သက်စောင့်မီးလုံးများ၏ အားနည်းချက်
Vol. 23 Ch. 348
ရွှီချင်းသည် သက်စောင့်မီးလုံးခြောက်လုံးနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပါသော်လည်း သက်စောင့်မီးလုံးခြောက်လုံး၏အစွမ်းကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။
အခြေတည်အဆင့်၌ သက်စောင့်မီးလုံးတစ်လုံး ပေါ်လာခြင်းသည် ကျင့်ကြံသူ၏ တိုက်ရည်ခိုက်ရည်ကို သိသိသာသာ ပြောင်းလဲသွားစေနိုင်သည်ကို သူ နားလည်ထားသည်။
အခြေတည်အဆင့်မှာ သက်စောင့်မီးလုံးတစ်လုံး တိုးလာတိုင်း အခြေတည်အဆင့်အား ချိုးဖြတ်သွားသကဲ့သို့ပင် သူ ခံစားခဲ့ရသည်။ အဆင့်ကြီးတစ်ဆင့်ကို သူ ကျော်ဖြတ်သွားသည့်အလားပင်။
ဤလောကကြီး၏ ကြယ်တာရာကောင်းကင်အပြင်ဘက်တွင် တခြားလောကများ ရှိနေမလားဆိုသည်ကို ရွှီချင်း မသိပေ။ အကယ်၍ ရှိနေခဲ့လျှင် ထိုလောကကြီးများရှိ မျိုးနွယ်အသီးသီးက သူတို့ကဲ့သို့ ကျင့်ကြံလေသလား။
သူတို့သည်လည်း အခြေတည်အဆင့်၌ သက်စောင့်မီးလုံးများကို ကျင့်ကြံနေကြသလား။ ယင်းအပြင် သက်စောင့်မီးလုံးတစ်လုံး ပေါ်လာတိုင်း ယခုကဲ့သို့ ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ရလေသလား။
ထိုသို့ ရွှီချင်း တွေးနေမိသည်မှာ အခြေတည်အဆင့်ကျင့်ကြံသူများအကြား ကွာခြားချက်က ကြီးမားလွန်းလှသည်ဟု ခံစားနေရသောကြောင့်ပင်။
ဥပမာအနေဖြင့် သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူမှာ ကြောက်ခမန်းလိလိအစွမ်းထက်သော ရတနာတစ်ပါး မရှိခဲ့လျှင် သက်စောင့်မီးလုံးလေးလုံးကျင့်ကြံသူက သက်စောင့်မီးလုံးသုံးလုံးကျင့်ကြံသူကို အသာလေး သတ်ဖြတ်နိုင်သည်။ ယင်းအပြင် ထိုခြားနားချက်ကို အရေအတွက်ဖြင့် ချိန်ညှိ၍ မရပေ။
ထိုအယူအဆက သက်စောင့်မီးလုံးခြောက်လုံးနှင့် သက်စောင့်မီးလုံးငါးလုံး နှိုင်းယှဉ်သောအခါတွင်လည်း အတူတူဖြစ်သည်။
ထိုအချိန်၌ ရွှီချင်းသည် သူတော်စင်ကြယ် လှုပ်ရှားလိုက်သည်ကိုသာ အာရုံခံနိုင်သည်။ သူတော်စင်ကြယ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးသုံးလုံး တောက်လောင်လာပြီး သက်စောင့်မီးအိမ်စွမ်းအားများ ပေါ်လာကာ ရွှေကျီးကန်း၏ အပြင်အားကို ရရှိလိုက်သည့်တိုင်အောင် သူ့ရှေ့သို့ ရိပ်ခနဲ ဝင်ရောက်လာသော သူတော်စင်ကြယ်ကို ဝိုးတဝါးသာ သူ မြင်ရသည်။
ထို့နောက် သူ့ရှေ့မှ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်သော ကြောက်ခမန်းလိလိအငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။
ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်း၏တစ်ကိုယ်လုံး အပြင်းအထန် တုန်ခါသွားသည်။ ကြိုးပြတ်သွားသော စွန်တစ်ခုပမာ သူ လွင့်သွားသည်။ သူ့မျက်နှာ ဖြူဖျော့သွားပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သို့သော် တခြားမည်သည့်ဒဏ်ရာမျှ သူ မရရှိပေ။
သူတော်စင်ကြယ် ရောက်လာသည့်အချိန်က သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် အလင်းလွှာတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သက်စောင့်မီးလုံးခြောက်လုံးတိုက်ကွက်ကို ကာကွယ်သွားခဲ့သည်။
“ ဒီတော့ မင်းက ယွမ်ယင်အကာအကွယ်ကို အားထားနေတာကိုး။ ဒါပေမဲ့ အဲဒီအကာအကွယ်က မှိန်နေပြီ။ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာမလို့လဲ ”
သူတော်စင်ကြယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် ရွှီချင်းကို ကြည့်လိုက်ပြီး လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်သည်။
ရွှီချင်း၏ခန္ဓာကိုယ်မှ မြေပြင်ပေါ်သို့ ကျသွားပြီး နောက်သို့ တရွတ်တိုက် လွင့်သွားရာ မြေပြင်တွင် စွတ်ကြောင်းကြီး ပေါ်လာသည်။ ပေရာချီအကွာသို့ ရောက်သောအခါမှသာ သူ ရပ်သွားသည်။ သူသည် ခေါင်းမော့၍ သူတော်စင်ကြယ်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာက အေးစက်တင်းမာနေ၏။
ထိုအချိန်၌ ရွှီချင်းသည် သူတော်စင်ကြယ် မည်မျှအစွမ်းထက်သည်ကို ကိုယ်တိုင် ကြုံလိုက်ရပြီ ဖြစ်သည်။ သူတော်စင်ကြယ်က ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းကို ထုတ်ပြခဲ့သော ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်နှင့် အခြေခံအားဖြင့် ခြားနားခြင်းမရှိသကဲ့သို့ သူ ခံစားရသည်။
အမြန်နှုန်းနှင့် ပေါက်ကွဲအားတွင် အတူတူဖြစ်သည်။
ပထမတောင်ထိပ်မှ မင်းသားများမှာ ထိုကဲ့သို့ တိုက်ရည်ခိုက်ရည်ကို ခုခံနိုင်ခြင်းမရှိခဲ့ဘဲ တစ်ကွက်တည်းဖြင့် အရေးနိမ့်သွားခဲ့ရသည်မှာ သဘာဝကျပေသည်။
ချီရွှဲ့ထုံဂိုဏ်းထဲမှာ မဟုတ်ဘဲ အပြင်လောက၌သာ တိုက်ခိုက်ခဲ့ကြမည်ဆိုပါက သူတို့အနေဖြင့် အရေးနိမ့်သွားရုံသာမက အသတ်ခံလိုက်ရမည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိသက်စောင့်မီးလုံးငါးလုံး တိုက်ရည်ခိုက်ရည်ဖြင့်ပင် အမှတ်ခြောက်သခင်ကြီး ပေးခဲ့သော ကျောက်စိမ်းပေလွှာအကာအကွယ်သာ မရှိခဲ့လျှင် ချက်ချင်း သေသွားခဲ့မည်ဖြစ်သည်ကို ရွှီချင်း ကောင်းစွာ သိသည်။ ခရမ်းရောင်သလင်းကျောက်သည်ပင် သူ့ကို ကုသပေးရန် အချိန်ရမည် မဟုတ်လောက်ပေ။
သက်စောင့်မီးလုံးခြောက်လုံး၏ ကြောက်စရာကောင်းမှုက ထိုမျှသာ မဟုတ်ပေ။ ရွှီချင်း ထုတ်လွှတ်ထားခဲ့သည့် ပိုးကောင်နက်များသည် သူတော်စင်ကြယ်၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ပုန်းခိုနေဆဲဖြစ်ပြီး သက်စောင့်မီးအိမ်စွမ်းအားမှ ဖြစ်တည်နေသည့် မမြင်ရသော အကာအကွယ်အလွှာကို မဖောက်နိုင်သေးပေ။
“ ဒီတော့ သက်စောင့်မီးလုံးခြောက်လုံးက ကောင်းကင်နန်းတော်တစ်ခုရှိတဲ့ ရွှေအမြုတေအဆင့်စွမ်းအားနဲ့ ညီမျှနေတာပဲ ”
မိစ္ဆာသားကောင်ဂိုဏ်းမှ စီမာယွီအကြောင်းအချက်အလက်များကို ဖတ်ရှုခဲ့စဉ်အခါက သိခဲ့ရသော ကောင်းကင်နန်းတော်အကြောင်းကို ရွှီချင်း ပြန်စဉ်းစားလိုက်သည်။
ယခုအချိန်တွင် သူသည် ရွှေအမြုတေအဆင့်နှင့် အစိမ်းသက်သက်ဖြစ်မနေပေ။ ရွှေအမြုတေအဆင့်တွင် ကောင်းကင်နန်းတော်အား လေ့ကျင့်ကြသည်ကို သူ သိသည်။ ကောင်းကင်နန်းတော်သည်လည်း တစ်ခုသာ ရှိသည် မဟုတ်ပေ။
ဥပမာအနေဖြင့် စီမာယွီသည် ဒုတိယမြောက်ကောင်းကင်နန်းတော် ပေါ်လာစေရန် တံခါးပိတ်ကျင့်ကြံနေသည်။
“ ရွှေအမြုတေအဆင့် ကောင်းကင်နန်းတော်။ သက်စောင့်မီးလုံးခြောက်လုံးက ကောင်းကင်နန်းတော်တစ်ခုနဲ့ ညီမျှတယ် ”
ရွှီချင်း အတွေးနက်သွားသည်။
အပြင်လူများသာ ယခု ရွှီချင်းတွေးနေသည့်အရာကို ကြားသွားမည်ဆိုပါက တအံ့တသြ ဖြစ်သွားပေမည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ရွှီချင်းသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ ရွှေအမြုတေအဆင့် ကောင်းကင်နန်းတော်အကြောင်းကိုပင် စဉ်းစားရန်အချိန်ရှိနေသောကြောင့်ပင်။
“ စိတ်ဝင်စားစရာပဲ။ မင်းက တကယ့်ကို စဉ်းစားခန်းဝင်နေတာကိုး။ ဒီလိုဆိုမှတော့ မင်းရဲ့အကာအကွယ်က ဘယ်နှစ်ကြိမ် ခုခံနိုင်မလဲ ကြည့်ရတာပေါ့ ”
သူတော်စင်ကြယ်က တည်ငြိမ်စွာဖြင့် ရှေ့တစ်လှမ်း တိုးသွားသည်။ သူသည် ရွှီချင်းရှေ့သို့ ရိပ်ခနဲ ရောက်သွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ရွှီချင်းက တန်ပြန်တိုက်ခိုက်လိုက်လေ၏။
သူတော်စင်ကြယ်၏ လက်ဝါး ကျဆင်းလာသည်နှင့် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါး ကိုးဆယ့်နှစ်ခုမှာ ချက်ချင်း တဝုန်းဝုန်း တောက်လောင်လာပြီး အပြင်ဘက်သို့ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး ရှေ့သို့ ဖိချလိုက်သည်။
ထိုဖိအားနှင့်အတူ ဓမ္မတံခါးများထဲရှိ အကြွင်းအကျန်ဝိညာဉ်အမျှင်တန်းတစ်ခုကို ရွှီချင်း ထုတ်လွှတ်လိုက်သည်။
ရုတ်တရက် တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ သူတော်စင်ကြယ်သည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး ရွှီချင်း၏ဘေးတွင် ရိပ်ခနဲ ပေါ်လာသည်။ သူသည် ညာလက်ကို မြှောက်၍ မထူးခြားဟန်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ရွှီချင်း၏တစ်ကိုယ်လုံး အပြင်းအထန် တုန်ခါသွားသည်။ ကျောက်စိမ်းပေလွှာအကာအကွယ် ယိမ်းခါသွားပြီး ရွှီချင်းမှာ နောက်သို့ လွင့်ထွက်သွားပြန်သည်။
သို့သော်လည်း မကြာသေးခင်က သူ ထုတ်လွှတ်ခဲ့သည့် အကြွင်းအကျန် ဝိညာဉ်မှာ အသိဉာဏ်အနည်းငယ်ရှိနေဟန်တူသည်။ ၎င်းက ပေါ်လာသည်နှင့် သူတော်စင်ကြယ်ထံသို့ လောဘစိတ်ဖြင့် အရူးအမူး ပြေးဝင်သွားသည်။
“ နုလိုက်တာ ”
သူတော်စင်ကြယ်သည် ခေါင်းယမ်းလိုက်ပြီး အကြွင်းအကျန်ဝိညာဉ်ကို ချေဖျက်လိုက်သည့်အလား ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော် အကြွင်းအကျန်ဝိညာဉ်ကို သူ့ညာလက်ဖြင့် ထိသွားသည့်အခိုက် အကြွင်းအကျန်ဝိညာဉ်မှာ ပို၍ လောဘကြီးလာသည်။ ၎င်းသည် သူတော်စင်ကြယ်၏ တိုက်ကွက်ကို လျစ်လျူရှု၍ သူတော်စင်ကြယ်၏ ညာလက်ထံသို့ အရူးအမူး တိုးဝင်သွားသည်။
ထိုအကြွင်းအကျန်ဝိညာဉ်သည် ရွှီချင်း၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရပြီး ယခုအချိန်တိုင်အောင် မသေသေးသော သဘာဝလွန်မိစ္ဆာမျိုးနွယ်ဝင်၏ ဝိညာဉ်ဖြစ်သည်။
ထိုမျိုးနွယ်သည် ထူးဆန်းပြီး ခန္ဓာချုပ်နှောင်နည်းလမ်းကို မွေးရာပါ တတ်မြောက်ထားကြသည်။ သူတော်စင်ကြယ်ကို သက်စောင့်မီးအိမ်က ကာကွယ်ပေးထားပါသော်လည်း သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားခြင်းသာ ဖြစ်ပြီး သူ့ဝိညာဉ်ကို ကာကွယ်ပေးထားခြင်း မဟုတ်ပေ။
ထို့ကြောင့် သဘာလွန်မိစ္ဆာမျိုးနွယ်ဝင်၏ ဝိညာဉ်က အကာအကွယ်အလွှာကို မမှုဘဲ သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ထို့နောက် သူတော်စင်ကြယ်၏ ဝိညာဉ်ကို ဝါးမျိုရန်ရည်ရွယ်ချက်ဖြင့် အရူးအမူး ပြေးသွားသည်။
“ စိတ်ဝင်စားစရာပဲ ”
သူတော်စင်ကြယ်သည် မျက်နှာပျက်မသွားပေ။ သို့သော် သူ့နောက်ရှိ မြဲ့မုန်၏ မျက်လုံးများထဲတွင် အထင်သေးသောအရိပ်အယောင်များ ပေါ်လာသည်။ ၎င်းက ဂီးခနဲ အော်မြည်လိုက်ပြီး အတောင်ပံများကို ဖြန့်၍ သူတော်စင်ကြယ်ကို ကြမ်းတမ်းစွာ နှုတ်သီးဖြင့် ဆိတ်လိုက်သည်။
မြဲမုန်၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်သွားပြီး နှုတ်သီးဖြင့် ဆိတ်လိုက်သည့်ပုံစံက သူတော်စင်ကြယ်၏ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားသည်။ ထို့နောက် အချိန်အတော်ကြာ ရွှီချင်း၏ နှိပ်စက်ခြင်း ခံထားခဲ့ရ၍ အားအင်ချည့်နဲ့နေသော သဘာဝလွန်မိစ္ဆာမျိုးနွယ်ဝင်၏ အကြွင်းအကျန်ဝိညာဉ်မှာ နှုတ်သီးဖြင့် ဆိတ်ခြင်း ခံလိုက်ရပြီး ဝါးမျိုခံလိုက်ရသည်။
မြဲ့မုန်၏ ကိုယ်ထဲမှာ ကျဉ်းနက်ကြီးတစ်ခု ရှိနေဟန်တူသည်။ သဘာဝလွန်မိစ္ဆာမျိုးနွယ်ဝင်၏ အကြွင်းအကျန်ဝိညာဉ်ကို ဝါးမျိုပြီးနောက် ထိုဝိညာဉ်မှာ ကျဉ်းနက်ကြီးထဲ ရောက်သွားပြီး မလွတ်မြောက်နိုင်တော့ပေ။ ၎င်းက စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။
အစမှအဆုံးတိုင်အောင် သူတော်စင်ကြယ်သည် မျက်နှာပျက်မနေပေ။ ထိုအကြွင်းအကျန်ဝိညာဉ်က သူ့အတွက် ဘာမှမဟုတ်သည့်အလားပင်။ သူသည် မနီးမဝေးရှိ ရွှီချင်းကို လှည့်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“ မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးလား။ မရှိရင်တော့ မင်းအကာအကွယ် ပျက်စီးသွားတဲ့အချိန်က မင်းသေမယ့်အချိန်ပဲ ”
“ မင်းက တော်တော်စကားများတဲ့ကောင်ပဲ ”
ရွှီချင်းက နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို လျှာဖြင့်သပ်လိုက်ပြီး သွေးအေးသောအကြည့်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
သူတော်စင်ကြယ်က နောက်ထပ်စကားမဆိုတော့ပေ။ ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ရိုက်ချရန် ပြင်လိုက်သည်။
ထိုအချိန်၌ သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး ပထမဆုံးအကြိမ်အဖြစ် ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူ ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်အနက် နောက်ဆုံးဓမ္မတံခါးပေါ်တွင် အရိပ်တစ်ရိပ် ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
ထိုအရိပ်သည် သက်ရှိအလားပင်။ ၎င်းသည် ဓမ္မတံခါးတစ်ခုလုံးကို အရူးအမူး ဖုံးလွှမ်းလိုက်သည်။ ၎င်း၏ဖုံးလွှမ်းသည့်နှုန်းမှာ မြန်ဆန်လွန်းလှသည်ဖြစ်၍ သူတော်စင်ကြယ်မျက်နှာပျက်သွားပြီး ၎င်းကို အာရုံခံမိလိုက်သောအချိန်မှာပင် ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်အနက် နောက်ဆုံးဓမ္မတံခါးကို ဖုံးလွှမ်းပြီးသွားခဲ့ပြီ ဖြစ်သည်။
ထိုဓမ္မတံခါးကို လုံးဝ ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
ထိုဓမ္မတံခါး ပိတ်ဆို့ခံလိုက်ရသည်ဖြစ်၍ သူတော်စင်ကြယ်၏ စတုတ္ထမြောက်သက်စောင့်မီးလုံးမှာ ရုတ်တရက် မှေးမှိန်သွားသည်။ သူ့ကိုယ်ထဲမှ အလင်းပင် အနည်းငယ် ဖျော့တော့သွားသည်။
ယင်းအပြင် ၎င်းသည် အဆုံးသတ် မဟုတ်သေးချေ။ အသက်ရှူကြိမ်သုံးကြိမ်စာအတွင်း သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲရှိ စတုတ္ထမြောက်သက်စောင့်မီးလုံးမှာ ငြိမ်းသက်သွားလေသည်။
သက်စောင့်မီးလုံးတစ်လုံးကို ဓမ္မတံခါးသုံးဆယ်ဖြင့် ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ယင်းသည် အခြေတည်အဆင့်၏ အကြွင်းမဲ့နိယာမ ဖြစ်သည်။
ခြွင်းချက်ဟူ၍ မရှိပေ။ ဓမ္မတံခါးတစ်ရာတစ်ဆယ့်ကိုးလုံးက သက်စောင့်မီးလုံးလေးလုံးကို မထောက်ပံ့ပေးနိုင်ချေ။
မကြာသေးခင်က ရွှီချင်းအနေဖြင့် သူတော်စင်ကြယ်ကို ရဲတင်းစွာ တိုက်ခိုက်ဝံ့ပြီး သက်စောင့်မီးလုံးခြောက်လုံး အတိုက်အခိုက်စွမ်းရည်ရှိသော သူတော်စင်ကြယ်ကို ရင်ဆိုင်နေရသည့်အချိန်မှာပင် ရွှေအမြုတေအဆင့် တိုက်ရည်ခိုက်ရည်အကြောင်း တွေးတောရန်ပင် အချိန်ရနေသည်မှာ ထိုအကြောင်းရင်းကြောင့် ဖြစ်သည်။
ယင်းသည် ခုနစ်ဂိုဏ်းမဟာမိတ်မှ ထိုကောင်းကင်လက်ရွေးစင်များကို သူ လေ့လာပြီးနောက် ရရှိခဲ့သည့် ကြီးမားသော ဟာကွက်ကြီး ဖြစ်သည်။
ဓမ္မတံခါးတစ်ခုကို ဖျက်ဆီးခံလိုက်ရသည်ဖြစ်စေ၊ ပိတ်ဆို့ခံလိုက်ရသည်ဖြစ်စေ သက်စောင့်မီးလုံးတစ်လုံးစာ တိုက်ရည်ခိုက်ရည် လျော့ကျသွားမည် ဖြစ်သည်။
သူ ထိုသို့ အောင်မြင်စွာ လုပ်နိုင်သည်မှာ သက်စောင့်မီးလုံးများကို ငြှိမ်းသက်နိုင်သော အရိပ်လေးကြောင့် ဖြစ်သည်။ သူတော်စင်ကြယ်က မည်မျှပင် အစွမ်းထက်စေကာမူ အရိပ်လေးက သူ၏ဓမ္မတံခါးတစ်ခုကို အစွမ်းကုန် ပိတ်ဆို့ပစ်နိုင်သည်။
ယင်းသည် ရွှီချင်း၏ နည်းလမ်းဖြစ်သည်။
ထိုအချိန်၌ အရိပ်လေးက ဓမ္မတံခါးကို ကပ်ခွာတစ်ခုပမာ စိတ်ပျက်ရလောက်အောင် တွယ်ကပ်နေသည်ဖြစ်၍ သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးလုံးအရေအတွက်မှာ လေးလုံးမှ သုံးလုံး ဖြစ်သွားသည်။
သူ့မျက်နှာ မည်းမှောင်သွားသည်။ မြဲ့မုန်က မည်မျှပင်တိုက်ခိုက်သည်ဖြစ်စေ၊ သက်စောင့်မီးအိမ် မီးတောက်ဖြင့်ဖြစ်စေ အရိပ်လေးကို မဖယ်ထုတ်နိုင်ပေ။
အရိပ်လေး မည်သို့ ပေါ်လာသည်ကို သူ ရုတ်တရက် နားလည်လိုက်သည်။
အရိပ်လေးသည် အကြွင်းအကျန်ဝိညာဉ်ထဲတွင် ပုန်းခိုကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အကြွင်းအကျန်ဝိညာဉ်မှာ သူ့စိတ်ဝင်စားစေရန် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။ မြဲ့မုန်က အကြွင်းအကျန်ဝိညာဉ်ကိုသာ ဖယ်ထုတ်ခဲ့ပြီး ထိုအရိပ်ကို အာရုံမခံမိခဲ့ပေ။
ထိုကြောင့်အရိပ်လေးက ထိုအခွင့်အရေးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
“ ဒီလိုနည်းလမ်း … ”
သူတော်စင်ကြယ်က ရွှီချင်းကို သတ်ဖြတ်ချင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ဒီတော့ ဘာဖြစ်လဲ ”
“ အားနည်းတဲ့သူက အမြဲတမ်း အားနည်းတဲ့သူ ဖြစ်နေမှာပဲ။ သက်စောင့်မီးလုံးတစ်လုံး မရှိတော့ရင်တောင် မင်းကို သက်စောင့်မီးလုံးငါးလုံးစွမ်းအားနဲ့ ချုပ်နှောင်နိုင်သေးတယ်ကွ ”
သက်စောင့်မီးလုံးငါးလုံး စွမ်းအားများ ထွက်ပေါ်လာပြီး ရွှီချင်းထံသို့ သူ ပြေးဝင်သွားသည်။
ထိုအချိန်၌ ရွှီချင်းသည် လူသတ်ငွေ့များဖြင့် ဆူဝေနေပြီ ဖြစ်သည်။
သူတော်စင်ကြယ်၏ လှုပ်ရှားမှုများကို သူ ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်၏။ ယခုအခါ တစ်ဖက်လူ၏ အမြန်နှုန်းသည် သူနှင့်အတူတူ ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းသည်လည်း လှုပ်ရှားသွားသည်။
သူသည် လျှပ်စီးပမာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း လေထဲတွင် သူတော်စင်ကြယ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
သူတော်စင်ကြယ်၏ မျက်လုံးများ မှေးသွားသည်။ ရွှီချင်း၏အမြန်နှုန်းကြောင့် သူ အံ့အားသင့်သွားရသည်။
သူက ညာလက်ဖြင့် အောက်ကို ရိုက်ချလိုက်သည်။ ရွှီချင်းသည် သွေးအေးစွာ လက်သီးဖြင့် ထိုးချလိုက်သည်။ သူတို့နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံသွားကြပြီး သူတော်စင်ကြယ်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းလိုက်ရာ ရုတ်တရက် ကြီးမားသော အားလှိုင်းတစ်ခု ချက်ချင်း လွင့်ပျံသွားသည်။ သူ့လက်ချောင်းများက ရွှီချင်း၏ မျက်လုံးများကို ဆွဲကုတ်လိုက်၏။
ရွှီချင်း၏ ဘယ်လက်က မန္တန်လက်ကွက်ဖော်လိုက်ရာ ဓားမြှောင်တစ်လက် ရုပ်လုံးပေါ်လာပြီး သူတော်စင်ကြယ်၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံသွားပြန်သည်။
သူတော်စင်ကြယ်က ရွှီချင်းကို လှမ်းကန်လိုက်သည်။ ရွှီချင်းက ရှောင်တိမ်းလိုက်ပြီး သူတော်စင်ကြယ်၏ ဗိုက်ကို ဒူးဖြင့် တိုက်လိုက်သည်။ တချိန်တည်းမှာပင် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာမီးတောက်များ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
သူတော်စင်ကြယ်၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူက လက်သီးများ ဆုပ်လိုက်ပြီး အောက်သို့ ထိုးချလိုက်သည်။
ခေါင်းလောင်းထိုးသံအလား ကျယ်လောင်သောမြည်သံကြီး လွင့်ပျံသွားသည်။
တဝုန်းဝုန်းမြည်ဟည်းသံများ အဆက်မပြတ် ပဲ့တင်ထပ်သွားပြီး ရာသီဥတုပြောင်းလဲကာ လောကကြီး တုန်ဟီးသွားသည်။
ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ကို အပြင်လူများအနေဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ အဆက်မပြတ် မြည်ဟည်းနေသောအသံများနှင့် ကြောက်မက်ဖွယ်အငွေ့အသက်များကိုသာ သူတို့ ကြားသိနိုင်သည်။ မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အလား မရေမတွက်နိုင်သော အဆောက်အအုံများစွာ မြေပြင်သို့ လဲကျသွားသည်။
တိုက်ပွဲက မယှဉ်သာအောင် ပြင်းထန်ကြမ်းတမ်းသည်။
ခဏအကြာ လေထဲတွင် သူတော်စင်ကြယ် ပေါ်လာပြီး ပေတစ်ရာကျော်အကွာအထိ ဆုတ်ခွာသွားသည်။ သူက အံ့အားသင့်သောအကြည့်ဖြင့် ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ မင်းခန္ဓာကိုယ်က တစ်ခုခုပဲ ”