သူဌေးကြီး ရဲ့လင်းချန်
Vol. 26 Ch. 383
စာကြည့်တိုက်မှ ထွက်ပြေးလာပြီးနောက် ရဲ့လင်းချန်သည် ကြောက်စိတ်အချို့ စွဲထင်နေသေးကြောင်း ခံစားမိနေသည်။
*ရူးသွပ်နေတဲ့ မိန်းမတစ်ယောက်က တကယ် ကြောက်ဖို့ကောင်းတာပဲ၊ အမျိုးသားတွေက ရှုံးတော့မယ်ဘက်ကို ရောက်နေပြီ၊ ငါ သူ့ကို သွားရန်စလို့ မဖြစ်ဘူး*
ရိုက်ကွင်းသို့ အပြန်လမ်းတွင် ရဲ့လင်းချန်သည် ငါးနှင့် အသီးအရွက်တစ်ချို့ ဝယ်ရန် ဈေးသို့ ဝင်လိုက်သည်။
ထိုအချိန်အတွင်း၌ ပါရမီရှင်တစ်ယောက်၏ ဆန်းကြယ်မှုကို ပြသရပေမည်။ သူ၏ ဈေးဆစ်နိုင်သည့် စွမ်းရည်က ဈေးသည် ဦးလေးကြီးများနှင့် အဒေါ်ကြီးများကို ကူကယ်ရာမဲ့ကာ မျက်ရည်များနှင့် ကျန်ခဲ့သည်အထိ ဖြစ်စေပြီး သူတို့ပစ္စည်းများအား သူ့ကို ရောင်းလိုက်ရလေသည်။ လူအုပ်ကြီး၏ ရှုပ်ထွေးသော ခံစားချက်များနှင့် အံ့ဩစိတ်တို့ ပါဝင်သော အကြည့်အောက်၌ ရဲ့လင်းချန်သည် ဘာကိုမှ အရေးမစိုက်ဘဲ အေးအေးလူလူ
ထွက်လာလိုက်သည်။
ညနေခင်း အချိန်အခါက သာသာယာယာ ကုန်ဆုံးသွားလေသည်။ ရဲ့လင်းချန် ရုပ်ရှင် ရိုက်ကွင်းသို့ ပြန်ရောက်ချိန်တွင် ညစာစားချိန်သို့ ရောက်ရှိနေလေပြီ။
“သခင်လေးရဲ့၊ မင်း ပြန်လာပြီပဲ”
လီထိုက်က ရဲ့လင်းချန်အနားသို့ ခပ်မြန်မြန် လျှောက်လာပြီး လက်ထဲ၌ ပန်ကာတစ်လုံးကို ကိုင်၍ သူ့အား လေရအောင် လုပ်ပေးလေသည်။
ရဲ့လင်းချန်က ခေါင်းညိတ်၍ လီထိုက်အား နှုတ်ဆက်လိုက်သည်။
“သခင်လေးရဲ့၊ ဒီလို အစေအပါး အလုပ်မျိုးကို ခင်ဗျား လုပ်ဖို့ မလိုပါဘူး၊ မင်း တစ်ခုခု ဝယ်ချင်တယ်ဆိုရင် ကျုပ်တို့ကို ပြောလိုက်ပါ”
လီထိုက်က ရဲ့လင်းချန်၏ လက်ထဲမှ ပစ္စည်းများကို ကြည့်ပြီး လက်လွှဲယူလိုက်ကာ သူ့ဘေးမှ အကူ တစ်ယောက်ကို ပေးလိုက်သည်။
ဘာကြောင့်မှန်းမသိသော်လည်း လီထိုက်သည် မျက်နှာလုပ်နေသော ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့် ပုံစံမျိုး ပြနေပြီး ရဲ့လင်းချန်၏ ဆန္ဒအားလုံးကို လိုက်ဖြည့်ဆည်းပေးနေသည်။ ထို့အပြင် သူသည် အဆက်မပြတ် ရဲ့လင်းချန်ကို မျက်နှာချိုသွေးနေပြီး ချီးကျူးစကားများ ပစ်သွင်း၍ ရဲ့လင်းချန်၏ မာန်ကို ပင့်ပေးနေ၏။
ရဲ့လင်းချန်သည် ထိုအဖြစ်ကို တားမြစ်ခြင်းမရှိဘဲ အတော်လေး သဘောကျနေသည်။ သူ့ဘဝ၌ သူ့ကို မျက်နှာလုပ်မည့်သူ တစ်ယောက်မှ မရှိပါက အသက်ရှင်ရခြင်းက အဓိပ္ပာယ် မဲ့သွားလောက်သည်။ သူ၏ ပျော်ရွှင်မှုကသာ အရေးအကြီးဆုံး ဖြစ်သည်။
လီထိုက်အပြင် ရုပ်ရှင် ရိုက်ကူးရေးမှ အခြားသော ဝန်ထမ်းများကလည်း ရဲ့လင်းချန်ကို ဖော်ရွေသော အပြုံးများ ပြုံးပြနေကြသည်။ အချို့ဆိုလျင် သူ့အနား၌ ရစ်သီရစ်သီ လုပ်နေကြလေသည်။
ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ ကုမ္ပဏီနောက်ကွယ်မှ တကယ့် သူဌေးမှန်း သူတို့အားလုံး သိကြသည်။ တစ်နည်းအားဖြင့် ပြောရလျင် ရဲ့လင်းချန်က သူတို့သူဌေး ဖြစ်သည်။ ထို့အပြင် ရဲ့လင်းချန်၏ အရည်အချင်းကို သူတို့ မြင်ဖူးကြသည်။ ဟော်ရန်ကျားနှင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းတို့ နှစ်ခုလုံးသည် သေချာပေါက် လက်ရာကောင်းများ ဖြစ်ပေသည်။ ထို့အပြင် လုလုပ်ငန်းစုကတောင်မှ သူ့ထံမှ အကောင်းမြင်ခံရရန် ကြိုးစားခဲ့သည်။ အရေးအကြီးဆုံးမှာ သခင်လေးရဲ့က ထူးချွန်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ အားလုံး ပေါင်းလိုက်လျင် သူသည် ပြီးပြည့်စုံသောသူဟု ဆိုရပေမည်။
အကယ်၍ သူတို့သာ ပြီးပြည့်စုံသော သူဌေးကို မကပ်ထားပါက သူတို့ ရူးနေ၍သာ ဖြစ်ပေမည်။
“သခင်လေးရဲ့၊ ဖြည်းဖြည်းလာပါ၊ ဒီဘက်ကို လာတဲ့လမ်းက တော်တော်လေး ဒီဇိုင်းညံ့တယ်၊ ခြေမချော်တဲ့ ပုံစံမျိုး လုပ်ထားတာ မဟုတ်ဘူး”
ချက်ချင်းဆိုသလိုပင် မျက်နှာလုပ်သူများထဲမှ တစ်ယောက်က ကော်ဇော်တစ်ခု ယူလာပြီး ကြမ်းပြင်၌ ခင်းပေးလေသည်။
လူတိုင်း ရဲ့လင်းချန်နား၌ အလုပ်များနေသည်ကို မြင်ပြီး ချန်ချီချီကလည်း အလျင်အမြန် ပြေးလာသည်။
“ဘယ်သူမှ မလှုပ်နဲ့၊ ဒါကို ငါ လုပ်လိုက်မယ်”
သူက ခုံတစ်လုံးကို အသည်းအသန် ကိုင်၍ ရဲ့လင်းချန်ရှေ့၌ ချပေးသည်။
“ကောင်းတယ်၊ ကောင်းတယ်”
ရဲ့လင်းချန်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်၍ ပြုံးလိုက်သည်။ ဤသည်ကို ကျေနပ်မိပြီးနောက် ဤသို့သော အခြေအနေမျိုးကို သူ စ၍ သဘောကျလာကြောင်း သတိထားလိုက်မိသည်။ ခံ့ညားထည်ဝါမှုသည် ဘဝ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယခုအခါတွင် သူ ပိုက်ဆံ ရှာနိုင်မည်ဖြစ်သဖြင့် ယင်းက သူ ဇီဇာကြောင်သင့်သော တစ်စုံတစ်ရာ ဖြစ်လေသည်။
သူ၏ တိုးတက်လာသော ရေပန်းစားမှုနှင့်အတူ နောင်အနာဂတ်၌ သူသည် ခမ်းနားသော အခမ်းအနားများနှင့် ကြုံရလောက်သည်။ ဤသို့သော အခြေအနေမျိုးနှင့် သူ ကျင့်သားရနေရန် လိုအပ်ပေသည်။
“ချီချီ၊ ငါ မင်းကို အခန်း နည်းနည်း ပိုပေးဖို့ စိတ်ကူးထားတယ်”
ရုတ်တရက် ကြားလိုက်ရသည့် သတင်းကောင်းကြောင့် ချန်ချီချီသည် အံ့အားသင့်သွားရသည်။ သို့သော် သူ မှင်တက်နေရာမှ အလျင်အမြန် သတိဝင်လာပြီး အင်္ကျီလက်စကို ခါ၍ ဒူးတစ်ဖက် ထောက်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေးရဲ့”
“သခင်လေးရဲ့ ….”
ထိုသတင်းကို ကြားသောအခါ လုရှောင်ပု အပြေးရောက်လာပြီး လျင်မြန်စွာ လှုပ်ရှားလေသည်။
“သခင်လေးရဲ့ လမ်းလျှောက်လိုက်ရလို့ ပင်ပန်းနေရောပေါ့၊ ကျွန်တော် ခင်ဗျား ခြေထောက်တွေကို နှိပ်ပေးပါ့မယ်၊ တစ်ခွန်းပဲ ပြောလိုက်၊ ကျွန်တော် လုရှောင်ပုက မေးခွန်းထုတ်မနေဘဲ လုပ်ပေးမှာပါ”
“အင်း … ကောင်းသားပဲ”
ရဲ့လင်းချန်၏ အပြုံးက တဖြည်းဖြည်း ကြင်နာတတ်သည့်ဘက်သို့ ပြောင်းလာသည်။
လူအုပ်နှင့် မလှမ်းအကမ်းတွင် ရှောင်ဖေးဖေး၊ ဟူရီဖေးနှင့် အခြားသော မိန်းကလေးများ အတူတူ ရှိနေကြသည်။ သူတို့သည် ရဲ့လင်းချန်ကို လှမ်းကြည့်ပြီး သူတို့ မျက်လုံးတို့က စိတ်လှုပ်ရှားမှုကြောင့် အလိုလို ဝင်းလက် လာသည်။
“ဝါး … အစ်မဖေးဖေး၊ သခင်လေးရဲ့က သူများနဲ့မတူတဲ့ပုံ ပေါ်တယ်၊ အဲ့ဒါကပဲ သူက ပိုဆွဲဆောင်မှုရှိသလို ခံစားရ စေတာပဲ”
ဝမ်ယွီက တအံ့တဩ ပြောသည်။
“သူ ပိုပြီး ထူးချွန်လာပြီးတော့ အသိပညာ မြင့်မားတဲ့လူတစ်ယောက်ရဲ့ ခံစားချက်မျိုး ပေးလာသလိုပဲ”
ဟူရီဖေးက ဝင်ပြောသည်။
“အခု သခင်လေးရဲ့က ပိုချောလာတယ်လို့ ငါ ခံစားနေရတယ်”
ချန်မိန်ကျားက ပို၍ တဲ့တိုး ပြောလေသည်။
ရှောင်ဖေးဖေး ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း ရဲ့လင်းချန်အား စူးစမ်းချင်စိတ်ဖြင့် ကြည့်နေမိသည်။ သူမတွင် မဖော်ပြတတ်သော ခံစားချက်တစ်ခု ရှိနေသည်။ သူ၏ အသွင်အပြင်က အတူတူပင် ဖြစ်သော်လည်း သူမ မျက်လုံးထဲတွင် ပိုကြည့်၍ ကောင်းလာပြီး သူ့ကို ပိုကြည့်ချင်မိသည့် စိတ်မျိုး ဖြစ်လာရသည်။
ထိုအခိုက်တွင် သူမတို့ဘေး၌ အခြားသော မိန်းမပျိုတစ်ဦး ရှိနေသည်။ တစ်ဖက်မှ ပြောဆိုသံများကို သတိထားမိပြီးနောက် ထိုမိန်းမပျို မျက်မှောင်ကြုတ်သွားသည်။
သူမခန္ဓာကိုယ်က သေးသွယ်သည်။ သူမကို ပိန်ပါးသည်ဟု အခြားသူများ တွေးမိလောက်သော်လည်း သူမတွင် အဆီပို ပိစိလေး ရှိပါသေးသည်။ သို့သော် သူမ မျက်နှာက ပြာနှမ်းနေပြီး အလွန် ဖျားနာ၍ အားနည်းပုံ ပေါ်နေ၏။
“အစ်မဖေးဖေး၊ ဧကန္တ သူက ရှင်တို့အားလုံး ပြောနေတဲ့ သခင်လေးရဲ့များလား”
“ဟုတ်တယ်၊ သူပဲ”
ရှောင်ဖေးဖေး ပြန်ပြောလိုက်သည်။ ထို့နောက် သူမက ထိုမိန်းမပျို၏ မျက်နှာအမူအရာကို ကြည့်ပြီး ရှင်းပြသည်။
“ရင်အာ စိတ်အေးအေးထားပါ၊ လင်းချန်က လျှောက်နောက်နေတာပါ၊ သူက လူကောင်းတစ်ယောက်ပါ”
ကျောက်လျန့်ရင်က စိတ်မသက်မသာဖြစ်စွာ အသ၌ပြုလိုက်ပြီးနောက် ရှောင်ဖေးဖေးကို ကြည့်ကာ အသံကို နှိမ့်၍ စိုးရိမ်နေသော လေသံဖြင့် မေးလိုက်သည်။
သူက အရမ်း ပြောင်းလဲလွယ်တဲ့ပုံပဲ၊ ဒီလိုလူစားမျိုးက များသောအားဖြင့် အသားယူတတ်တယ်လို့ ငါ ထင် …”
“စိတ်ချပါ၊ နင့်စိုးရိမ်မှုတွေက မလိုအပ်ပါဘူး”
ရှောင်ဖေးဖေးက စဉ်းစားမနေဘဲ ပြန်ပြောလိုက်သည်။ သူမကိုယ်သူ ပေးအပ်လျင်တောင်မှ သူမ ဘာကိုမှ မရနိုင်ပါ။ ဘယ်လိုလုပ် သူက သူမကို အသားယူလိမ့်မည်ဟု မျှော်လင့်နေရသနည်း။
“ဒါကို ငါ အာမခံနိုင်တယ်၊ သခင်လေးရဲ့ သူများတွေနဲ့ မတူတဲ့ လူကောင်းတစ်ယောက်ပဲ”
ဟူရီဖေးနှင့် အခြားသော မိန်းကလေးများကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။
ထိုစဉ် တစ်ယောက်ယောက်က ပြေးလာပြီး သူတို့ကို တီးတိုး ပြောပြသည်။
“ချန်ချီချီနဲ့ လုရှောင်ပုတို့ကို သခင်လေးရဲ့က အခန်းပိုတွေ ပေးလိုက်ပြီ”
*ဘာ*
ချန်မိန်ကျားနှင့် အခြားသူများ ထခုန်လုမတတ် ဖြစ်သွားကြသည်။ ထို့နောက် သူမတို့က ရဲ့လင်းချန်ထံ ချက်ချင်း ပြေးသွားလေသည်။
“သခင်လေးရဲ့ … ကျွန်မ လာပြီ”
…
သူမ အခင်ဆုံး သူငယ်ချင်း၏ အကြည့်နှင့် ရင်ဆိုင်မိသောအခါ ရှောင်ဖေးဖေး အနည်းငယ် နေရခက်သလို ခံစားမိသည်။ သူမ အသာချောင်းဟန့်၍ ပြောလိုက်သည်။
“ငါတို့လည်း အဲ့ကို သွားကြတာပေါ့၊ ရဲ့လင်းချန်ရဲ့ လက်ရာက တကယ် အရသာ ရှိတယ်၊ နင် သေချာပေါက် အစာစားချင်စိတ် ပြန်ရလာမှာ”
“အင်း”
ကျောက်လျန့်ရင်က စိုးရိမ်နေဆဲပင်။ သူမက လမ်းလျှောက်ရင်း မေးလိုက်သည်။
“အစ်ဖေးဖေး၊ နင့်ကုမ္ပဏီထဲမှာ နင် ငါ့ကို ကာကွယ်မှ ဖြစ်မယ်၊ ငါ့ကို သူတို့ အခွင့်ကောင်းယူခွင့် မပေးပါနဲ့ …”
ရဲ့လင်းချန်က ခုံ၌ လဲလျောင်း၍ ဟူရီဖေး နှိပ်ပေးသည်ကို ခံကာ ဝမ်ယွီ ကျွေးသော အသီးကို စားနေသည်။ သူ့အရှေ့ရှိ အနည်းငယ် ရှက်နေသော မိန်းမပျိုကို ကြည့်ပြီး သူက သူဌေးကြီးတစ်ယောက်၏ အရှိန်အဝါမျိုး ဖော်ဆောင် လာလေသည်။
ကျောက်လျန့်ရင်သည် သူမကိုယ်သူမ အားတင်း၍ စိတ်မပါဘဲ ပြောလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် သခင်လေးရဲ့၊ ကျွန်မက ကျောက်လျန့်ရင်ပါ၊ အစ်မဖေးဖေးရဲ့ ကုမ္ပဏီကို အခုမှ ဝင်လာတာပါ”
သို့သော် ရဲ့လင်းချန်က တိတ်ဆိတ်နေပြီး သူမကို တဲ့တိုး စိုက်ကြည့်နေသည်။
ကျောက်လျန့်ရင်သည် ပို၍ နေရခက်သလို ခံစားလိုက်ရသည်။ ရဲ့လင်းချန်က သူမကို အသားယူရန် ကြံစည်နေသည်ကို ခံစားမိနေပြီး အဖြစ်အပျက်မျိုးစုံကို တွေးနေမိသည်။ သူမသည် ယဇ်ပူဇော်ခံရမည့် သိုးတစ်ကောင်ကဲ့သို့ ခံစားနေရပြီး ကူကယ်ရာမဲ့ကာ လမ်းပျောက်နေ၏။
လက်ရှိအချိန်၌ သူမ အလွန်အမင်း နောင်တရနေသည်။ သူမ ရှောင်ဖေးဖေး၏ ဖျောင်းဖျမှုကို နားထောင်ပြီး ဤကုမ္ပဏီသို့ စိတ်အလိုလိုက်၍ မဝင်ခဲ့သင့်ပါ။ သူမ အရင်ဆုံး စုံစမ်းမှုအချို့ လုပ်ခဲ့သင့်သည်။ သူတို့ ပြောနေသည့် ပြီးပြည့်စုံသော အမျိုးသားဖြစ်သည့် ရဲ့လင်းချန်က ဤသို့ ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
*ငါ့အခင်ဆုံး သူငယ်ချင်းက ငါ့ကို အကွက်ချလိုက်တာပဲ*
သူမ စိတ်ထဲမြင်ယောင်နေပြီးနောက် သူမနှလုံးသားက အဆိုးဆုံး အဖြစ်အပျက်ကို ဖန်တီးလာသည်။ သူမ နာမည်ပျက်စာရင်း အသွင်းခံရမည်ဆိုလျင်တောင်မှ သူမ မိစ္ဆာကောင်၏ ခွန်အားအောက်၌ ဦးမညွှတ်သင့်ပါ။
ထိုစဉ် ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည့်အသံကို သူမ ကြားလိုက်ရသည်။
“မင်းက နေမကောင်းဘူးပဲ”
(စကားချပ်။ ။ဒီနေရာမှာ နေမကောင်းဘူးလို့ ပြောချင်တာပါ၊ ဒါပေမဲ့ နေမကောင်းဆိုတာနဲ့ ရူးနေတယ်ဆိုတဲ့ စကားလုံးက အသံထွက် တူပါတယ်၊ ဒီအပိုဒ်မှာ ရဲ့လင်းချန်က သူ့ကို မင်းက နေမကောင်းဘူးလို့ ပြောချင်တာပါ၊ ဒါပေမဲ့ သူက ထင်ရာအတွေးတွေ လွန်နေတော့ သူ့ကို ရူးနေတာလို့ ပြောတယ် ထင်သွားတာပါ)