← Chapters

ဂုဏ်အရှိန်အဝါအတွက် နေနှင့်လ စစ်ခင်းခြင်း

Vol. 23 Ch. 350

ဂုဏ်အရှိန်အဝါအတွက် နေနှင့်လ စစ်ခင်းခြင်း

Vol. 23 Ch. 350

ရွှီချင်းက သူတော်စင်ကြယ်ကို စူးစိုက်ကြည့်လိုက်သည်။

သူတော်စင်ကြယ်က အလွန်အစွမ်းထက်ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ သူ ခြေချစဉ်ကတည်းက ရင်ဆိုင်ခဲ့ရသမျှ ရန်သူများထဲ အစွမ်းထက်ဆုံးရန်သူဖြစ်သည်။

အထူးသဖြင့် အရိပ်လေးကို သုံး၍ သူတော်စင်ကြယ်၏ ဓမ္မတံခါးကို ဖုံးအုပ်လိုက်ပြီး သူတော်စင်ကြယ်၏ တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးတစ်လုံး လျော့ကျသွားသည့်တိုင်အောင် အစွမ်းထက်နေသေးသည်။

ထိုသို့သာ မဟုတ်လျှင် ရွှီချင်းသည် သူတော်စင်ကြယ်၏ ပြိုင်ဘက်မဟုတ်ပေ။

သက်စောင့်မီးလုံးတစ်လုံး လျော့နည်းသွားသည့်တိုင် သူတော်စင်ကြယ်မှ နည်းလမ်းပေါင်းများစွာ ရှိသေးသည်။ သူ၏ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်သည် ကြောက်မက်ဖွယ်ကောင်းပြီး မရေမတွက်နိုင်သော နတ်အတတ်များကိုလည်း သူ တတ်မြောက်ထားသည်။ သူ၏သက်စောင့်မီးအိမ်အကာအကွယ်က ရွှီချင်း၏အဆိပ်ကိုပင် တားဆီးနိုင်သည်။

‘ သူ့သက်စောင့်မီးအိမ်ကို ငါ ရသွားရင် ငါ့ခန္ဓာကိုယ်ကိုလည်း ကာကွယ်နိုင်သွားမှာပဲ။ ဒါဆို ငါ့အကာအကွယ်က ပိုပြီး ပြည့်စုံသွားမယ် ’

ရွှီချင်းသည် လူသတ်ချင်စိတ်များ ပြင်းထန်လာပြီး သူတော်စင်ကြယ်၏ လည်ပင်းကို စူးစိုက်ကြည့်ကာ ထိုမှတစ်ဆင့် သူတော်စင်ကြယ်၏ ခေါင်းအထက်ရှိ သက်စောင့်မီးအိမ်ကွန်ခြာကို ကြည့်လိုက်သည်။

သူတော်စင်ကြယ်ကို ရွှီချင်း ကြည့်လိုက်စဉ် သူတော်စင်ကြယ်သည်လည်း ရွှီချင်းကို စူးစိုက်ကြည့်နေသည်။ ယင်ဟွမ်ပြည်နယ်ထဲတွင် သူ တိုက်ခိုက်ခဲ့ဖူးသည့် အဆင့်တူကျင့်ကြံသူများအနက် ရွှီချင်းသည် ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်နိုင်သည်ဟု သတ်မှတ်နိုင်သည်။

နန်းဟွမ်ကျွန်းကြီးကဲ့သို့ နေရာလေးတစ်ခု၌ ယခုကဲ့သို့ လူတစ်ယောက်ကို တွေ့ရမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

“ ဘိုးဘိုးပြောတာမှန်တဲ့ပုံပဲ။ ခေတ်ကြီးတစ်ခေတ်ရောက်လာပြီး မယုံနိုင်စရာကောင်းတဲ့ အခွင့်အလမ်းတွေ ရှိလာတယ်။ ကောင်းကင်လက်ရွေးစင်တွေ ပေါ်ထွန်းလာပြီး မိစ္ဆာတွေ နေရာတိုင်းမှာ ရှိလာတယ်။ ရွှီချင်းရဲ့ သက်စောင့်မီးအိမ်ကို ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်လိုက်ရင် သက်စောင့်မီးလုံးတစ်လုံးတိုက်ရည်ခိုက်ရည် ရရှိလာရုံမကဘူး ကောင်းကင်နန်းတော်ကိုပါ အကျိုးသက်ရောက်မှု ရှိသွားမယ် ”

“ သက်စောင့်မီးအိမ်ရဲ့တန်ဖိုးက အခြေတည်အဆင့်တင်မကဘူး ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ကိုလည်း သက်ရောက်မှုရှိတယ်။ သူ့သက်စောင့်မီးအိမ်ကို ငါ ပေါင်းစပ်နိုင်လိုက်တာနဲ့ ရွှေအမြုတေအဆင့်ကို ငါ ရောက်သွားတဲ့အချိန်ကျရင် သက်စောင့်မီးအိမ်နှစ်လုံးနဲ့ဆို ဘဝမြူခိုးထဲမှာ နန်းတော်နှစ်ဆောင်ကို ငါ အရင်ဆုံး ဖန်တီးနိုင်မှာပဲ ”

“ နန်းတော်တစ်ဆောင်က သက်စောင့်မီးလုံးခြောက်လုံးနဲ့ ညီမျှတယ်။ ရွှေအမြုတေအဆင့်ကို ငါ ရောက်သွားရင် အနိမ့်ဆုံး သက်စောင့်မီးလုံးဆယ့်နှစ်လုံးကို ငါ ပိုင်ဆိုင်သွားမှာပဲ။ ငါ့ကျင့်ကြံခြင်းစွမ်းအားတွေကို အချိန်တစ်ခုလောက် မွေးမြူပြီး ပထမမြောက် ကောင်းကင်နန်းတော်ကို ဖွင့်ပြီးသွားရင် ငါက သက်စောင့်မီးလုံးဆယ့်ရှစ်လုံးအစွမ်းကို ပိုင်ဆိုင်သွားမှာပဲ ”

“ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်လည်း ရှိသေးတယ်။ ငါ သူ့ကို သတ်ပြီး ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို ဝါးမျိုလိုက်ရင် ငါ့မြဲ့မုန်က ဒုတိယအဆင့်ကို ရောက်သွားမယ် ”

“ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်တွေ အဆင့်တက်ဖို့ဆိုတာ အင်မတန် ခက်တယ်။ ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေရဲ့ မျိုးဆက်တွေတောင် အခြေတည်အဆင့်မှာ သူတို့ဧကရာဇ်ကျင့်ကြံခြင်းအတတ်တွေကို အဆင့်နှစ်ရောက်အောင် လုပ်နိုင်တာ မဟုတ်ဘူး။ ရွှေအမြုတေအဆင့်ကို ရောက်သွားရင်တောင် ကျင့်ကြံခြင်းအတတ်တွေ အဆင့်တက်အောင် လုပ်ဖို့ သိပ်ခက်တယ်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို အဆင့်တက်အောင် လုပ်နိုင်တာနဲ့ သက်စောင့်မီးလုံးတစ်လုံး အစွမ်းပဲ ရှိတော့မှာမဟုတ်ဘူး။ ကောင်းကင်နန်းတော်လိုမျိုး သက်စောင့်မီးလုံးခြောက်လုံးအစွမ်း ရှိသွားမှာ ”

“ ငါ အောင်မြင်သွားလို့ ရွှေအမြုတေအဆင့်ကို ရောက်သွားရင် သက်စောင့်မီးလုံးဆယ့်ရှစ်လုံးအစွမ်းကို ပိုင်ဆိုင်သွားမယ်။ ပြီးတော့ ခဏလေးနဲ့ သက်စောင့်မီးလုံးဆယ့်လေးလုံးအစွမ်းကို ငါ ပိုင်ဆိုင်သွားမှာ။ အဲဒီလိုတိုက်ရည်ခိုက်ရည်နဲ့ဆိုရင် ယင်ဟွမ်ပြည်နယ်မှာ ငါက ပြိုင်စံရှားနံပါတ်တစ် ကောင်းကင်လက်ရွေးစင် ဖြစ်သွားမှာပဲ။ ပြီးရင် အဲဒီအဆင့်အတန်းကို အသုံးချပြီး ဓားကိုင်ရုံးခွဲကို ဝင်မယ်။ ငါ့လမ်းကြောင်းက အမြင့်ပျံတက်သွားပြီး ဖုန်းဟိုင်မြို့ကြီးဆီ ငါ ရောက်သွားမှာပဲ ”

သူတော်စင်ကြယ်နှင့် ရွှီချင်းတို့သည် ဝေဟင်ထဲရှိ တစ်ဖက်တစ်ချပ်တွင် ရပ်နေကြသည်။ သူတော်စင်ကြယ်၏ဘက်ခြမ်းတွင် သက်တန့်ရောင်များ လင်းထိန်နေပြီး မြေပြင်မှာ ရောင်စုံပြောင်းလဲနေသည်။

ရွှီချင်းဘက်ခြမ်းတွင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသည်။ မီးတောက်နက်များက လေထဲတွင် လောင်ကျွမ်းနေပြီး တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြပြီး တစ်ယောက်၏ကိုယ်မှ ထွက်နေသော လူသတ်ငွေ့များကို တစ်ယောက်က မြင်နေရသည်။

ထို့နောက် သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြသည်။

အဝေးမှကြည့်ပါက မတူညီသော ကောင်းကင်နှစ်ခြမ်း ထိပ်တိုက်တွေ့ဆုံနေသည့်အလားပင်။

ဒဏ္ဍာရီလာနတ်ငှက်များဖြစ်ကြသော မြဲ့မုန်နှင့် ရွှေကျီးကန်းတို့က ဂီးခနဲ အော်မြည်၍ တစ်ကောင်ကိုတစ်ကောင် ဝါးမျိုရန် ကြိုးစားလိုက်ကြသည်။

သက်စောင့်မီးအိမ်ကွန်ခြာနှစ်ခုသည်လည်း နတ်အလင်းများ အသီးသီး ထုတ်လွှတ်နေကြသည်။

ယင်းသည် အရှင်သခင်ငယ်နှင့် ရှေးဘုရင်ငယ်ကြားက အသက်ချင်းလောင်ကြေးထပ်သည့် တိုက်ပွဲ ဖြစ်ပေသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားသည်။

ကောင်းကင်ကြီး ပေါက်ကွဲသွားတော့မည့်ဟန်ဖြစ်လာစဉ် ရွှီချင်းနှင့် သူတော်စင်တို့သည် တစ်ယောက်ကိုတစ်ယောက် အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ပြင်းထန်စွာ တုန်ခါသွားကြပြီး နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

“ ချီးပဲ … ငါ့သက်စောင့်မီးလုံးခြောက်လုံး တိုက်ရည်ခိုက်ရည်သာ ရှိနေခဲ့လို့ကတော့ကွာ ”

သူတော်စင်ကြယ်၏ မျက်နှာ သုန်မှုန်နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေပြီး တစ်ရာ့နှစ်ဆယ်မြောက်ဓမ္မတံခါးပေါ်ရှိ အရိပ်နက်ကို ထုတ်ပယ်ရန် သူ အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော် မည်မျှပင် သူ့မီးတောက်များ ပြင်းထန်စေကာမူ အရိပ်လေးမှာ ဇွဲကောင်းလှသည်။ မီးတောင်နှုတ်ခမ်းဝသဖွယ်ဖြစ်နေသော ဓမ္မတံခါးကို စိတ်ဓာတ်ကျဖွယ်ကောင်းလောက်အောင် အရိပ်လေးက ပိတ်ဆို့နေပေရာ သူတော်စင်ကြယ်၏ စတုတ္ထမြောက်သက်စောင့်မီးလုံးမှာ ရုပ်လုံးပေါ်မလာနိုင်အောင် ဖြစ်နေတော့သည်။

သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ တောက်လောင်နေပြီဖြစ်သည်။ သူ နောက်ဆုတ်လိုက်စဉ် ရွှီချင်းက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ချဉ်းကပ်လာနေသည်ကို သူ မြင်လိုက်ရသည်။

သူ၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူသည် လျှာထိပ်ဖျားကို ကိုက်လိုက်ပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။

“ တစ္ဆေအဝတ်၊ ခန္ဓာနဲ့ ဝိညာဉ်ကို ချုပ်နှောင်စေ ”

သူ ရွတ်ဆိုလိုက်စဉ် သွေးတစ်ပွက်က မျက်တောင်တစ်ချက်ခတ်အတွင်း ပေတစ်ထောင်အထိ ကြီးထွားလာပြီး သွေးရောင်ဝတ်ရုံအသွင်ဖြင့် ရွှီချင်းထံ ပြေးဝင်သွားသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သူ့နောက်မှ ရွှေကျီးကန်းကြီးသည် စူးရှစွာ အော်မြည်လိုက်ပြီး မီးတောက်နက်များ တဟုန်းဟုန်း ပျံ့လွင့်လာသည်။ သိ့ုသော်လည်း သွေးဝတ်ရုံကြီးသည် ပျက်စီးသွားမည်ကို ဂရုမစိုက်ဘဲ အတင်းအကြပ် ဝင်ရောက်လာကာ ရွှီချင်းကို လွှမ်းခြုံလိုက်သည်။

ဝတ်ရုံမှ ချုပ်နှောင်စွမ်းအားများ ပေါ်လာပြီး ရွှီချင်း၏ခန္ဓာကိုယ်မှာ လေထဲတွင် အလိုလို ရပ်တန့်သွားသည်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူ့နောက်မှ ရွှေကျီးကန်းနှင့် သူ့ခေါင်းအထက်မှ သက်စောင့်မီးအိမ်ကွန်ခြာတို့က ချုပ်နှောင်စွမ်းအားများကို ဖယ်ရှားပစ်နေသည့်အလား တဟူးဟူး တောက်လောင်လာသည်။

ထိုအချိန်၌ သူတော်စင်ကြယ်က ညာလက်ကို မြှောက်၍ လက်ဟန်ဖော်လိုက်သည်။

“ ကောင်းကင်သွေးဓား ”

တခဏလေးအတွင်း သူ့ညာလက်က အနီရောင်ပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံးရှိ သွေးနှင့်ချီများ တပွက်ပွက်ထလာသည်။ သူ့ခေါင်းထိပ်မှ သွေးအလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ဝေဟင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

အနီးကပ်ကြည့်ပါက ထိုသွေးအလင်းတန်းထဲတွင် ဓားပျံတစ်လက်ရှိနေသည်ကို မြင်ရပေမည်။

ထိုဓားပျံထဲတွင် နဂါးများ မြူးထူးနေကြသည့်အလား ကောင်းကင်ကြီး တုန်ခါသွားသည်။ တဂျိမ်းဂျိမ်းမြည်ဟည်းသံများနှင့်အတူ သွေးရောင်ပိတ်သားစကြီးတစ်ခု၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့်အလား ကောင်းကင်ကြီး သွေးနီရောင်သမ်းသွားသည်။

သွေးရောင်ကောင်းကင်ထဲတွင် ဧရာမဓားထိပ်ဖျားတစ်ခု ပေါ်လာသည်။ ထိုဓားထိပ်၏ အကျယ်က ပေတစ်ထောင်ရှိသည်။ ထိုဓားကြီးက ပေါ်လာပြီးနောက် ရုတ်တရက် ကျုံ့သွားပြီး ပို၍ပင် ခံ့ညားထည်ဝါသော ဓားကိုယ်ထည် ဖြစ်သွားသည်။

ဓားကြီးပေါ်တွင် အမှတ်အသားများစွာရှိပြီး မရေမတွက်နိုင်သော ခြေကျိုးလက်ကျိုးများလည်း ရှိသည်။

ထိုဓားကြီးပေါ်လာသည်နှင့် ကောင်းကင်ကြီး ထပ်ခြမ်းကွဲသွားဟန်တူသည်။ တချိန်တည်းမှာပင် ဓားကြီးပတ်လည်ရှိ သွေးအလင်းတန်းများက ဧရာမရေဝဲကြီးအသွင် ဖြစ်နေသော သွေးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

ထိုသွေးပင်လယ်ကြီးထဲမှ ကြောက်မက်ဖွယ်အားတစ်ခု ထွက်ပေါ်လာပြီး ဓားထိပ်ဖျားတွင် စုစည်းနေသည်။ ထို့နောက် သွေးရောင်ဓားကြီးသည် ရွှီချင်းအပေါ်တည့်တည့်မှနေ၍ ချောက်ချားဖွယ်ကောင်းစွာ ဆင်းသက်လာသည်။

ဓားကြီး ရောက်လာသည်မှာ မြန်ဆန်လွန်းလှသည်။ ရွှီချင်းသည် ရှောင်တိမ်းချင်ပါသော်လည်း သွေးဝတ်ရုံက တဟုန်းဟုန်း လောင်ကျွမ်းနေသည့်တိုင်အောင် အစွမ်းကုန်သုံး၍ ရွှီချင်းကို ထိန်းချုပ်နေသည်။

ရွှီချင်း၏ စိတ်ထဲ သေရေးရှင်ရေးအန္တရာယ်အာရုံ ပေါ်လာသည်။ သူက ဓားကြီးကို ကြည့်လိုက်ပြီး အမှတ်ခြောက်သခင်ကြီး ပေးခဲ့သော အကာအကွယ်ကျောက်စိမ်းကို တွေဝေတွန့်ဆုတ်မနေဘဲ အသုံးပြုလိုက်သည်။

ဓားကြီးက အကာအကွယ်လွှာကို ဖောက်ထွင်းသွားသည်။

မိုးခြိမ်းသံမြည်ဟည်းသွားသည့်အလား တဂျိမ်းဂျိမ်းမြည်သံများ မိုးသားတိမ်စိုင်များသို့တိုင်အောင် ပဲ့တင်ထပ်သွားသည်။

အကာအကွယ်စွမ်းအားများ အားပျော့သွားပြီး ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီလာသည်။ ဓားကြီးထံမှ ပြင်းထန်သော ဖိအားကြောင့် သူ အောက်သို့ ဖိချခံလိုက်ရသည်။

သူတော်စင်ကြယ်၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ရွှီချင်းထံသို့ ရွယ်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။

“ ဝိညာဉ်တုန်ဟီးမိစ္ဆာချုပ်နှောင်ဓား ”

သူ့ခေါင်းထိပ်မှ ဒုတိယမြောက်သွေးအလင်းတန်း ပေါ်ထွက်လာသည်။ ယင်းသည်လည်း ဓားပျံတစ်လက်ဖြစ်သည်။ ထိုဓားပျံသည် အလျင်အမြန် ကြီးထွားလာပြီး သူ့ရှေ့မှောက်တွင် ဒုတိယမြောက် သွေးဓားဖြစ်လာသည်။

ထိုဓားသည် ကောင်းကင်မှ ကျဆင်းလာသော ဓားကဲ့သို့ အရွယ်အစားသာမက အရှည်တွင် အတူတူ ဖြစ်သည်။ ဓားကြီးပေါ်မှ အမှတ်အသားများသည်လည်း တသွေမတိမ်း တူညီသည်။ သို့သော် ထိုဓားသည် ကောင်းကင်ယံမှ ကျဆင်းမလာဘဲ သူတော်စင်ကြယ်ရှေ့တွင် ပေါ်လာခြင်းဖြစ်သည်။ ယင်းနောက် ထိုဓားကြီးက သစ်ရွက်များကို ဆောင်းဦးလေပြေ လှဲကျင်းတိုက်ခတ်သွားသည့်အလား ရွှီချင်းကို ခုတ်ပိုင်းလိုက်သည်။

ဒုတိယဓားကြီးသည် ထောပတ်ကို လှီးဖြတ်လိုက်သည့်ပမာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တိခနဲ ပိုင်းဖြတ်သွားသည်။ ထိုဓားကြီး ဖြတ်သန်းသွားသည့်နေရာတိုင်း အဆောက်အအုံများ ပျက်စီးသွားပြီး မြေပြင်သည်လည်း ဖိနှိပ်ခံလိုက်ရသည့်အလား ချိုင့်ဝင်သွားသည်။

ထိုအချိန်၌ တောင်များနှင့် ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်သော အားကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ ရွှီချင်း၏မျက်နှာမည်းမှောင်သွားသည်။ ဒုတိယမြောက်ဓား သူ့ရှေ့သို့ ရောက်လာပြီး သူ့အကာအကွယ်အလွှာကို ပိုင်းဖြတ်လိုက်သည်။

ကြောက်မက်ဖွယ် ဓားနှစ်စင်းကို ထိပ်တိုက်ကြုံလိုက်ရသည်ဖြစ်၍ ရွှီချင်းသည် အကာအကွယ်အလွှာထဲ ရှိနေသည့်တိုင်အောင် ဒဏ်ရာများ ရသွားသည်။

သို့သော်လည်း သူတော်စင်ကြယ်၏ သက်ခြွေသိုင်းကွက်က မပြီးဆုံးသေးပေ။ ကောင်းကင်သွေးဓားကြီးနှင့် ဝိညာဉ်တုန်ဟီးမိစ္ဆာချုပ်နှောင်ဓားကြီးတို့ တစ်ပြိုင်နက်တည်း အစွမ်းပြလိုက်ချိန်မှာပင် လက်ဝါးနှစ်ဖက်ကို ပူး၍ ရွှီချင်းထံ ညွှန်လိုက်သည်။

“ မြောက်တစ္ဆေက ကောင်းကင်ဓားကို မေးမြန်းစေ ”

သူ့စကားဆုံးသည်နှင့် ရွှီချင်းအထက်ရှိ ဝေဟင်မှ သွေးရေဝဲကြီးထဲတွင် တစ္ဆေများ ပေါ်လာသည်။ ထိုတစ္ဆေများသည် ထူးဆန်းလှပြီး မျက်နှာများ မရှိကြပေ။ သူတို့သည် ဓားကြီးများကို ကျောတွင် ထမ်းထားကြ၏။

သူတို့ထံမှ အေးစက်စက်ဓားချီများ ထွက်ပေါ်နေသည်။ ၎င်းတို့က ပေါ်လာသည်နှင့် ရေဝဲကြီးထဲမှ ချက်ချင်း ဆင်းသက်လာကြပြီး ရွှီချင်းကို ဝိုင်းထားလိုက်ကြသည်။

စုစုပေါင်းတစ္ဆေရှစ်ကောင်က ရွှီချင်းကို ကျောပေး၍ ရပ်နေကြသည်။ သူတော်စင်ကြယ်က အော်ဟစ်လိုက်ရာ ဓားတစ္ဆေရှစ်ကောင်က တစ်ပြိုင်နက်တည်း လှုပ်ရှားသွားသည်။ တစ္ဆေများသည် ကျောများပေါ်မှ ဓားများ ဆုပ်ကိုင်လိုက်ကြပြီး ချာခနဲလှည့်၍ ရွှီချင်းကို ခုတ်ပိုင်းလိုက်ကြသည်။

ထိုဓားရှစ်လက်သည် လျှပ်စီးလက်သည့်အလား မြန်ဆန်သည်။ မိုးသက်မုန်တိုင်း ကျဆင်းလာသည့်အလား၊ မိုးကြိုးလျှပ်စီးများ ပစ်ခတ်လိုက်သည့်ပမာ ရွှီချင်း၏အကာအကွယ်အလွှာပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

ထိုအချိန်၌ အကာအကွယ်အလွှာကို တိုက်ခိုက်နေသော ဓားများ စုစုပေါင်း ဆယ်လက်ရှိသည်။ ကြယ်ငါးကျွန်းတွင် အားအင်များစွာ ကုန်ခမ်းခဲ့ပြီး အချိန်ကြာမြင့်စွာ ခုခံနေရသည်ဖြစ်၍ အမှတ်ခြောက်သခင်ကြီး၏ အကာအကွယ်ကျောက်စိမ်းမှာ နောက်ဆုံးတွင် အားလျော့လာပြီး အကာအကွယ်အလွှာ ပျက်စီးသွားသည်။

အကာအကွယ်အလွှာ ပျက်စီးသွားသောအခါတွင် ဓားဆယ်လက်အနက် တစ်ဝက်ကျော် ပျောက်ကွယ်သွားသည်။ သို့သော် ဓားချီတချို့က ရွှီချင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သက်စောင့်မီးတောက်များထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

ရွှီချင်း၏မျက်နှာ မည်းမှောင်သွားသည်။ အကာအကွယ်အလွှာ ပျက်စီးအားဖြင့် သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ သွေးဝတ်ရုံကို သူ လောင်ကျွမ်းစေနိုင်ခဲ့ပါသော်လည်း သူ့ကိုယ်ထဲ ဝင်ရောက်သွားသော ဓားချီများကြောင့် သူ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

သူတော်စင်ကြယ် ချဉ်းကပ်လာနေသည်ကို မြင်ပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ အရှိန်အဝါက မငြိမ်မသက် ဖြစ်လာသည်။ ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ဓားချီများကို အစွမ်းကုန် ဖိနှိပ်လိုက်သည်။

ထိုအခြင်းအရာအားလုံးသည် ဖော်ပြရသည်သာ ကြာသော်လည်း အမှန်စင်စစ် မျက်တောင်တစ်ချက်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရွှီချင်း နောက်ဆုတ်လိုက်စဉ် သူတော်စင်ကြယ်သည် မျက်တောင်တစ်ခတ်အတွင်း သူ့ကို မီသွားပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ရွှီချင်းသည် သူ့ကိုယ်ထဲရှိ ဓားချီများကို ဖိနှိပ်နိုင်သွားပြီး ရက်စက်ကြမ်းကြုတ်သည့်အကြည့်ဖြင့် ချာခနဲ လှည့်လာသည်။

သူသည် ချဉ်းကပ်လာနေသော သူတော်စင်ကြယ်ထံသို့ ညာလက်ကို အညှာအတာမဲ့စွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့နောက်တွင် မိုဆာဆောကြီး ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ဖြတ်သွားပြီး ချဉ်းကပ်လာနေသော သူတော်စင်ကြယ်ကို ဝါးမျိုလိုက်သည်။

သူတော်စင်ကြယ်၏ မျက်နှာ သုန်မှုန်သွားသည်။ သူက သက်စောင့်မီးအိမ်အကာအကွယ်ကို ဖြန့်ကျက်လိုက်ပြီး အစွမ်းကုန် ခုခံလိုက်သည်။

မိုဆာဆောကြီး ပြိုကွဲသွားပါသော်လည်း သူတော်စင်ကြယ်မှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သက်စောင့်မီးအိမ်အကာအကွယ်ပေါ်တွင် ရေများသဖွယ် လှိုင်းများ ထလာသည်။ သို့သော်လည်း ရွှီချင်း၏ တန်ပြန်ထိုးစစ်က မပြီးသေးပေ။ မိုဆာဆောကြီး ပျက်စီးသွားသည့်အခိုက် မှော်သင်္ဘောကြီး ပေါ်လာသည်။

သူက မှော်သင်္ဘောကြီး၏ နတ်တိုက်ကွက်ကို အသုံးမပြုပေ။ နတ်တိုက်ကွက်က ပြန့်ကျဲသွားတတ်သော သဘောရှိ၍ ဤအခြေအနေနှင့် မသင့်တော်ပေ။

ရွှီချင်းသည် မှော်သင်္ဘောကြီးကို ထိန်းချုပ်၍ သူတော်စင်ကြယ်ကို တိုက်လိုက်သည်။ မှော်သင်္ဘောကြီးတွင် အလိုလို ပျက်စီးနိုင်သော အစွမ်း ရှိသည်။

သူတော်စင်ကြယ်မှာ မိုဆာဆောကြီးကို ဖျက်ဆီးနိုင်လိုက်စဉ်မှာပင် မှော်သင်္ဘောကြီးကို ချက်ချင်း ရင်ဆိုင်လိုက်ရသည်။ သူ ရှောင်တိမ်းရန် အချိန်မရှိလိုက်ဘဲ ရွှီချင်း၏မှော်သင်္ဘောကြီးက တစ်ခါတည်း အလိုလို ပေါက်ကွဲသွားသည်။ ဝုန်းခနဲ မြည်ဟည်းသံကြီး ပဲ့တင်ထပ်သွားပြီး မှော်သင်္ဘောထဲတွင် ပါဝင်သော နတ်အစွမ်းက ကြောက်ခမန်းလိလိ စွမ်းအားလှိုင်းများအဖြစ် ပြောင်းလဲ၍ အဖက်ဖက်သို့ ပျံ့လွင့်သွားသည်။

သူတော်စင်ကြယ် တုန်ရီသွားပြီး သွေးဆာနေသောမျက်နှာအမူအရာ ဖြစ်လာသည်။ သို့သော် တန်ပြန်အားကြီးကြောင့် သူ နောက်သို့ လွင့်စဉ်သွားရပြီး သူ၏သက်စောင့်မီးအိမ်အကာအကွယ်မှာ အရှိန်ပြင်းစွာ တုန်ခါလာသည်။

သူတော်စင်ကြယ် နောက်သို့ လွင့်သွားစဉ် ရွှီချင်းက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ သူ၏ခေါင်းအထက်ရှိ ဝေဟင်တွင် ခရမ်းရောင်ကောင်းကင်ဓားကြီး ရုတ်တရက် ပေါ်လာပြီး အောက်သို့ ပိုင်းချလိုက်သည်။

သို့သော် ရွှီချင်း၏တိုက်ခိုက်မှုက မပြီးသေးပေ။ နောက်ဆုံးတွင် ရွှီချင်းသည် ဘေးပတ်လည်တွင် ဖြန့်ကျဲထားခဲ့သော အဆိပ်များကို အသက်သွင်းလိုက်သည်။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခွင် အဆိပ်များ လွှမ်းခြုံသွားပြီး သက်စောင့်မီးအိမ်ကို ဦးတည်ကာ တိုက်စားလိုက်လေရာ သက်စောင့်မီးအိမ်မှာ အလျင်အမြန် အားပျော့လာသည်။

အစောပိုင်းက အမှတ်ခြောက်သခင်ကြီး၏ အကာအကွယ်ကျောက်စိမ်းကို အားနည်းအောင်လုပ်ပြီး ယခုအချိန်တိုင်အောင် သူ အချိန်ဆွဲနေခဲ့သည်မှာ သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်အကာအကွယ်ကို ဖျက်ဆီးပစ်ရန်အတွေးကြောင့် ဖြစ်သည်။

ထိုသု့ိမဟုတ်ဘဲ သက်စောင့်မီးအိမ်အကာအကွယ်သာ ရှိနေသေးလျှင် တိုက်ပွဲက လွယ်ကူနေမည် မဟုတ်ပေ။

ထို့ကြောင့် အဆိပ်များ ထပ်ထည့််ရန်နှင့် အဆိပ်အာနိသင်များကို ချိန်ညှိရန် သူ အချိန်လိုအပ်သည်။ ထိုအခါမှသာ ဤပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့လာမည့်အဆိပ်က တိုက်စားခြင်းအရာတွင် ပို၍ အာနိသင်ရှိပေလိမ့်မည်။ ထိုအခါ သူ အဆိပ်များကို အသက်သွင်းလိုက်သည်နှင့် သူ လိုချင်သော အဆိပ်အာနိသင်အစစ်အမှန်ကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

ထိုသို့ဖြင့် ကောင်းကင်ဓားကြီး ကျဆင်းသွားသည်နှင့် အဆိပ်ဓာတ်သည်လည်း ပေါက်ကွဲထွက်လာတော့သည်။

All Chapters