တန်ပြန်တိုက်စစ်
Vol. 23 Ch. 351
ခရမ်းရောင်ကောင်းကင်ဓားမော့ကြီး ကျဆင်းသွားသည်။
ဓားမော့ကြီးသည် သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ် အကာအကွယ်ကို ပိုင်းဖြတ်သွားသည်။ ထို့နောက် သူတော်စင်ကြယ်ထုတ်လွှတ်လိုက်သော ကောင်းကင်ဓားမော့ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ဓားမော့ကြီးနှစ်ခုလုံး ချက်ချင်း ပြိုကွဲသွားသည်။
တန်ပြန်အားလှိုင်းကြောင့် သူတော်စင်ကြယ် နောက်သို့ လွင့်ထွက်သွားသည်။
သို့သော် ရွှီချင်း၏တိုက်ခိုက်မှုက မပြီးသေးပေ။ အစောပိုင်းက အရာအားလုံးသည် အယောင်ပြတိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ သံတုတ်လေး အစွမ်းကုန် တိုက်ခိုက်နိုင်စေရန်အတွက် ထိုသို့ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ရွှီချင်း၏ ပြိုကွဲသွားသော ကောင်းကင်ဓားမော့ကြီးထဲမှ လျှပ်စီးတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။
ထိုလျှပ်စီးတန်းများသည် ဝက်အူရစ်ပုံစံ လည်ပတ်သွားလေရာ သံတုတ်နက်လေးက ပုံမှန်ထက် ပို၍ မြန်ဆန်သွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သူ့တာဝန်၏အရေးကြီးမှုကို ရှင်းရှင်းလင်းလင်း သိထားသည်။ အထူးသဖြင့် အရိပ်လေးက ထိုကဲ့သို့ အရေးပါသော အခန်းကဏ္ဍမှ ဆောင်ရွက်နေသည်ကို သူ မြင်သောအခါတွင် ဖြစ်သည်။ သူ စိုးရိမ်ကြောက်လန့်နေ၏။
သူ့တာဝန်အား အောင်မြင်အောင် မဆောင်ရွက်နိုင်မည်ကို စိုးရွံ့ကာ ရူးသွပ်လုမတတ်ဖြစ်လာသည်။ သူသည် ချွေတာမထားဘဲ သံတုတ်နက်လေးပေါ်ရှိ လျှပ်စီးကမ္ပည်းစာများအားလုံးကို လောင်ကျွမ်းစေလိုက်ရာ သူ၏အရှိန်နှင့်စွမ်းအားက ပို၍ တိုးတက်သွားသည်။ သူတော်စင်ကြယ် နောက်ဆုတ်နေစဉ်မှာပင် သံတုတ်နက်လေးသည် စစ်မှန်သော ကောင်းကင်မိုးကြိုးအလား သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်ကို ဝင်တိုက်သွားသည်။
သက်စောင့်မီးအိမ်၏ အကာအကွယ်မှာ အမှန်ပင် အံ့သြစရာကောင်းသည်။ ပြင်းထန်စွာ ဆောင့်မိသည့်တိုင်အောင် ပြိုကွဲမသွားပေ။ သို့သော် သံတုတ်နက်လေး၏ လည်အားနှင့် အမြန်နှုန်းကြောင့် သက်စောင့်မီးအိမ်အကာအကွယ်ပေါ်တွင် အပေါက်လေးတစ်ပေါက် ပေါ်လာသည်။
တခဏအကြာ အကာအကွယ်မှ တန်ပြန်အားလှိုင်းကြောင့် သံတုတ်နက်လေး နောက်သို့ လွင့်ထွက်သွားပြီး အရောင်မှေးမှိန်သွားသည်။ သံတုတ်နက်ထဲမှ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စူးစူးရှရှအော်ဟစ်မြည်တမ်းသံကိုပင် ဝိုးတဝါး ကြားနိုင်သည်။ ယခုတစ်ခေါက် တန်ပြန်အားလှိုင်းသည် သူ၏ဝိညာဉ်ခန္ဓာကိုယ်ပင် ဒဏ်ရာရသွားစေခဲ့မှန်း သိသာသည်။
သက်စောင့်မီးအိမ်အကာအကွယ်အပေါ်မှ အပေါက်လေးမှာ ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။
“ ငါ့သက်စောင့်မီးအိမ်အကာအကွယ်ကို မင်း မဖျက်ဆီးနိုင်မှတော့ မင်း လုပ်ခဲ့သမျှအားလုံး အချည်းနှီး ဖြစ်သွားပြီပဲ ”
သူတော်စင်ကြယ်၏ နှုတ်ခမ်းက ကွေးညွှတ်သွားပြီး အေးစက်စက်အပြုံးစဖြစ်သွားသည်။ သို့သော် သူ နောက်သို့ ဆက်လွင့်သွားသည်။ ရွှီချင်း၏ တိုက်ခိုက်မှုများသည် မုန်တိုင်းတိုက်ခတ်သည့်အလား တစ်လှိုင်းပြီးတစ်လှိုင်း မနားတမ်း တိုက်ခိုက်ခြင်း ဖြစ်သည်။
ပထမဆုံးအနေဖြင့် မိုဆာဆော၊ ဒုတိယမြောက် မှော်သင်္ဘော၏ အလိုလို ပေါက်ကွဲခြင်း၊ ထို့နောက် ကောင်းကင်ဓားမော့။ ယင်းအရာများသည် သက်စောင့်မီးအိမ်၏ အကာအကွယ်ကို မဖြိုခွင်းနိုင်ခဲ့ပါသော်လည်း ၎င်းတို့၏ အစွမ်းက ကြောက်ခမန်းလိလိဖြစ်သည်။
အကာအကွယ်အလွှာကြောင့် တိုက်ခိုက်မှုများအားလုံး သူတော်စင်ကြယ်ကို မထိခဲ့ပေ။ အစောပိုင်းက သူတော်စင်ကြယ်၏ တိုက်ခိုက်မှုများအားလုံး ရွှီချင်းကို မထိခဲ့ဘဲ အကာအကွယ်အလွှာသာ ပျက်စီးသွားသကဲ့သို့ပင်။
ခြုံကြည့်ရလျှင် သူတော်စင်ကြယ်က အနည်းငယ် ပိုအစွမ်းထက်သည်။ သူက ရွှီချင်းထက် နတ်အတတ်များကို ပို၍ တတ်မြောက်ထားသည်။ သူသည် နောက်ဆုတ်နေရင်း မျက်လုံးများ တဖိတ်ဖိတ်လက်နေသည်။ ရွှီချင်း၏အားနည်းချက်ကို သူ သိလိုက်ရပြီ ဖြစ်သည်။
“ မင်းရဲ့မန္တန်တွေက နည်းတယ်။ အစွမ်းထက်တဲ့ နတ်အတတ်တွေလည်း မင်းမှာ မရှိဘူး ”
သူတော်စင်ကြယ်၏ မျက်လုံးများက လျှပ်စီးအလား ဝင်းလက်နေသည်။ တိုက်ပွဲစကတည်းက ရွှီချင်းသည် သူနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်ခဲ့သည်။ ယခုအချိန်တွင် ရွှီချင်း၏အားနည်းချက်ကို သူ မြင်လိုက်ရပြီ ဖြစ်သည်။
သူတော်စင်ကြယ်၏ စကားများကို ကြား၍ ရွှီချင်း၏အကြည့်က ပို၍ပင် အေးစက်သွားသည်။
သူတော်စင်ကြယ်က အော်ဟစ်ရယ်မောလိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ နတ်အတတ်ကို သူ ထုတ်ဖော်ရန် ပြင်လိုက်စဉ် သူ၏မျက်နှာမည်းမှောင်သွားသည်။
ထိုအချိန်၌ သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ သက်စောင့်မီးအိမ်က အနည်းငယ် မှိတ်ဖျော့လာသည်။ သက်စောင့်မီးအိမ်ပေါ်တွင် လှိုင်းတွန့်လေးများ ပေါ်လာပြီး အထူးသဖြင့် သံတုတ်နက်လေး စိုက်ဝင်သွားခဲ့သောနေရာပင်။ ထိုနေရာမှ တိုက်စားခြင်းအငွေ့အသက်တစ်ခုကို သူတော်စင်ကြယ် အာရုံခံမိလိုက်သည်။
ယင်းကြောင့် ချီရွှဲ့ထုံဂိုဏ်းထဲတွင် စီမာလင်းနှင့် ရွှီချင်းတို့ တိုက်ပွဲ၌ သူ အာရုံရခဲ့သော အဆိပ်ကို ပြန်တွေးမိလိုက်သည်။
“ အဆိပ်အတတ်က မဟာတာအိုကို ရဖို့ ခက်တယ်ကွ ”
သူတော်စင်ကြယ်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူသည် ထူးခြားသော အပြင်ခန္ဓာရှိပြီး သာမန်အဆိပ်များကို ဂရုမစိုက်ပေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သက်စောင့်မီးအိမ်က တဖျပ်ဖျပ်ဝင်းလက်သွားပြီး အကာအကွယ်အလွှပေါ်မှ တိုက်စားခြင်းကို ဖယ်ရှားလိုက်သည်။
ယင်းနောက် သူက တိုက်ခိုက်ရန်ပြင်လိုက်စဉ် သိသိသာသာ မျက်နှာပျက်သွားသည်။
သူ့ခန္ဓာကိုယ်တစ်လျှောက် စူးရှပြင်းထန်သော နာကျင်မှု ပျံ့နှံ့သွားသည်။ သူ၏အရေပြားက အစိမ်းပုပ်ရောင်ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်ထဲ သိပ်သည်းထူထပ်သော ဓာတ်နှောများ ပျံ့နှံ့သွားရာ သူ၏သက်စောင့်မီးအိမ် ယိမ်းခါသွားသည်။
“ ဘာလဲဟ ”
သူတော်စင်ကြယ်၏ အသက်ရှူသံများ မြန်ဆန်သွားပြီး သူ့စိတ်ထဲ တုန်ခါသွားသည်။ သူ အဆိပ်မိသွားသည်ကို အာရုံရလိုက်သည်။ ထိုအဆိပ်သည် ပြင်းထန်ပြီး ဗြုန်းစားကြီး ဖြစ်သွားသည်ဖြစ်ရာ သူ၏အမြင်အာရုံများ ဝေဝါးလာသည်။ ထိုအချိန်၌ အန္တရာယ်အာရုံတစ်ခု သူ ရလိုက်သည်။
ထိုအဆိပ်သည် ပိုးကောင်နက်များမှလွဲ၍ တခြားမဟုတ်ပေ။
အမှန်စင်စစ် ပိုးကောင်နက်များက သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်အကာအကွယ်အလွှာမှာ တွယ်ကပ်နေခဲ့သည်။ ၎င်းတို့မှာ အကာအကွယ်အလွှာကို မထိုးဖောက်နိုင်၍ အခွင့်အရေးကို စောင့်နေခဲ့ကြ၏။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဖန်တီးပေးခဲ့သည့်အပေါက်လေးက ၎င်းတို့ကို ထိုအခွင့်အရေး ပေးခဲ့သည်။ အစောပိုင်းက ထိုအပေါက်လေး ပေါ်လာသည့်အခိုက် ထိုအပေါက်လေးမှတစ်ဆင့် ပိုးကောင်နက်အများအပြား ဝင်သွားခဲ့ကြခြင်း ဖြစ်သည်။
ရွှီချင်းမှာ အစွမ်းထက်နတ်အတတ်များ မရှိဟု ယူဆခဲ့သည်မှာ မှန်ကန်ခဲ့ပါသော်လည်း သူ မှားသွားသည့်တစ်ချက်ရှိသည်။ ရွှီချင်း၌ အစွမ်းထက် နတ်အတတ်များစွာ မရှိပါသော်လည်း အဆိပ် ရှိပေသည်။
ပိုးကောင်နက်လေးများ၏ အဆိပ် ပေါ်ပေါက်လာသည့်အခိုက် ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ငွေ့များ ဆူဝေလာပြီး သူတော်စင်ကြယ်ထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
တိုက်ပွဲစကတည်းက ထိုအခွင့်အရေးကို သူ စောင့်နေခြင်း ဖြစ်သည်။ ယခု သူတော်စင်ကြယ် အဆိပ်မိသွားသည်ကို သူ မြင်၍ ချက်ချင်း အနီးကပ်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။
သူ့နောက်မှ ရွှေကျီးကန်းပေါ်လာပြီး သူ့ခေါင်းပေါ်တွင် အနက်ရောင်ကွန်ခြာ ဝင်းလက်လာသည်။ ရွှီချင်း၏ သက်စောင့်မီးလုံးငါးလုံး တိုက်ရည်ခိုက်ရည်ဖြင့် ပေါင်းစပ်လိုက်သောအခါ ထိုလက်သီးချက်က ကြောက်မက်ဖွယ်ကောင်းသည်။
အဆိပ်မိနေခြင်းကြောင့် သူတော်စင်ကြယ်မှာ မရှောင်တိမ်းနိုင်ပေ။ သူ အလျင်အမြန် နောက်ဆုတ်သည့်တိုင်အောင် ရွှီချင်းက မီသွားပြီး သူ၏အကာအကွယ်အလွှာကို လက်သီးဖြင့် ထိုးလိုက်သည်။
မိုးမြေတုန်ဟီးသွားလောက်အောင် မြည်ဟည်းသွားပြီး သူတော်စင်ကြယ်၏ တစ်ကိုယ်လုံး အရှိန်ပြင်းစွာ တုန်ခါသွားသည်။ ကြိုးမှပြတ်ထွက်သွားသော စွန်တစ်ခုအလား သူ လွင့်စဉ်သွားသည်။ ရွှီချင်းက သူ့ကို မီသွားပြီး လက်သီးဖြင့် ထိုးလိုက်ပြန်သည်။
သူတော်စင်ကြယ်၏ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ နီမြန်းနေသည်။ ရွှီချင်းကို သူ၏အကာအကွယ်အလွှာဖြင့် ခုခံလိုက်ရင်း ဧကရာဇ်အဆင့်အတတ်ကို ထုတ်ဖော်လိုက်သည်။ ထိုအခါ မြဲ့မုန်ထွက်လာပြီး အဆိပ်ကို ဖယ်ရှားရန် သူ့ခန္ဓာကိုယ်တစ်လျှောက် ပြေးသွားသည်။
တချိန်တည်းမှာပင် သူ့ခေါင်းအထက်ရှိ သက်တန့်ကွန်ခြာသည်လည်း စူးရှတောက်ပလာပြီး သူ့ကိုယ်ထဲမှ အဆိပ်ကို ဖယ်ထုတ်လိုက်သည်။ သို့သော်လည်း ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ထီးနက်ကြီးက သူတော်စင်ကြယ်၏ ခေါင်းကို လွှမ်းခြုံသွားပြီး သက်တန့်ကွန်ခြာကို အညှာအတာမဲ့စွာ ချုပ်နှောင်လိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး သူတော်စင်ကြယ် သွေးအန်သွားသည်။ ထိုအချိန်၌ သူ၏ခန္ဓာကိုယ် အတွင်းနှင့်အပြင်မှာ အန္တရာယ်များ ရှိနေသည်။ သူ့စိတ်ထဲတွင် တစ်ခါမှ မကြုံဖူးလောက်အောင် သေရေးရှင်ရေးအန္တရာယ်ကို ခံစားလိုက်ရသည်။
သူတော်စင်ကြယ်မှာ နောက်သို့ ထပ်ခါထပ်ခါ ဆုတ်နေရသည်။ ရွှီချင်းသည် ရှိသမျှဝှက်ဖဲအကုန် အသုံးချနေသည်။ လက်သီးချက်များတစ်ချက်ပြီးတစ်ချက်၊ ကောင်းကင်ဓားမော့များ တစ်ချက်ပြီးတစ်ချက်၊ ရွှေကျီးကန်းကြီး၏ အစွမ်းကုန်စုပ်ယူခြင်း၊ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အသက်နှင့်ရင်း၍ အဆက်မပြတ် တိုက်ခိုက်ခြင်းတို့ဖြင့် သူတော်စင်ကြယ်ကို တရစပ် ထိုးနှက်နေသည်။
အရိပ်လေးသည်လည်း ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်သည်။ သူတော်စင်ကြယ်က အဆိပ်ကို ဖယ်ရှားရန် အာရုံစိုက်လိုက်ချိန်တွင် ၎င်းက ဒုတိယမြောက်ဓမ္မတံခါးကို လွှမ်းခြုံလိုက်သည်။
ယင်းသည် ဘက်စုံတိုက်ခိုက်ခြင်း ဖြစ်ပေသည်။
သူတော်စင်ကြယ်သည် သွေးများအန်ကာ အဆက်မပြတ် ဆုတ်ခွာနေသည်။ သူ အန်လိုက်သော သွေးများက မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် သက်စောင့်မီးအိမ်အကာအကွယ်အလွှာက အစွမ်းကုန် တောက်ပနေသည်။ နောက်ဆုံးတွင် ထိုအကာအကွယ်အလွှာကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ အညှာအတာမဲ့စွာ ဆွဲဖြဲလိုက်သည်။
နောက်ဆုံးတွင် သူတော်စင်ကြယ်၏ သက်စောင့်မီးအိမ်အကာအကွယ်အလွှာသည် တောင့်မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်ရှိ အဆိပ်များက တရကြမ်း ပြေးဝင်သွားကြ၏။ သူတော်စင်ကြယ်သည် ဒေါသအမျက်ချောင်းချောင်း ထွက်နေပါသော်လည်း ပြန်လည်၍ မတိုက်ခိုက်နိုင်ပေ။ ထို့နောက် သူ အလျင်အမြန် ထွက်ပြေးသွားသည်။
“ ဒါ ဘာအဆိပ်တုံး ”
သူတော်စင်ကြယ်မှာ စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ မူလက သူသည် သက်စောင့်မီးလုံးခြောက်လုံးအစွမ်းရှိပြီး ရွှီချင်းကို အလွယ်တကူ ဖိနှိပ်နိုင်သည်။ ထိုအနက်ရောင်အရိပ်ကြောင့် သူ၏တိုက်ရည်ခိုက်ရည် လျော့ကျသွားခဲ့သည်။ ယခု ရွှီချင်း၏အဆိပ်ကလည်း အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
ထိုအခြင်းအရာအားလုံးကြောင့် သူ ရူးချင်လောက်အောင် ဖြစ်နေသည်။ ဆံပင်များလည်း ရှုပ်ပွနေပြီး သူ၏ရွှေရောင်ဝတ်ရုံသည်လည်း များစွာ မှိန်ဖျော့လာပြီဖြစ်ကာ သူ့ပုံစံက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။
ခုနစ်ဂိုဏ်းမဟာမိတ်မှ မည်သည့်ဂိုဏ်းသားမဆို ထိုမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါက အံ့သြတုန်လှုပ်သွားကြပေမည်။ အဘယ်ကြောင့်ဆိုသော် သူတော်စင်ကြယ်ကို ထိုကဲ့သို့ ပုံစံမျိုးဖြင့် သူတို့ မမြင်ဖူးခဲ့သည် မဟုတ်ပါလား။
သူတော်စင်ကြယ်သည် စိတ်ထိခိုက်နေပြီး အလွန် ဒေါသထွက်နေသည်။ သို့သော်လည်း သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြေးဝင်လာသော ရွှီချင်းကို မြင်သောအခါ အသက်ရှူသံများ မြန်ဆန်လာပြီး အရှိန်တင်၍ ထွက်ပြေးလေသည်။ တချိန်တည်းမျာပင် ကျောက်စိမ်းပေလွှာကို ထုတ်၍ ချက်ချင်း အသံပို့လွှတ်လိုက်ပြီး တာအိုအစောင့်အရှောက်သုံးယောက်ကို ချက်ချင်း လာခဲ့ရန် ဆင့်ခေါ်လိုက်သည်။
သို့သော်လည်း တာအိုအစောင့်အရှောက်များ ထွက်သွားခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ဤနေရာတွင် သူတော်စင်ကြယ်တစ်ယောက် အန္တရာယ်နှင့် ကြုံရလိမ့်မည်ဟု သူတို့ မျှော်လင့်ထားမည် မဟုတ်ပေ။ ထို့ကြောင့် အသံလွှင့်စာကို ယခု ရရှိသွားသည့်တိုင်အောင် သူတော်စင်ကြယ်ထံ ရောက်ရန် အချိန်ကြာပေလိမ့်မည်။
ယခုအချိန်တွင် သူတော်စင်ကြယ် လိုအပ်နေသည်မှာ အချိန်ဖြစ်သည်။ သူ့ကိုယ်ထဲတွင် အဆိပ်က ပျံ့နှံ့နေပြီး သူ၏တိုက်ရည်ခိုက်ရည်က မြန်ဆန်စွာ ကျဆင်းနေသည်။ ရွှီချင်းသည် သူ့နောက်သို့ အရူးအမူး လိုက်ကာ လက်သီးဖြင့် ထိုးနေပြီး ရွှေကျီးကန်းကြီးသည်လည်း သူ့ကို ဝါးမျိုချင်နေဟန်ဖြင့် တဟုန်ထိုး ပြေးလာနေသည်။
မြဲ့မုန်ပေါ်လာပြီး ရွှီချင်း၏လက်သီးချက်ကို အစွမ်းကုန် ခုခံလိုက်သည်။ မြဲ့မုန်၏ အကူအညီဖြင့် သူတော်စင်ကြယ်၏ တိုက်ခိုက်မှုကို သူတော်စင်ကြယ် ခုခံနိုင်ခဲ့ပါသော်လည်း ဒဏ်ရာရသွားသေးသည်။ ရွှီချင်းက သွေးအေးသောအမူအရာဖြင့် သူတော်စင်ကြယ်၏ မျက်နှာကို ခေါင်းဖြင့် တိုက်လိုက်သည်။
သူတော်စင်ကြယ်မှာ နာကျင်စွာ ညည်းညူလိုက်သည်။ သူ့မျက်နှာ သွေးအလိမ်းလိမ်း ဖြစ်သွားပြီး သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ပေါ်လာသည်။ သူ နောက်ဆုတ်ရန် ရုန်းကန်လိုက်ပါသော်လည်း ရွှီချင်း၏ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်နက်များက ဧရာမပါးစပ်ကြီးအဖြစ် စုစည်းသွားကာ သူတော်စင်ကြယ်ကို လွှမ်းခြုံလိုက်သည်။
ရွှီချင်းသည် သူတော်စင်ကြယ်၏ ဝိညာဉ်ကို သန့်စင်ကာ သူ၏ဓမ္မတံခါးများဖွင့်ရာ၌ လောင်စာအဖြစ် အသုံးချချင်နေသည်။
သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ပေါ်လာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူ၏ရွှေရောင်ဝတ်ရုံမှာ ချက်ချင်း ဖောင်းကားလာကာ ပေါက်ကွဲသွားသည်။
ထိုတာအိုဝတ်ရုံသည်လည်း ရတနာတစ်ပါး ဖြစ်သည်။ ထိုဝတ်ရုံ ပေါက်ကွဲသွားသည့်အခါ ပြင်းထန်သော အားလှိုင်းတစ်ခု ပေါ်ပေါက်လာသည်။ သူတော်စင်ကြယ်က ထိုအားလှိုင်းကို အသုံးချ၍ နောက်ဆုတ်လိုက်သည်။ ထိုအချိန်ရောက်မှသာ သူ၏သက်စောင့်မီးအိမ်က သူ့ကိုယ်ထဲရှိ အဆိပ်ကို ချေဖျက်နိုင်သွားသည်။
သူ၏သက်စောင့်မီးလုံးများသည်လည်း ယိမ်းခါနေရာမှ အနည်းငယ် ငြိမ်သက်သွားသည်။ သို့သော်လည်း ရွှီချင်းက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ထပ်ကြပ်မကွာ လိုက်နေသည်ဖြစ်ရာ သူ ကြာကြာတောင့်မခံနိုင်သည်ကို သူ သိသည်။ ထို့ကြောင့် သူသည် တွေဝေတွန့်ဆုတ်မနေဘဲ အော်ဟစ်၍ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
ယင်းပစ္စည်းသည် သစ်သားအပိုင်းအစလေးတစ်ခု ဖြစ်သည်။ ယင်းသည် သစ်သားဖြင့်ပြုလုပ်ထားသော အရာဝတ္ထုတစ်ခု၏ အစိတ်အပိုင်း ဖြစ်တန်ရာသည်။
ထိုသစ်သားစကို သူ ထုတ်လိုက်ပြီးနောက် သစ်သားစထဲမှ ကြောက်ခမန်းလိလိအငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိအငွေ့အသက်များကြောင့် ရွှီချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်များ ငြိမ်းသက်သွားတော့မည့်ဟန်တူပြီး ဓမ္မတံခါးများသည်လည်း တုန်ခါနေသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်ပင် သူ့ကိုယ်ထဲမှ ထွက်သွားတော့မည့်လက္ခဏာများ ပြသလာသည်။
အမှန်စင်စစ် ကောင်းကင်နှင့်မြေပြင်ပင် အပြောင်းအလဲဖြစ်သွားသည်။ ပတ်ဝန်းကျင်ရှိ အသီးအရွက်များအားလုံး ညှိုးခြောက်သွားသည်။
ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော သက်စောင့်အားများ သစ်သားစဆီ စုစည်းသွားသည်။ ထို့နောက် သစ်သားစမှာ မျက်တောင်တစ်ချက်ခတ်အတွင်း မရေမတွက်နိုင်သော လက်သည်းရာများ ရှိနေသည့် မည်းမှောင်သော သစ်သားတံခါးတစ်ချပ်အသွင် ပြောင်းလဲသွားသည်။
ထိုတံခါး ပေါ်လာသည်နှင့် ထူးဆန်းပြီး သွေးဆာနေသော ခံစားချက် ပျံ့လွင့်သွားသည်။ မည်းနက်တောက်ပြောင်သော တံခါးပေါ်ရှိ လက်သည်းခွံအရာများက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။ ထိုလက်သည်းခွံများကြားတွင် အညိုရောင်သွေးများပင် မြင်နိုင်သည်။
ယင်းအပြင် ထိုလက်သည်းရာများသည် အနက်ချင်း မတူညီကြဘဲ မတူညီသောအချိန်များတွင် ထွင်းထားဟန်တူသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ မြင်ရသူအဖို့ မရေမတွက်နိုင်သော လူများက ထိုတံခါးကို အစွမ်းကုန် စုတ်ဖြဲခဲ့ကြသည့်ခံစားချက်မျိုး ရစေသည်။
ချောက်ချားဖွယ်အငွေ့အသက်များ ထိန်းမနိုင်သိမ်းမရ ပျံ့လွင့်လာသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။
သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေတော့သည်။ သူသည် တံခါးနောက်ရှိ လေထဲသို့ ပျံတက်သွားပြီး ရွှီချင်းကို လက်ညှိုးဖြင့် ညွှန်လိုက်သည်။
“ ပွင့်စေ ”
မည်းမှောင်သော သစ်သားတံခါးကြီးသည် တကျွိကျွိမြည်ကာ တဖြည်းဖြည်း ပွင့်လာသည်။