နတ်ဘုရားသားတော်များရဲ့ တိုက်ပွဲ
Vol. 23 Ch. 349
သူတော်စင်ကြယ် ပြောလိုက်သည့်အချိန်မှာပင် ရွှီချင်းသည် အနားသို့ တိုးကပ်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။
သူတော်စင်ကြယ်က လက်ကို ချက်ချင်းဝှေ့ယမ်းကာ လက်သီးချက်ကို တားဆီးလိုက်သည်။ ထို့နောက် သူသည် နောက်ဆုတ်သွားပြီး သူ့မျက်လုံးများ ပို၍ ဝင်းလက်သွားသည်။
“ မင်းခန္ဓာကိုယ် ဘာဖြစ်နေလဲ ကြည့်ကြသေးတာပေါ့ ”
ရွှီချင်းက စကားတစ်ခွန်း မဆိုပေ။ သူက သွေးအေးသောအကြည့်ဖြင့် ချက်ချင်း အနီးသို့ ချဉ်းကပ်သွား၏။
သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံသွားပြန်သည်။ မည်သည့်နည်းလမ်းကို သူတော်စင်ကြယ် အသုံးပြုလိုက်သည် မသိရပါသော်လည်း သူ့တစ်ကိုယ်လုံး ရွှေရောင်ဝင်းလက်သွားပြီး ဘေးပတ်ဝန်းကျင်သို့ အလင်းပင်လယ်ကြီးအသွင်ဖြင့် ဖြာကျလာရာ ရွှီချင်းမှာ နောက်ဆုတ်ရန်မှတစ်ပါး ရွေးစရာမရှိတော့ပေ။
ရွှီချင်း နောက်ဆုတ်လိုက်စဉ် အလင်းပင်လယ်ကြီးက တဖျပ်ဖျပ်ဝင်းလက်နေသော ကမ္ပည်းစာများအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းနောက်သို့ လိုက်သွားသည်။
ထိုကမ္ပည်းစာများက လူသတ်ငွေ့များဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။ ၎င်းတို့က နီးကပ်သွားသောအခါတွင် ချုပ်နှောင်စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။ တခဏအကြာ ကောင်းကင်ကြီးထံမှ ရောင်ခြည်များ ဖြာထွက်လာပြီး မြေပြင်မှာ တုန်ခါသွားသည်။
အလင်းကမ္ပည်းစာများ၏ ရိုက်ခတ်ခြင်းနှင့် ချုပ်နှောင်ခြင်းကို ရွှီချင်း ခံလိုက်ရသောအခါ သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ရွှီချင်းနှင့်ပတ်သက်၍ ခန့်မှန်းထားခဲ့ပြီးဖြစ်ပြီး အတည်ပြုရန် အချိန်တစ်ခုသာ လိုတော့သည်။
သူသည် ဘယ်လက်ဖြင့် မန္တန်လက်ကွက်များဖော်လိုက်ပြီး ခြေသုံးလှမ်း ဆုတ်သွားသည်။ ခြေတစ်လှမ်းစီတိုင်း မတူညီသော လက်ဟန်များ ဖော်လိုက်သည်။
ပထမခြေလှမ်းတွင် သူ့ပတ်လည်၌ အရိုးခိုက်အောင် အေးစိမ့်သောလေအေးများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်အပူချိန် လျော့ကျသွားသည်။
ဒုတိယခြေလှမ်းတွင် သူ့ပတ်လည်တွင် အစိမ်းရောင်အလင်းတန်း ပေါ်လာပြီး သူ့ရှေ့တွင် ဓားကိုယ်ထည်အဖြစ် အလျင်အမြန် စုစည်းသွားသည်။
တတိယခြေလှမ်းတွင် ဓားက လက်တစ်ဝါးအရွယ်မှ ပေတစ်ရာအထိ ရှည်သွားပြီး နောက်ဆုံးတွင် ပေတစ်ထောင်ရှည်သော ဓားကြီးအဖြစ် ပြောင်းလဲသွားသည်။
ထိုဓားသည် စိမ်းဖန့်နေပြီး ပုံရိပ်ယောင်အသွင်ရှိသည်။ ထိုဓားထံမှ သက်စောင့်ဝိညာဉ်ကို တုန်ခါသွားစေနိုင်သော အရှိန်အဝါများ ဖြာထွက်နေသည်။
ခြေသုံးလှမ်းပြည့်သွားပါသော်လည်း သူတော်စင်ကြယ်၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများက သိပ်သည်းထူထပ်နေဆဲပင်။ သူက စူးရှတောက်ပသောအကြည့်ဖြင့် ရွှီချင်းကို ညာလက်ညှိုးဖြင့် ထိုးလိုက်သည်။ ထို့နောက် လေနှင့် ရောယှက်နေဟန်တူသော သူ၏အသံ လွင့်ပျံလာသည်။
“ တိမ်လွှာဝိညာဉ်ချုပ်ဓားကွက် ”
ရွှီချင်း၏ကိုယ်ထဲမှ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး အလင်းကမ္ပည်းစာများကို တစ်လွှာပြီးတစ်လွှာ ချေဖျက်လေသည်။ သူသည် စိမ်းဖန့်ဖန့်ဓားကြီးကို မြင်သောအခါ မျက်လုံးများ မှေးသွားသည်။
ထို့နောက် ထိုစိမ်းဖန့်ဖန့်ဓားကြီးက ရွှီချင်းထံ တိုးဝင်သွားသည်။
ရွှီချင်းက ရှောင်တိမ်းလိုက်ပါသော်လည်း ဓားကြီးက သူ့ဝိညာဉ်ကို ချိန်ရွယ်ထားသည့်အလား သူ ရှောင်တိမ်း၍ မရပေ။
ရွှီချင်း၏မျက်လုံးများထဲတွင် စူးရှတောက်ပသောအလင်းများဖြင့် ဝင်းလက်သွားပြီး နောက်ထပ် မရှောင်တိမ်းရန် သူ ဆုံးဖြတ်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ရှေ့သို့ ဖိချလိုက်သည်။ သူ့ကိုယ်ထဲမှ မီးတောက်များ ကောင်းကင်ယံသို့တိုင်အောင် ထိုးတက်သွားသည်။
ဓားကြီးက ချက်ချင်း နီးကပ်လာပြီး သူနှင့် ထိပ်တွေ့သွားသည့်အခါတွင် ကျုံ့သွားကာ သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ဓားကြီးက ရွှီချင်း၏ကိုယ်ထဲ လုံးလုံးလျားလျား ဝင်ရောက်သွားပြီး ဝိညာဉ်ချုပ်နှောင်အားအဖြစ် ပြောင်းလဲသွားကာ သူ့ဝိညာဉ်ထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ဝိညာဉ်ချုပ်နှောင်ဓားကြီး ပြေးဝင်သွားသည့်အခိုက် ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် သက်စောင့်မီးအိမ်မှ ဖြစ်လာသော ထီးနက်ကြီးက အကာအကွယ်အလွှာတစ်ခုအသွင်ဖြင့် သူ၏အသိပင်လယ်ရှေ့မှာ ရုပ်လုံးပေါ်လာသည်။
ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ၏သက်စောင့်မီးအိမ်ကို နောက်ထပ်မဖုံးကွယ်နိုင်တော့ပေ။
သူတော်စင်ကြယ်ကဲ့သို့ အစွမ်းထက်ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါတွင် သူ၏သက်စောင့်မီးအိမ်ကို ဆက်လက်ဖုံးကွယ်ထားရန် မဖြစ်နိုင်ကြောင်း သူ သိပြီး ဖြစ်သည်။ တိုက်ခိုက်နေစဉ်အတွင်း သူ့စွမ်းအားများ ရုတ်တရက် အလိုလို ထိုးတက်လာခြင်းမှာ မဖြစ်နိုင်သည် မဟုတ်ပါလား။ အရိပ်လေးက သူတော်စင်ကြယ်၏ ဓမ္မတံခါးကို အစွန်းကုန်ကြိုးစား၍ ဖိနှိပ်နေသည်။
ထိုသို့ဖြစ်ပေရာ ဖုံးကွယ်ထားခြင်းမှာ အသုံးမဝင်တော့ပေ။ သူ၏ဝှက်ဖဲများကို ထုတ်ဖော်၍ သူတော်စင်ကြယ်အား လက်စတုံးပစ်ရန်သာ ရှိတော့သည်။
ထိုအချိန်၌ ဝိညာဉ်ချုပ်နှောင်ဓားကြီးက မီးတောက်နက်များဖြင့် လွှမ်းခြုံထားသော ထီးနက်ကြီးကို ဝင်ဆောင့်သွားသည်။
ကျောက်ခဲကို ကြက်ဥဖြင့် တိုက်လိုက်သည့်အလား ဝိညာဉ်ချုပ်နှောင်ဓားကြီးမှာ မရေမတွက်နိုင်သော အစိမ်းရောင်ဓားများအဖြစ် ပြိုကွဲသွားသည်။ ထီးနက်ကြီးက အပေါ်သို့ မြင့်တက်သွားပြီး အစိမ်းရောင်အလင်းတန်းများ ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ဝရုန်းသုန်းကား ထွက်သွားသည်။
အဝေးမှကြည့်ပါက ရွှီချင်း၏ကိုယ်ထဲမှ မရေမတွက်နိုင်သော အစိမ်းပျောက်များ ပစ်လွှတ်နေသည်ကို မြင်ရပေမည်။ ထိုအချိန်၌ ရွှီချင်း၏ခေါင်းပေါ်တွင် ကွန်ခြာတစ်ခု ပေါ်လာသည်။
အနက်ရောင်ကွန်ခြာက ထူးဆန်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကွန်ခြာ၏ အစွန်းများမှ အနက်ရောင်မီးတောက်များ စီးဆင်းနေသည့်အလား အောက်သို့ဖြာကျနေသည်။ ယင်းကြောင့် လေထဲတွင် ရပ်နေသော ရွှီချင်းသည် မယုံနိုင်စရာကောင်းလောက်အောင် မျက်စိပသာဒဖြစ်လှသည်။
ထိုတိုက်ပွဲကို ကြည့်နေကြသော ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး တအံ့တသြ ဖြစ်သွားကြသည်။
သူတော်စင်ကြယ်သာမက ဘေးပတ်လည်ရှိ လူတိုင်း ကွန်ခြာကို မြင်လိုက်ကြရသည်။
“ သက်စောင့်မီးအိမ် ”
သူတော်စင်ကြယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲတွင် ခံစားချက်လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။ သူ့အသက်ရှူသံများ မြန်ဆန်လာပြီး သူ့ခန္ဓာနှင့်စိတ်က သဘောကျနှစ်ခြိုက်သည့်ပီတိအဟုန်ဖြင့် ပြည့်နှက်လာသည်။
ရွှီချင်းနှင့် ပတ်သက်ပြီး တစ်ခုခုလွဲမှားနေသည်ကို သူ အစောကတည်းက မြင်ထားခဲ့သည်။ ရွှီချင်းက သက်စောင့်မီးလုံးသုံးလုံး တိုက်ရည်ခိုက်ရည်သာ ရှိသည်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် ပေါင်းလိုက်သည့်တိုင်အောင် ယခုအချိန်အထိ သူ့ကို လက်ရည်တူယှဉ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထီးနက်က သူ့သံသယများကို အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။
ရွှီချင်းက မည်သည့်အတွက်ကြောင့် စီမာလင်းကို ချုပ်နှောင်နိုင်ပြီး သူနှင့် တိုက်ခိုက်ဝံ့နေရသည်ကို သူ ချက်ချင်း နားလည်သွားသည်။
နောက်ဆုံးတွင် သူ အဖြေရသွားပြီ ဖြစ်သည်။
ရွှီချင်းသည် သွေးရူးသွေးတမ်းဖြစ်နေသောအမူအရာမရှိဘဲ ပကတိ တည်ငြိမ်နေ၏။ သက်စောင့်မီးအိမ်ကို ထုတ်ဖော်လိုက်ခြင်းက အလွန် သိသာထင်ရှားသွားခဲ့သော်လည်း သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်ကိုသာ လုယူနိုင်ခဲ့ပါက သက်စောင့်မီးအိမ်နှစ်လုံးဖြင့် သူ၏တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးခြောက်လုံးအဆင့်သို့ ရောက်သွားမည်ဟု သူ တွေးမိသည်။
‘ သူတော်စင်ကြယ်ကို ငါ သတ်လိုက်ရင် ထုတ်ပြလိုက်တဲ့အန္တရာယ် အများကြီး နည်းသွားမှာပဲ။ ဒီသတင်း ပျံ့သွားခဲ့ရင်တောင် အလွန်ဆုံး ချီရွှဲ့ထုံဂိုဏ်းကနေ ထွက်ပြီး အဝေးတစ်နေရာမှာ ဇာတ်မြှုပ်နေရမှာပဲ ’
‘ ပင်မမြို့ကြီးရဲ့ ဆိပ်ကမ်းက အကျိုးအမြတ်တွေကို စွန့်လွှတ်လိုက်ရရင်တောင် သူတော်စင်ကြယ်ရဲ့ သက်စောင့်မီးအိမ်ကို ရယူနိုင်ရင် တန်ပါတယ် ’
သူက အခြေအနေအား သုံးသပ်လိုက်စဉ် သူ၏မျက်လုံးများထဲတွင် လူသတ်ချင်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူတော်စင်ကြယ်မှာမူ ကောင်းကင်ကြီးကို မော့ကြည့်၍ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့ရှေ့တွင် ဓားချီတစ်ရာ ပေါ်လာသည်။ သူက အင်္ကျီလက်ကို ခါယမ်းလိုက်ရာ ထိုဓားချီများက အောက်ဘက်ရှိ မြေပြင်သို့ ရုတ်တရက် ပြေးဆင်းသွားသည်။
ဘုရားကျောင်းအပြင်ဘက်ရှိ ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်သွားကြစဉ် ထိုဓားချီများက သူတို့ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။
စူးစူးဝါးဝါးအော်ဟစ်သံများ ချက်ချင်း လွင့်ပျံလာသည်။ ထိုဓားချီများသည် လွင့်ပျယ်မသွားဘဲ တစ်လွှာပြီးတစ်လွှာ ပြန့်လွင့်သွားကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားလေသည်။
သူတော်စင်ကြယ်က ရွှီချင်း၏ သက်စောင့်မီးအိမ်အား မြင်လိုက်ရသည့် မည်သည့်ကျင့်ကြံသူကိုမဆို နှုတ်ပိတ်ချင်သည်။
သက်စောင့်မီးအိမ် ပေါ်ပေါက်လာခြင်းသည် ကိစ္စကြီးတစ်ရပ်ဖြစ်သည်။ ထိုသတင်းအား သူ ဖြန့်ခွင့်ပြုမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ရွှီချင်း၏ သက်စောင့်မီးအိမ်က သူ့အပိုင်ဖြစ်လာမည်ဟု သူ တထစ်ချ ယုံကြည်ထားသောကြောင့်ပင်။ သူ၏တိုက်ရည်ခိုက်ရည်က စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်သော အဆင့်ဖြစ်သည့် သက်စောင့်မီးလုံးခုနစ်လုံးအဖြစ်သို့ မြင့်တက်သွားမည်ကို တွေးမိသောအခါ အပြင်းအထန် စိတ်လှုပ်ရှားလာသည်။
သက်စောင့်မီးအိမ်များက ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက် ပို၍ပင် အဓိပ္ပာယ်ရှိသည်ကိုလည်း သူ သိသည်။ သက်စောင့်မီးအိမ်တစ်လုံးက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ဘဝမြူခိုးထဲက ကောင်းကင်နန်းတော်ကို တစ်ခါတည်း ဖွင့်ပေးနိုင်စွမ်းရှိသည်။
သက်စောင့်မီးအိမ်နှစ်လုံးက နန်းတော်နှစ်ဆောင် ဖြစ်သည်။
ထို့ကြောင့် အပြင်ထွက်သွားသော တာအိုအစောင့်အရှောက်များကို သူ ပြန်မခေါ်တော့ပေ။
ထိုအစောင့်အရှောက်သုံးယောက်က သူတို့လောဘများအား ထိန်းချုပ်နိုင်စွမ်းမရှိမည်ကို သူ စိတ်ပူသည်။ ယင်းအပြင် သူ၏သက်စောင့်မီးအိမ်နှင့် ရွှီချင်း၏ သက်စောင့်မီးအိမ်က မတူညီသည် မဟုတ်ပါလား။
သူ၏သက်စောင့်မီးအိမ်ကို သူ ထုတ်ပြနိုင်သည့်အကြောင်းအရင်းသည် ယင်ဟွမ်ပြည်နယ်၌ သူ့ထံမှ သက်စောင့်မီးအိမ်ကို လုယူနိုင်သည် အလွန့်အလွန် နည်းပါးသောကြောင့်ပင်။ ယင်းအပြင် သူတစ်ယောက်သာ သူ၏သက်စောင့်မီးအိမ်ကို အသုံးပြုခွင့်ရှိပြီး အမှန်စင်စစ် သူ၏သက်စောင့်မီးအိမ်ကို သူသည်လည်း မပိုင်ဆိုင်ပေ။ သို့သော် ရွှီချင်း၏ သက်စောင့်မီးအိမ်မှာ မတူညီပေ။
‘ အဲဒါ သူ ပိုင်တဲ့ သက်စောင့်မီးအိမ်ပဲ။ ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ကောင်လဲ ’
‘ ချီရွှဲ့ထုံဂိုဏ်းရဲ့ နံပါတ်တစ် ကောင်းကင်လက်ရွေးစင်က သိပ်ဖုံးကွယ်တတ်တာပဲ ’
ပထမဆုံးအကြိမ်အဖြစ် သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ ပေါ်လာပြီး သူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ငါ့အခွင့်အရေးက ဒီမှာ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ရွှီချင်း၊ မင်းသက်စောင့်မီးအိမ်က ငါ့အပိုင်ပဲ ”
စကားဆုံးသည်နှင့် သူတော်စင်ကြယ်၏ တစ်ကိုယ်လုံး ရွှေရောင်ဝင်းလက်သွားသည်။ ထိုရွှေရောင်အလင်းတန်းများထဲတွင် သူ့နောက်ကျောမှ မြဲ့မုန်က တစ်ကိုယ်လုံး ပေါ်လွင်လာသည်။
၎င်း၏ခန္ဓာကိုယ်က ပေတစ်ထောင်ရှည်ပြီး အစိမ်းရောင်ခန္ဓာ၊ အနီရောင်အမြီး၊ ရှည်လျားသော နှုတ်သီးနှင့် ကြီးမားသော ဝမ်းဗိုက်ရှိသည်။ ၎င်း၏ပုံပန်းသွင်ပြင်က အလွန် အရုပ်ဆိုးပြီး ထူးဆန်းသည်။
မြဲ့မုန်က ပေါ်လာပြီးနောက် သံရှည်ဆွဲ၍ အော်မြည်လိုက်သည်။ ၎င်းက ရွှီချင်းကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်သောအခါတွင် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ သူ့နောက်ကျောမှ အနက်ရောင်မီးတောက်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။ တချိန်တည်းမှာပင် သူ့နောက်တွင် ရွှေကျီးကန်းကြီး ပေါ်လာသည်။ ရွှေကျီးကန်းကြီး၏ အမြီးမီးတောက်များက လှုပ်ယမ်းနေပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်နေသည်။
ထို့နောက် ရွှီချင်းက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တဟုန်ထိုး ပြေးဝင်သွားသည်။
သူတော်စင်ကြယ်သည်လည်း လောဘရောင်လက်နေသောအမူအရာဖြင့် ပြေးသွားသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ လေထဲ ထိပ်တိုက်တွေ့ဆုံသွားသည်။ ဤတစ်ကြိမ်တွင် ယခင်အကြိမ်များထက် ပို၍ ပြင်းထန်သည်။
အစောပိုင်းက သူတို့နှစ်ယောက်သည် အပြင်အားကိုသာ အားပြု၍ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့ကြသည်။ မန္တန်များစွာ အသုံးမပြုရသေးသလို ဧကရာဇ်အဆင့်အတတ်များကိုလည်း မထုတ်ဖော်ကြသေးပေ။ တစ်ယောက်၏အားနည်းချက်များကို တစ်ယောက်က ရှာဖွေနေခဲ့ကြသည်။
ယခုအချိန်၌ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ နှစ်ယောက်လုံးက ထိမ်ချန်မနေတော့ဘဲ သက်ခြွေတိုက်ကွက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။
သူတော်စင်ကြယ်၏ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ဖြစ်သော ‘ ကောင်းကင်ဝါးမျို မြဲ့မုန် ’ အတတ်က ရက်စက်ကြမ်းကြုတ်သော ငှက်ကြီးဖြစ်သည့် မြဲ့မုန်အဖြစ် ပြောင်းလဲသွားပြီး ရွှေကျီးကန်းကြီးကို ဝါးမျိုရန် ကြိုးစားလိုက်သည်။
ကျင်းဝူလျန့်ဝမ့်လင်အတတ်မှဖြစ်လာသော ရွှီချင်း၏ ရွှေကျီးကန်းကြီးက မြဲ့မုန်ကို အငမ်းမရ စုပ်ယူလိုက်သည်။
အဝေးမှကြည့်ပါက မြဲ့မုန်သည် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေပြီး ရွှေကျီးကန်းကြီးက မီးတောက်နက်များကို ထုတ်လွှတ်နေသည်။ တစ်ကောင်က ဝါးမျိုခြင်းဖြစ်ပြီး တစ်ကောင်က စုပ်ယူခြင်း ဖြစ်သည်။ တစ်ကောင်က ဖမ်းဆုပ်ခြင်း ဖြစ်ပြီး တစ်ကောင်က သန့်စင်ခြင်း ဖြစ်သည်။
ရွှီချင်းနှင့် သူတော်စင်ကြယ်တို့သည် လေထဲတွင် လက်သီးချက်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ခါတရံ ရွှီချင်းသည် မြေပြင်သို့ ဝုန်းခနဲ ကျသွားပြီး ပြန်ထကာ တိုက်ခိုက်တတ်သည်။
ရံဖန်ရံခါ သူတော်စင်ကြယ်သည် အဝေးသို့ လွင့်ထွက်သွားပြီး အဆောက်အအုံများနှင့် ဝင်ဆောင့်သွားတတ်သည်။ အဆောက်အအုံများ ပျက်စီးသွားပြီး သူသည်လည်း ချက်ချင်း ပြန်တိုက်ခိုက်တတ်သည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေကြစဉ် ကောင်းကင်ကြီး ပုံပျက်ကာ မြေပြင် ပျက်စီးလာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဘာမှမလုပ်နိုင်ကြသည်ကို မြင်၍ သက်စောင့်မီးအိမ်များ ထုတ်ဖော်လိုက်ကြသည်။
ရွှီချင်း၏ ထီးနက်မှ မီးတောက်နက်များသည် ကြောက်မက်ဖွယ်စွမ်းအားတစ်မျိုး ဆောင်ကြဉ်းလာပြီး သူတော်စင်ကြယ်၏ သက်တန့်ရောင်စဉ်ကွန်ခြာက မှန်းဆ၍မရနိုင်သော စွမ်းအားကို ထုတ်လွှတ်လေသည်။ တစ်ခုနှင့်တစ်ခု အချင်းချင်း ဖိနှိပ်နေကြပြီး လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်လာသည်။
ခဏအကြာတွင် သူတို့နှစ်ယောက်၏ သက်စောင့်မီးအိမ်များနှင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်များကို တစ်ချိန်တည်းအသက်သွင်းလိုက်ကြပြီး တစ်ခုနှင့်တစ်ခု ကြမ်းတမ်းစွာ ထိပ်တိုက်တွေ့ဆုံသွားသည်။
သူတို့နှစ်ယောက်လုံး သွေးများအန်သွားပြီး ထိုထိပ်တိုက်တွေ့ဆုံရာမှ နောက်သို့ လွင့်စဉ်သွားကြသည်။ တာအိုဘုရားကျောင်းကို ဗဟိုပြု၍ ပေတစ်ထောင်အကွာစီ ဆုတ်သွားကြပြီး ကောင်းကင်ကို နှစ်ခြမ်းခွဲနေသည့်အလား လေထဲတွင် ရပ်လိုက်ကြသည်။
သူတော်စင်ကြယ်သည် ရွှေရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဘေးပတ်လည်ရှိ ရွှေရောင်အလင်းတန်းများက လောကကြီးကို အလင်းပေးနေသော အလင်းပင်လယ်ကြီးတစ်စင်းသဖွယ် ဖြစ်နေသည်။ သူ့ခေါင်းပေါ်တွင် အလင်းများ ဖြာကျနေသော သက်တန့်ရောင်စဉ်ကွန်ခြာတစ်ခုရှိသည်။ သူ့နောက်တွင် မြဲ့မုန်က ကောင်းကင်ကြီးကို ဝါးမျိုချင်နေသည့်အလား မာန်ဖီနေသည်။ သူတော်စင်ကြယ်၏ ထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် လောကကြီးထဲသို့ သက်ဆင်းလာခဲ့သော လူငယ်ဘုရင်တစ်ပါးအလား ထင်မှတ်ရသည်။
လောကကြီးကို သူ ပိုင်ဆိုင်သည့်အလားပင်။
ရွှီချင်းသည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ပတ်လည်တွင် မီးတောက်နက်ပင်လယ်ကြီး တဟုန်းဟုန်း တောက်လောင်နေပြီး သူ့ခေါင်းပေါ်မှ အနက်ရောင်ကွန်ခြာက မီးတောက်များကို သွေးအေးစွာ ထုတ်လွှတ်နေသည်။ ရွှေကျီးကန်းကြီးသည် သူ့ကျောပေါ်မှာ အတောင်ပံများကို ဖြန့်ထားပြီး လောကကြီးကို သန့်စင်ချင်နေသည့်အလား ၎င်း၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းများ အထင်းသား ပေါ်လွင်နေသည်။ ၎င်း၏အမြီးမီးတောက်များက ရွှီချင်း၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားလေရာ ဧကရာဇ်ဝတ်ရုံကို ရွှီချင်း ဝတ်ဆင်လိုက်သည့်အလားပင်။
ပြိုင်စံရှားရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ ရွှီချင်းသည် လူသားလောကသို့ လျှောက်လှမ်းလာသော ရှေးအရှင်သခင်ငယ်တစ်ပါးအလားပင်။
သူတော်စင်ကြယ်က ရွှီချင်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ ရွှီချင်းက အမှန်ပင် အစွမ်းထက်သည်ကို သူ ဝန်ခံရမည်ဖြစ်သည်။ ရွှီချင်းမှာ ရှေးအရှင်သခင်တစ်ပါး ဖြစ်နိုင်သော အရည်အချင်းများ ရှိပေသည်။
အမှန်စင်စစ် ဝမ်ကူးဒေသလောကကြီးအပြင်ဘက်ရှိ လောကငယ်များထဲ ရွှီချင်းကို ထားလိုက်မည်ဆိုပါက ထိုကဲ့သို့ တိုက်ရည်ခိုက်ရည်ဖြင့် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ဝမ်ကူးလောကကြီး၏ အဆင့်က အလွန် မြင့်မားသည်။ သူ ဖတ်ခဲ့ဖူးသည့် ရှေးဟောင်းမှတ်တမ်းများအရ နတ်ဘုရားမျက်နှာပျက်ကြီး ရောက်မလာခင်က ဝမ်ကူးဒေသကြီးအပြင်ဘက်တွင် မရေမတွက်နိုင်သော လောကငယ်များစွာ ရှိသည်။
ထိုလောကငယ်များရှိ ကျင့်ကြံသူများသည် အလွန်တရာ အစွမ်းနိမ့်ကျသည်။ အခြေတည်အဆင့်အထွတ်အထိပ်ကျင့်ကြံသူများက သက်စောင့်မီးလုံးတစ်လုံး တိုက်ရည်ခိုက်ရည်သာ ရှိကြသည်။
ဝမ်ကူးဒေသကြီးနှင့် ယှဉ်ပါက ကွာခြားချက် ကြီးမားလွန်းပေသည်။