သွေးစုတ်တံ
Vol. 23 Ch. 352
သစ်သားတံခါးကြီးသည် အချိန်၏တိုက်စားခြင်း ခံခဲ့ရပြီး ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုတံခါးကြီးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အတွေ့အကြုံရင့်ကျက်နေခဲ့ပြီဖြစ်သော အဘိုးအိုတစ်ဦးနှင့် ဆင်တူပြီး လူသားများ၏ အတွင်းစိတ်ကို ဖောက်မြင်နေရဟန်တူသည်။
သစ်သားတံခါးကြီး၏ အနက်ရောင်အဆင်းသည် ဤလောကပျက်ကြီးနှင့် ပတ်သက်ပြီး အဘိုးအိုတစ်ယောက် ကူကယ်ရာမဲ့နေပုံနှင့် ဆင်တူသည်။
ယင်းမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည်။
ထိုတံခါးကြီးကိုကြည့်ကာ ရွှီချင်း ထိုသို့ ခံစားနေရပေသည်။
အမည်းရောင်တံခါးကြီး ပွင့်လာသည်နှင့် ရွှီချင်းသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်သွားပြီး အသံများအားလုံး ပျောက်ကွယ်သွားသည်ကို အာရုံရလိုက်သည်။
လေများ တိုက်ခတ်ခြင်းမရှိတော့သလို မိုးသားတိမ်စိုင်များနှင့် မြူခိုးများလည်း ရပ်တန့်သွားပေပြီ။ ထိုအချိန်၌ သူ့နှလုံးခုန်သံသည်ပင် ရပ်တန့်သွားဟန်တူသည်။ အလျင်အမြန် နောက်ဆုတ်နေသော သူ၊ တံခါးထက်တွင် ရပ်နေသော သူတော်စင်ကြယ်အပါအဝင် အရာအားလုံး ရပ်တန့်သွားသည်။
ထိုတံခါးကြီး၏ အစွမ်းက လျှို့ဝှက်ဆန်းကြယ်ဟန်တူသည်။ အသုံးပြုသူဖြစ်စေ၊ ပစ်မှတ်ဖြစ်စေ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ရွှီချင်းသည် ထိုခံစားချက်မျိုး ယခင်က ကြုံခဲ့ဖူးသည်။ လွန်ခဲ့သောလေးနှစ်က ရတနာမုဆိုးစခန်းဘေးရှိ တားမြစ်နယ်မြေတောအုပ်ထဲတွင် သံစဉ်ကို ကြားခဲ့ရပြီးနောက် အမျိုးသမီးဖိနပ်တစ်ရံနှင့် တောအုပ်ထဲမှ လျှောက်လာနေသော မြူခိုးများကို သူ မြင်ခဲ့ရသည်။
ထိုအချိန်က သူ ထပ်တူ ခံစားခဲ့ရသည်။ ထိုသစ်သားတံခါးကြီး ပေါ်လာပြီး နောက်ဆက်တွဲအနေဖြင့် သူ့အတွေးစများကို ရပ်ပစ်နိုင်သည့်အလား သူ့ဝိညာဉ်ကို ထိုးဖောက်နိုင်စွမ်းရှိသော အရိုးကိုက်လုမတတ် အအေးဓာတ် ပေါ်လာသည်။
ရွှီချင်း၏အသက်ရှူသံများ ရပ်တန့်သွားပြီး သူ၏မျက်ခုံးမွေးများနှင့် ဆံပင်များပေါ်တွင် ဖြူလွလွဆီးနှင်းခဲများ တွယ်ကပ်လာသည်။ အပြင်ဘက်မှ ကြောက်မက်ဖွယ်အအေးဓာတ်က သူ့ခန္ဓာကိုယ်ထဲသို့ ချည်းနင်းဝင်ရောက်နေသည်။ ထိုအချိန်၌ တဖြည်းဖြည်း ပွင့်လာနေသော တံခါးမှလွဲ၍ တခြားအရာအားလုံးကို သူ မမြင်နိုင်တော့ပေ။
နားစည်ကွဲလုမတတ် တကျွိကျွိမြည်သံနှင့်အတူ အမည်းရောင်သစ်သားတံခါးကြီး ပွင့်သွားသည်။
တံခါးအထဲတွင် ဘာမှမရှိသည့်အလား ပိန်းပိတ်အောင် မှောင်မည်းနေသည်။ အအေးဓာတ်သည်သာ အပြင်ဘက်သို့ ပို၍ ပျံ့နှံ့ရိုက်ခတ်လာသည်။ တံခါးအစွန်အဖျားမှ အပြင်သို့ ပျံ့လွင့်နေသော ဖြူလွလွပါးလျလျ အငွေ့များကိုပင် မြင်နိုင်သည်။
သူတော်စင်ကြယ်၏ မျက်လုံးများသည် လူသတ်ငွေ့များဖြင့် ဆူဝေနေပြီး သူ့ပုံစံက သွေးဆာနေဟန်ရှိသည်။ ထိုတံခါးကို ‘ ရွှမ်လင်းယုံယီ ’ တံခါးဟူ၍ ခေါ်သည်။ ယင်းတံခါးသည် သူ့အတွက်ပင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်ပြီး သူ ရရှိခဲ့သည့်အချိန်ကတည်းက တစ်ကြိမ်သာ အသုံးပြုရသေးသည်။
ထိုတံခါးကို အသုံးပြုလိုက်သည်နှင့် နှစ်ဖက်စလုံးကို ချုပ်နှောင်သည်ဖြစ်၍ တစ်ကြိမ်သုံးပြီးနောက် သူ အလျင်စလို မသုံးဝံ့တော့ပေ။ အရေးအကြီးဆုံးမှာ ထိုတံခါးကို အသုံးပြုရာတွင် သူ၏ဝိညာဉ်မှာ အားများစွာ ကုန်ခမ်းသည်။
ထိုတံခါးသည် အလွန် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်ရှိသည်။ ထိုတံခါးကို ဖွင့်ပြီးနောက် မည်သည့်အရာ ပေါ်လာမည်ကို မှန်းဆမရဘဲ လူအပေါ်မူတည်၍ ပြောင်းလဲတတ်သည်။ သူ့အဘိုးက သူ့အား ထိုအကြောင်း ပြောပြခဲ့ဖူးသည်။
နောက်ဆုံးတစ်ကြိမ် ထိုတံခါးကို အသုံးပြုခဲ့စဉ်က ပုပ်ပွနေသော လျှာကြီးတစ်ခု ထွက်လာခဲ့သည်။ ထိုတံခါးသည် ပစ်မှတ်၏ နှလုံးသားကို လိုက်၍ ပေါ်လာတတ်ကြောင်း သူ့အဘိုး ပြောပြထားခဲ့၍ ထိုအချိန်က သူ အလွန် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
ယခုအချိန်၌ ထိုတံခါးကို ရွှီချင်း ရင်ဆိုင်သောအခါ တံခါးထဲမှ မည်သည့်အရာပေါ်လာမည်ကို သူ အမှန်တကယ် သိချင်နေတော့သည်။
“ မိစ္ဆာတစ္ဆေတစ်ကောင် ပေါ်လာရင် အကောင်းဆုံးပဲ။ သူ့ကို စုတ်ဖြဲပစ်မယ့် မိစ္ဆာတစ္ဆေဆိုရင် ပိုကောင်းတယ် ”
သူတော်စင်ကြယ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထိုစဉ် သစ်သားတံခါးနက်ကြီး၏ အထဲရှိ အဆုံးမဲ့အမှောင်ထုကြီး ရုတ်တရက် ပြောင်းလဲသွားပြီး စူးရှတောက်ပသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
အစတွင် ထိုအလင်းက အလွန်ဖျော့တော့ပြီး အစက်ပျောက်လေးအဆင့်သာ ရှိသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း ထိုအလင်းစက်က ဆက်လက်ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသည့် အလင်းပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် အလင်းက အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့လာပြီး မရေမတွက်နိုင်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းတန်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း တံခါးအပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ မှောင်နေရာမှ လင်းထိန်သွားသည်။ ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် မရေမတွက်နိုင်သော အပင်များက အတူတူဖြစ်သည်။ ထိုအချိန်၌ ရွှီချင်းကို စူးရှတောက်ပသောအလင်းတန်းက လွှမ်းခြုံသွားပြီး အလင်းပင်လယ်ထဲသို့ သူ ရောက်သွားတော့သည်။
ထိုအလင်းပင်လယ်ထဲတွင် ရွှီချင်း၏တစ်ကိုယ်လုံး ဖော်ပြ၍ မရနိုင်သော နာကျင်မှုကို ခံစားနေရသည်။ ကိုယ်တွင်းအင်္ဂါများအပါအဝင် သူ့တစ်ကိုယ်လုံး မီးမြှိုက်ခံနေရသည့်အလားပင်။
အလင်းက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တခြားအရာအားလုံးကို ဖောက်ထွင်းသွားသည်။ ထိုအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း ချေဖျက်ခံနေရသည့်အလား ပြင်းထန်သော နာကျင်မှုကို သူ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်အခိုးအငွေ့များ တရိပ်ရိပ်မြင့်တက်လာသည်။ ထိုအလင်းတန်းကို သူ တောင့်မခံနိုင်ဘဲ ဖြစ်နေစဉ် ထိုအလင်းတန်း ရောက်လာခြင်းကြောင့် သူ ပြန်လာလှုပ်ရှားနိုင်လာပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သူ အရှိန်တင်ကာ နောက်ဆုတ်လိုက်ပါသော်လည်း ထိုအလင်းတန်း၏ လောင်ကျွမ်းခြင်းမှ မလွတ်မြောက်နိုင်သေးပေ။ သူက ‘ ည ’ ဖြစ်လာပြိး ထိုအလင်းပင်လယ်က အမှောင်ထုကို ချေဖျက်ချင်နေသည့်အလားပင်။
သူ့အရေပြားများ မည်းနက်လာပြီး သူ့ခန္ဓာကိုယ်က ရေဓာတ်ကုန်ခမ်းလာသည်။ သူ့ဆံပင်များနှင့် မျက်ခုံးမွေးများမှာ ပြာဖြစ်လာသည်။ သက်စောင့်မီးအိမ်ဖြစ်စေ၊ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ဖြစ်စေ ထိုအလင်းတန်းကို အစွမ်းကုန် ခုခံနေကြသည်။
သူက ကျောက်စိမ်းပေလွှာကိုလည်း ထုတ်လိုက်ပြီး လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ချီတုံချတုံဖြစ်နေသော အမူအရာ ပေါ်လာပါသော်လည်း နောက်ဆုံးတွင် ကျောက်စိမ်းပေလွှာကို မချိုးဖျက်တော့ဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ရွှီချင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ နောက်ဆုတ်နေသည်ကို သူတော်စင်ကြယ် မြင်နေရသည်။ သို့သော် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ရှိမနေဘဲ မယုံကြည်နိုင်ဖြစ်နေခြင်းများသာ ရှိနေသည်။ သူ့မျက်လုံးများကိုပင် သူ မယုံနိုင်အောင် ဖြစ်နေ၏။ သူ့စိတ်ထဲတွင် ရယ်စရာကောင်းလှသည်ဟု ခံစားနေရသည်။
“ အလင်းလား ”
“ ရွှမ်လင်းယုံလီတံခါးက သူ့ကိုကျတော့ အလင်း ထုတ်ပေးတာတဲ့လား ”
“ ဘာတုန်းဟ။ သူလည်း ငါ့လို လူမရေမတွက်နိုင်လောက်အောင် သတ်ပြီး သွေးခင်းလမ်းကို လျှောက်နေတာလေ။ သူက မိစ္ဆာအဆိပ်အတတ်ကိုတောင် ကျွမ်းကျင်နေပြီး ဝိညာဉ်ဝါးမျိုမီးတောက်ကိုတောင် လေ့ကျင့်ထားထာကို။ သူ့တစ်ကိုယ်လုံးက မီးတောက်နက်တွေ ထုတ်လွှတ်နေပြီး သူ့သက်စောင့်မီးအိမ်တောင် မည်းနက်နေတာကို။ သူ့ကို မိစ္ဆာလို့ ခေါ်ရင် မလွန်ဘူး။ ဒါကို ဘာလို့သူ့အတွင်းစိတ်ရဲ့ပုံရိပ်က အလင်း ဖြစ်နေရတာတုံး ”
“ ရယ်စရာ ကောင်းလိုက်တာ၊ ရယ်စရာကောင်းလိုက်တာ၊ ရယ်စရာကောင်းလိုက်တာ ”
“ အမှောင်ထဲမှာနေပြီး အတွင်းစိတ်က အလင်း ဖြစ်နေတယ်တဲ့လား ”
သူတော်စင်၏ မျက်လုံးများ နီမြန်းနေသည်။ သူ၏ကိုယ်ဟန်အနေအထားကို သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားရပြီး သူ့ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ တံခါးက အမှန်တကယ်ပင် အလင်း ထုတ်လွှတ်ခဲ့လေသည်။
ယင်းသည် သူ တောင့်တနေသောအရာ ဖြစ်သည်။
သူ၏တာအိုဘွဲ့က သူတော်စင်ကြယ် ဖြစ်သည်။ သူတော်စင်ကြယ်ဆိုသည့်စကားလုံးက ‘ အလင်း ’ ကို ကိုယ်စားပြုသည်။ သို့သော် တံခါးကို သူ ဖွင့်စဉ်အခါက ပေါ်လာခဲ့သည်မှာ ပုပ်ပွပြီး ရွံစရာကောင်းသော လျှာကြီးတစ်ခုသာ ဖြစ်သည်။ သူသည် နှိုင်းယှဉ်ကြည့်ရင်း လူသတ်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။
ရွှီချင်းက တံခါးထဲရှိ အလင်းစက်ကွန်းအပြင်ဘက်သို့ ဆုတ်ခွာသွားသည်ကို သူ သတိထားမိသောအခါ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ရုတ်တရက် ဘုန်းခနဲ မြည်ကာ တံခါးပိတ်သွားသည်။ ထို့နောက် အလင်းများ ချက်ချင်း ဝေဝါးသွားပြီး တံခါးသည် ရွှီချင်းကို မျက်နှာမူူမနေတော့ဘဲ သူ့ တည့်တည့်သို့ လှည့်လာသည်။
သူသည် အဆိပ်မိထားပြီး အချိန်အတိုင်းအတာတစ်ခုအထိသာ အဆိပ်ကို ဖိနှိပ်ထားနိုင်သည်။ ထိုတံခါးကို ထုတ်လိုက်သည်မှာ ရွှီချင်းကို သတ်ရန်သာ မဟုတ်ပေ။ သူ၏အဓိကရည်ရွယ်ချက်မှာ ထိုတံခါးကိုသုံး၍ သူ၏အဆိပ်ကို ချေဖျက်ရန် ဖြစ်သည်။
ယခင်က ထိုတံခါးကို သူ အသုံးပြုခဲ့ဖူးသည်။ ထိုအချိန်က သူ့ကိုယ်ထဲ စိုက်ဝင်နေသည့် ကျိန်စာကို ချေဖျက်ရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သူသည် အံတင်းတင်းကြိတ်လိုက်သည်။ ရွှမ်လင်းယုံလီတံခါးက ရွေ့လျားသွားပြီး ချက်ချင်း ပွင့်လာသည်။ တံခါးထဲတွင် မှောင်မည်းနေသေးသော်လည်း မျက်တောင်တစ်ခတ်အတွင်း ပုပ်ပွနေသော လျှာကြီးတစ်ဖက် ထွက်လာကာ သူတော်စင်ကြယ်ထံသို့ ဦးတည်သွာားသည်။
ရုတ်တရက် သူတော်စင်ကြယ်၏ခန္ဓာကိုယ်တုန်ရီသွားပြီး သူ့မျက်နှာပေါ်တွင် နာကျင်နေသည့်အရိပ်အယောင်များဖြင့် ပြည့်နက်သွားသည်။ လျှာနှင့်ထိတွေ့လိုက်သည့် သူ့ခန္ဓာကိုယ်နေရာမှာ ပုပ်ပွသွားသည်။ သူ၏ချောမောသောမျက်နှာသည် သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ဆံပင်များ ကျွတ်ကျသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ပုပ်ပွနံစော်သော အနံ့အသက်များ တထောင်းထောင်း ထလာသည်။
သို့သော်လည်း ထိုသို့ ပေးဆပ်လိုက်ပြီးနောက် ရရှိလာသည့်ရလဒ်များကြောင့် သူ အလွန် ကျေနပ်သွားသည်။
ထိုအချိန်၌ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်တစ်ဝက်ကျော် ချက်ချင်း လွင့်ပျယ်သွားသည်။ လက်ကျန်အဆိပ်များသည်လည်း အဆိပ်ဓာတ်ကုန်ခမ်းသွားပြီး ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ သို့သော်လည်း သူ တုန်လှုပ်သွားရသည်မှာ ထူးဆန်းသော တံခါး၏ စွမ်းအားအောက်မှာပင် တစ်ရာ့နှစ်ဆယ်မြောက်တံခါးပေါ်ရှိ အရိပ်လေးက ဘာမှမဖြစ်ဘဲ ရှိနေခြင်းပင်။
ထိုမျှသာမက အရိပ်လေးပေါ်မှာ မျက်လုံးတစ်လုံးပင် ပေါ်လာပြီး သူ့ကို အထင်သေးသောအကြည့်ဖြင့် ကြည့်နေ၏။
“ ဘာကြီးတုံး ”
သူတော်စင်ကြယ် အပြင်းအထန် တုန်ရီသွားပါသော်လည်း စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ အဆိပ်များကို ချေဖျက်ပြီးသွားသည်နှင့် သစ်သားတံခါးကို သိမ်းဆည်းလိုက်သည်။ တံခါးကို သူ ဆက်လက်အသုံးမပြုဝံ့တော့ချေ။ သူက ဆေးလုံးများ ထုတ်လိုက်ပြီး ပါးစပ်ထဲ ထည့်ကာ ရွှီချင်းနောက်သို့ ပြေးလိုက်သွားသည်။
မနီးမဝေးတွင် ရှိနေသော ရွှီချင်းသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ့တစ်ကိုယ်လုံး စုတ်ပြတ်နေပါသော်လည်း သတ်ဖြတ်ချင်စိတ်က တဟုန်းဟုန်း တောက်လောင်နေဆဲပင်။ အစောပိုင်းက သူ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပါသော်လည်း ခရမ်းရောင်သလင်းကျောက်က သူ့ကို အလျင်အမြန် ကုသပေးခဲ့သည်။ ယင်းအပြင် သူ နောက်ဆုတ်စဉ်အခါက အနာကျက်ဆေးများစွာကိုလည်း သောက်ခဲ့သည်။
သူတော်စင်ကြယ် ပြေးလာသည့်အချိန်မှာပင် ရွှီချင်းသည်လည်း ညာခြေဖြင့် မြေကြီးကို ဆောင့်ချလိုက်သည်။ မြေကြီးများ ဖွာလန်ကြဲသွားပြီး သူ၏ခန္ဓာကိုယ် လေထဲသို့ ပျံတက်သွားကာ သူတော်စင်ကြယ်နှင့် လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားသည်။
တားမြစ်ဒေသကြီးပတ်ဝန်းကျင်တွင် တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်သော အပင်များနှင့် သစ်ပင်ကြီးများ ပြိုလဲသွားသည်။ ထိုပတ်ဝန်းကျင်ရှိ သားရဲများသည်လည်း အလန့်တကြား ထွက်ပြေးသွားကြသည်။ ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ကြားရှိ တိုက်ပွဲက အမှန်ပင် မိုးမြေတုန်ဟီးသွားစေခဲ့သည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပင် ထိုတိုက်ပွဲကြောင့် သွေးပျက်ချောက်ချားသွားပေမည်။
သူတို့နှစ်ယောက်က ကြောက်ခမန်းလိလိ မြန်ဆန်စွာ လှုပ်ရှားနေကြပြီး သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း တဝုန်းဝုန်းပေါက်ကွဲကာ ပျက်စီးသွားသည်။
သူတို့နှစ်ယောက် လက်သီးချက်ချင်း ဖလှယ်နေကြစဉ် ရွှီချင်းက ရုတ်တရက် သလင်းကျောက်တစ်ခုကို ထုတ်လိုက်သည်။ ယင်းသလင်းကျောက်ကို ဖောက်ခွဲလိုက်ရာ အနက်ရောင်မြူခိုးများ ဝုန်းခနဲ လွင့်ပျံလာသည်။ မြူခိုးများထဲမှ ခေါင်းပြတ်နွားကြီးတစ်ကောင် ဝရုန်းသုန်းကား ပြေးလာပြီး သူတော်စင်ကြယ်ကို ဝင်ဆောင့်သွားသည်။
ယင်းသည် အဆုံးသတ် မဟုတ်သေးပေ။ ထိုအချိန်၌ ရွှီချင်းက သလင်းကျောက် သုံးလုံးကို တစ်လုံးပြီးတစ်လုံး ဖောက်ခွဲပစ်လိုက်သည်။ တွန့်လိမ်နေသော အနက်ရောင်ဆံချည်ထွေးတစ်ခု၊ ခြောက်ကပ်ကပ်လက်တစ်ဖက်နှင့် အဖြူရောင်မျက်လုံးတစ်လုံးတို့ ပျံထွက်လာသည်။
ထိုပစ္စည်းများသည် စည်းစိမ်နတ်မင်း စီမာလင်းထံမှ ရွှီချင်း ရရှိခဲ့သော ပစ္စည်းများမှလွဲ၍ တခြားမဟုတ်ပေ။ သူက တစ်ချီတည်းဖြင့် ပစ္စည်းအားလုံး အသုံးချလိုက်သည်။ ရုတ်တရက် ဘေးပတ်ဝန်းကျင်တွင် ဓာတ်နှောများ ထူထပ်သိပ်သည်းလာသည်။ ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး အနက်ရောင်ဆေးများစွာကိုပင် ပစ်ပေါက်လိုက်သည်။
တပွက်ပွက်မြည်သံများ ပဲ့တင်ထပ်သွားပြီးနောက် ဓာတ်နှောများ ချက်ချင်း တဝုန်းဝုန်း ပေါက်ကွဲသွားသည်။ တချိန်တည်းမှာပင် ထိုဓာတ်နှောများကြောင့် တားမြစ်ဒေသကြီး၏ တောနက်ထဲရှိ ရက်စက်ကြမ်းကြုတ်သောသတ္တဝါများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
သူတော်စင်ကြယ်မှာ မျက်နှာပျက်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ သို့သော် မကောင်းဆိုးဝါးလေးကောင်သည် ထိုဓာတ်နှောများထဲတွင် ရေထဲ ရှင်သန်သော ငါးများပမာပင်။ သူတို့က ပေါ်လာပြီးနောက် အတူတကွ ပေါင်းစပ်သွားကြသည်။
ခြောက်ကပ်ကပ်လက်ကြီးက ခေါင်းပြတ်နွား၏ လည်ပင်းပေါ်မှာ ကြီးထွားလာပြီး မျက်လုံးက လက်ထဲမှာ နစ်မြှုပ်သွားသည်။ ဆံချည်မျှင်များက နွားကို လွှမ်းခြုံသွားသည်။ တခဏလေးအတွင်း အမြီးအမောက်မတည့်သော မကောင်းဆိုးဝါးတစ်ကောင် သူတော်စင်ကြယ်ထံသို့ ပြေးဝင်သွားသည်။
သူတော်စင်ကြယ်က ရှောင်တိမ်းရန် ပြင်လိုက်သည်။
ရွှီချင်း၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုမကောင်းဆိုးဝါးများအား ထိန်းချုပ်သော စီမာလင်း၏ ဓမ္မအသုံးအဆောင်တစ်ဝက်ကျော်ကို ထုတ်လိုက်သည်။ ထိုဓမ္မအသုံးအဆောင်များကို ပစ်လွှတ်လိုက်ပြီးနောက် သူ လက်ကိုဝှေ့ယမ်းလိုက်သည်။
တခဏလေးအတွင်း ထိုဓမ္မအသုံးအဆောင်များ ပေါက်ကွဲသွားပြီး သူတော်စင်ကြယ်၏ ပြေးလမ်းကို ပိတ်ဆို့လိုက်ရာ သူတော်စင်ကြယ်မှာ ရှောင်တိမ်း၍မရအောင် ဖြစ်သွားသည်။ သို့ဖြစ်၍ သူတော်စင်ကြယ်က ထိုမကောင်းဆိုးဝါးကို လှမ်း၍ ခုန်အုပ်လိုက်သည်။
မြဲ့မုန်က ဂီးခနဲ အော်ဟစ်လိုက်သည်။ သို့သော်လည်း သူတော်စင်ကြယ် အားနည်းနေသည်ဖြစ်၍ ၎င်းသည်လည်း ဒဏ်ရာရနေခဲ့သည်။ ၎င်းကိုလည်း ရွှေကျီးကန်းကြီးက စူးစိုက်ကြည့်နေခဲ့သည်။ ၎င်းက အပြင်ထွက်လိုက်ပြီး ရွှေကျီးကန်းကြီးနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ခိုက်လိုက်ကြပြန်သည်
ရွှီချင်းသည်လည်း အနီးကပ်သွားသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ဓားမြှောင်တစ်လက် ပေါ်လာသည်။ သူတော်စင်ကြယ် မောပန်းနွမ်းနယ်နေသည်ကို အခွင့်အရေးယူ၍ သူတော်စင်ကြယ်၏ လည်ပင်းကို လှီးလိုက်သည်။
သူတော်စင်ကြယ်က ခေါင်းငုံ့ကာ ရှောင်တိမ်လိုက်ရာ ဓားမြှောင်က သူ့ခေါင်းပေါ်မှ ကျော်ဖြတ်သွားသည်။ သူ ဓားမြှောင်ကို ရှောင်တိမ်းနိုင်လိုက်ပါသော်လည်း မိစ္ဆာမီးတောက်များက သူ့ကို လွှမ်းခြုံသွားသည်။ သို့သော် သူတော်စင်ကြယ်က ထူးခြားစွာ အစွမ်းထက်သူ တစ်ယောက် မဟုတ်ပါလား။ သူ၏သက်စောင့်မီးတောက်များ ပျံ့လွင့်သွားပြီး မိစ္ဆာမီးတောက်များကို တားဆီးလိုက်သည်။ သို့သော် သူ၏သက်စောင့်မီးတောက်များက ရွှီချင်း၏ ရူးသွပ်ခြင်းကိုမူ မဟန့်တားနိုင်ချေ။
ရွှီချင်းက ခေါင်းမော့၍ သူတော်စင်ကြယ်ကို အညှာအတာမဲ့စွာ တိုက်လိုက်သည်။
သူတော်စင်ကြယ်၏ မျက်လုံးများ နီမြန်းသွားပြီး သူသည်လည်း သူ့ခေါင်းဖြင့် ရွှီချင်း၏ခေါင်းကို ပြန်တိုက်လိုက်သည်။
ဘုန်းခနဲ မြည်သံနှင့်အတူ နှစ်ယောက်လုံး မူးဝေနောက်ကျိသွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။
ရွှီချင်း၏ အညှာအတာမဲ့ရက်စက်ကြမ်းကြုတ်ခြင်းကြောင့် သူတော်စင်ကြယ်မှာ စိတ်ဓာတ်ကျလာတော့သည်။ သို့သော်လည်း လူသတ်ချင်စိတ်များက လျော့မသွားသေးပေ။ ယနေ့ ရွှီချင်းကို သတ်ပြီး သက်စောင့်မီးအိမ်ကို သူ လုပ်ယူရပေမည်။
သူတော်စင်ကြယ်သည် နောက်ဆုတ်ရင်း သူ့မျက်ခုံးမွေးနှစ်ခုကြားရှိနေရာကို ရိုက်ချလိုက်သည်။ မည်သည့်လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်မှန်း မသိပါသော်လည်း သူ၏ညာလက်က မျက်ခုံးမွေးနှစ်ခုကြားမှနေ၍ ခေါင်းထဲသို့ ဝင်သွားသည်။ ထို့နောက် သူက သွေးချင်းချင်းနီရဲနေသော စုတ်တံတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထိုစုတ်တံသည် အလွန်သေးငယ်သော်လည်း ခေါင်းအပြင်ဘက်သို့ ရောက်လာသောအခါ ချက်ချင်း ကြီးထွားလာသည်။ စုတ်တံ၏ထိပ်ဖျားက ခေါင်းတစ်ခေါင်း ဖြစ်သည်။ ထိုခေါင်းသည် သူတော်စင်ကြယ်နှင့် တသွေမတိမ်း ဆင်တူသည်။
“ အစ်ကို၊ ကျနော် အိပ်နေတာလေ။ ကျနော်နဲ့ ကစားရအောင်လို့ အစ်ကို နှိုးလိုက်တာလား ”