← Chapters

ဒီယာဂုက … ထူးခြားတယ်

Vol. 26 Ch. 384

ဒီယာဂုက … ထူးခြားတယ်

Vol. 26 Ch. 384

*နင်ကမှ ရူးနေတာ၊ နင့်တစ်မိသားစုလုံးက ရူးနေတာ*

ကျောက်လျန့်ရင် ဒေါသထွက်လာပြီး အတွင်းဒဏ်ရာ ရလုနီးပါး ဖြစ်လာရသည်။

သူမသည် ရှောင်ဖေးဖေးကဲ့သို့ ဖန်သားပြင်ပေါ်မှ နတ်ဘုရားမလေးတစ်ဦး ဖြစ်သည်။ ထို့အပြင် ရှောင်ဖေးဖေးက ဖန်သားပြင်ပေါ်မှ ပျောက်ကွယ်သွားခြင်းကြောင့် သူမအား ဖန်သားပြင်ပေါ်မှ နံပါတ်တစ် နတ်ဘုရားမလေးဟု သတ်မှတ်နိုင်ပြီး လူအများ၏ ချစ်ခင်ခြင်းများကို ရရှိထားသည်။

သို့သော် သူမ မကျေမနပ် ဖြစ်သော်လည်း ထုတ်မပြောရဲပါ။ သူမ ရဲ့လင်းချန်ကို စိုက်ကြည့်ပြီး မကျေနပ်သံ ပြုရုံသာ တတ်နိုင်လေသည်။

“ငါ ရူးနေတာ မဟုတ်ဘူး”

“မဟုတ်ဘူး၊ မင်းက နေမကောင်း ဖြစ်နေတာ”

ရဲ့လင်းချန် ထပ်ပြင်ပြောလိုက်သည်။

“နင်ကမှ ရူးနေတာ”

ကျောက်လျန့်ရင် စိတ်မထိန်းထားနိုင်တော့ဘဲ ပြန်ပြောလိုက်လေသည်။

“ရင်အာ၊ နင် အစာစားချင်စိတ် ပျောက်တဲ့ရောဂါကို ခံစားနေရတာ မဟုတ်ဘူးလား၊ လင်းချန်က အဲ့ဒါကို ပြောနေတာ ဖြစ်လောက်တယ်”

ရှောင်ဖေးဖေးက ချက်ချင်း အခြေအနေကို ပြေလျော့ရန် ကြိုးစားလေသည်။ တစ်ချိန်တည်းမှာပင် သူမက ရဲ့လင်းချန်ကို လှမ်းကြည့်၍ သူမ အခင်ဆုံး သူငယ်ချင်းကို အနိုင်မကျင့်ရန် အချက်ပြနေသည်။

“သူက အစာမစားချင်တဲ့ ‌ရောဂါ ခံစားနေရရုံတင် မကဘူး”

ရဲ့လင်းချန်က ကျောက်လျန့်ရင်ကို ကြည့်၍ ဆက်ပြောသည်။

“မင်း အိပ်ပျော်ရခက်နေတယ် မဟုတ်လား၊ အိပ်ရေးပျက်ပြီး အနှောင့်အယှက်ဖြစ်တဲ့ အိပ်မက်တွေ ရနေတယ်၊ ပြီးတော့ မင်းခြေလက်တွေက အားနည်းနေပြီးတော့ ဆက်တိုက် ခေါင်းကိုက်နေတတ်တယ်”

“ရှင် ဘယ်လိုလုပ် သိတာလဲ”

ကျောက်လျန့်ရင် စိတ်မတိုတော့ဘဲ ရဲ့လင်းချန်အား အလန့်တကြား ကြည့်လာသည်။

သူမ ပြဿနာများနှင့် ပတ်သက်၍ ဘယ်သူ့ကိုမှ မပြောပြပါ။ ရှောင်ဖေးဖေးကိုတောင်မှ သူမ အစာစားချင်စိတ် ပျောက်သည့်အကြောင်းကိုသာ ပြောပြထားသည်။

အခြေအနေက ပြင်းထန်သည်ဟု မဆိုနိုင်သော်လည်း သူမကို အကြီးအကျယ် နှိပ်စက်နေ၏။ သူမ၏ အခြေအနေ အားလုံးက လျင်မြန်စွာ ယိုယွင်းလာပြီး ပင်ပန်းနွမ်းလျသော ခန္ဓာကိုယ်တစ်ခု ရလာစေသည်။ အချိန် ကြာလာသောအခါ ယင်းက သူမကို ထိခိုက်ပျက်စီးလုနီးပါး ဖြစ်လာခဲ့သည်။

“လင်းချန်၊ ရင်အာမှာ ဘာရောဂါ ရှိနေလို့လဲ”

ရှောင်ဖေးဖေး မေးလိုက်သည်။

“ဟဲဟဲ လွန်ကဲတဲ့ ထင်ယောင်ထင်မှား ဖြစ်ခြင်းလေ”

ရဲ့လင်းချန် အသာ ပြုံးနေသည်။

“သူက အရာရာကို အတွေးလွန်နေရုံ သက်သက်ပါပဲ၊ အဲ့ဒါက သူ အခွင့်ရေး ယူခံရလိမ့်မယ်လို့ အမြဲ အထင်မှား ရာကနေ အစပြုတယ်လို့ ကျွန်တော် ထင်တယ်”

ရှောင်ဖေးဖေးနှင့် အခြားသူများက သူနှင့် ခပ်ဝေးဝေးတွင် စကားပြောနေကြသော်လည်း ချီသန့်စင်ခြင်းကြောင့် သူ၏ အကြားအာရုံနှင့် အမြင်အာရုံတို့က ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ သူတို့ ပြောခဲ့သော စကားများမှ ကောက်၍ သူ ပြန်နောက်လိုက်ခြင်း ဖြစ်သည်။

သူ့စကားက ကျောက်လျန့်ရင်၏ မျက်နှာကို ချက်ချင်း နီရဲသွားစေသည်။ သူမ ရှက်ရွံ့သွားပြီး ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ကြိုးစားသော်လည်း ဘာမှမပြောနိုင်ပေ။ သူမ စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ဖက်သို့ လှည့်လိုက်ရသည်။

“ကဲ အလုပ်ပြန်လုပ်ပြီး ညစာ ပြင်ကြတာပေါ့”

ရဲ့လင်းချန်က လက်ခုပ်တီးလိုက်ပြီး ကျောက်လျန့်ရင်ကို စနောက်ချင်စိတ် မရှိတော့ပေ။

လူတိုင်း ချက်ချင်း ထရပ်လိုက်ကြသည်။ သူတို့ မြည်းစမ်းနိုင်မည့် စားကောင်းသောက်ဖွယ်ကို တွေးကြည့်ရုံ နှင့်တင် သူတို့ စိတ်လှုပ်ရှားလာကြပြီး ကိုယ်တိုင် ဝင်ကူကြသည်။

“သခင်လေး ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ”

“အရင်ဆုံး ငါ့ကို မီးဖိုတစ်လုံး ပေး”

“မီးဖို မြန်မြန်ယူကြ”

“ဘယ်သူ အရွက်ဆေးနိုင်မလဲ”

“ကျွန်မ၊ ကျွန်မ လုပ်လိုက်ပါ့မယ်”

“အိုး ဘယ်မှာလဲ၊ ငါ့ကို အိုးတစ်လုံးပေး”

“ကျွန်တော် အခုချက်ချင်း သွားယူလိုက်မယ်”

…

ရဲ့လင်းချန်သည် နေရာ၌ သက်တောင့်သက်သာ ထိုင်၍ အမိန့် ပေးနေသည်။ အခြားသူများက စိတ်လှုပ်ရှားကာ အလျင်အမြန် လိုက်လုပ်ကြသည်။

ဤမြင်ကွင်းကိုသာ အင်တာနက်ပေါ်သို့ တင်လိုက်ပါက အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားမည်မှာ အသေအချာပင်။ ဒါရိုက်တာနှင့် သရုပ်ဆောင်များအားလုံးက အစေအပါးများအဖြစ်သို့ ပြောင်းသွားကြခြင်းပင်။

ကျောက်လျန့်ရင်သည် လူအုပ်ကြီးအား မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေ၏။ သူမက သူတို့ကို ကျိတ်၍ အထင်သေးနေမိသည်။

*ဒီလူတွေက ဖော်လံဖားတွေပဲ၊ ဒါလေးက ဟင်းလေးတစ်ပွဲပဲ မဟုတ်ဘူးလား၊ ငါ့ကို အစ်မဖေးဖေး ဆွဲခေါ် မလာခဲ့ရင် ငါ ဒီကို စိတ်ရှုပ်ခံပြီး လာမှာတောင် မဟုတ်ဘူး*

“မင်း အဲ့မှာ ဘာထိုင်လုပ်နေတာလဲ”

ရဲ့လင်းချန်၏ အကြည့်က အထင်အမြင်သေးနေသော အမူအရာနှင့် ရှိနေသည့် ကျောက်လျန့်ရင်အပေါ် ကျရောက် လာသည်။

“ငါ … ငါ …”

“ဒီဟင်းလျာက မင်းအတွက် အစ်မဖေးဖေး တောင်းဆိုထားတာပဲ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောသည်။

“လမ်းဘေးနားက သစ်ရွက်တွေနဲ့ တုတ်ချောင်းတွေ သွားကောက်လာခဲ့၊ ငါတို့ မီးစမွှေးရမယ်”

*တုတ်ချောင်းတွေနဲ့ မီးစမွှေးမလို့လား*

*ဒါကြီးက အရမ်း ရှက်ဖို့ကောင်းတယ်၊ ငါ ကျောက်လျန့်ရင် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး*

“ကောင်းပြီလေ”

ကျောက်လျန့်ရင် ထရပ်လိုက်ပြီး လမ်းတစ်လျှောက် ခပ်သွက်သွက် လျှောက်သွားသည်။

မကြာခင်မှာပင် အရာအားလုံးက ရဲ့လင်းချန်ရှေ့၌ သပ်သပ်ရပ်ရပ် စီစဉ်ပြီး အသင့်ရောက်လာသည်။ လူတိုင်း သူ့အနား ဝိုင်းနေပြီး သူ့အား စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

“ချန်ချီချီ မင်းက ယပ်ခတ်ဖို့ တာဝန်ယူ”

ရဲ့လင်းချန်က ပစ္စည်းပစ္စယများနှင့် ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်ပြီး အသာခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

ချန်ချီချီက သူ့အမိန့်ကို ပျော်ရွှင်စွာ နာခံလေသည်။ ထို့နောက် သူက ဘေးနားမှ လူများကို အထင်သေးသော မျက်နှာပေးနှင့်အတူ မာန်တက်နေသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။

*မြင်လား၊ သခင်လေးရဲ့ တစ်ခုခု လိုအပ်တဲ့အချိန်မှာ ငါက အရင် အခေါ်ခံရတဲ့လူပဲ၊ ငါက သခင်လေးရဲ့ရဲ့ စိတ်ထဲမှာ အကူဆုံး လူပဲ*

ထို့နောက် ရဲ့လင်းချန်က အခြားသူများကို လျစ်လျူရှုပြီး မီးဖိုပေါ် အိုးတင်လိုက်သည်။ သူ အိုးထဲ ရေထည့်၍ ဆန်အချို့ ထည့်လိုက်သည်။

*ဒါ ယာဂု ချက်ဖို့လား*

လူအုပ်ကြီးသည် အချက်အပြုတ်နှင့် ပတ်သက်၍ ဘာမှမသိတာမျိုး မဟုတ်သဖြင့် ကိုယ်စီ ကိုယ်စီ ခန့်မှန်းနေ ကြသည်။ သူတို့စိတ်ထဲ၌ စိတ်ပျက်သော အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။

*ယာဂုက ဘာများ ကောင်းလို့လဲ၊ အဲ့ဒါက အသားကင်လိုမျိုး ထူးခြားနိုင်လို့လား၊ အဲ့ဒါရဲ့ အရသာက တော်တော်လေး သာမန်ပဲ မဟုတ်လား*

ကျောက်လျန့်ရင်သည်လည်း ရဲ့လင်းချန်အား စက်ဆုပ်သော အကြည့်ဖြင့် ကြည့်နေသည်။ ဤနည်းဖြင့် ယာဂုကို ဘယ်လိုချက်ရမလဲ ဆိုသည်ကို သူမလည်း သိပါသည်။ သူမ ချက်ပြုတ်ရန် အလွန် ပျင်းရိသည့်အခါတိုင်း ရိုးရှင်းသော ယာဂုကို ချက်ပြုတ်၍ ဟင်းအဖြစ် စားတတ်သည်။

*ဒီလို ရိုးရှင်းတဲ့အရာလေးနဲ့ သူက ဟန်ထုတ်နေတာလား၊ ဒါက ပွေးကျစ်စာကနေ တောင်တစ်လုံး ထွက်လာအောင် လုပ်နေသလိုပဲ*

ထို့နောက် ရဲ့လင်းချန်သည် ငါးကိုထုတ်၍ လက်ဖြင့် အမြန်တိုင်းတာလိုက်သည်။ ထို့နောက် ဓားက လက်ခနဲ ဖြစ်သွားပြီး ငါးအသားတုံးက အိုးထဲ၌ တိတ်တဆိတ် မျောနေ၏။

လူတိုင်း ရင်တစ်ချက် ခုန်သွားသည်။ သူတို့ လှစ်ခနဲသာ မြင်လိုက်ပြီး ငါးအသားတုံးက အိုးထဲ ရောက်နေသည်။ မသိလျင် ခေါက်ဆွဲကို ဖြတ်လိုက်သလိုပင်။

ထို့နောက် “ရွှစ် ရွှစ် ရွှစ်” ဟူသည့် အသံကိုသာ ကြားနေရသည်။ လူတိုင်း မျက်လုံး ပြာလာပြီး ငါးပေါ်မှ အသားများ လျင်မြန်စွာ ပျောက်သွားပြီး အရိုးများ ကျန်ခဲ့သည်ကိုသာ တွေ့လိုက်ရသည်။ ထိုအခိုက်တွင် အိုးထဲ၌ ငါးအသားတုံးများက အပေါ်၌ ပေါလောပေါ်နေ၏။ ယင်းက ဆီးနှင်းပွင့်များကဲ့သို့ ရေမျက်နှာပြင်တစ်ခုလုံး၌ ပြည့်နေသည်။

လူတိုင်း ပင့်သက်ရှိုက်လိုက်မိပြီး မျက်လုံး၌ ထိတ်လန့်မှုတို့ ပြည့်နှက်လာသည်။

ကျောက်လျန့်ရင်တောင်မှ ရဲ့လင်းချန်၏ အစွမ်းကို အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ငါးအသားတုံးက အရွယ်အစား မှန်သည်ကို သူတို့အားလုံး သတိထားလိုက်မိသည်။ ထို့အပြင် အားလုံးကို အရွယ်အစား ညီညီညာညာ ဖြတ်တောက်ထားသည်။ ရဲ့လင်းချန်သည် ငါးအရိုး အားလုံးကို တိကျစွာ ဖယ်ထုတ် ထားနိုင်သည်။ ဤသို့သော ဓားစွမ်းရည်က နတ်ဘုရားဆန်လှသည်ဟုပင် သတ်မှတ်နိုင်ပြီး ခေါက်ဆွဲ ဖြတ်ခြင်းတက်ပင် ပိုသာလေသည်။

၎င်းနှင့်အတူ သူတို့ရင်ထဲမှ သံသယများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားလာသည်။

ဤသို့ ထည်ဝါသော ပြသမှုနှင့်အတူ ဟင်းလျာက အတော်လေး အရသာ ရှိလောက်ပေသည်။

“အစ်မဖေးဖေး၊ သူ့လက်ရာက အစ်မတို့ ပြောသလို ကောင်းတာလား”

ကျောက်လျန့်ရင် မနေနိုင်တော့ဘဲ မေးလိုက်ကာ တံတွေးမျိုချလိုက်မိသည်။

“နင် မကြာခင် သိလာလိမ့်မယ်၊ ပါဝင်ပစ္စည်းကိုသာ ကန့်သတ်မထားရင် အားလုံး အစားလွန်ပြီး သေသွားလောက်တယ်၊ နင် အစာမစားချင်တဲ့ ရောဂါကို ခံစားနေရရင်တောင်မှ ဒီလို စားကောင်းသောက်ဖွယ်ရဲ့ ဆွဲဆောင်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး”

ရှောင်ဖေးဖေးက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

“တကယ်လား”

ကျောက်လျန့်ရင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ အစာစားချင်စိတ် ပျောက်ဆုံးသည့် ရောဂါကို မခံစားဖူးသည့် လူများသည် ယင်းက ဘယ်လောက် ဆိုးရွားသလဲ ဆိုသည်ကို လုံးဝ နားလည်နိုင်မည် မဟုတ်ပါ။

အစားအသောက်က သူတို့ရှေ့၌ ရှိနေသော်လည်း သူတို့ ဆာလောင်စိတ်ကို သည်းခံနေရသည်။ ထိုနာကျင်မှုက ကြီးမားလွန်းလှသည်။ ဤအတောအတွင်း အသက်ရှင်ရန်အလို့ငှာ သူမကိုယ်သူမ ဖိအားပေးခဲ့ရလေသည်။

ထိုစဉ် ရဲ့လင်းချန်က ဟင်းသီးဟင်းရွက်များနှင့်အတူ အမျိုးမျိုးသော ဟင်းခတ် အမွှေးအကြိုင်များကို လျင်မြန်စွာ စီစဉ်နေသည်။ ဟင်းသီးဟင်းရွက်များအပြင် အချို့သော ဆေးပင်များကိုလည်း သူ ရောထည့်ထားသည်။ ၎င်းတို့ကို ပြင်ဆင်ပြီးနောက် သူက အားလုံးကို အိုးထဲသို့ တစ်ခါထဲ လောင်းထည့်လိုက်သည်။

ထို့နောက်တွင်မူ သူသည် လူအုပ်ကြီးနှင့်အတူ အိုးကို စိုက်ကြည့်နေ၏။ ထိုသို့သောအချိန်၌ လူတိုင်း ဇဝေဇဝါ ဖြစ်ကာ ပြောစရာစကား မဲ့နေကြသည်။

“ဒါပဲလား”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို နားမလည်စွာ ကြည့်လေသည်။ ခါးကို ဖြတ်တောက်စဉ်က အထင်ကြီးစရာ ကောင်းသော သူ၏ ပြသမှုမှလွဲ၍ ကျန်အရာအားလုံးက သာမန်လောက်ဟု ထင်ရသည်။

“ပြီးပြီလေ၊ ငါတို့ အိုးဖုံးကို ဖွင့်ဖို့ နာရီဝက်လောက် စောင့်ဖို့ပဲ လိုတာ”

ရဲ့လင်းချန်က အသာအယာ ပြောသည်။ လူအုပ်ကြီး၏ မယုံသင်္ကာဟန်နှင့် ရင်ဆိုင်ရသဖြင့် သူတို့အား သူ့အပေါ် အထင်သေးခွင့် မပေးနိုင်ပါ။ သူက ပြုံး၍ ရှင်းပြလိုက်သည်။

“အရာအားလုံးက အဆုံးသတ်ကျရင် အခြေခံကို ပြန်ရောက်သွားတာပဲ၊ ငါက ဆရာသခင် စားဖိုမှူးအဆင့်ကို ရောက်နေပြီဆိုတော့ မင်းတို့တွေက ဒါကို လွယ်တယ်လို့ တွေးကောင်း တွေးလိမ့်မယ်၊ ဒါပေမဲ့ ဒီယာဂုက … ထူးခြားတယ်”

…

All Chapters