင်အတွက် လက်ချောင်းတစ်ချောင်း ဖြစ်သည်။ အရိုးများစွာ ကျိုးကြေသွားသည်ဖြစ်ရာ ရွှီချင်းကို သတ်ဖြတ်ရန် သူ သေချာပေါက် ဆုံးဖြတ်ပေမည်။

‘ ဒီတော့လဲ ငါ မင်းကို အရင် လက်စတုံးပေးရတာပေါ့ ’

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး လူသတ်ချင်စိတ်များကို သူ့မျက်လုံးများထဲတွင် စိုးစဉ်းမျှ မပေါ်စေဘဲ သိုဝှက်လိုက်သည်။ သူသည် အဆိပ်ကို ဖြန့်နေရင်း ဘေးဘီဝဲယာကို စစ်ဆေးကြည့်ကာ သူတော်စင်ကြယ်၏ တာအိုအစောင့်အရှောက်များကို ရှာဖွေလိုက်သည်။

ထိုဖြစ်ရပ်ကို မြင်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက တစ်ကိုယ်တည်း တွေးတောလိုက်သည်။

‘ မိစ္ဆာရွှီ အဆိပ်တွေ ဖြန့်နေပြီ။ သူ အရင်လှုပ်ရှားတော့မှာပဲ။ ဒါဟာ ဇာတ်ညွှန်းနှစ်ခုကြားက တိုက်ပွဲပဲ။ စစ်မှန်တဲ့နဂါးတွေကြားက တိုက်ပွဲပဲ ’

All Chapters