← Chapters

ဆူနာမီသွေး

Vol. 12 Ch. 166

ဆူနာမီသွေး

Vol. 12 Ch. 166

အခန်း ၁၆၆ - ဆူနာမီသွေး

မြားသုံးစင်းက လေကိုခွင်း၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောချမ်းဖွယ်ရာ အဟုန်ဖြင့် ရောက်ချလာ၏။

အနက်ရောင်ဝတ်လူက သူ၏ မူလအရှိန်နှုန်းထားနှင့်ပင် ရှေ့သို့ တက်လာနေဆဲဖြစ်၏။ ထို့နောက် သူသည် များစွာ စဉ်းစားနိုင်ခြင်း မရှိတော့ဘဲ ချက်ချင်း ဒူးထောက်ချကာ ကိုယ်ကို အနောက်သို့ ကမန်းကတမ်း လှန်ချလိုက်ရ၏။

သူက ထိုသို့ ရှောင်လိုက်သောကြောင့် သူ၏ အနောက်ရှိလူများကတော့ ဓါးစာခံဖြစ်သွားရကုန်၏။

ဖောက်! ဖောက်! ဖောက်!

အသွေးအသားများထဲသို့ မြားများ ဖောက်ဝင်သောအသံများက ဆက်တိုက်ထွက်ပေါ်လာပြီး သွေးများက နေရာအနှံ့ စွေးစွေးနီကုန်၏။ ကြောက်လန့်တကြား နာကျင်အော်ဟစ်သံများက ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် ဝရုန်းသုန်းကားဖြင့် မြေပေါ်သို့ ဖရိုဖရဲ လဲကျကုန်၏။

အီနားရှား သဘောတရားကြောင့် အနက်ရောင်ဝတ်လူသည် ဒူးထောက်လျက်သားနှင့် အရှေ့သို့ လျှောထိုးသွားပြီး သူ့ဝတ်ရုံစများက စုတ်ပြဲကုန်ကာ ရွံ့ဖုန်များနှင့် ညစ်ပတ်ကုန်၏။

အနက်‌ရောင်ဝတ်လူသည် ခါးကို ပြန်မတ်လိုက်၏။ သူ၏ မျက်လုံးနှစ်လုံးကြားနေရာတွင် ခပ်ဖျော့ဖျော့ သွေးရောင် အစင်းရာတစ်ခုက ထောင်လိုက်အနေအထားဖြင့် ပေါ်လာပြီး အလွန်တရာ ထင်ပေါ်နေ၏။

သူ၏ တုန့်ပြန်မှုက အလွန်တရာ လျှင်မြန်သော်လည်း သူသည် အနည်းငယ်လေး နောက်ကျသွားဆဲဖြစ်ပြီး မြားက သူ့နဖူးအလည်တည့်တည့် အရေပြားကို ထိုးခွဲသွားသေး၏။

ချက်ချင်းပင် အနက်ရောင်ဝတ်လူ၏ မျက်စံက မင်ရောင်ကဲသို့ နက်မှောင်လာ၏။ တစ်ကယ်တမ်း တိတိကျကျပြောရလျှင် သူ့မျက်လုံး၏ အပြင်စပ် အဖြူ‌အိမ်သည်ပင် အနက်ရောင်မြူခိုးရိပ်များ သန်းလာ၏။ ဆိုးယုတ်အော်ရာများက သူ့ထံတွင် လွှမ်းခြုံလာပြီးနောက် အေးစက်စွာ အမိန့်ပေးလိုက်၏။

“အဲ့မြားပစ်တဲ့သူက ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ဒီနေ့ မင်းကတော့ သေချာပေါက်.. “

သူသည် စကားကို ဆုံးအောင်ပင် မပြောနိုင်သေး.. လမ်းလေးခွဆုံမှ အသံတစ်သံက ကြားဖြတ်ဝင်လာ၏။

“ပါးစပ်ကို ပိတ်ထားစမ်း”

အသံက စိတ်မရှည်ဟန်နှင့် အမိန်ဆန်နေ၏။

အနက်ရောင်ဝတ်သည် ဒေါသထောင်းကနဲထလာ၏။ ဒီနေရာတွင် သူ့ကို အမိန့်ပေးနိုင်သောသူ မရှိပေ။

သူသည် ‘.. မလွဲမသွေ သေရလိမ့်မယ်’ ဟူသော လက်ကျန်စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် တဝီဝီမြည်သံနှင့်အတူ နောက်ထပ်အေးစက်စက် အလင်းတန်းတစ်ခုက သူ့ထံ ပျံသန်းလာ၏။ ထိုအရာက နောက်ထပ် မြားတစ်စင်းပင် ဖြစ်လေသည်။

အနက်ရောင်လူသည် ရွေးချယ်စရာမရှိ.. သူ၏ ပြောလက်စ စကားလုံးများကို အတင်းပြန်မျိုချကာ ကိုယ်ကို အနောက်သို့ လှန်ချ၍ နောက်တစ်ကြိမ် ရှောင်တိမ်းရပြန်၏။

ဖောက်! ဖောက်‌! ဖောက်!

သူ့နောက်ရှိ လူများက ထပ်မံ၍ ဓါးစာခံ သားကောင် ဖြစ်ရပြန်၏။

လမ်းလေးခွဆုံ၌ ပန်း‌ရောင်မိန်းကလေးနှင့် ယန်ဖေးတို့က ‌ထွက်ပြေးလွတ်မြောက်လာလေပြီ။

မြားပစ်နေသော ဆူဇီမိုကိုကြည့်၍ ပန်းရောင်မိန်းကလေးက မျက်မှောင်ကြုတ်လိုက်၏။ သူမသည် အံကိုကြိတ်၍ စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

“ဆူဇီမို.. နင့်မြားတွေက ငါတို့ကို လာမှန်မှာ နည်းနည်းလေးမှ မစိုးရိမ်ဘူးလား”

ဆူဇီမိုက ပန်းရောင်မိန်းကလေးကို အေးစက်စက် တစ်ချက်ကြည့်လိုက်၏။ မည်သည့်စကားမျှ ပြောမနေတော့ဘဲ သူသည် လမ်းလေးခွဆုံ၏ ဦးတည်ဘက်လမ်းကြောင်းတစ်ခုကို လက်ဟန်ဖြင့် ညွှန်ပြလိုက်၏။ ထိုလမ်းကြောင်းအတိုင်း သွားတော့.. ဟူသည့် သဘောပင် ဖြစ်လေသည်။

သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်ပြီး ပန်းရောင်မိန်းကလေးက လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ရှင့်ရဲ့မစ်ရှင်က ကျမကို ဘေးကင်းလုံခြုံအောင် ကာကွယ်ဖို့ဆိုတာ မမေ့ပါနဲ့”

အမူအယာကင်းမဲ့စွာနှင့်ပင် ဆူဇီမိုသည် အနက်ရောင်ဝတ်လူရှိသော လမ်းဘက်သို့ ကြည့်လိုက်ပြီး ရုတ်တရတ် မေးလိုက်၏။

“အဲ့လူတွေက မိစ္ဆာဂိုဏ်းသားတွေလား”

“အမှန်ပဲ.. သူတို့က မိစ္ဆာဂိုဏ်းသားတွေ”

ပန်းရောင်မိန်းကလေးက အလောတကြီး ခေါင်းညိတ်ပြလိုက်၏။

“အို့”

ဆူဇီမိုသည် အာမေဋိတ်သံတစ်ချက်ပြု၍ ပန်းရောင်မိန်းကလေးကို လှည့်ကြည့်လိုက်ပြီး ခပ်တည်တည်ပင် ပြောလိုက်၏။

“မိစ္ဆာဂိုဏ်းသား‌တွေနဲ့တွေ့ရင် ငါ.. လုံးဝ သနားညှာတာနေမှာ မဟုတ်ဘူး.. ငါ သူတို့ကို တစ်ယောက်တွေ့ရင် တစ်ယောက်သတ်မယ်.. အယောက်တစ်ရာတွေရင် အယောက်တစ်ရာလုံး သတ်မှာ”

သူသည် မိစ္ဆာဂိုဏ်းတွေကို အမှန်တစ်ကယ်ပင် မုန်းတီးလေသည်။

ယန်တိုင်းပြည်မှာတုန်းက.. ပျော်ရွှင်ဖွယ်ကလန်သည် အထက်လမ်းဂိုဏ်းတစ်ခု မဟုတ်ပေ။ ထို့အပြင် သူသည် လင်းဖုန်းမြို့တွင် အပြစ်မဲ့မြို့သား တစ်သိန်းကျော် သေဆုံးခဲ့ရသော မိစ္ဆာဂိုဏ်းသားများ၏ ရက်စက်ယုတ်မာသောနည်းလမ်းများကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။

ယခု ဆူဇီမိုပြောလိုက်သော စကားက သာမန်ကာလျှံကာဟု ထင်ရသော်လည်း သူသည် တစ်စုံတစ်ရာကို သွယ်ဝိုက်၍ သတိပေးနေပုံရ၏။

ပန်းရောင်မိန်းကလေး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားပြီး‌နောက် သူမက ပြုံးလိုက်၏။

“ရှင် အဲ့လိုကြီးတော့ သေချာပေါက် မပြောသင့်ပါဘူးလေ”

ဆူဇီမိုက ဘာစကားမျှ ပြန်မပြောတော့ပေ။ သူသည် မျှော်လင့်ချက်သလင်းလေးကို ကျောတွင် ပြန်လွယ်လိုက်ပြီး ခါးမှ အေးမြစန္ဒာဆေဘာကို ဆွဲထုတ်ကာ လေးလေးခွ၏ တစ်ဖက်သို့ ဒုန်းစိုင်းပစ်ဝင်ချသွား၏။

အနက်ရောင်အရိုးလှံတံကို ကိုင်စွဲ၍ ရှေ့သို့ ပြေးတက်လာသော အနက်‌ရောင်ဝတ်လူသည် သူ့ဆီသို့ ပြေးလာနေသော စာပေသမားပုံစံ အစိမ်းရောင်ဝတ်လူတစ်ယောက်တည်းကိုသာ တွေ့လိုက်ရ၏။ ထိုလူသည် သွေးနီရောင်လေးနှင့် မြားကျည်တောက်တစ်ခုကို ကျောတွင်လွယ်ကာ သူ့လက်ထဲတွင် ဆေဘာရှည်တစ်လက်ကို ဆုပ်ကိုင်ထား၏။

“စောစောက မြားတွေကို ပစ်တာ မင်းလား”

အနက်ရောင်ဝတ်လူ၏ မျက်လုံးများက အရောင်လက်သွားပြီး သူ့နှုတ်ခမ်းက အနည်းငယ် ကွေးညွှတ်သွား၏။ သူ့မျက်လုံးထဲတွင် ‌ကောက်ကျစ်ရက်တော့မည့်ပုံများ ‌ပေါ်လာပြီး ရှေ့သို့ တက်ကာ လှံတံဖြင့် ထိုးသွင်းလိုက်၏။

ဆိုးယုတ်အော်ရာများက အရိုးလှံတံတွင် ဝန်းရံကခုန်နေပြီး မင်ရောင်ကဲ့သို့ နက်မှောင်နေ၏။

သူသည် မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ မထိုးသွင်းရသေးသော်လည်း အရိုးလှံတံ၏ စွမ်းအား၏ အခြားလက်နက်များထက် များစွာကျော်လွန်နေ၏။

ဆူဇီမို၏ အမူအယာက မပြောင်းမလဲရှိနေပြီး.. သူသည် လက်ကောက်ဝတ်ကို လှုပ်ရှား၍ ‌အေးမြစန္ဒာဆေဘာဖြင့် ပက်ထုတ်လိုက်၏။

ခလန်း!

အရိုးလှံတံသည် အေးမြစန္ဒာဆေဘာနှင့် ရိုက်ခတ်ပြီးနောက် စင်ထွက်သွား၏။

“အာ”

အနက်ရောင်ဝတ်လူသည် တိုးတိုးတိတ်တိတ် အံ့အားတသင့် ရေရွတ်လိုက်ပြီး စိတ်ထဲကနေ တွေးလိုက်၏။

“ဒီလူရဲ့ နောက်ခံက ဘာပါလိမ့်”

သူသည် ဤနေရာကို ရောက်လာခဲ့ကတည်းက သူ့အရိုးလှံတံကို ခုခံနိုင်ရုံသာမက လွင့်စင်၍ပါ ထွက်‌သွားအောင် လုပ်နိုင်သည့်သူ တစ်ယောက်မျှနှင့် မကြုံရသေးပေ။

မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထဲတွင် ထိပ်တန်းအဆင့်မြင့်သည့် ခန္ဓာမီးဆေးနည်းစနစ်ကို သင်ပေးနိုင်သည်မှာ သုံးဂိုဏ်းသာရှိ၏။ ထိုသုံးဂိုဏ်းထဲတွင် ထိပ်ဆုံးမှာ ပဒေသရာဇ်နန်းတော်ဖြစ်ပြီး ၎င်းနောက်တွင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် လျှို့ဝှက်မရဏဂိုဏ်းတို့က အစဉ်လိုက် ရည်တည်လေသည်။

အခြားသော မိစ္ဆာဂိုဏ်းလေးဂိုဏ်းက တပည့်များသည်လည်း ခန္ဓာမီးဆေးနည်းစနစ်များကို လေ့ကျင့်တတ်ကြသော်လည်း အဲ့ဒါက သာမန်မီးဆေးနည်းစနစ်များသာ ဖြစ်လေသည်။

တစ်ကယ့် အစစ်အမှန် ခန္ဓာမီးဆေးကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ အနီးကယ်တိုက်ခိုက်ရည်က များစွာ နိမ့်ကျလေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူတစ်ယောက်အနေနှင့် အနက်ရောင်ဝတ်လူ၏ အနီးကပ်တိုက်ခိုက်ရည်က အထူးတလည် ရှင်းပြနေစရာ မလိုပေ။

ဤနေရာသို့ ဝင်မလာခင်က အနက်ရောင်ဝတ်လူသည် ဤအမွေအနှစ်ကုန်းမြေ၌ သူသတိထားရမည့်လူမှာ နှစ်ယောက်သာလျှင် ရှိသည်ဟု မှတ်ယူထား၏။ ပဒေသရာဇ်နန်းတော်မှ အမွေဆက်ခံသူနှင့် လျှို့ဝှက်မရဏဂိုဏ်းမှ အမွေဆက်ခံသူတို့ဖြစ်၏။

ယခုသူ့‌ရှေ့မှ အစိမ်းရောင်ဝတ်စာပေသမားက ပဒေသရာဇ်နန်းတော်မှ မိစ္ဆာအမွေဆက်ခံသူ မဟုတ်သည်မှာ သေချာလေသည်။

လျှို့ဝှက်မရဏဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူမှာ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူဟု နာမည်ကြီးပြီး သူ၏ ရုပ်လုံးအစစ်အမှန်ကို မည်သူမျှ မမြင်တွေ့ဖူးကြသော်လည်း သူကိုင်စွဲသောလက်နက်ကတော့ ပုံသေဖြစ်၏။ ထိုလက်နက်ကား လျှို့ဝှက်မရဏဂိုဏ်း၏ အမွေအနှစ်လက်နက်ဖြစ်သော သတ်ဖြတ်ခြင်းဓါးပါး ဖြစ်၏။

သေးသေးသွယ်သွယ် ပါးပါးလျလျနှင့် သတ်ဖြတ်ခြင်းဓါးပါးက ယခုသူ့ရှေ့မှာ မြင်နေရသော ဆေဘာနှင့် လုံးဝခြားနားလေသည်။

ရွှစ်..

အရိုးလှံတံကို ခတ်ထုတ်လိုက်ပြီးနောက် ဆူဇီမို၏ အေးမြစန္ဓာဆေဘာက ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်ကျဆင်းလာကာ အနက်ရောင်ဝတ်လူ၏ မျက်နှာကို ချိန်ရွယ်လာလေသည်။

တိုက်ခိုက်မှုက မကျရောက်သေးခင်မှာပင် ကျောချမ်းဖွယ်ရာအဟုန်ကို အနက်ရောင်ဝတ်လူသည် ခံစားနေရလေပြီ။

သူသည် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ချီများ၊ ဆိုးယုတ်ချီများနှင့် နှစ်များစွာ မီးဆေးအဆင့်မြှင့်ထားခြင်းကြောင့်သာ မဟုတ်လျှင် အနက်ရောင်ဝတ်လူသည် တိုက်ခိုက်မှု၏ အော်ရာအရှိန်အဝါနှင့်ပင် အေးစက်တောင့်ခဲ့နေနိုင်၏။

“ဘယ်လောက်တောင် အားကြီးလိုက်သလဲ”

အနက်ရောင်ဝတ်လူသည် ပေါ့ပေါ့တန်တန် သဘောမထားရဲဘဲ အလောတကြီး နောက်သို့ဆုတ်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။

နောက်တစ်ခဏ၌ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အခြားသောကျင့်ကြံသူများသည် ရှေ့သို့ ခုန်ဝင်လာကြကာ ဆူဇီမိုကို ဝန်းရံပိတ်ဆို့လိုက်ကြ၏။

“ဟီးဟီး.. မင်းက မဆိုးပေမယ့်လဲ.. အခုလို သေရတော့မှာတော့ သနားစရာပဲ”

အနက်‌ရောင်ဝတ်လူသည် ရယ်မောလိုက်ပြီး သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။ ချက်ချင်းဆိုသလိုပင်.. သူ့မျက်လုံးများသည် မင်ရောင်ကဲ့သို့ နက်မှောင်လာပြီး အဖြူအိမ်က လုံးဝမကျန်ရှိတော့ပေ။

သူ့ထံမှ ခပ်ဖျော့ဖျော့ ဆိုးယုတ်အော်ရာများက ထွက်ပေါ်လာ၏။

ထူးမခြားနား အမူအယာနှင့်ပင် ဆူဇီမိုသည် သူ့လက်ထဲက ဆေဘာကို လှုပ်ခါလိုက်ပြီးနောက် သူ့သွေးများကိုလည်း ထကြွလာစေလိုက်၏။

“စိတ်ချပါ ငါ မင်းကို ကောင်းကောင်း မြှုပ်နှံ့ပေးမှာပါ”

အနက်‌ရောင်ဝတ်လူက ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးစွမ်းအားကို ထုတ်ဖော်ကာ ရှေ့သို့ ခုန်ဝင်လိုက်၏။ သူ့အရိုးလှံတံကို လှုပ်ရှားလိုက်သောအခါ ကြီးမားသည့် စက်ဝန်းသဏ္ဌာန်က ပေါ်လာ၏။ အနက်ရောင် အခိုးအငွေ့များက အရိုးလှံတံထိပ်ဖျားတွင် ရစ်သိုင်းထွက်ပေါ်လာပြီး ၎င်းက ဘာပါဆိုတာ အတိအကျပြောဖို့ ခက်၏။

ဘေးဘက်မှနေ၍ အခြားသောဆိုးယုတ်ဂိုဏ်းသားများကလည်း တိုက်ခိုက်လိုက်ကြ၏။

“ဟီးဟီး ဟဟား..”

ဆူဇီမိုသည် အားပါးတရ ရယ်ချလိုက်၏။ သူ့မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။

ရှီး.. ရှီး.. ဝေါ ဝေါ..

သူ့ရယ်သံအဆုံး၌ လှိုင်းတံပိုးထန်လာသောပုံလို အသံများ ထွက်ပေါ်လာသည်ကို အနက်ရောင်ဝတ်လူနှင့် ကျန်သူများအားလုံးသည် ကြားလိုက်ရ၏။

ထိုအသံက အစိမ်းရောင်စာပေသမား၏ ကိုယ်တွင်းမှ ထွက်ပေါ်လာခြင်းဖြစ်၏။

“ဘာလဲဟ”

“အဲ့ဒါက တစ်ယောက်‌ယောက်က သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်တဲ့အသံပဲ”

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့မျိုးဆက်သွေးလဲ.. အဲ့ဒါက.. ဖြစ်နိုင်ပါ့မလား.. အဲ့ဒါက ဒဏ္ဍာရီလာ ဆူနာမီသွေးအဆင့်များလား”

လူတိုင်း၏ အမူအယာက မယုံကြည်နိုင်စွာ ‌ပြောင်းလဲသွားကြ၏။

ခန္ဓာမီးဆေးနည်းစနစ်များကို အဆင့်နိမ့် အဆင့်မြင့်ထိ အတန်းအစားအမျိုးမျိုး ခွဲခြားထား၏။

အဆင့်နိမ့် ခန္ဓာမီးဆေးနည်းစနစ်များက လူတစ်ယောက်၏ အရေ၊ အသား၊ အရွတ်နှင့် အရိုးတို့ကိုသာ သန့်စင်ပေးနိုင်၏။

သို့‌သော်လည်း အဆင့်မြင့် ခန္ဓာမီးဆေးနည်းစနစ်ဆိုလျှင်တော့ ရိုးတွင်းခြင်ဆီကိုသုံးကာ သွေးဖလှယ်နိုင်မှုအထိ ရရှိနိုင်၏။

အဆင့်မြင့် ခန္ဓာမီးဆေးနည်းစနစ်များတွင် ထူးခြားသော သွေးဖလှယ်ခြင်းအဆင့်တစ်ခု ရှိ၏။ ၎င်းမှာ ခဲမာကျူရီစပ်အဆင့်ဖြစ်၏။ ဆိုလိုသည်မှာ ထိုသူ၏ သွေးတစ်စက်ချင်းစီတိုင်းက ခဲနှင့်မာကျူရီကဲ့သို့ လေးလံ၊ သိပ်သည်း၍ စွမ်းအားမြင့်လေသည်။

ထိုအဆင့်သည် သွေးဖလှယ်ခြင်း၏ အလွန်တရာ မြင့်မားသောအဆင့်ဖြစ်ပြီး အောင်မြင်ရရှိဖို့က အလွန်ခက်ခဲလေသည်။

ခဲမာကျူရီစပ်အဆင့်၏ အထက်တွင် ပို၍ ဆန်းကြယ်အဆင့်မြင့်သော ဆူနာမီသွေးဟုခေါ်သည့် နောက်ထပ်အဆင့်တစ်ခုလည်း ရှိသေး၏။

ပြောကြသည်မှာ ခန္ဓာမီးဆေးကျင့်ကြံသူတစ်ယောက်သည် ထိုအဆင့်သို့ ရောက်ရှိပါက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်သည်နှင့် ဆူနာမီကဲ့သို့ လှိုင်းတံပိုးထန်သော အသံများက ထွက်ပေါ်လာပြီး စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာမည်ဟူ၍ပင်။

ထိုကဲ့သို့သောကျင့်ကြံသူသည် တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် ဆူနာမီလှိုင်းလုံးကြီးများ တစ်လိပ်လိပ်တက်လာသလို ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့်စွမ်းအားများကို ထွက်ပေါ်လာစေလိမ့်မည်ဟူ၍ပင်။ ထိုကဲ့သို့သောစွမ်းအားများက မည်သို့မျှ ရပ်တန့်လို့မရဘဲ စကားလုံးများနှင့်ပင် ဖော်ပြခြင်းငှာ မစွမ်းသာပေ။

All Chapters