အတင်းအကျပ် ထွက်ခွာစေခြင်း
Vol. 12 Ch. 168
အခန်း ၁၆၈ - အတင်းအကျပ် ထွက်ခွာစေခြင်း
ကောင်းကင်ထယ်သွားခြေလှမ်းကို ထုတ်ဖော်လိုက်သောအခါ ဆူဇီမို၏အော်ရာက ပို၍ အားကောင်းလာ၏။
ထိုအခိုက်အတန့်၌ အနက်ရောင်ဝတ်လူ၏ မျက်လုံးထဲတွင် သူ့ရှေ့အထက်ရှိ ကောင်းကင်သည် အက်ကွဲဆုတ်ပြဲသွားသည်ဟု ထင်ယောင်ထင်မှား မြင်မိလာ၏။
ဆူဇီမိုသည် အေးမြစန္ဒဆေဘာကို ဝေ့ယမ်းကာ လေထဲတွင် စက်ဝန်းသဏ္ဌာန်တစ်ခု ပုံဖော်လိုက်၏။ သူသည် အနက်ရောင်ဝတ်ကျင့်ကြံသူကို ဦးခေါင်းအပေါ်မှမိုး၍ ရက်ရက်စက်စက် ခုတ်ပိုင်းလိုက်၏။ သူ့ဆေဘာက အေးစက်သောအော်ရာ၊ စူးရှသောသတ်ဖြတ်လိုစိတ်များနှင့် ပြည့်လာ၏။
အနက်ရောင်ဝတ်ကျင့်ကြံသူသည် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ ဘေးတိုက်ခြေလှမ်းကာ ဆူဇီမို၏ ဘေးဘက်သို့ ရွေ့လျားလိုက်၏။ သူ့အရိုးလှံတံသည် မှန်းဆရခက်သောထောင့်မှ ထွက်ပေါ်လာ၏။
“အို့”
ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်၏။
ယခုအချိန်တွင် သူ့၌ ရွေးချယ်စရာ များစွာရှိ၏။ သူသည် ဝင်ရောက်လာသော အရိုးလှံတံကို အေးမြစန္ဒာဆေဘာနှင့် ခတ်ထုတ်နိုင်၏။ သို့မဟုတ် တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးမှ ပြန်ခုခံလည်းရ၏။
မည်သို့ပင်ဖြစ်စေ.. ရွေးချယ်မှုနှစ်ခုစလုံးက မူလရရှိထားသော ဆူဇီမို၏ အသားစီးရမှုကို ပျက်ပြယ်သွားစေလိမ့်မည်။
ထို့အပြင် များစွာသော ရန်သူများ ဝိုင်းရံထားခြင်းခံနေရသည့် ယခုလို အခြေအနေမျိုးတွင် သူသည် တစ်ဖက်လူကို စိတ်လွတ်လက်လွတ် တိုက်ခိုက်ဖို့က အဆင်ပြေမနေပေ။
အခြေအနေအရ သူ့အတွက် အကောင်းဆုံးရွေးချယ်စရာမှာ.. မိုးကြိုးနည်းစနစ်ကို အသုံးချ၍ အနက်ရောင်ဝတ်ကျင့်ကြံသူကို အမြန်ဆုံး သတ်ပစ်နိုင်ဖို့ပင် ဖြစ်လေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျန်ရှိသော ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများ၏ စိတ်ဓါတ်ကိုလည်း ပျက်ပြားသွားစေနိုင်မည် ဖြစ်လေသည်။
ဝင်ရောက်လာသော အရိုးလှံတံကို ကြည့်လိုက်ပြီး ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး အော်ဟစ်လိုက်၏။
“ကောင်းလိုက်တဲ့ ရိုက်ချက်”
သူသည် လုံးဝ ရှောင်တိမ်းခြင်း မပြုပေ။ ထို့အစား သူသည် လက်ချောင်းများကို ဖြန့်လိုက်ပြီး အရိုးလှံတံကို ဖမ်းဆုပ်ယူဖို့ လုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ ဗျူဟာကို ပြောင်းလဲလိုက်၏။ သူသည် အပေါ်ကနေမိုး၍ ခုတ်ပိုင်းခြင်းကို ရပ်တန့်လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ပြောင်းကာ.. အေးမြစန္ဒာဆေဘာကို လက်ပြန်အနေအထားဖြင့် အနက်ရောင်ဝတ်ကျင့်ကြံသူ၏ လည်ပင်းကို လှမ်းပိုင်းလိုက်၏။
“မင်းကတော့ သေချင်နေပြီထင်တယ်”
အနက်ရောင်ဝတ်ကျင့်ကြံသူက အေးစက်စွာ ငေါက်ငမ်းလိုက်၏။
အရိုးလှံတံကို မည်သူမျှ လက်ချည်းဗလာဖြင့် ခံယူနိုင်မည် မဟုတ်ပေ။
ပဒေသရာဇ်နန်းတော်က မိုက်ရူးရဲတောင် ထိုသို့ လုပ်နိုင်စွမ်းရှိလိမ့်မည်ဟု သူ မထင်ပေ။
ဆူဇီမို၏ ဆေဘာက သူ့ထံသို့ မရောက်ခင်မှာပင်.. သူ၏ အရိုးလှံတံက ဆူဇီမို၏ လက်ကို ရိုက်ချိုးပြီး နုလုံးထဲသို့ ဖောက်ဝင်ကာ ချက်ချင်း သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု အနက်ရောင်ဝတ်ကျင့်ကြံသူက လုံးဝ ယုံကြည်မှု ရှိလေသည်။
ဆူဇီမို၏ လက်ဝါးက အရိုးလှံတံနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် ထူးဆန်းသော တစ်စုံတစ်ရာက ဖြစ်ပေါ်လာလေသည်။
ဆူဇီမို၏ လက်ဝါးထဲတွင် လျှပ်စီးအလုံးတစ်လုံးက ပေါ်လာ၏။ ၎င်းသည် လျှပ်စစ်စီးကြောင်းများဖြင့် လှည့်ပတ်နေပြီး တဖျတ်ဖျတ် တလက်လက်နှင့် ဖျိုးဖျိုးဖျောက်ဖျောက် မြည်နေ၏။
“အမ်”
“မိုးကြိုးတိုက်ကွက်လား”
အနက်ရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်မိ၏။
ယခင်က ဆူဇီမို၏ အေးမြစန္ဒဆေဘာတွင် လျှပ်စီးကြောင်းများ လက်သွားခဲ့သော်လည်း မည်သူကမျှ ထိုအရာကို သိပ်ပြီး မစဉ်းစားခဲ့ကြပေ။ ထိုဆေဘာသည် အနက်ရောင်ဝတ်ကျင့်ကြံသူ၏ အရိုးလှံတံလိုပင် မိုကြိုးဒြပ်စင်ပါဝင်သော ထူးခြားသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်နက်တစ်ခုဟုသာ သူတို့ ယူဆခဲ့ကြ၏။ ထိုအရာက စိတ်ဝိညာဉ်လက်နက်တစ်ခုသာဟုပင်။
သို့သော် ယခုအခါ ဆူဇီမို၏ လက်ဖဝါးထဲတွင် လျှပ်စီးလုံးတစ်ခုက ပေါ်လာ၏။ ဒါကရော ဘာအဓိပ္ပါယ်လဲ။
အနက်ရောင်ဝတ်ကျင့်ကြံသူ၏ ပထမဆုံးအတွေးမှာ ထိုအရာက မိုးကြိုးပညာရပ်တစ်ခုဟုပင်။
သို့သော်လည်း ထိုအရာက မဖြစ်နိုင်ကြောင်း ချက်ချင်း သူနားလည်လိုက်၏။
ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်ကြောင့် ဤနေရာတွင် ကျင့်ကြံသူများအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်ခြင်း မရှိကြပေ။ ဤအစိမ်းရောင်စာပေသမားက အင်မော်တယ်ဂိုဏ်းက ဖြစ်စေဦးတော့.. သူသည်လည်းပဲ ခြွင်းချက်မရပေ။
မျိုးဆက်သွေး...
ရုတ်တရတ်.. အနက်ရောင်ဝတ်လူ၏ စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာ၏။
သည့်အရင်က ဆူဇီမိုသည် သူ့သွေးကို လှည့်ပတ်စေလိုက်တုန်းက ထိုအထဲတွင် ဆူနာမီအသံများသာမက.. မိုးကြိုးရိုက်ခတ်သံများလည်း ပါဝင်နေ၏။
ဤမိုးကြိုးစွမ်းအား၏ ဇာစ်မြစ်က မျိုးဆက်သွေးကနေ မြစ်ဖျားခံလာတာ ဖြစ်ရပေမည်။
အနက်ရောင်ဝတ်ကျင့်ကြံသူ တွေးဆနေစဉ်မှာပင်.. ဆူဇီမို၏ လက်ဝါးက အရိုးလှံတံနှင့် ထိတွေ့သွားပေပြီ။
အရိုးလှံတံပေါ်ရှိ ဆိုးယုတ်ချီများသည် ချက်ချင်းဆိုသလိုပင် ဘာမျှ မကျန်ရှိတော့သည့်အထိ ပျက်ပြယ်သွား၏။
အနက်ရောင်ဝတ်ကျင့်ကြံသူသည် သိပ်ပြီးတော့ အထိတ်တလန့် ဖြစ်မသွားပေ။ မိုးကြိုးစွမ်းအားက သူ့အရိုးလှံတံထဲရှိ ဆိုးယုတ်ချီများကို ဖိနှိမ်နိုင်သော်လည်း.. ဆူဇီမို၏ လက်ဖဝါးသည် အသွေးအသားများနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သူ၏ အရိုးလှံတံနှင့် မာကျောခက်ထန်မှုခြင်း ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
အရိုင်းဆန်သောသွင်ပြင်နှင့်အတူ.. အနက်ရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ရက်စက်တော့မည့်ဟန်က ပေါ်လာ၏။ သူသည် တစ်ချက်ဟိန်းဟောက်၍ လက်နှစ်ဖက်ထဲသို့ ခွန်းအားကို တွန်းပို့လိုက်ပြီး ဆူဇီမို၏ လက်ဖဝါးကို ကျိုးကြေသွားစေရန် အရိုးလှံတံကို လှုပ်ခါလိုက်၏။
ရုတ်တရတ်ဆိုသလို.. အနက်ရောင်ဝတ်လူ၏ အမူအယာက တောင့်ခဲသွား၏။
ဆူဇီမို၏ လက်ဖဝါးသည် ရုတ်တရတ် နူးညံ့ပျော့ပျောင်းသွားပြီး သူ့အရိုးလှံတံကို လျှာတစ်ခုကဲ့သို့ ရစ်ပတ်လိုက်၏။
ဘန်း..
အရိုးလှံတံသည် တုန်ခါသွားပြီးနောက် ခပ်အုပ်အုပ်မြည်သံတစ်ခုက ထွက်ပေါ်လာ၏။
“အား..”
အနက်ရောင်ဝတ်ကျင့်ကြံသူ၏ လက်ဖဝါးက စုတ်ပြဲသွားပြီး သူသည် နာကျင်စွာ အော်ဟစ်လိုက်မိ၏။ သွေးစက်များက ပြန့်ကျဲထွက်လာပြီး အရိုးလှံတံက သူ့လက်ထဲမှ လွတ်ထွက်သွား၏။
တစ်ချိန်တည်းမှာပင် အေးစက်ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်က သူ့အပေါ် လွှမ်းမိုးလာပြီး သူသည် ရေခဲမြစ်ထဲသို့ ကျဆင်းသွားသလို ခံစားလာရ၏။
အေးမြစန္ဒာဆေဘာက သူ့အပေါ် ကျဆင်းလာနေပေပြီ။
“မဟန်တော့ဘူး”
အနက်ရောင်ကျင့်ကြံသူ၏ ရင်သည် ဒိန်းကနဲ တုန်လှုပ်သွား၏။ သူသည် ရှောင်တိမ်းချင်သော်လည်း အချိန်မရတော့ပေ။
ဆူဇီမိုသည် အရိုးလှံတံကို လက်ချည်းဗလာဖြင့် ခံယူရခြင်း၏ ရည်ရွယ်ချက်မှာ.. သူသည် ထိုငနဲကို တစ်ချက်တည်းဖြင့် အပြီးသတ်ဖြတ်လိုသောကြောင့် ဖြစ်လေသည်။
ထိုအနက်ရောင်ဝတ်ကျင့်ကြံသူကို အသေသတ်နိုင်သည်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အခြားသော ကျင့်ကြံသူများမှာ ကြက်ကလေး၊ ငှက်ကလေးများလို့ သူ့အတွက် ဘာမျှ မပြောပလောက်တော့ပေ။
“အိုး..”
ရုတ်တရတ်ဆိုသလို..
တစ်စုံတစ်ရာကို အာရုံခံသိရှိလိုက်သည့်အတိုင်း ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
တစ်စက္ကန့်၏ အစိတ်အပိုင်းလေးတစ်ခု အတွင်းမှာပင် သူ့ခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံများက မြည်လာပြီး သူသည် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားလိုက်မိ၏။
ထိုသတ်ဖြတ်လိုစိတ်ကို သူသည် ရင်းနှီးခဲ့ဖူး၏။
သူတို့ ဤနေရာသို့ စတင်ဝင်လာခဲ့တုန်းက လမ်းလေးခွဆုံတစ်ခု၌ လူသေအယောင်ဆောင်ခဲ့သော လုပ်ကြံသတ်ဖြတ်ရေးသမားထံမှ ရရှိခဲ့သော သတ်ဖြတ်လိုစိတ်သည် ယခုလိုပင် ဖြစ်လေသည်။
ထိုလူသေသည် ဤနေရာသို့ ဘယ်အချိန်ကတည်းကရောက်၍ ဝင်ရောက်ရောနှောနေပြီး သည်တစ်ကြိမ်တွင် မည်သည့်ပုံစံဟန်ဆောင်ရုပ်ဖျက်ထားသည်ဆိုတာကို ဆူဇီမိုသည် မသိရှိရပေ။
ယခုသူသိသော တစ်ခုတည်းသောအရာမှာ သူသည် အနည်းငယ် လှုပ်ရှားမှု နှေးကွေးသွားသည်နှင့် အသက်နှင့်ကိုယ် အိုးစားကွဲရတော့မည်ဆိုတာကိုပင်။
ထိုသို့အတွေးနှင့်အတူ.. ဆူဇီမိုသည် အေးမြစန္ဒဆေဘာကို ရုတ်သိမ်းလိုက်၏။
မည်သို့ပင်ဆိုစေ.. အနက်ရောင်ဝတ်ကျင့်ကြံသူသည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေဆက်ခံသူဖြစ်၏။ သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ဖူးသောကြောင့် ထိုကဲ့သို့ ရရှိလာသော အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
အနောက်သို့ စောင်းငဲ့၍ အနက်ရောင်ဝတ်ကျင့်ကြံသူသည် မြေပြင်ကို ကန်ကျောက်လိုက်ပြီး အနောက်သို့ အလောတကြီး ခုတ်ဆုတ်လိုက်၏။
ဆူဇီမိုသည်လည်း သူရပ်နေရာနေရာတွင် ရပ်မနေခဲ့ပေ။ ရုတ်တရတ် သူသည် ဘေးတိုက်ရွေ့လိုက်ပြီး ခန္ဓာကိုယ်ကို နှိမ့်ချကာ ဝပ်ချလိုက်၏။ ခြေလက်များကိုသုံး၍ စပါးအုံးမြွေတစ်ကောင်လို လျှောထိုးသွားလိုက်၏။
ရွှိန်း..
ဆူဇီမိုစောစောက ရပ်နေခဲ့သောနေရာသို့ ရှည်လျားပါးလျသည် ဓါးတစ်ချောင်းက ကျဆင်းလာပြီး မြေပြင်ပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ဓါးရာတစ်ခုက ကျန်ခဲ့၏။
ဆူဇီမိုသည်သာ နည်းနည်းလောက်ကလေး နောက်ကျခဲ့လျှင် သူ့ခန္ဓာကိုယ်က သွေးချင်းချင်းနီနေလောက်ပေပြီ။
ဓါးထုတ်၍ တိုက်ခိုက်လိုက်သောသူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများနှင့် ရောနှောနေ၏။ သူသည် အခြားသူများနှင့် ထူးခြားကွဲပြားနေခြင်း မရှိသော်လည်း သူ၏ ဓါးပါးလေးကတော့ တစ်မူထူးခြားနေ၏။
အနက်ရောင်ဝတ်ကျင့်ကြံသူသည် ထိုဓါးကို ကြည့်လိုက်ပြီး မျက်စိကို မှေးကျဉ်းလိုက်ကာ ခပ်အုပ်အုပ် အော်လိုက်၏။
“မျက်နှာတစ်ထောင်လုပ်ကြံသူ”
မျက်နှာတစ်ထောင်လုပ်ကြံသူသည် သူ၏ သရုပ်ကို ဖော်ထုတ်ခြင်း ခံလိုက်ရသော်လည်း သူ့အမူအယာက မှင်သေသေဖြင့်ပင် ရှိနေ၏။ သူ့အကြည့်များက မည်သည့်အရိပ်အယောင်မျှ တောက်ပမနေဘဲ သဘာဝနှင့် ရောနှောနေ၏။
စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ.. မျက်နှာတစ်ထောင်လုပ်ကြံသူသည် သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်သောအခါ ရှည်လျားပါးလျသည့် ဓါးလေးက ထူးဆန်းစွာ ပျောက်ကွယ်သွား၏။ ထို့နောက် ထိုသူသည် တစ္ဆေတစ်ကောင်လို လမ်းလေးခွဆုံဘက်သို့ ပြေးဝင်ကာ ပျောက်ကွယ်သွား၏။
သူ၏ တိုက်ခိုက်မှု လွဲချော်သွားပြီးနောက်.. သူသည် ဆူဇီမိုကို တုံ့ပြန်ဖို့ မည်သည့်အခွင့်အရေးမျှ မပေးတော့ဘဲ ချက်ချင်း ထွက်ပြေးသွား၏။
အနက်ရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးသည် အရောင်လက်သွားပြီး.. လက်ပြကာ အလေးအနက် ပြောလိုက်၏။
“သွားကြမယ်ဟေ့”
ထိုသို့ပြောပြီးနောက် အနက်ရောင်ဝတ်ကျင့်ကြံသူသည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများစွာနှင့်အတူ လမ်းလေးခွဆုံမှ လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ပြေးထွက်သွားကြ၏။
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။ သူသည် နေရာမှာ ခဏ စဉ်းစားချင့်ချိန်လိုက်ပြီးနောက် ဘယ်ဘက်သို့ချိုးကာ ပန်းရောင်မိန်းကလေး ထွက်ခွာသွားရာဘက်သို့ ဦးတည်လိုက်၏။
စောစောက သူတို့၏ တိုက်ခိုက်ကြမှုသည် ခဏလေးမျှသာ ဖြစ်သော်လည်း .. ကျင့်ကြံရေးလောကမှလူများသာ ထိုအဖြစ်အပျက်ကို ပြန်သိကြလျှင် အကုန် အုတ်သော်အောင်းသင်း ဖြစ်ကြပေတော့မည်။
မိစ္ဆာအမွေဆက်ခံသူနှစ်ယောက်ကို တစ်ဦးတည်းဖြင့် အတင်းအကျပ်ဖိအားပေး၍ နောက်သို့ဆုတ်ခွာစေနိုင်သည့်လူဆိုသည်မှာ အရင်က မရှိခဲ့ဖူးပေ။
အနက်ရောင်ဝတ်ကျင့်ကြံသူနောက်သို့ ဆူဇီမို ဆက်မလိုက်ရခြင်းမှာ အကြောင်းရှိလေသည်။
အစတုန်းကတော့ သူ့စိတ်ကူးမှာ.. မိုးကြိုးအတတ်ကိုသုံး၍ အနက်ရောင်ဝတ်ကျင့်ကြံသူကို အမြန်ဆုံးနည်းဖြင့် သတ်ဖြတ်ကာ တိုက်ပွဲကို အဆုံးသတ်နိုင်ဖို့ ဖြစ်လေသည်။
ယခုအခါမှာတော့ အနက်ရောင်ဝတ်ကျင့်ကြံသူသည် နောက်လိုက်များစွာဖြင့် လမ်းကြောင်းတစ်ခုထဲသို့ ဆုတ်ခွာသွားခဲ့၏။ ဆူဇီမိုအနေနှင့် သတိရှိနေပြီဖြစ်သော သူ့ကို ထပ်မံလိုက်လံ သတ်ဖြတ်နိုင်ဖို့ဆိုသည်မှာ သိပ်ပြီး ယုတ္တိမရှိတော့ပေ။
ထို့အပြင် လမ်းတစ်လျှောက် အမှောင်ထုထဲတွင် ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က ပုန်းခိုနေ၏။
နောက်ပြီး သူသည် ပန်းရောင်မိန်းကလေး၏ ဘေးကင်းလုံခြုံမှုအတွက်လည်း တာဝန်ယူထားရသေး၏။
သူသည် သူမ၏ သရုပ်ကို အကြမ်းဖျင်း ခန့်မှန်းမိနေပြီဖြစ်သော်လည်း.. ကိစ္စများကို သေချာရှင်းလင်းအောင် မသိရသေးသရွေ့တော့.. သူပေးထားသော ကတိကို တည်ရပေဦးမည်။
နောက်ပြီး ခြေသလုံးအိမ်တိုင်ကျင့်ကြံသူယန်ဖေးကလည်း ပန်းရောင်မိန်းကလေးအနားမှာ ရှိနေ၏။
ပန်းရောင်မိန်းကလေးအပေါ် ယန်ဖေး၏ အကြည့်များသည် ထူးဆန်းနေပြီး.. တစ်ခုခု လွဲမှားနေသည်ကို ဆူဇီမို သတိထားမိနေသည်မှာ ကြာပေပြီ။