ငါ မင်းကို အရင်သတ်လိုက်မယ်
Vol. 12 Ch. 167
အခန်း ၁၆၇ - ငါ မင်းကို အရင်သတ်လိုက်မယ်
ဆူနာမီသွေး၏ အသံကို ကြားလိုက်ရသောအခါ အားလုံးသည် အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။
အနက်ရောင်ဝတ်လူနှင့် အခြားလူများ၏ အမူအယာသည် နောက်တစ်ကြိမ်ထပ်၍ ချက်ချင်းပြောင်းလဲကုန်ကြ၏။ သူတို့မျက်နှာထက်တွင် မယုံကြည်နိုင်မှုများက ထင်ဟပ်လာပြီး သူငယ်အိမ်များက တင်းကျပ်ကုန်ကြ၏။
ဘန်း.. ဘုန်း. ဘုန်း.. ဝုန်း..
ဆူနာမီအသံများကြားတွင် ခပ်ဖျော့ဖျော့ မိုးကြိုးသံများကပါ ရောပါလာ၏။ ထိုအသံက နက်ရှိုင်းစွမ်းအားကြီး၍ တုန်လှုပ်ဖွယ်ရာဖြစ်၏။
“ဘာတွေဖြစ်နေတာလဲ”
“ဆူနာမီအသံထဲမှာ ဘာလို့ မိုးကြိုးသံတွေပါ ရောပါနေရတာလဲ”
တစ်ကယ့်ထိပ်တန်းအဆင့် ခြင်ဆီသန့်စင်ခြင်း နည်းစနစ်နှစ်ခုကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ သွေးအဆင့်က ဆူနာမီအဆင့်မှာရှိရုံသာ မကတော့ပေ။
မိုးကြိုးကဲ့သို့ သူ၏ မျိုးဆက်သွေးအသံထဲတွင် ကျားနှင့်ကျားသစ်တို့၏ ဟိန်းဟောက်သံများပါ ထပ်ရောပါနေသေး၏။
ထိုအရာသည် ထျန်ဟွမ်ပြည်မကြီးတစ်ခုလုံးမှာတောင် တစ်ခါမျှ မကြားခဲ့ဖူးသေးသော ကျား၊ကျားသစ်မိုးကြိုးသံဖြစ်၏။
အနက်ရောင်ဝတ်ကျင့်ကြံသူကို မဆိုထားနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်အဆင့်များပင်လျှင် ဤမျိုးဆက်သွေး၏ မူလဇာတ်မြစ်ကို သိရှိမှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။
ယခုဆူဇီမိုသည် သူ၏ သွေးစွမ်းအားကို ထုတ်ဖော်လိုက်သောအခါ သူသည် ဆူနာမီကဲ့သို့ အရှိန်အဝါအဟန့်ကို ပိုင်ဆိုင်နိုင်ရုံသာမက.. အားကောင်းသောမိုးကြိုးစွမ်းအားနှင့်အတူ ကျားနှင့်ကျားသစ်တို့၏ ဒေါမာန်အဟုန်ကိုပါ ပိုင်ဆိုင်ထားလေသည်။
အေးမြစ္ဒာဆေဘာ၏ ဓါးသွားပေါ်တွင် လျှပ်စီးကြောင်းများက တစ်ဖျတ်ဖျတ်လက်၍ စီးဆင်းလာပြီး အမှောင်ထုထဲတွင် ဝင်းလက်နေ၏။
အနက်ရောင်ဝတ်လူ၏ အမူအယာက သိသိသာသာ ပြောင်းလဲလာချေပြီ။
ဆိုးယုတ်ချီတွင် ငရဲကိုးထပ်၏ အောက်ခြေတွင် သိုဝှက်ထားသော ယင်ဒြပ်စင်ဓါတ်ပါဝင်၏။ ထိုဓါတ်၏ အားနည်းချက်မှာ မိုးကြိုးဓါတ်ကို ကြောက်ရွံ့ရခြင်း ဖြစ်လေသည်။
သူကိုင်စွဲထားသော အရိုးလှံတံမှာ ဆိုးယုတ်ချီများဖြင့် မီးဆေးအဆင့်မြှင့်တင်ထားခြင်းဖြစ်၏။ ၎င်းကို မည်သည့် အထူးလှုပ်ရှားကွက်မျှ မပါဘဲ ဒီအတိုင်း ဝေ့ယမ်းလိုက်လျှင်တောင် အတော်အတန်စွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။
သူ၏ မျိုးဆက်သွေးထဲမှ ဆိုးယုတ်ချီများနှင့်ပါ ထပ်ပေါင်းလိုက်ပါက အရိုးလှံတံ၏ အစွမ်းက ပိုလို့ပင် ထက်လာသေး၏။
သို့စေကာမူ သူ၏ အားသာချက်က ယခု ဆူဇီမို၏ ရှေ့တွင် လုံးဝ ဖိနှိမ်ခံထားရပေပြီ။
များစွာစဉ်းစားမနေတော့ဘဲ.. အနက်ရောင်ဝတ်လူသည် သူ၏ အရိုးလှံတံကို ပြန်ရုတ်ကာ တိုက်ခိုက်မှုအဟုန်ကိုလည်း ပြန်လည်ပြောင်းလဲလိုက်၏။ သူသည် အရိုးလှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တိုက်ခိုက်ရမည့်အစား.. ခံစစ်အနေအထားသို့ ပြောင်းလိုက်၏။
ခလန်း..
အေးမြစန္ဒာဆေဘာနှင့် အရိုးလှံတံက ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။
အရိုးလှံတံအတွင်းမှ အနက်ရောင်ဆိုးယုတ်ချီများက ရုန်းကြွ၍ အတင်းထိုးထွက်လာသော်လည်း ချက်ချင်းဆိုသလိုပင် တောက်ပသော လျှပ်စီးကြောင်းများ၏ ဖိနှိမ်ခြင်းကို ခံရပြီး ပြန်လည် ငုပ်လျှိုးသွားရ၏။
အနက်ရောင်ဝတ်လူ၏ ခန္ဓာကိုယ်က ကြောက်ရွံတုန်လှုပ်မှုဖြင့် တုန်ယင်လာ၏။ ခပ်အုပ်အုပ် ညည်းညူပြီးနောက် သူသည် ဆက်တိုက်ဆိုသလို နောက်ဆုတ်လိုက်ရကာ သူ့လက်များက ထုံကျင်ကိုက်ခဲလာ၏။
တစ်ကယ်တမ်းပြောရလျှင် သူ့ခွန်အားက ဆူဇီမိုထက် အောက်မကျပေ။
သို့သော်လည်း ဆိုးယုတ်ချီ၏ အားနည်းချက်မှာ မိုးကြိုးစွမ်းအားကို မတွန်းလှန်နိုင်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် အနက်ရောင်ဝတ်လူသည် သန်မာသည်ဆိုသော်လည်း သူ့ခွန်အား၏ ၇၀%အောက်ကိုသာ ထုတ်ဖော်နိုင်ပြီး ဆူဇီမို၏ ဖိအားပေးမှုအောက်၌ အနောက်သို့ ဆက်တိုက်ဆုတ်ပေးနေရ၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေဆက်ခံသူတောင် ဤအခြေအနေသို့ ရောက်နေမှတော့ ကျန်သူများမှာ ပို၍ ဆိုးရွားလေတော့သည်။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူများသည် ဆူဇီမိုကို ဝန်းရံထားကြပြီး ဓါးအလင်းတန်းနှင့် အရိပ်များက တဖျတ်ဖျတ်လက်လာ၏။
ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်၏။
အနက်ရောင်ဝတ်လူကို အချိန်တိုကလေးအတွင်း သတ်ဖြတ်နိုင်ဖို့ဆိုသည်မှာ သိပ်တော့ ယုတ္တိမရှိပေ။ သို့သော်လည်း သူသည် အနက်ရောင်ဝတ်လူနှင့် အချိန်ဆွဲနေမိလျှင် လူအများ၏ တင်းကျပ်စွာ ဝန်းရံပိတ်ဆို့ခြင်းကို ခံရပေတော့မည်။
အခြားသောဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများသည် မည်မျှပင် အားနည်းသည်ဆိုစေဦးတော့.. အားလုံးသည် ခန္ဓာမီးဆေးကျင့်ကြံသူများ ဖြစ်ကြ၏။
ဆူဇီမိုသည် ယုံကြည်မှု မလွန်ကဲရဲပေ။ သူ့မျက်လုံးများက လင်းလက်လာပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်အော်ဟစ်လိုက်၏။ သူသည် ဘေးတစ်စောင်း ပစ်ဝင်သွားပြီး အေးမြစန္ဒာဆေဘာနှင့် ခုတ်ပိုင်းလိုက်၏။
၎င်းက ဒေါမာန်ပြင်းထန်သော တိုက်ခိုက်မှုဖြစ်၏။
ကျယ်လောင်သော ကျိုးပဲ့သံနှင့်အတူ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားတစ်ယောက်၏ လက်ထဲမှ လက်နက်က ဆူဇီမို၏ ခုတ်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နှစ်ပိုင်းတိတိ ပိုင်းပြတ်သွားကာ ကိုယ်တွင်းကလီစာများက မြေပေါ်သို့ ပြုတ်ကျကုန်ပြီး ညှီစို့စို့ သွေးရနံ့များက လေထဲတွင် လွင့်ပျံလာ၏။
ဖောက်! ဖောက်!
ဆူဇီမိုက လက်ကို ဝေ့ယမ်းလှုပ်ရှားလိုက်သောအခါ အေးမြစန္ဒာဆေဘာက နောက်ထပ် စက်ဝန်းပုံစံနှစ်ခုကို ဖန်တီးလိုက်၏။
နောက်ထပ်ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားနှစ်ယောက်သည် သူတို့ လည်ပင်းဆီမှ စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားလိုက်ရ၏။ သူတို့၏ လည်ပင်းပတ်လည်တွင် သွေးများစို့လာပြီး နောက်တစ်ခဏ၌ သွေးစက်သွေးမှုန်များက ပန်းထွက်လာလေ၏။
ဆူဇီမိုသည် ဘေးတစ်စောင်း တိုးဝင်သွားပြီး အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့်ပုံစံနှင့် သွေးလမ်းခင်းသွားလိုက်၏။ နေရာပေါင်းစုံမှ လက်နက်များက သူ့ထံ ကျဆင်းလာနေသော်လည်း သူသည် လုံးဝရပ်တန့်ခဲ့ခြင်း မရှိပေ။
ဆူဇီမိုသည် မရပ်မနား ရှေ့သို့တိုးဝင်တိုက်ခိုက်ပြီးနောက် လူများက သူ့ထံအုံကျလာသောအခါ ချက်ချင်းပင် နောက်သို့ ပြန်လည် ခုန်ဆုတ်လိုက်၏။
ရွှစ်..
ဆေဘာခုတ်ချက်များနှင့်အတူ သူ့သွေးများက ထကြွလာပြီး မိုးကြိုးသံများက မြည်ဟည်းလာ၏။
“အား...”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားတစ်ယောက်သည် ညာသံပေး အော်ဟစ်လိုက်ပြီး သူ့သွေးများကို လှည့်ပတ်လိုက်၏။ ထို့နောက် သူသည် ကြီးမားလှသည့် ဒိုင်းကာကြီးကို မ,ယူကာ ရှေ့သို့ တစ်ဟုန်ထိုး ပစ်ဝင်လာ၏။
ဝုန်း..
အေးမြစန္ဒာဆေဘာက ထိုဒိုင်းကာပေါ်သို့ ကျဆင်းသွားပြီး ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။
ထို့နောက် ဆက်တိုက်ဆိုသလို အရိုးကျိုးပဲ့သံမျာကို ကြားလိုက်ကြရ၏။
ဒိုင်းကာ၏ အနောက်ဘက်တွင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသား၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ သူ၏ အရိုးများအားလုံးနီးပါးက ကျိုးပဲ့ကုန်ကာ မြေပေါ်သို့ အရုပ်ကျိုးပြတ်လဲကျသွားပြီး သွေးများကို အန်ထုတ်လိုက်ရကာ အသက်ဓါတ်က ထွက်ခွာလာလေ၏။
ထိုရိုက်ချက်က ကြည့်နေသူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေကာ ဒူးများကို ပျော့ခွေယိုင်စေကုန်၏။
ဆူဇီမိုသည် မည်သည့်ဆေဘာတိုက်ကွက်နည်းစနစ်ကိုမျှ မသိရှိပေ။
သူ၏ တိုက်ခိုက်မှုများအားလုံးသည် ခွန်အားအပေါ်မှာသာ မှီခိုထား၏။ ထို့ကြောင့် သူ၏ ဆေဘာခုတ်ချက်များက ခမ်းနားထည်ဝါကာ အားပါပြင်းထန်လှ၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများထဲတွင် အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သာလျှင် ဆူဇီမို၏ စွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိ၏။
ကျန်သူများမှာမူ.. အကောင်းဆုံးအနေအထားမှာ သူတို့၏ လက်နက်များသည် လက်ထဲမှ စင်ထွက်ကုန်ခြင်းဖြစ်ပြီး .. အဆိုးဆုံးကတော့ တစ်ခါတည်း အသက်ပျောက်ကုန်ကြခြင်းဖြစ်၏။
မည်သူကမျှ ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိကြသောကြောင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများသည် သူတို့၏ စက်ဝိုင်းသဏ္ဌာန်တိုက်ခိုက်ခြင်းဝင်္ကပါကို ထုတ်ဖော်နိုင်ခြင်း မရှိကြတော့ပေ။
“ကောင်လေး.. မင်းက အင်မော်တယ်ဂိုဏ်းကလား” အနက်ရောင်ကျင့်ကြံသူက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အင်မော်တယ်ဂိုဏ်းတဲ့လား”
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
သူသည် ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်ပြီးနောက် သူယခင်က မသိခဲ့သည့်အရာ အတော်များများကို သိရှိလာခဲ့ရ၏။
အင်မော်တယ်... ထိုစကားလုံးသည် ကျင့်ကြံရေးလောကတွင် မည်သူမျှ အသုံးပြုရန် အဆင့်မမီသော စကားလုံးဖြစ်၏။ ထို့ကြောင့် လူအတော်များများသည် ထိုစကားလုံးကို ထုတ်မပြောကြပေ။
အင်မော်တယ်ကျင့်ကြံခြင်းက ဤမျှလောက်ထိ ရိုးရှင်းနိုင်ပါမည်လော။
ပင်ယန်းမြို့မှာတုန်းက ဆူဇီမိုသည် ပကတိသက်ရှိကန်းလန်ကို မြင်သောအခါ သူသည် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်း ကျောထောက်နောက်ခံရှိသော အင်မော်တယ်တစ်ယောက်ဖြစ်ရမည်ဟု တွေးထင်ခဲ့မိ၏။
တစ်ကယ်တမ်းမှာတော့.. ပကတိသက်ရှိကန်းလန်သည် ကျင့်ကြံနေသူ တစ်ယောက်သာဖြစ်ပြီး ရောင်ဝါလင်းလက်တိမ်နန်းတော်မှာလည်း ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းသာဖြစ်လေသည်။ အင်မော်တယ်ဂိုဏ်းလို့ ပြောလို့မရပေ။
မဟာကျိုးအင်ပါယာ၏ ပိုင်နက်နယ်မြေအတွင်း၌ အင်မော်တယ်ဂိုဏ်းဟူသော တည်ရှိမှုကို မည်သူမျှ မကြားဖူးကြပေ။
အနက်ရောင်ဝတ်လူသည် ဆူဇီမို၏ ဆိတ်ဆိတ်နေမှုကို ဝန်ခံမှုဟု မှတ်ယူသွားပြီး အနည်းငယ် စိတ်သက်သာရာရသွား၏။
အင်မော်တယ်ဂိုဏ်းကိုးဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းသည် တန်းတူအနေအထားမှာရှိ၏။ ထိုဂိုဏ်းများသည် ထျန်ဟွမ်ပြည်မကြီး၏ ထိပ်တန်းအဖွဲ့အစည်းများဖြစ်ကြ၏။
အစိမ်းရောင်စာပေသမားက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ အမွေဆက်ခံသူသာဖြစ်လျှင် သူ၏ မျိုးဆက်သွေးက ဤမျှအထိ စွမ်းအားကြီးနေခြင်းမှာ အဓိပ္ပါယ်ရှိ၏။
“တာအိုရောင်းရင်း.. ခင်ဗျားက အတော်လေး သတ္တိရှိတာပဲ.. အင်မော်တယ်ဂိုဏ်းသားတစ်ယောက်အနေနဲ့ ခင်ဗျားက ဘာလို့ ကျုပ်တို့ မိစ္ဆာဂိုဏ်းသားတွေရဲ့ အရေးကိစ္စမှာ ဝင်ပါလာရတာလဲ.. ကျူပ်သိသလောက်ပြောရရင်.. မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းစလုံးက ကျင့်ကြံသူတွေက ဒီနေ့၊ ဒီနေရာကို ရောက်လာကြတာပဲ.. ကျုပ်အပြင် အခြားမိစ္ဆာအမွေဆက်ခံသူငါးယောက်လည်း ဒီနေရာမှာ ရှိနေကြတယ်”
အနက်ရောင်ဝတ်လူက အေးစက်စက် သရော်လိုက်၏။
“မင်း အခုနေ ထွက်သွားရင် လိမ္မာရာကျလိမ့်မယ်နော်.. ဟိုပဒေသရာဇ်နန်းတော်က မိုက်ရူးရဲနဲ့ သွားဆုံရင်.. မင်းထွက်သွားချင်ရင်တောင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”
မိစ္ဆာဂိုဏ်း ခုနှစ်ဂိုဏ်း..
အမွေဆက်ခံသူတွေ..
ပဒေသရာဇ်နန်းတော်..
ထိုစကားလုံးများသည် ဆူဇီမိုအတွက်တော့ အစိမ်းသက်သက်ဖြစ်နေပြီး သည့်အရင်က တစ်ခါမျှ မကြားဖူးပေ။
သို့သော် သူတို့အားလုံးသည် မိစ္ဆာဂိုဏ်းသားများ ဖြစ်ကြသောကြောင့် ဆူဇီမိုအတွက်တော့ သိပ်ပြီး အကြောင်းမထူးပေ။ အားလုံးက သူသတ်ရမည့်သူများသာ ဖြစ်လေသည်။
“အိုး”
ဆူဇီမိုသည် မျက်ခုံးပင့်လိုက်ပြီး ပြန်လှန်မေးလိုက်၏။
“ပြောချင်တာ မင်းက.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူပေါ့ ဟုတ်လား”
“အမှန်ပဲ”
အနက်ရောင်ဝတ်လူက ဂုဏ်ယူဝင့်ကြွားစွာနှင့် ပြန်ပြောလိုက်၏။
“ဟန်ကျလိုက်တာ”
ပိုမိုအားကောင်းလာသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဆူဇီမို၏ မျက်လုံးများက ဝင်းလက်လာ၏။ ထို့နောက် သူသည် အေးစက်စွာ ကြေငြာချက်ထုတ်လိုက်၏။
“ငါတို့ အခု ဆုံရပြီဆိုတော့.. မင်းကို အရင်ဆုံး သတ်ပေးရမှာပေါ့”
“အာ”
အနက်ရောင်ဝတ်လူသည် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားပြီး.. ကြောက်ရွံ့တုန်လှုပ်သွား၏။
သူ၏ စကားလုံးများက ဆူဇီမိုကို မခြိမ်းခြောက်နိုင်ရုံသာမက ထိုငနဲ၏ သတ်ဖြတ်လိုစိတ်ကိုပါ ဆတက်တိုးပွားလာစေမည်ဟု ထင်မှတ်မထားခဲ့မိပေ။
ယုတ္တိကျအောင် ပြောရလျှင်.. အင်မော်တယ်ဂိုဏ်းမှ တစ်ယောက်ယောက်သည် မိစ္ဆာအမွေဆက်ခံသူများ စုဝေးနေကြသည်ဟုသာ ကြားရလျှင် လုံခြုံစိတ်ချမှုအတွက်ထောက်၍ ထိုနေရာမှ ခပ်ခွာခွာနေကြပေလိမ့်မည်။
မိစ္ဆာအမွေဆက်ခံသူများ စုဝေးနေသည်ဟူသည်ကား မိစ္ဆာဂိုဏ်းများက တစ်ကယ့်ထိပ်တန်းပါရမီရှင်များ စုဝေးနေကြသည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်လေသည်။
ထိုသို့ဆိုပါက.. ထျန်ဟွမ်ပြည်မကြီး၏ ထိပ်တန်းအဆင့်ပါရမီရှင် ဖြစ်စေဦးတော့.. ထိုသူသည် ဤနေရာမှာ ကြာကြာဆက်လက်နေဝံ့ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အနက်ရောင်ဝတ်လူ မခန့်မှန်းနိုင်ခဲ့သည်မှာ ဆူဇီမို၏ အကြောက်အလန့် ကင်းမဲ့မှုမှာ သူသည် သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲလှသောကြောင့် မဟုတ်ပေ။ ထိုသည်မှာ ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းသားမဟုတ်သလို.. သူသည် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းဆိုတာကိုလည်း မကြားဖူးသောကြောင့် ဖြစ်လေသည်။
“သောက်ခွေးကွာ.. နောက်ထပ် မိုက်ရူးရဲတစ်ကောင်ဟ”
အနက်ရောင်ဝတ်လူသည် စိတ်ထဲကနေ ကြိတ်ပြီး ကျိန်ဆဲလိုက်၏။
“အင်မော်တယ်ဂိုဏ်းကိုးဂိုဏ်းထဲက ဘယ်ဂိုဏ်းကများ ဒီလို ကြောက်စရာကောင်ကို မွေးထုတ်ပေးလိုက်တာလဲကွာ.. ပိုဆိုးတာက သူနဲ့အရင်ဆုံး လာဆုံရတဲ့သူက ငါဖြစ်နေရတယ်လို့ ကွာ”
သူ့အတွေးမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ့ရှေ့မှောက်သို့ ရောက်ချလာလေပြီ။
“ဝုန်း”
ကောင်းကင်ထယ်သွားခြေလှမ်းကြောင့် မြေပြင်တွင် ကြီးမားသည့် ချိုင့်ခွက်ကြီးက ပေါ်လာ၏။ ထိုသည်မှာ ကြောက်လန့်စရာမြင်ကွင်းဖြစ်၏။