ဓားကွက်ချင်း စီးချင်းထိုးပွဲ
Vol. 23 Ch. 347
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီနေသည်။ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခြင်းပေလော၊ စိတ်လှုပ်ရှားခြင်းကြောင့် တုန်ရီနေခြင်းပေလော သူ ပြောရန်ခက်သည်။ ရွှီချင်းက တစ်ဖက်လူကို သတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်နှင့် တစ်ဖက်လူမှာ ထူးခြားသော နည်းလမ်းများ မရှိမချင်း တစ်ဖက်လူအား ဇီဝိန်ချုပ်သွားသည့်တိုင်အောင် တိုက်ခိုက်မည် ဖြစ်သည်ကို သူ သိထားသည်။
ယခင်က ရွှီချင်း၏ရန်သူများက ကြောက်ခမန်းလိလိ အစွမ်းမထက်ကြပေ။ သို့သော် ယခုတွင် မတူညီပေ။
သူတော်စင်ကြယ် မည်မျှအစွမ်းထက်သည်ကို အဝေးမှနေ၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မြင်ဖူးထားသည်သာမက လူဆိုးထိန်းဌာနဂိုဏ်းသားများ၏ သူတော်စင်ကြယ်နှင့် ပတ်သက်သော စကားများကိုလည်း ကြားဖူးထားခဲ့သည်။ သူတော်စင်ကြယ်က ပြိုင်စံရှားပါရမီရှင်တစ်ယောက် ဖြစ်သည်ကို သူ သိသည်။
သို့သော်လည်း ယခုအချိန်တွင် ထိုအရာများကို သူ မစဉ်းစားနိုင်ပေ။ သူ နည်းနည်းသာ သိရန်လိုအပ်သည်ကို သူ နားလည်သည်။
မိစ္ဆာရွှီ၏ ပင်ကိုယ်စရိုက်ဖြင့် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားရမည်ဆိုလျှင်ပင် သူ မသေခင် နည်းလမ်းမျိုးစုံ အသုံးပြုသွားမည်သာ ဖြစ်သည်။ သံတုတ်လေးကို ဖျက်ဆီးပစ်ခြင်းသည်လည်း ဖြစ်တန်ရာသည်။
‘ ဒီသူတော်စင်ကြယ်ကြောင့် မိစ္ဆာရွှီ သတ်ချင်စိတ်ပေါက်လာတာ။ ဒီသူတော်စင်ကြယ်ကြောင့် မိစ္ဆာရွှီက ငါ့ကို ဖျက်ဆီးချင်တာ။ ဒီသူတော်စင်ကြယ်ကြောင့် ငါ့အသက် အန္တရာယ်နဲ့ ကြုံတွေ့ရတာ။ ဒါတွေအားလုံးဖြစ်ရတာ သူတော်စင်ကြယ်ကြောင့်ပဲ။ သူတော်စင်ကြယ် … မင်း ငါ့ကို သတ်ဖို့ကြိုးစားနေတာပါလားကွ ’
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ထိုသို့တွေးမိသောအခါ မျက်လုံးများ နီမြန်းလာသည်။ သံတုတ်နက်လေးမှတစ်ဆင့် သူတော်စင်ကြယ်ကို စူးစိုက်၍ ကြည့်လိုက်သည်။
အရိပ်လေးသည်လည်း ရွှီချင်းနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ထံမှ အငွေ့အသက်များကို အာရုံခံမိလိုက်သည်။ ယခုအချိန်တွင် အရိပ်လေးသည် သိသိသာသာ ဉာဏ်ကောင်းလာပြီ ဖြစ်သည်။ အတန်ငယ်တွေးတောပြီးနောက် အရိပ်လေးသည်လည်း တင်းမာခက်ထန်လာသည်။
မှောင်ရီပျိုးစအချိန်သို့ ရောက်လာလေပြီ။ ရွှီချင်းသည် ဘေးပတ်ဝန်းကျင်တွင် အရောင်အဆင်းမဲ့အဆိပ်များ ဖြန့်ထားပြီး ဖြစ်သည်။
အမှန်စင်စစ် ထိုအဆိပ်များသည် စစ်မှန်သော အဆိပ်များ မဟုတ်ပေ။ ထိုအဆိပ်တစ်ခုချင်းစီအရဖြစ်စေ အချင်းချင်း ရောနှောပေါင်းစပ်သွားခဲ့လျှင်ဖြစ်စေ အန္တရာယ်ရှိမည် မဟုတ်ပေ။ ဓာတ်ကူပစ္စည်းတစ်မျိုး ထည့်သွင်းလိုက်သောအခါမှသာ ပြင်းထန်သောအဆိပ်တစ်မျိုးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားမည် ဖြစ်သည်။
သို့သော်လည်း ယင်းသည် သူနှင့် သူတော်စင်ကြယ်ကြားက ခြားနားချက်ကို ချေဖျက်ရန် လုံလောက်သည်ဟု သူ မခံစားရပေ။ သူတော်စင်ကြယက ချီရွှဲ့ထုံဂိုဏ်းထဲမှာ သက်စောင့်မီးလုံးခြောက်လုံးအဆင့် တိုက်ရည်ခိုက်ရည်ကို ပြသထားခဲ့သည် မဟုတ်ပါလား။ ထိုတိုက်ရည်ခိုက်ရည်သည် ကြောက်စရာကောင်းပြီး ပထမတောင်ထိပ်၏ အကြီးအကဲကို တိုက်ခိုက်ရန် လုံလောက်ခဲ့သည်။
အရေးအကြီးဆုံးမှာ သူတော်စင်ကြယ်ထံ၌ သက်စောင့်မီးလုံးခြောက်လုံး တိုက်ရည်ခိုက်ရည်သာ ရှိမည်ဟု ရွှီချင်း မသေချာပေ။
ယင်းအပြင် သူတော်စင်ကြယ်၏ တာအိုအစောင့်အရှောက်များကို သူ အာရုံခံ၍ မရပေ။
“ သူ့အကျင့်စရိုက်နဲ့ဆိုရင် တာအိုအစောင့်အရှောက်တွေကို ပုန်းလျှိုးကွယ်လျှိုးနေခိုင်းမှာ မဟုတ်ဘူး။ ဒီတော့ အပြင်မှာနေခိုင်းပြီး ဖီးနစ်တားမြစ်ဒေသကြီးထဲက တခြားအရာတွေကို လုပ်ခိုင်းထားလောက်တယ် ”
ရွှီချင်း တွေးတောကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ့အနေဖြင့် အလျဉ်စလို မလုပ်သင့်သေးဘဲ သူတော်စင်ကြယ်အကြောင်း ပို၍ လေ့လာရန် လိုအပ်နေသေးသည်ဟု ခံစားနေရသည်။ တချိန်တည်းမှာပင် အဆိပ်များ ပို၍ ဖြန့်ထားလိုက်သည်။ ထိုအခါမှသာ သူ့အတွက် နိုင်ရန်အခွင့်အရေး တိုးလာမည်ဖြစ်သည်။
သူသည် ပိုးကောင်နက်များအား ထည့်ထားသော ပုလင်းငါးလုံးကိုလည်း ဖွင့်လိုက်ပြီး ပိုးကောင်နက်များကို ဖြန့်ကျက်ရန် စေခိုင်းလိုက်သည်။
ပိုးကောင်နက်များ အပြင်သို့ ပျံထွက်သွားပြီးနောက် ရလဒ်ကြောင့် ရွှီချင်း ပို၍ သတိထားသွားသည်။
သူတော်စင်ကြယ်၏ ခေါင်းအထက်ရှိ ကွန်ခြာတွင် အကာအကွယ်စွမ်းရည်တစ်မျိုး ရှိနေပြီး ပိုးကောင်နက်များကို ချက်ချင်း ထိုးဖောက်၍ မရအောင် လုပ်ထားသည်။ ပိုးကောင်နက်များအနေဖြင့် ကွန်ခြာအတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးကိုသာ စောင့်နေရသည်။
“ ငါ့သက်စောင့်မီးအိမ်ကွန်ခြာက သက်စောင့်ဝိညာဉ်ကို ကာကွယ်နိုင်တယ်။ သူတော်စင်ကြယ်ရဲ့သက်စောင့်မီးအိမ်က ခန္ဓာကို ကာကွယ်နိုင်တာလား ”
ရွှီချင်း အတွေးနက်သွားသည်။
အချိန်များ ကုန်လွန်သွားသည်။ မှောင်ရီပျိုးစအချိန်မှနေ၍ ညအချိန်သို့ ရောက်လာသည်။ ကောင်းကင်ယံတွင် ထိန်ထိန်လင်းနေသော လမင်းကြီး ပေါ်လာပြီး လရောင်များကို လောကတစ်ခွင် ဖြန့်ကျက်လိုက်သည်။
ရွှီချင်းက ဘေးပတ်လည်ရှိ အဆိပ်များကို အာရုံခံကြည့်လိုက်ပြီး မည်သည့်အဆိပ်အား ပေါင်းထည့်ရမည်ကို စဉ်းစားနေစဉ် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ညအချိန်သို့ ကျရောက်လာသည်နှင့် ဘုရားကျောင်းအပြင်ဘက်ရှိ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ တည်ကြည်သွားကြသည်ကို သူ မြင်လိုက်ရသည်။ တချို့ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရေးရေးပင် ရှိနေသည်။
ယင်းကြောင့် ရွှီချင်း အံ့အားသင့်သွားသည်။ သူ ခေါင်းမော့ကြည့်လိုက်ပြီး သူ့အကြည့်က မနီးမဝေးရှိ သက်စောင့်မီးလုံးတစ်လုံး အခြေတည်အဆင့်အဘိုးအိုထံသို့ ကျရောက်သွားသည်။
ရွှီချင်း၏အကြည့်ကြောင့် ထိုအဘိုးအို တုန်ရီသွားသည်။ သူ အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် ခပ်သွက်သွက် ထသွားကာ ရွှီချင်းကို အရိုအသေပေးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ တာအိုရောင်းရင်းရွှီ၊ ဒီအစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းရဲ့ ထူးဆန်းတာတွေကို သိထားလား ”
ထိုစကားကို ကြားသောအခါ ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ ဂိုဏ်းမှ သူ ရရှိခဲ့သည့် သတင်းအချက်အလက်များထဲ၌ အဘိုးအိုပြောသည့် ထူးဆန်းအံ့သြဖွယ်ရာများနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ မပါဝင်ပေ။ ထို့ကြောင့် အဘိုးအိုဆက်ပြောလာမည်ကို သူ စောင့်နေလိုက်သည်။
ထိုသည်ကို အဘိုးအို မြင်သောအခါ တွေဝေတွန့်ဆုတ်မနေတော့ဘဲ သူ သိသမျှ မခြွင်းမချန် ပြောပြလိုက်သည်။
“ တာအိုရောင်းရင်းရွှီ၊ အရင်တုန်းက ဒီအစွန်းရောက်ကောင်းကင်တာအိုကျောင်းက ပုံမှန်ပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့လေးနှစ်ကစပြီး အပြောင်းအလဲတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ဒီနေရာကို အရင်ကထက်ပိုပြီး လူတွေ ရောက်လာကြတယ် ”
“ အဲဒီအပြောင်းအလဲက ညအချိန်ရောက်လာလို့ တာအိုဘုရားကျောင်းပေါ်ကို လရောင်ဖြာကျသွားပြီး လရောင်က ရုပ်ထုပေါ် ကျသွားတဲ့အခါ ဓားမော့အရိပ်တွေ ပေါ်လာတယ် ”
“ အဲဒီဓားမော့အရိပ်တွေကို လူတိုင်း မြင်နိုင်တယ်။ ဒါပေမဲ့ အခုအချိန်အထိ အဲဒီဓားမော့အရိပ်တွေကို နားလည်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ အဲဒီသခင်လေးက လွဲပြီးတော့ပေါ့ ”
အဘိုးအို၏အကြည့်က တာအိုဘုရားကျောင်းထဲရှိ သူတော်စင်ကြယ်အပေါ် ကျရောက်သွားသည်။
“ အဲဒီသခင်လေးက ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ တစ်ခုခုကို ရသွားခဲ့တယ်။ ကျုပ်တို့ အချိန်တိုင်း ကျရှုံးနေခဲ့ပေမဲ့ ကျုပ်တို့စိတ်ထဲမှာ မျှော်လင့်နေတုန်းပဲ။ အပြည့်အစုံ နားလည်ဖို့ ကျုပ်တို့ မမျှော်လင့်ပါဘူး။ နည်းနည်းလောက် နားလည်ခဲ့ရင်တောင် အသက်ရှင်ရပ်တည်နိုင်မယ့်စွမ်းရည် တိုးသွားတာပေါ့ ”
အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။
ရွှီချင်း အတွေးနက်သွားပြီး ဘုရားကျောင်းကို ပြန်ကြည့်လိုက်သည်။
ထိုအချိန်၌ စူးရှတောက်ပသော လရောင်က မြေပြင်ပေါ် ဖြာကျသွားပြီး ဘုရားကျောင်းပေါ်သို့ ကျသွားသောအခါ ဘုရားကျောင်းထိပ်ဖျားရှိ အက်ကြောင်းများမှတစ်ဆင့် လရောင်များ ဘုရားကျောင်းထဲ ဝင်ရောက်သွားပြီး ရုပ်ထုပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်း ကြည့်နေရင်းပင် လရောင်အောက်၌ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းထဲရှိ ရုပ်ထုကြီးမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။
ရုပ်ထုကြီးက အနည်းငယ် အသိစိတ်ဝင်လာပြီး လှုပ်ရှားနေဟန်တူသည်။ ရုပ်ထုဘေးတွင် ဓားမော့အရိပ်များစွာ ဝိုးတဝါး ပေါ်လာသည်။
သို့သော်လည်း မျက်တောင်တစ်ချက်ခတ်အတွင်း အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
ရွှီချင်း ထူးဆန်းသလို ခံစားသွားရပြီး ဆက်လက်စူးစိုက်ကြည့်လိုက်သည်။ မကြာခင် ရုပ်ထုကြီး ပြန်အသက်ဝင်လာပြီး ရုပ်ထုပတ်လည်ရှိ ဓားမော့အရိပ်များကို သူ အာရုံခံမိလိုက်သည်။
အပြင်လူများ၏ မျက်လုံးများထဲတွင် ထိုဓားမော့အရိပ်များသည် ဝေဝါးနေသည်။ အချိန်တစ်ခုမှသာ ရှင်းလင်းပြတ်သားသော ဓားမော့အရိပ်တစ်ခုကို မြင်ရန် အခွင့်အရေး ရကြသည်။
သို့သော်လည်း ရွှီချင်း၏ မျက်လုံးများထဲတွင် အစွန်းရောက်ကောင်းကင်ဓားမော့ကို နားလည်ထားခဲ့သည်ဖြစ်၍ ဓားမော့အရိပ်တစ်ခုချင်းစီက အလွန် ရှင်းလင်းနေသည်။
ဓားမော့အရိပ်များကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်သည့်အခိုက် သူ့ခေါင်းထက်တွင် ကောင်းကင်ဓားမော့ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုကောင်းကင်ဓားမော့သည် သူ နားလည်ခဲ့သည့် အစွန်းရောက်ကောင်းကင်ဓားမော့ ဖြစ်သည်။ ဓားမော့အရိပ်များကို သူ ဆက်လက်ကြည့်ရှုနေစဉ် ပုံရိပ်ယောင်ကောင်းကင်ဓားမော့ကြီးမှာ အပြောင်းအလဲအနည်းငယ် ဖြစ်ပေါ်လာသည့်အလား စူးရှတောက်ပသောအလင်းများ ဖြာထွက်လာသည်။
အနီးကပ်ကြည့်ပါက ကောင်းကင်ဓားမော့ကြီး၏ အပြောင်းအလဲသည် ဒြပ်ထုဖွဲ့စည်းခြင်းအဆင့်သို့ ဦးတည်နေသည်ကို မြင်ရပေမည်။
ယခင်က ကောင်ကင်ဓားမော့ကြီးသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ ထိုအချိန်၌ ဓားရိုးမှအစပြု၍ စီးဆင်းနေသော အလင်းတန်းများထဲတွင် ကောင်းကင်ဓားမော့ကြီးသည် ဒြပ်ထုအဖြစ် ပြောင်းလဲလာနေသည့်လက္ခဏာများ ပြသလာသည်။
ယင်းအပြင် ထိုဒြပ်ထုဖွဲ့စည်းခြင်းလက္ခဏာက ဆက်လက်ပျံ့နှံ့နေသည်။ အလင်းများသာ ဓားမော့ကြီးတစ်ခုလုံး ပျံ့နှံ့သွားသည်နှင့် အစွန်းရောက်ကောင်းကင်ဓားမော့ကြီးသည် ယခင်က ပုံရိပ်ယောင်အခြေအနေသာ ရှိနေခဲ့ရာမှ ဒြပ်ထုရှိသည့်အခြေအနေသို့ ရောက်သွားမည်ဖြစ်ကြောင်း ရွှီချင်း မှန်းဆကြည့်နိုင်သည်။
ထိုဖြစ်ရပ်ကြောင့် ဘေးပတ်လည်ရှိ လူဒါဇင်ကျော် တုန်ရီသွားကြသည်။ သူတို့ တုန်လှုပ်နေကြစဉ် ရွှီချင်း၏ ကောင်းကင်ဓားမော့ကြီးနှင့် ဆင်တူသော ကောင်းကင်ဓားမော့တစ်လက် တာအိုဘုရားကျောင်းထဲတွင် တရားထိုင်နေသော သူတော်စင်ကြယ်၏ ခေါင်းအထက်မှာ ပေါ်လာသည်။
ရွှီချင်း၏ ဓားမော့ကြီးက ခရမ်းရောင်ဖြစ်ပြီး သူတော်စင်ကြယ်၏ ဓားမော့ကြီးက အစိမ်းရောင်ဖြစ်သည်။
ဓားမော့နှစ်လက် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုမြင်ကွင်းကြောင့် ဘေးပတ်လည်မှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာသည်။ လူများစွာ၏ မျက်လုံးများ မှေးသွားပြီး အသက်ရှူသံများ မြန်ဆန်လာကြသည်။
ရက်ပေါင်းများစွာအကြာက သူတော်စင်ကြယ် ရောက်လာကတည်းက ထိုသို့ တုန်လှုပ်ဖွယ်ရာမြင်ကွင်းမျိုး ပြသခဲ့သည်ဖြစ်၍ တခြားလူများ အသားကျနေခဲ့သည်။ သို့သော် ရွှီချင်းသည်လည်း ပြိုင်စံရှားဖြစ်နေ၍ သူတို့ တုန်လှုပ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုမြင်ကွင်းအရ သူတို့နှစ်ယောက်က အစွန်းရောက်ကောင်းကင်ဓားမော့ကို ယခင်က နားလည်ခဲ့ဖူးကြောင်း ဖော်ပြနေပေသည်။ ယင်းအပြင် သူတို့နှစ်ဦး၏ နားလည်နိုင်စွမ်းက ကြောက်စရာကောင်းလှပြီး ဒုတိယမြောက်ဓားကွက်ကို အောင်မြင်စွာ နားလည်နိုင်သည့်အလားအလာများ ရှိနေကြသည်။
“ ဒီရွှီချင်းဆိုတဲ့ကလေးက ချီရွှဲ့ထုံဂိုဏ်းရဲ့ ကောင်းကင်လက်ရွေးစင် ဖြစ်ထိုက်တာပဲ ”
“ သူတို့နှစ်ယောက်လုံး ဓားကွက်ကို နားလည်ဖို့ကြိုးစားနေကြတယ်။ ပြီးတော့ ကြည့်ရတာ သူတို့နှစ်ယောက်လုံး ဓားကွက်ကို ပုံရိပ်ယောင်အဆင့်ကနေ ဒြပ်ထုအဖြစ် ပြောင်းလဲနေကြတဲ့ပုံပဲ။ ဓားမော့တစ်ခုလုံး ဒြပ်ထုဖြစ်သွားတာနဲ့ ဓားကွက်ကို နားလည်အောင် ကြိုးစားတာ အောင်မြင်သွားမှာပဲ ”
“ အဲဒါက ဘယ်သူအရင်ဆုံး အောင်မြင်သွားမလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်။ တစ်ယောက်က အောင်မြင်သွားတာနဲ့ တခြားတစ်ယောက်က ဘယ်လောက်ပဲ နားလည်နိုင်ပါတယ်ဆိုဆို ကြိုးစားအားထုတ်မှုတွေ သဲထဲရေသွန်ဖြစ်ပြီး နားလည်ထားသမျှအားလုံး ဆုံးရှုံးသွားရမှာပဲ ”
ရက်ပေါင်းများစွာအကြာက ရောက်ရှိနေခဲ့ကြသော ထိုလူများသည် အစွန်းရောက်ကောင်းကင်တာအို ဘုရားကျောင်းအကြောင်းကို ကောင်းစွာ နားလည်ထားကြပြီး လေသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။ သို့သော် ထိုအချိန်၌ ကောက်ကျစ်သောအတွေးများ သူတို့ မတွေးဝံ့ကြပေ။
အဘယ်ကြောင့်ဆိုရသော် အစွန်းရောက်ကောင်းကင်ဓားမော့ကို ကြိုးစားနေသူက သတိလွတ်သွားမည်ဟု မဆိုနိုင်ပေ။ သူတို့ ဝင်နှောင့်ယှက်လိုက်ပါက နေရာမှာပင် ဆိုးဆိုးဝါးဝါး သေပွဲဝင်ရမည်မှာ သေချာသည်။
တာအိုကျောင်းအပြင်ဘက်ရှိ လူအားလုံး၏ မျက်လုံးများထဲတွင် ရွှီချင်းနှင့် သူတော်စင်ကြယ်တို့၏ ခေါင်းများအထက်ရှိ ကောင်းကင်ဓားမော့များက တဖျပ်ဖျပ်ဝင်းလက်နေသည်။ သို့သော် သူတော်စင်ကြယ်၏ ဒြပ်ထုဖွဲ့စည်းခြင်းအဆင့်က ပို၍ သိသာသည်။ ယခုအချိန်တွင် ထိုဓားမော့ကြီးက ငါးဆယ်ရာခိုင်နှုန်းအထိ ရောက်နေပြီ ဖြစ်သည်။
ရွှီချင်းမှာ နောက်ကျမှ ရောက်လာသည်ဖြစ်၍ နားလည်အောင်လုပ်ရန် အချိန်လုံလုံလောက်လောက် မရှိခဲ့ပေ။ ယခုလောလောဆယ် သူ့ဓားမော့ကြီး၏ ဒြပ်ထုဖွဲ့စည်းခြင်းသည် တစ်ဆယ်ရာခိုင်နှုန်းအောက် ရှိပေသည်။
ရွှီချင်းက သူတော်စင်ကြယ်ကို အေးတိအေးစက် ကြည့်လိုက်သည်။ ဒြပ်ထုဖွဲ့စည်းနေသည့််အမြန်နှုန်းကို ကြည့်၍ ဤသို့ ဆက်သွားနေလျှင် သူက သူတော်စင်ကြယ်ထက် ပို၍ မြန်ဆန်လာမည်မှာ သေချာသည်။
သို့သော် အစွန်းရောက်ကောင်းကင်ဓားမော့က အရေးကြီးပါသော်ငြား တာအိုဘုရားကျောင်းများစွာ ရှိသည်။ ယင်းအပြင် ဓားကွက်ခုနစ်ကွက်ကို နားလည်သောအခါမှသာ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို တတ်မြောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းအတွက် ဓားမော့ကြီးကို နားလည်အောင် ကြိုးစားခြင်းက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အရေးမပါပေ။
သူတော်စင်ကြယ် နားလည်အောင်လုပ်နေစဉ်အတောအတွင်း တိုက်ခိုက်ရန်သာ သူ စဉ်းစားနေ၏။
“ သူက သက်စောင့်မီးလုံးလေးလုံးရှိပြီး အနိမ့်ဆုံး သက်စောင့်မီးလုံးခြောက်လုံး တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်မှာ အားနည်းချက်ကြီးတစ်ခု ရှိတယ် ”
ထိုအတောအတွင်း ရွှီချင်းသည် ခုနစ်ဂိုဏ်းမဟာမိတ်မှ ကောင်းကင်လက်ရွေးစင်များနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ရှိသော ထိုကောင်းကင်လက်ရွေးစင်များကို လေ့လာခဲ့ဖူးသည်။
“ ငါ အဆိပ်တွေ ပိုဖြန့်ထားရမယ်။ အဲဒါမှ အဆိပ်ကို အသက်သွင်းလိုက်ရင် ပိုပြီး ပြင်းထန်နေမှာ ”
ရွှီချင်းသည် အနည်းငယ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အကြည့်လွှဲကာ ငြိမ်သက်နေသည်။ ယင်းအပြင် တစ်ဖက်လူ၏ နားလည်နိုင်သည့်အမြန်နှုန်းကို ကြည့်၍ ရက်အနည်းငယ်အတွင်း ဓားကွက်ကို နားလည်သွားရန်မှာ မဖြစ်နိုင်ပေ။
“ ပြီးတော့ … သူ့တာအိုအစောင့်အရှောက်တွေ ဒီမှာ မရှိဘူးဆိုပေမဲ့ ငါ သတိထားနေမှရမယ် ”
ထိုအတွေးကြောင့် ရွှီချင်းသည် လူသတ်ချင်စိတ်များကို ယာယီချိုးနှိမ်ထားလိုက်သည်။
လူသတ်ချင်စိတ်များကို သူ ချိုးနှိမ်လိုက်သည့်အချိန်မှာပင် သူတော်စင်ကြယ်သည် ခေါင်းလှည့်လာပြီး ဘုရားကျောင်းအပြင်ဘက်ရှိ ရွှီချင်းကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ရွှီချင်း၏ခေါင်းအထက်ရှိ ဓားမော့အရိပ်ကို မြင်သောအခါ သေလူတစ်ယောက်ကို ကြည့်နေသည့်အလား သူ၏အကြည့်က တဖြည်းဖြည်း အေးစက်သွားသည်။
“ ကြက်ပေါက်စလေးတောင် ဂုဏ်အရှိန်အဝါအတွက် ဖီးနစ်ငှက်ကို အံတုဝံ့သေးတာပဲ ”
ရွှီချင်းကို မွေးမြူရန် သူ နောက်ထပ် တွေးမနေတော့ပေ။ ရွှီချင်းက အခွင့်အရေးအတွက် တိုက်ခိုက်ဝံ့သည်ဖြစ်ရာ သူ အချိန်ဖြုန်းမနေတော့ဘဲ ရွှီချင်းကို လက်စတုံးပစ်ရတော့မည်သာ ဖြစ်သည်။ ရွှီချင်းကို သတ်ပြီးမှသာ ကောင်းကင်ဓားမော့ကို နားလည်ရန် သူ ဆက်ကြိုးစားနိုင်သည်။
ရွှီချင်း၏ ချီရွှဲ့ထုံဂိုဏ်းဆက်ခံသူဂုဏ်ပုဒ်ကို သူ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် နေ့ခင်းက ကောင်းကင်ယံက နီစွေးနေသော အလင်းရောင်ကို သူ အာရုံခံမိခဲ့ပြီး ဖြစ်သည်။ သူ နားလည်ထားသည့်အရာများနှင့် ဆက်စပ်ကြည့်ခဲ့သောအခါ မဟာမိတ်က မြောက်အရပ်သို့ တိုက်ခိုက်ခြင်း ဖြစ်သည်ကို သူ သိခဲ့သည်။
ယခုအချိန်သည် မဟာမိတ်အဖွဲ့ကြီး ဂုဏ်အရှိန်အဝါ ထွန်းပြောင်သည့်အချိန်ဖြစ်သည်။ ဆက်ခံသူ တစ်ယောက်ကို သူ သတ်လိုက်သည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းက အသံတစ်ချက် ထွက်မည် မဟုတ်ပေ။
သူ၏အကျင့်စရိုက်က သူ့ဆန္ဒအတိုင်း လုပ်ခြင်းသာ ဖြစ်သည်။ ယခု သူ့စိတ်ထဲ လူသတ်ချင်စိတ်များ ပေါ်လာသည်နှင့် သူ တွေဝေတွန့်ဆုတ်မနေတော့ပေ။ သူ ဆတ်ခနဲ မတ်တတ်ရပ်လိုက်ပြီး ဘုရားကျောင်းအပြင်ဘက်သို့ ထွက်လိုက်သည်။
သူ့ကိုယ်ထဲရှိ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်က မီးဖိုကြီးတစ်ခုအလား တဟုန်းဟုန်း တောက်လောင်လာပြီး သူ့ကိုယ်ထဲမှ သက်စောင့်မီးလုံးလေးလုံးက ဝေဟင်သို့ တရိပ်ရိပ်မြင့်တက်လာသည်။ သူ၏သက်စောင့်မီးအိမ်ကွန်ခြာက သက်တန့်အလင်းများ ထုတ်လွှတ်လာသည်။ သူ့နောက်တွင် အစိမ်းရောင်ခန္ဓာနှင့် အနီရောင်အမြီးရှိသော မြဲ့မုန်က ကောင်းကင်ကြီးကို မော့ကြည့်ကာ ဟစ်ကြွေးလိုက်သည်။
ထိုအချိန်၌ သက်စောင့်မီးလုံးခြောက်လုံးစွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားကို ရပ်တန့်၍ မရနိုင်သည့်အပြင် ထိုစွမ်းအား၏အရှိန်အဝါက ဘေးပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်ရာ ရာသီဥတုပင် ပြောင်းလဲသွားသည်။ ဘုရားကျောင်းတစ်ဝိုက်တွင် မရေမတွက်နိုင်သော လျှပ်စီးများ ရုတ်တရက် တဂျိမ်းဂျိမ်းမြည်ဟည်းလာ၏။
ဘုရားကျောင်းအပြင်ဘက်ရှိလူများမှာ လှုပ်ရှားရန် အခွင့်အရေးမရလိုက်ကြပေ။ သူတို့မှာ သက်စောင့်မီးလုံးခြောက်လုံး၏ အမြန်နှုန်းကို မြင်နိုင်ရန် အရည်အချင်းပင် မရှိကြပေ။ ရွှီချင်းတစ်ယောက်တည်းသာ ခေါင်းကို မော့လိုက်သည်။
သူသည်လည်း သက်စောင့်မီးလုံးခြောက်လုံး၏ အမြန်နှုန်းကို မမြင်နိုင်ပေ။
သက်စောင့်မီးလုံးခြောက်လုံးနှင့် ငါးလုံးကြားရှိ ကွာခြားချက်သည် သက်စောင့်မီးလုံးသုံးလုံးကို လေးလုံးက ဖိနှိပ်နေသကဲ့သို့ပင်။ ကွာခြားချက်က ကြီးမားလွန်းသည်။
သို့သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး အဆိပ်များဖြင့် ပြည့်နှက်နေပြီး သူတော်စင်ကြယ်၏ ပတ်လည်ရှိ အကာအကွယ်အလွှာတွင် ပိုးကောင်နက်များဖြင့် ပြည့်နှက်နေသည်။ ထိုအခြင်းအရာအားလုံးကြောင့် သူတော်စင်ကြယ်ကို ရွှီချင်း ချက်ချင်း အာရုံခံမိလိုက်သည်။