သွေးကန်
Vol. 12 Ch. 169
အခန်း ၁၆၉ - သွေးကန်
ပန်းရောင်မိန်းကလေးနှင့် ယန်ဖေးသည် လမ်းလေးခွဆုံမှ မရပ်မနား ပြေးလာခဲ့၏။
ယန်ဖေးသည် သူ့ခေါင်းကို ငုံ့ထားပြီး မျက်လုံးများက အရောင်လက်လက်သွားကာ အမူအယာအမျိုးအမျိုး ပြောင်းနေ၏။ သူဘာတွေးနေသလဲဆိုတာ သူသာလျှင် သိပေလိမ့်မည်။
နောက်တစ်ခဏ၌ တစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်လိုက်သလို ယန်ဖေး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်များ လက်လာ၏။ သူသည် ရှေ့သို့ ရုတ်တရတ် ခုန်တက်လိုက်ပြီး ပန်းရောင်မိန်းကလေးကို နံရံဘက်သို့ တွန်းကပ်လိုက်၏။
သူသည် လျှင်မြန်စွာပင် ပန်းရောင်မိန်းကလေး၏ လည်ပင်းကို လက်ဖြင့် ဖမ်းချုပ်ဆုပ်ကိုင်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံး ကြွတက်လုနီးပါး ပင့်တင်လိုက်၏။
“အီး.. အ..”
ပန်းရောင်မိန်းကလေးသည် ညည်းညူအသံပြု၍ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။
“ရှင် ရှင်ဘာလုပ်နေတာလဲ.. အ.. နာတယ်..”
ပန်းရောင်မိန်းကလေး၏ နူးညံ့ညင်သာသော အသံလေးကို ကြားရချိန်တွင် ယန်ဖေး၏နုလုံးက ဒိတ်ကနဲ တစ်ချက်ခုန်သွား၏။ မသိလိုက်မသိဘာသာနှင့်ပင် သူသည် ဆုပ်ကိုင်ထားသောလက်ကို အနည်းငယ် ပြေလျော့လိုက်မိ၏။ သို့သော် လွှတ်ကားမလွှတ်ချေ။
ယန်ဖေးသည် ပန်းရောင်မိန်းကလေး၏ မျက်လုံးကို စူးစိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် မျိုသိပ်ထားသော စကားလုံးများကို ဖွင့်ထုတ်လိုက်၏။
“နတ်ဆိုးမကျိ.. နင်က ငါ့ကို တောင်ပိုင်းတောင်တန်းဂိုဏ်းက ဟိုအရူးကောင်တွေနဲ့ အတူတူပဲလို့ ထင်နေတာလား.. ငါက ဒီနေရာကို နင့်ရဲ့ မြှူဆွယ်ဖျားယောင်းမှုကြောင့် ရောက်လာတာလို့ တစ်ကယ်ကြီး ထင်နေတာလား”
“ရှင် ဘာတွေပြောနေတာလဲဟင်” ပန်းရောင်မိန်းကလေးသည် သူမ၏ ရိုးသားအပြစ်ကင်းစင်ပုံရသော မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်လိုက်ရင်း မသိနားမလည်သလို မေးလိုက်၏။
“ဟီးဟီး.. ခိခိ”
ယန်ဖေးက တဏှာမြူခိုးရီဝေစွာနှင့် ရယ်မောလိုက်၏။
“ဟန်ဆောင်မနေနဲ့တော့.. တခြားသူတွေသာ နင့်ရဲ့ သရုပ်မှန်ကို မသိရင်နေမယ်.. ဒါပေမယ့်လဲ.. ဘယ်မိစ္ဆာဂိုဏ်းသားမဆို နင်ဘယ်သူလဲဆိုတာ သိကြပြီးသား.. ငါ့မှာ နင့်ရဲ့ ခန္ဓာကိုယ်ကို လိုချင်လွန်းလို့ စောင့်ဆိုင်းနေခဲ့ရတာ အတော်တောင်ကြာနေပြီ.. ဟီးဟီး”
ပန်းရောင်မိန်းကလေး၏ အကြည့်က အေးစက်လာပြီး မေးလိုက်၏။
“နင်က တိမ်လွှာမိုးစက်ဂိုဏ်းကလား”
“မဆိုးဘူးပဲ.. ဉာဏ်ကောင်းတယ်”
ယန်ဖေးက ချီးမွမ်းလိုက်၏။
“နင်က ဒီဘက်မျိုးဆက်ရဲ့ စင်ကြယ်အပျိုစင်ဖြစ်နေတာ ငါမအံ့သြတော့ပါဘူး”
ပန်းရောင်မိန်းကလေးက မပြောင်းမလဲသော အမူအယာနှင့်ပင် ထပ်မေးလိုက်၏။
“နင့်ကို ရှန်ကွမ်ယုက လွှတ်လိုက်တာလား”
“သူလား”
ယန်ဖေးက အေးစက်စွာ သရော်လိုက်၏။
“သူက တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ မိစ္ဆာအမွေဆက်ခံသူဆိုတာ ဟုတ်ပါတယ်.. ဒါပေမယ့်လဲ သူက ငါ့ကို အမိန့်ပေးလို့ မရဘူး.. ငါက နင့်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရယူပြီးတာနဲ့.. ဂိုဏ်းထဲမှာ ငါဟာ နာမည်တစ်ခုရလာပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင်အင်အားစုကို ထူထောင်လို့ရပြီ.. ငါက ရှန်ကွမ်ယုကို နင်းချေပြီးတော့ သူ့ရဲ့ မိစ္ဆာအမွေဆက်ခံသူဆိုတဲ့နေရာကို အစားထိုးဝင်ယူမှာလေ.. နတ်ဆိုးမကျိ.. နင့်ရဲ့ ခန္ဓာကိုယ်ထဲက စင်ကြယ်အပျိုစင်အဆီအနှစ်ကို ငါ့ကို အသာတကြည် ပေးလိုက်စမ်းပါ.. အဲ့ဒါဆို နင်လဲ မနာမကျင်ရတော့ဘူးပေ့ါ”
“ရှင် ရှင် အဲ့ဒါကို ဒီနေရာကြီးမှာ လုပ်မလို့လား.. အဲ့အချိန် တစ်ယောက်ယောက် ရောက်လာရင် ဘယ်လိုလုပ်မလဲ” နောက်ဆုံးမှာတော့ ပန်းရောင်မိန်းကလေး၏ မျက်လုံးထဲတွင် အကြောက်တရားများက ဝင်ရောက်လာပြီး သူမ၏ အသံက တုန်ရီနေ၏။
ယန်ဖေးက ရယ်ချလိုက်၏။
“မပူပါနဲ့.. ငါမင်းကို ဒီနေရာကနေ အရင်ခေါ်ထုတ်သွားမှာပါ.. အဲ့ဒါဆို ငါတို့ ဒီအရှုပ်တော်ပုံထဲမှာလဲ ဝင်ပါစရာ မလိုတော့ဘူး.. ငါ မင်းရဲ့ အပျိုစင်အဆီအနှစ်ကို ရတာနဲ့ ငါတို့ ဒီနေရာက အမွေအနှစ်ကို မရလဲ ကိစ္စမရှိတော့ဘူး.. ပြီးတော့ ဒီနေရာမှာ ပဒေသရာဇ်နန်းတော်က ဟိုမိုက်ရူးရဲလဲ ရောက်နေတယ်တဲ့.. နင့်လိုမျိုး မိစ္ဆာအမွေဆက်ခံသူ နှစ်ယောက်သုံးယောက်ပေါင်းရင်တောင် သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး”
“အစ်ကိုယန်.. ကျမသာ ကျမရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးသွားမယ်ဆိုရင်.. ဂိုဏ်းထဲမှာ ကျမရဲ့ အဆင့်အတန်းကလဲ ဘာမှကျန်မှာမဟုတ်တော့ဘူး.. ဂိုဏ်းထဲမှာတောင် ကျမ ကြာကြာနေနိုင်တော့မှာ မဟုတ်ဘူးရှင့်.. ရှင် ရှင်ကျမကို မသနားဘူးလားဟင်”
ပန်းရောင်မိန်းကလေးက သနားစဖွယ် ပြောရင်း ရှိုက်ငိုလိုက်၏။
“အစ်ကိုယန် ရှင်သာ ကျမကို သနားညှာတာပေးမယ်ဆိုရင်.. ကျမရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး ရှင့်အပါးက တစ်ဖဝါးမှ မခွာဘဲ.. အစေခံတစ်ယောက်လို ရှင့်ကို ပြုစုပေးပါမယ်”
ယန်ဖေး၏ နုလုံးသားထဲတွင် သနားစိတ်များ ဝင်ရောက်လာ၏။
မိစ္ဆာဂိုဏ်း၏ စင်ကြယ်အပျိုစင်တစ်ယောက်က သနားရင်နင့်စဖွယ် တောင်းပန်တိုးလျှိုးနေမှတော့ မည်သူက တောင့်ခံနိုင်ပါမည်နည်း။
“ယန်အာ.. ဘာမှမပူပါနဲ့.. ညီမရဲ့ အပျိုစင်အဆီအနှစ်ကို ရယူပြီးရင်.. အစ်ကိုက ညီမကို ဒီတိုင်းလျစ်လျူရှုထားမှာ မဟုတ်ပါဘူး”
ယန်ဖေးက နူးညံ့ညင်သာစွာ ပြန်ပြောလိုက်၏။
“ညီမက တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ အရိပ်အောက်မှာ ရှိနေမှာပါ.. အစ်ကိုသာ တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ မိစ္ဆာအမွေဆက်ခံသူ ဖြစ်လာခဲ့ရင်.. အစ်ကိုအနားမှာ မိန်းကလေးတွေက အများကြီးရောက်လာမှာ.. ဒါပေမယ့်လဲ ညီမအတွက် နေရာတစ်နေရာက အမြဲတမ်း ရှိနေမှာပါ”
“အဲ့လိုပေါ့လေ”
ထိုအချိန်တွင် ပန်းရောင်မိန်းကလေးသည် မွှေးပျံ့သောပန်းရနံ့တစ်မျိုးကို ရှူထုတ်လိုက်၏။ သူမ၏ မျက်နှာဖုံးကို မ,တင်လိုက်သောအခါ ပြစ်မျိုးမှဲ့မထင်သော အပြုံးလေးတစ်ခုက ပေါ်လာပြီး သူမ၏ မျက်လုံးအကြည့်များက ကြည့်မိသူ၏ ဝိညာဉ်ကို ခိုးယူနိုင်စွမ်းရှိ၏။
ယန်ဖေးသည် အနည်းငယ် ကြောင်အသွားပြီး သူ့အမူအယာက တောင့်ခဲသွားကာ သူ့မျက်လုံးထဲတွင် တစ်ဒင်္ဂမျှ မင်တက်သွားခြင်းက ပေါ်လာ၏။
“မကောင်းတော့ဘူး”
နောက်တစ်ခဏ၌ သူသည် အထိတ်တလန့် ဖြစ်သွား၏။ သူသည် လက်ချောင်းများထဲသို့ ခွန်အားကို စိုက်ထုတ်မလို့ လုပ်လိုက်စဉ်မှာပင်.. သူ့ရင်အုပ်ဆီမှ တစ်စစ်စစ် နာကျင်လာမှုကို ခံစားလိုက်ရပြီး သူ၏အားအင်များက သိသာစွာ ယုတ်လျော့လာ၏။
ယန်ဖေး ကြောင်အသွားသော ထိုခဏလေးတွင် ပန်းရောင်မိန်းကလေးက ယန်ဖေး၏ ရင်အုပ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး သူ့နုလုံးကို ကြေမွပျက်ဆီးသွားစေခဲ့၏။
ထို့နောက် သူမ၏ လက်တံသည် ယန်ဖေး၏ ရင်အုပ်မှ အထက်သို့ နူးညံပျော့ပျောင်းသော မြွေတစ်ကောင်လို့ တွယ်တက်သွားပြီး သူမ၏ သေးသေးသွယ်သွယ် လက်ချောင်းလေးများဖြင့် ယန်ဖေး၏ လည်မျိုကို ဖမ်းဆုပ်လိုက်၏။
ဂျွတ်..
ပန်းရောင်မိန်းကလေး၏ အကြည့်က ရေခဲတမျှ အေးစက်နေပြီး သူမသည် တုံ့ဆိုင်းခြင်းမရှိ အလွန်တရာ ပြတ်သားဟန်ရှိ၏။
ယန်ဖေး၏ လည်မျိုသည် ပျက်ဆီးသွားပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားလေတော့၏။ သူ၏ မျက်လုံးများသည် မကျေမချမ်းမှုများနှင့် ပြည့်နေ၏။
ဖြစ်စဉ်တစ်ခုလုံးက ခဏလေးအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ ယန်ဖေး၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရုပ်ကျိုးပြတ် လဲကျသွားသောအခါ ပန်းရောင်မိန်းကလေးသည် မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ပြန်တပ်လိုက်ပြီး ရက်ရက်စက်စက် လှပသော သူမ၏ မျက်နှာလေးကို ပြန်လည်ဖုံးအုပ်လိုက်၏။
ထိုအချိန်ကလေးမှာပင် ဆူဇီမိုသည် ရောက်ချလာပြီး ပန်းရောင်မိန်းကလေးက သူမ၏ လက်ကို ပြန်ရုတ်လိုက်တာကို အချိန်မီ မြင်လိုက်ရ၏။
သူမ၏ လက်ဖဝါးလေးက ကျောက်စိမ်းသားလို့ ချောမွတ်နေပြီး နူးညံ့တောက်ပနေ၏။ လက်ဖဝါးလေးတစ်ခုကပင် ကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံးရတနာတစ်ခုလို တုန်လှုပ်ဖွယ်ရာ လှပနေသည်မှာ စိတ်ကူးယဉ်ကြည့်ဖို့ပင် ခက်လှလေသည်။
သူမသည် ယခုကလေးတင် လူတစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူမ၏ လက်ဖဝါးတွင် သွေးတစ်စက်ပင် ရှိမနေပေ။
ယန်ဖေးကို သတ်ဖြတ်ပြီးနောက် ပန်းရောင်မိန်းကလေးသည် တစ်စုံတစ်ရာကို ခံစားလိုက်မိပြီး စောင်းငဲ့ကြည့်လိုက်၏။
ဆူဇီမိုကို မြင်သောအခါ သူမမျက်လုံးထဲရှိ အေးစက်ခက်ထန်မှုက ပျောက်ကွယ်သွား၏။ သူမသည် တစ်ဟင့်ဟင့် ရှိုက်ငိုရင်း အသိုက်သို့ ပြန်ရောက်လာသော ပျံလွှားငှက်လေးတစ်ကောင်လို ဆူဇီမိုထံသို့ ပစ်ဝင်လိုက်၏။
“အစ်ကိုဆူ.. တော်သေးတာပေါ့ ရှင်ရောက်လာလို့.. အခုပဲ ကျမက အနိုင်ကျင့်ခံတော့မလို့လေ”
ဆူဇီမို၏ အမူအယာက မပြောင်းမလဲနှင့်ပင် စိတ်ယိုင်သွားခြင်း အလျှင်းမရှိပေ။
သူမသည် သူ့ထံသို့ ပစ်ဝင်လာသောအခါ သူသည် ဘေးဘက်သို့ ခြေလှမ်း၍ ရှောင်တိမ်းလိုက်၏။
သူမသည် လေထဲသို့သာ ယိုင်သွားပြီး မကျေမနပ်နှင့် စိတ်ရှုပ်ထွေးကာ နှုတ်ခမ်းစူလိုက်၏။ သူမ၏ မျက်လုံးထဲတွင် မျက်ရည်များက စိုလာပြီး အချိန်မရွေး အခုချက်ချင်း ပြိုကျလာတော့မည့်ဟန်ပင်။
ခဏမျှ ရပ်နားလိုက်ပြီးနောက် ပန်းရောင်မိန်းကလေးသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး စိုးရိမ်ပူပန်စွာ မေးလိုက်၏။
“အစ်ကိုဆူ.. ရှင် အဆင်ပြေရဲ့လား.. အဲ့ဒီဆိုးယုတ်မြေကမ္ဘာဂိုဏ်းက လူတွေက ရှင့်ကို ဘာလုပ်လိုက်သေးလဲ”
“ကျုပ် အဆင်ပြေပါတယ်”
ပန်းရောင်မိန်းကလေးက နာခံစွာ ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာက မင်းတို့ဂိုဏ်းရဲ့ အမွေအနှစ်ကုန်းမြေဆိုတော့.. အဲ့ဒီအမွေအနှစ်က ဘာလဲဆိုတာတော့ မင်းသိမှာပေါ့.. ဟုတ်တယ်မလား” လျှောက်လှမ်းသွားနေကြရင်း ဆူဇီမိုက မေးလိုက်၏။
“ကျင့်ကြံရေးနည်းစနစ်တစ်ခုခု.. ဒါမှမဟုတ် လျှို့ဝှက်ပညာရပ်တစ်ခုခုများ ဖြစ်မလားပဲ”
ပန်းရောင်မိန်းကလေးက မရေမရာပုံစံနှင့် ပြန်ပြောလိုက်၏။
“ကျမလဲ ဒီနေရာကို အခုမှ ရောက်ဖူးတာဆိုတော့ သေသေချာချာတော့ မပြောတတ်ဘူးလေ”
ခဏမျှ ရပ်နားလိုက်ပြီးနောက် သူမက ဆက်ပြောလိုက်၏။
“ဒါပေမယ့် ကျမတို့ ပန်းတိုင်ကို ရောက်ခါနီးနေပြီလို့တော့ ခံစားမိနေတယ်”
မြေအောက် လမ်းခွဲများ တစ်ခုစီတိုင်း၌ ခပ်ဖျော့ဖျော့ သွေးရနံ့များ ထွက်ပေါ်နေသော အနက်ရောင် မြူခိုးလွှာတစ်ခုစီက အမြဲတမ်း ရှိနေ၏။ ဆူဇီမိုနှင့် ပန်းရောင်မိန်းကလေးတို့သည် လမ်း၏အနက်ပိုင်းသို့ ရောက်လာလေလေ.. ပို၍ သိပ်သည်းသော သွေးညှီနံ့ကို ရလာလေလေဖြစ်၏။
ဆူဇီမိုသည် စူးစမ်းခဲ့ရသလောက်ဆိုလျှင်.. ဤနေရာ၌ လမ်းလက်တက်ခွဲများ များစွာရှိသော်လည်း သူတို့သည် လမ်းကြောင်းတစ်ခုတည်းသို့သာ ဦးတည်သွားမည်ဆိုလျှင်.. လမ်းခွဲများအားလုံးက တူညီသောနေရာတစ်ခုတည်းကိုသာ ဦးတည်ခေါ်ဆောင်သွားပေလိမ့်မည်။
ဟုတ်ပေသည်။
နောက်တစ်ခဏမျှ ဆက်လျှောက်သွားပြီးနောက် ဆူဇီမိုနှင့် ပန်းရောင်မိန်းကလေးတို့သည် နောက်ထပ်လမ်းခွဆုံတစ်ခုသို့ ရောက်ရှိလာ၏။ သူတို့ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားပြီး ရုတ်တရတ် လင်းလာလာ၏။
ဤနေရာက အတော်အတန် ကျယ်ဝန်း၏။ သူတို့၏ ဘေးပတ်ပတ်လည်တွင် တောင်နံရံများရှိပြီး သိပ်သည်းနက်နဲသည် အက်ကွဲကြောင်းများစွာဖြင့် ပြည့်နေ၏။ ထိုအက်ကွဲကြောင်းများက အပြင်ဘက်ရှိ မရေအတွက်နိုင်သော လမ်းခွဆုံများကို ဖြစ်ပေါ်လာစေခြင်း ဖြစ်လေသည်။
ဤနေရာ၏ အလယ်တွင် မျက်နှာပြင်သည် တစ်ဖျတ်ဖျတ်တစ်လက်လက် တောက်ပနေသော ကြီးမားသည် ကန်ကြီးတစ်ကန် ရှိလေသည်။ ထိုကန်ကြီးထဲမှ အနက်ရောင်မြူခိုးငွေ့များက ထွက်ပေါ်လာနေ၏။
ဆူဇီမိုသည် သေချာစူးစိုက်ကြည့်လိုက်ပြီးနောက်.. အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်မိကာ ကျောရိုးတစ်လျှောက် ချမ်းတုန်သွားလေသည်။
ထိုအရာက သွေးကန်ကြီးတစ်ခု ဖြစ်လေသည်။
ထိုကဲ့သို့ ကန်ကြီးတစ်ကန်ဖြစ်လာဖို့ လူဘယ်လောက်များများ၏ သွေးများကို လိုအပ်ပါမည်နည်း။
ပန်းရောင်မိန်းကလေးသည် ထိုသွေးကန်ကို ကြည့်ပြီး.. သူမ၏ မျက်လုံးအနက်ထဲတွင် စိတ်အားထက်သန်မှုဖြင့် လင်းလက်လာ၏။