မိစ္ဆာစုတ်တံကို ချုပ်နှောင်သော ဝိညာဉ်ပင်လယ်
Vol. 23 Ch. 353
ထိုစုတ်တံသည် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။
ရွှီချင်းသည် ဖျတ်ခနဲ ကြည့်လိုက်ပြီး မျက်လုံးများ မှေးသွားသည်။
ထိုစုတ်တံသည် လူသားတစ်ယောက်၏ အရပ်အမောင်းတစ်ဝက်ခန့်ရှိသည်။ စုတ်တံသည် လူသားတစ်ယောက်၏ ကျောရိုးဖြစ်ပြီး စုတ်တံ၏ ထိပ်သည် မျက်နှာဖြစ်ပြီး စုတ်တံထိပ်အမွေးများက ဆံပင်များဖြစ်သည်။
ကျောရိုးပေါ်တွင် အသွေးအသားများ ရှိနေဆဲပင်။ ခေါင်းက အကောင်းပကတိရှိနေသေးသော်လည်း အရေပြားက အစိမ်းရောင်ဖြစ်ကာ ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်နှင့် ဆင်တူသည်။ ထိုစုတ်တံပေါ်လာပြီးနောက် ၎င်း၏ ကျောချမ်းဖွယ်စကားများကြောင့် ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။
သူတော်စင်ကြယ်မှာမူ ထိုစကားများကို မကြားဟန်ဆောင်ထားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထူးဆန်းသော စုတ်တံကို ထိန်းချုပ်၍ လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။
စက်ဝိုင်းကို ရေးဆွဲလိုက်သည်နှင့် စက်ဝိုင်းက ပုံရိပ်ယောင်မှ ဒြပ်ထုရှိသည့်အဖြစ်သို့ ပြောင်းလဲသွားသည်။ စက်ဝိုင်း၏အရောင်က နီမြန်းပြီး အရပ်မျက်နှာအနှံ့ ချက်ချင်း လွင့်ပျံသွားသည်။ လေပြင်းတစ်ခုပမာ ရွှီချင်း၏မျက်နှာကို တိုက်ခတ်သွားသည်။
ပုံဆိုးပန်းဆိုးမကောင်းဆိုးဝါးနွားကြီးမှာမူ ဖိနှိပ်ခံလိုက်ရသည့်အလား ရုတ်တရက် တုန်ရီသွားပြီး ဆုတ်သွားသည်။ ထို့နောက် နွားကြီး ပြိုကွဲသွားပြီး အစိတ်အပိုင်းလေးခုအဖြစ် ပြန်ကွဲထွက်သွားသည်။ ထိုအစိတ်အပိုင်းလေးခုသည်လည်း ထပ်မံပြိုကွဲကာ ပျောက်ကွယ်သွားသည်။
သူတော်စင်ကြယ်က ရွှီချင်းကို နီမြန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့လက်ထဲရှိ စုတ်တံ၏ခေါင်းရှိ မျက်လုံးများထဲမှ အနက်ရောင်အလင်းများ ဝင်းလက်နေသည်။ ၎င်းသည်လည်း ရွှီချင်းကိုကြည့်ကာ ရှည်လျားသော လျှာကြီးဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး ပြောလိုက်သည်။
“ အစ်ကို၊ အစ်ကို သူ့ကို သတ်တော့မလို့လား။ သူလည်း သိပ်ချောတာပဲ။ ကျနော်တို့ သူ့ကို ဖမ်းမိရင် အရင်တုန်းက ကျနော့်ကို လုပ်ခဲ့သလို လုပ်မှာလား။ သူ့ကို အစ်ကို့ခန္ဓာကိုယ်ထဲ သန့်စင်ပြီး သူ့ပါရမီကို လုယူမယ်လေ။ ပြီးရင် သူ့ကို ဒုတိယမြောက်စုတ်တံအဖြစ် ပြောင်းလိုက်ပေါ့ ”
သူတော်စင်ကြယ်က အေးစက်စက်နှာမှုတ်လိုက်သည်။ သွေးမျိုးဆက်အရ ထိုစုတ်တံကို သူ့ညီလေးဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူက သူ့ညီလေးကို နှစ်ပေါင်းများစွာကြာ ချုပ်နှောင်ပြီး သန့်စင်ခဲ့သည်။ ထို့နောက် သူ့ညီလေးက သူ့အတွက် ရတနာတစ်ပါး ဖြစ်လာသည်။ ဂိုဏ်းစောင့်ဘိုးဘိုးနှင့် ဂိုဏ်းထဲရှိ လူအများစုက ထိုအကြောင်းကို သိကြသည်။
သို့သော် ဂိုဏ်းစောင့်ဘိုးဘိုးက သူတို့နှစ်ယောက်အနက် တစ်ယောက်သာ အသက်ရှင်နိုင်မည်ဟု ပါးစပ်ကထုတ်မပြောဘဲ လက်ခံနေသဖြင့် တခြားလူများမှာ ဘာမှဝင်ရောက်ပြောဆိုနိုင်ခြင်း မရှိပေ။
ထိုသို့ မပြောခြင်းမှာလည်း သူတော်စင်ကြယ်က ထူးဆန်းသော သဘာဝနှင့် မွေးဖွားလာခြင်းကြောင့် ဖြစ်သည်။ သူနှင့် သူ့ညီလေးတို့က ရင်ချင်းဆက်အမြွှာများ ဖြစ်ကြသည်။
ထိုကဲ့သို့အခြေအနေသည် ဝမ်ကူးဒေသကြီး၏ သမိုင်းတစ်လျှောက် ထူးဆန်းသောအခြင်းအရာ မဟုတ်ပေ။ အမှန်စင်စစ် နတ်ဘုရား၏မျက်နှာပျက်ကြီး ရောက်လာပြီး ဓာတ်နှောများ ပျံ့နှံ့လာခြင်းကြောင့် ဘဝရပ်တည်ရေး ပြောင်းလဲသွားသော အခြေအနေများစွာ ရှိသည်။
လူများ သို့မဟုတ် တခြားသတ္တဝါများတွင် အပြင်ပန်းကြည့်လျှင် ဓာတ်နှောများမရှိဟု ထင်ရပါသော်လည်း အမှန်စင်စစ် သူတို့၏သွေးမျိုးဆက်မှာ သက်ရောက်မှုဖြစ်သွားခြင်း ဖြစ်သည်။
ထိုသက်ရောက်မှုက ထိုမျိုးဆက်မှာ ပေါ်နေသည်ကို တစ်ယောက်မှ မသိကြခြင်းသာ ဖြစ်သည်။
သို့တိုင်အောင် ယင်းအခြေအနေသည် သူတော်စင်ကြယ်အတွက် လက်မခံနိုင်သောအရာဖြစ်သည်။ ထို့ကြောင့် သူ အသိစိတ်ရှိလာကတည်းက သူ့ညီလေးကို သတ်ချင်ပြီး သူ့ညီလေးမှာလည်း သူကဲ့သို့ အတွေး ရှိနေခဲ့သည်။ နောက်ဆုံးတွင် သူက အသာစီးရသွားခဲ့သည်။
“ သေချာတာပေါ့။ သူ့ကို သတ်ကြမယ်။ ငါ မင်းကို သတ်ခွင့်ပြုတယ် ”
သူ့ညီလေး၏စကားများကို ကြား၍ သူတော်စင်ကြယ်က သုန်မှုန်နေသောအမူအရာဖြင့် ပြောလိုက်သည်။
သူတော်စင်ကြယ်၏ ညီလေးမျက်လုံးများ ဝင်းလက်သွားပြီး တစ်ကိုယ်လုံးမှ ဓာတ်နှောများကို ထုတ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် ၎င်း၏မျက်လုံးများမှ မည်းနက်တောက်ပြောင်သောအလင်းများ ထွက်ပေါ်လာသည်။ ၎င်းက ရွှီချင်းကို လောဘရောင်လက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတော်စင်ကြယ်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ထူးဆန်းသော စုတ်တံကို ကြက်ခြေခတ်ပုံစံဖြင့် ရွှီချင်းထံသို့ ချိန်ရွယ်၍ ရေးဆွဲလိုက်သည်။
တခဏလေးအတွင်း ကြက်ခြေခတ်က အနီရောင်အလင်းများဖြင့် ဝင်းလက်တောက်ပလာသည်။ ထိုကြက်ခြေခတ်က ပုံရိပ်ယောင်မှ ဒြပ်ထုဖြစ်သွားသည်။ ကြက်ခြေခတ်က သွေးများဖြင့် ပြုလုပ်ထားဟန်ရှိပါသော်လည်း အရွတ်အကြောများဖြင့် ပြည့်နှက်နေသည့် အရေပြားမရှိသော အသွေးအသားထုကြီးတစ်ခုနှင့်လည်း ဆင်တူသည်။
၎င်း ဖြတ်သန်းသွားသည့်နေရာတိုင်း မကောင်းဆိုးဝါးအငွေ့အသက်များ လေထဲ ပျံ့လွင့်သွားပြီး ရာသီဥတုလည်း ပြောင်းလဲသွားသည်။
ရွှီချင်း၏မျက်နှာ မည်းမှောင်သွားသည်။ သူက အသေးစိတ်အချက်အလက်များ ရှင်းရှင်းလင်းလင်း ဖော်ပြမထားသည့် ကျောက်စိမ်းပေလွှာကို လက်ထဲတွင် စုပ်ကိုင်လိုက်သည်။ ထိုကျောက်စိမ်းပေလွှာကို သူ ဖျက်ဆီးချင်ပုံရသော်လည်း စွန့်လွှတ်လိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အသွေးအသားကြက်ခြေခတ်ကြီးက ရွှီချင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ရွှီချင်းသည် သွေးများ အန်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ အသွေးအသားကြက်ခြေခတ်ကြီးထံမှ ထူးဆန်းသော ရယ်မောသံလွင့်ပျံလာပြီး နောက်မှလိုက်လေသည်။ သို့သော် ရွှီချင်း၏အမြန်နှုန်းက မနိမ့်ကျပေ။ သူက မျက်မှောင်ကြုတ်ကာ နောက်မှ ထပ်ကြပ်မကွာလိုက်နေသော အသွေးအသားကြက်ခြေခတ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။
ယခု သူနှင့် သူတော်စင်ကြယ်တို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်၍ သူတို့၏အားနည်းချက်များ သိသိသာသာ ပေါ်လာနေပြီဖြစ်သည်။ သူတော်စင်ကြယ်နှင့်ယှဉ်လျှင် သူက အမှန်ပင် နတ်ဘုရားအတတ်များ မရှိသည်ကို သတိထားမိသည်။
အမှန်စင်စစ် သူ နှိုင်းယှဉ်နေသည့်လူက သူတော်စင်ကြယ်သာ မဟုတ်လျှင် သူ၏မန္တန်များက အဆင်ပြေသည်။ သို့သော် သူတော်စင်ကြယ်သည် တိမ်လွှာဓားဂိုဏ်းမှ အစွမ်းကုန် မွေးမြူထားသည့် ရှေးဘုရင်များနှင့် အရှင်သခင်လမ်းစဉ်ကို လျှောက်လှမ်းနေသော ကောင်းကင်လက်ရွေးစင်တစ်ယောက် ဖြစ်သည်။ သူ့မှာ မန္တန်များစွာနှင့် ဓမ္မအသုံးအဆောင်များစွာ ရှိနေသည်မှာ သဘာဝပင်။
“ ငါ့မှာ နတ်အတတ်တွေ၊ မန္တန်တွေမရှိဘူး။ ငါ့ဓမ္မအသုံးအဆောင်တွေက သူ့လောက်မများဘူး။ ဒါပေမဲ့ ခွန်အားက အတတ်ဆယ်မျိုးကို အနိုင်ယူနိုင်တယ် ”
ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားသည်။ သူ့ကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်က ၎င်း၏အစွမ်းများကို ပြသကာ သူ့ဒဏ်ရာများကို အလျင်အမြန် ကုသပေးနေသည်။
တချိန်တည်းမှာပင် ဓမ္မတံခါးများထဲရှိ ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်များသည်လည်း အတူတူပင်။ ၎င်းတိုကြောင့် သူ၏ရွှမ်ယောက်အသွင်သဏ္ဍာန်က အချိန်အတော်ကြာသည်အထိ အသက်သွင်းထားသည့်တိုင်အောင် စွမ်းအားအပြည့်ရှိနေသေးခြင်း ဖြစ်သည်။ ယခု ရွှီချင်း လုပ်ချင်နေသည်မှာ သူ၏သိပ်သည်းထူထပ်သော ဝိညာဉ်ပင်လယ်ကို အားပြု၍ သူတော်စင်ကြယ်ကို ဖိနှိပ်ရန် ဖြစ်သည်။
အသွေးအသားကြက်ခြေခတ်ကြီး လွင့်ပျံလာသည့်အခိုက် ရွှီချင်းက လေထဲသို့ ရုတ်တရက် ပျံတက်သွားသည်။ သူ့မျက်လုံးများ ဝင်းလက်နေပြီး ညာလက်ကို ကောင်းကင်ယံသို့ မြှောက်လိုက်သည်။
ထို့နောက် သူ့ကိုယ်ထဲရှိ ဓမ္မတံခါးကိုးဆယ့်နှစ်ခုက ဝုန်းခနဲ ပေါက်ကွဲထွက်လာပြန်သည်။ ထိုဓမ္မတံခါးများထဲရှိ မီးစွမ်းအားများ တဝေါဝေါ ထွက်ပေါ်လာသည်။ ယင်းနောက် ရွှီချင်းအထက် ကောင်းကင်ယံတွင် ပေငါးထောင်ရှည်သော ဧရာမလက်ဝါးကြီးတစ်ဖက် ပေါ်လာသည်။
ထိုပေငါးထောင်ရှည်သော လက်ဝါးကြီးသည် သူ့ဓမ္မတံခါးတစ်ခုထဲရှိ ဝိညာဉ်ပင်လယ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုလက်ဝါးကြီးပေါ်လာပြီးနောက် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးများ ဝင်းလက်သွားပြီး ဒုတိယမြောက်ပေငါးထောင်ရှည်သော လက်ဝါးကြီး ပေါ်လာသည်။
ထိုလက်ဝါးကြီးသည် ပထမလက်ဝါးကြီးနှင့် ထပ်သွားပြီး စွမ်းအားအလွှာနှစ်ခု ဖြစ်သွားသည်။
ယင်းသည် အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးများ ဆက်လက်ပေါက်ကွဲနေသည်နှင့်အမျှ လက်ဝါးအလွှာသုံးခု၊ ဆယ်ခု၊ သုံးဆယ်ခု စသည်ဖြင့် လက်ဝါးအလွှာများ အလွန် မြန်ဆန်စွာ တစ်ခုနှင့်တစ်ခု ထပ်သွားပြီး လက်ဝါး၏ ထူထပ်သိပ်သည်းမှုက တရိပ်ရိပ် မြင့်တက်လာသည်။
တခဏလေးအတွင်း လေပြင်းများ အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားပြီး ကောင်းကင်မှ ထူးဆန်းသော ဖိအားတစ်ရပ် ဆင်းသက်လာသည်။
ထိုမြင်ကွင်းကြောင့် သူတော်စင်ကြယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့စိတ်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်သွားသည်။ ရွှီချင်း၏ဓမ္မတံခါးထဲရှိ ဝိညာဉ်ပင်လယ်မှာ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသည်။ သူ့ဘဝတစ်လျှောက် ထိုသို့ ကြောက်ခမန်းလိလိအဆင့်အထိ ရောက်နေသော ဝိညာဉ်ပင်လယ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူသည်ပင် ပေနှစ်ထောင်ကျော်သာ ရှိသည်။
“ မင်း …”
သူတော်စင်ကြယ် မျက်နှာပျက်သွားသည်။ ဓမ္မတံခါးများထဲရှိ ဝိညာဉ်ပင်လယ်က ဓမ္မစွမ်းအားများ၏ သိပ်သည်းဆအား ကိုယ်စားပြုသည်ကို သူ ကောင်းစွာသိသည်။ ထိုအားသာချက်က အစတွင် မသိသာသော်လည်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာပြီး ဓမ္မတံခါးအရေအတွက်များ တိုးပွားလာသည်နှင့် ထိုအားသာချက်က မယှဉ်နိုင်အောင် ကြောက်မက်ဖွယ်ကောင်းလာသည်။
ယခုတွင်လည်း ထိုနည်းပင် ဖြစ်သည်။
တခဏလေးအတွင်း ရွှီချင်း၏ခေါင်းအထက်ရှိ လက်ဝါးများက ကိုးဆယ့်နှစ်ဆ ထပ်သွားသည်။
ထိုလက်ဝါးများ ကိုးဆယ့်နှစ်ဆ ထပ်သွားသည်နှင့် လောကကြီး တဂျိမ်းဂျိမ်းမြည်ဟည်းလာသည်။ ဖိအားက ပြင်းထန်လွန်းလှသည်ဖြစ်၍ လက်ဝါးကြီး၏ အစွန်အဖျားတွင် မိုးကြိုးလျှပ်စီးများ ပေါ်လာသည်။ ထိုမိုးကြိုးလျှပ်စီးများသည် မြွေများ၊ နဂါးများအလား လက်ဝါးကြီး၏အစွန်းတစ်လျှောက် တဖျပ်ဖျပ်လက်နေသည်။
လက်ဝါးကြီး၏အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ကောင်းကင်ကြီးကို ဝါးမျိုချင်နေဟန်တူသည်။
ရွှီချင်းနောက်သို့ ထပ်ကြပ်မကွာလိုက်လာသော အသွေးအသားကြက်ခြေခတ်ကြိးသည်ပင် ကြောက်လန့်တုန်ရီကာ လေထဲတွင် ရပ်သွားသည်။
ရွှီချင်း၌ ပြိုင်ဘက်ကင်း ဓားကွက်များကို တတ်မြောက်ထားသော သူတော်စင်ကြယ်ကဲ့သို့ နတ်ဓားသိုင်းများ မရှိပေ။ အနက်ရောင်တံခါး သို့မဟုတ် အသွေးအသားစုတ်တံကဲ့သို့ အဖော်ရတနာလည်း မရှိပေ။
သို့သော် သူ့မှာ ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ် ကိုးဆယ့်နှစ်လွှာရှိသည်။
မည်မျှပင် ထူးဆန်းသောအရာများကို ပိုင်ဆိုင်ထားသည်ဖြစ်စေ၊ မည်မျှသော မန္တန်များကို တတ်မြောက်ထားစေကာမူ သူ အနိုင်ယူမည်သာ ဖြစ်သည်။
ထို့နောက် ရွှီချင်း၏နဖူးကြောကြီးများ ဖောင်းကားလာသည်။ ကိုးဆယ့်နှစ်လွှာဖြစ်သွားသော လက်ဝါးကြီးက ဖော်ပြ၍မရနိုင်လောက်အောင် လေးလံသည့်အလားပင်။ သူ့ခန္ဓာကိုယ်မှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး သူ့လက်မှာ အရွတ်များ ဖောင်းကားလာသည်။ ထို့နောက် သူက အသွေးအသားကြက်ခြေခတ်နှင့် သူတော်စင်ကြယ်တို့အပေါ်သို့ ဝုန်းခနဲ ဖိချလိုက်သည်။
ဧရာမလက်ဝါးကြီးက တောင်တန်းနှင့်ပင်လယ်များကို ဖိနှိပ်ပစ်နိုင်သော စွမ်းအားရှိသည်။ ယင်းလက်ဝါးကြီးသည် မိစ္ဆာအရှိန်အဝါများဖြင့် ပြည့်နှက်နေသော အသွေးအသားကြက်ခြေခတ်ကြီးကို ချက်ချင်း တိုက်သွားပြီး ဂျိမ်းခနဲ မြည်ဟည်းသွားသည်။ အသွေးအသားကြက်ခြေခတ်ကြီးသည် အသက်ရှူချိန်ငါးကြိမ်သာ တောင့်ခံပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။
လက်ဝါးကြီး ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံး ကျိုးကြေပျက်စီးသွားသည်။ လက်ဝါးကြီးနောက်တွင် ရွှီချင်း၏ပုံရိပ်ရှိသည်။ သူသည် ဝိညာဉ်ပင်လယ်အားလုံး၏စွမ်းအားကို ထုတ်ဖော်ရန် အစွမ်းကုန် အသုံးပြုနေသည်။
မြေပြင်မှာ တုန်ခါကာ မရေမတွက်နိုင်သော သစ်ပင်များ ဖုန်မှုန့် ဖြစ်သွားသည်။ ကြောက်ခမန်းလိလိစွမ်းအားကြီးက မျက်နှာဖြူဖျော့နေသော သူတော်စင်ကြယ်အနီးသို့ ချက်ချင်း ချဉ်းကပ်သွားသည်။
ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့်အရိပ်အယောင်များ ဝင်းလက်သွားသည်။ သူက အော်ဟစ်လိုက်ပြီး လက်ထဲရှိ ထူးဆန်းသော စုတ်တံကို ထိန်းချုပ်၍ ဓားအသွင်းပြောင်းလဲကာ တိုးဝင်လာသော လက်ဝါးကြီးကို ထိုးစိုက်လိုက်သည်။
သူ့ကိုယ်ထဲရှိ ဓမ္မတံခါးများသည်လည်း ပေါက်ကွဲသွားပြီး ဓမ္မစွမ်းအားများ ထူးဆန်းသော စုတ်တံဆီသို့ စီးဆင်းသွားသည်။ ထိုအခါ သူ့ညီလေး၏ မျက်နှာမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ့မျက်လုံးများထဲတွင် ကြောက်လန့်တုန်ရီနေသည့်အရိပ်အယောင်များ ရှိနေသော်လည်း သေချင်နေသည့်အလား ရူးသွပ်ခြင်းများ ပို၍ ပေါ်လာသည်။
တားမြစ်ဒေသကြီးတစ်လျှောက် တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းနှင့် သူတော်စင်ကြယ်တို့နှစ်ယောက်လုံး သွေးများအန်လိုက်ကြသည်။ သူတို့ အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်ဖြစ်၍ သူတို့မျက်နှာများက ကြောက်မက်ဖွယ်အသွင်အပြင် ဖြစ်နေကြသည်။
ဂျိမ်းခနဲ မြည်ဟည်းသံများ ပဲ့တင်ထပ်နေစဉ် ထူးဆန်းသော စုတ်တံသည် စူးရှသောအလင်းများ ဖြာထွက်လာကာ တုန်ခါလာသည်။ ရွှီချင်း၏လက်ဝါးကြီးမှ သုံးဆယ်သုံးလွှာ ချက်ချင်း ပျက်စီးသွားသည်။
ထိုအချိန်၌ ထူးဆန်းသော စုတ်တံသည် အနည်းငယ် မှိတ်ဖျော့လာပြီး စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံ ထွက်ပေါ်လာသည်။ သူတော်စင်ကြယ်၏ညီလေးက မည်မျှပင် ရူးသွပ်စေကာမူ အသုံးမဝင်ချေ။ ရွှီချင်း၏လက်ဝါးအလွှာ လေးဆယ့်လေးခု ပျက်စီးသွားပြီးနောက် စုတ်တံအမွေးများ တစ်ရစ်ချင်း ပျက်စီးသွားပြီး ဖုန်မှုန့်များ ဖြစ်သွားသည်။
သူတော်စင်ကြယ်၏ ညီလေးမျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေသော်လည်း စိတ်သက်သာရာရသွားသည့်အရိပ်အယောင်တစ်ခု ပေါ်လာဟန်တူသည်။ နောက်ဆုံးတွင် သူသည် အေးစက်စက်ပြုံးလိုက်ပြီး လက်ဝါးကြီးကို အစွမ်းကုန် တိုက်လိုက်သည်။ ယင်းကြောင့် ရွှီချင်း၏လက်ဝါးကြီး နောက်ထပ်ဆယ့်သုံးလွှာ ပျက်စီးသွားသည်။
ယင်းအတွက် ပေးဆပ်လိုက်ရသည်မှာ သူတော်စင်ကြယ်ညီလေး၏ ခေါင်း ပေါက်ကွဲသွားခြင်း ဖြစ်သည်။ ခေါင်း မပေါက်ကွဲခင် ပြတ်သားသော စိတ်မချမ်းမြေ့ဖွယ်အသံတစ်သံ အဖက်ဖက်သို့ လွင့်ပျံသွားသည်။
“ ချူးရှန်ယွင်၊ မင်း ငါ့ကို သန့်စင်တုန်းက ငါ တိုက်ခဲ့တဲ့ ကျိန်စာကို မှတ်မိသေးလား။ နောင်တချိန်ကျရင် မင်းလည်း ငါ့လို သန့်စင်ခံရပြီး မင်းမှာရှိသမျှအရာအားလုံး လုယူခံလိုက်ရမယ် ဆိုတာလေ။ ငါ့ကျိန်စာကို ချေဖျက်ဖို့ တားမြစ်ရတနာအကျိုးအပဲ့ဖြစ်တဲ့ ရွှမ်လင်းယုံယီတံခါးကို သုံးခဲ့တာတောင် ငါ့ကျိန်စာက သက်ရောက်နေသေးတဲ့ပုံပဲ ”
ကျောချမ်းစရာကောင်းသည့် ရယ်မောသံကြီး လွင့်ပျံသွားသည်။ ထိုအသံကြီး ပျက်ပျယ်သွားစဉ် ရွှီချင်း၏လက်ဝါးကြီးက စုတ်တံကို အပြီးတိုင် ပျက်စီးလိုက်လေသည်။ နောက်ဆုံးတွင် လက်ကျန်လက်ဝါးအလွှာနှစ်ဆယ့်တစ်လွှာက သူတော်စင်ကြယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
သူတော်စင်ကြယ်၏တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးများအန်ထုတ်လိုက်သည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်များမှာ ငြိမ်းသက်သွားတော့မည့်အလား ယိမ်းခါနေသည်။
သူ နောက်သို့ လွင့်စဉ်သွားသည်။ သို့တိုင်အောင် သူ့မျက်လုံးများထဲရှိ လူသတ်ငွေ့များက လျော့မသွားပေ။ အမှန်စင်စစ် သူ့မျက်လုံးများထဲတွင် မည်းမှောင်သောအလင်းတစ်စပင် ရှိနေသေးသည်။
“ မင်းက ငါ့အတွက် အသက်စွန့်သွားတာပဲ။ မင်း ကြိုက်သလို ကျိန်ပေါ့ ”
သူတော်စင်ကြယ်က မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အခိုက် ရူးသွပ်သည့်အမူအရာ ဖြစ်လာသည်။ သူက မြေပြင်ကို လက်ဝါးဖြင့်ပုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ ခန္ဓာကျိန်စာအသင်္ချေသွေးသန့်စင်ခြင်း ”
သူ၏စကားဆုံးသည်နှင့် ရွှီချင်း၏မျက်နာ မည်းမှောင်သွားသည်။
အစောပိုင်းက ပျက်စီးသွားခဲ့သော စုတ်တံမှ ဖုန်မှုန့်များ ကျသွားသည့် မြေပြင်မှာ ရုတ်တရက် ပေါက်ကွဲသွားသည်။ အထဲမှ အသွေးအသားလက်များ အလျင်အမြန် ထွက်လာသည်။ လက်များ ထောင်ချီ၍ ရှိပြီး အရူးအမူး ပြန့်ကားသွားကာ ရွှီချင်းကို လေးဖက်လေးတန်မှ ရစ်ပတ်လိုက်သည်။
တချိန်တည်းမှာပင် သူတော်စင်ကြယ်က သွေးအေးသောအမူအရာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ တိမ်လွှာတားမြစ်စက္ခုကို ဆင့်ခေါ်တယ် ”