မိစ္ဆာအမွေဆက်ခံသူများ စုဝေးကြခြင်း
Vol. 12 Ch. 170
အခန်း ၁၇၀ - မိစ္ဆာအမွေဆက်ခံသူများ စုဝေးကြခြင်း
Translator – Than Toe Aung
သွေးရေကန်မှ ပေတစ်ရာအကွာလောက်တွင် ခေါင်းတုံးဆံတောက်နှင့်ကျင့်ကြံသူတစ်ယောက်သည် တင်ပျဉ်ခွေခြေချိတ်ထိုင်နေ၏။ သူ၏ ဘေးရှိ မြေကြီးပေါ်တွင် အနက်ရောင်ရှည်လျားတုတ်ခိုင်သည့် လှံတစ်လက်ကို တင်းကျပ်စွာ ထိုးစိုက်ထား၏။ ထိုလှံတံက ဆူဇီမို၏ အရပ်ထက်ပင် ရှည်နေသေး၏။
ခေါင်းတုံးဆံတောက်နှင့် ကျင့်ကြံသူက သူ့မျက်လုံးကို ပိတ်ထား၏။ ဝင်လေထွက်လေကို မှန်မှန်ရှူနေသော သူ့မျက်နှာက ဓါးတစ်လက်ကို စူးရှပြတ်သားနေပြီး သူ၏ ခန္ဓာအပေါ်ပိုင်းက အဝတ်ဗလာကျင်းထား၏။ သူ့ကြွက်သားများက သံမဏိရည်ဖြင့် လောင်းချထားသလို နီညိုရောင်သန်းကာ တစ်လက်လက်တောက်ပနေပြီး ခွန်အား၏ ပြယုဂ်ကို ဖော်ပြနေ၏။
ထိုလူ၏ ဘေးပတ်ပတ်လည် မီတာတစ်ရာ ဝန်းကျင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ ရှည်လျားတုတ်ခိုင်သည့် လှံတစ်လက်သာ ရှိလေသည်။
ဆူဇီမိုသည် ထိုလူကို မြင်ရသောခဏ၌ ပြင်းစွာသောဖိအားကို ခံစားလိုက်ရ၏။
ထိုအရာသည် နေရာတစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်ထားသော ထိန်းမနိုင်သိမ်းမနိုင် ပြင်းထန်အားကောင်းသောအော်ရာမျိုးဖြစ်၏။
“ဒီလူက တော်တော် သန်မာတာပဲ”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။
ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်ကြောင့် ဤနေရာရှိလူများသည် အနီးးကပ်တိုက်ခိုက်ရည်ကိုသာ အားထားနေကြရသည်ဖြစ်သော်လည်း ဆူဇီမိုသည် လုံးဝပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်ပေ။
သူသည် မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်၏ ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် စဦးအောင်မြင်မှုသာ ရရှိထားသေးပြီး သာလွန်အောင်မြင်မှုကို အခုထိ မရရှိသေးပေ။ ဗလာနယ်မိုးကြိုးအတတ်ပညာရပ်မှ ခြင်ဆီရှင်းလင်းခြင်းသုတ္တန်နှင့် ထပ်ပေါင်းတွက်လျှင်တောင် သူ၏ စွမ်းအားက နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်နှင့် ညီမျှရုံသာ ရှိသေးလေသည်။
ခေါင်းတုံးဆံတောက်နှင့်ကျင့်ကြံသူကို မြင်သောအခါ ပန်းရောင်မိန်းကလေးက မျက်မှောင်ကြုတ်လိုက်၏။
ပဒေသရာဇ်နန်းတော်၏ မိစ္ဆာအမွေဆက်ခံသူ ဖန်းယွဲ့!
မိစ္ဆာဂိုဏ်းသားအများစုတို့ တစ်ဇောက်ကန်းဟု ခေါ်ဝေါ်သမုတ်ကြသော ဖန်းယွဲ့သည် သူ၏လှုပ်ရှားမှုတိုင်းက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိပြီး အလွန်တရာ အားကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထား၏။ သူသည် ဤနေရာသို့ တစ်ယောက်တည်း လာဝံ့ရလောက်အောင် ယုံကြည်မှုရှိသော တစ်ဦးတည်းသောသူ ဖြစ၏။
သွေးရေကန်၏ အခြားတစ်ဖက်စွန်း၌ တူညီသောကိုယ်နေဟန်ထားနှင့် ကျင့်ကြံသူတစ်ရာကျော်သည် မတ်တပ်ရပ်နေကြ၏။ သူတို့သည် တူညီသော အဖွဲ့အစည်းမှ ဖြစ်သည်ဆိုတာဟာ ထင်ရှားလေသည်။
ထိုသူတို့ကို ဦးဆောင်လာသူက ခရမ်းရောင်ဝတ်စုံနှင့်တစ်ယောက်ဖြစ်၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လျှို့ဝှက်နက်ရှိုင်းသောအကြည့်တို့ရှိ၏။ သူ့မျက်လုံးများမှ တစ်ယောက်ယောက်၏ အသည်းနုလုံးကို ညှို့ယူဖမ်းစားနိုင်သလို ပုံရိပ်ယောင်အလင်းများက ထွက်ပေါ်နေ၏။
ခရမ်းရောင်ဝတ်လူ၏ ဘေးဘက်တွင် နောက်ထပ်ကျင့်ကြံသူ သုံးလေးဆယ်လောက်ရှိပြီး သူတို့ကို ကြက်သွေးနီရောင်ဝတ်စုံနှင့်လူက ဦးဆောင်ထား၏။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာက အမူအယာကင်းမဲ့နေကာ အကြည့်များက အေးစက်နေ၏။
ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အကြမ်းဖျင်း တွက်ချက်လို့တော့ ရသွား၏။ ဤနေရာမှာ သူတို့အပါအဝင် အဖွဲ့သုံးဖွဲ့ရှိနေ၏။
ခေါင်းတုံးဆံတောက်နှင့်လူက တစ်ယောက်တည်းဖြစ်၏။ ခရမ်းရောင်ဝတ်စုံနှင့်လူက နောက်လိုက်တစ်ရာကျော်ပါရှိပြီး ကြက်သွေးနီရောင်ဝတ်စုံနှင့်လူက နောက်လိုက်သုံးလေးဆယ်လောက်ပါရှိ၏။
တစ်ကယ်တမ်းပြောရလျှင် အဖွဲ့က လေးဖွဲ့ဖြစ်ရပေမည်။
ဆူဇီမိုထင်တာမှန်လျှင်.. သူ့ကို နှစ်ကြိမ်တိုင်တိုင် လုပ်ကြံဖို့ ကြိုးစားခဲ့သော အယောင်ဆောင်အလောင်းကောင်သည် ဤသုံးဖွဲ့ထဲတွင် မပါဝင်ပေ။ သူ့ကိုပါ ထည့်ရေလျှင် အဖွဲ့က လေးဖွဲ့ဖြစ်ရပေမည်။
ထိုလုပ်ကြံရေးသမားသည် ဤနေရာတွင် ရှိနေလျှင်တောင် သူ၏ ရုပ်ဖျက်ကျွမ်းကျင်မှုအရ.. သူ၏ သတ်ဖြတ်လိုစိတ်ကို မထုတ်ဖော်မချင်း ဆူဇီမိုသည် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဆူဇီမိုနှင့် ပန်းရောင်မိန်းကလေးတို့ ရောက်လာကြသောအခါ အဖွဲ့သုံးဖွဲ့ရှိ ကျင့်ကြံသူများက မတူညီစွာ တုံ့ပြန်လိုက်ကြ၏။
ခေါင်းတုံးဆံတောက်နှင့်ကျင့်ကြံသူက မလှုပ်မယှက်ရှိနေပြီး သူ့မျက်လုံးကိုပင် ဖွင့်မကြည့်ပေ။
ခရမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ပန်းရောင်မိန်းကလေးကို ကြည့်လိုက်ပြီး အေးစက်စွာ လှောင်ပြုံးလိုက်၏။
ကြက်သွေးနီရောင်ဝတ်စုံနှင့်ကျင့်ကြံသူကတော့ ထူမခြားနားအေးစက်စွာ ရှိနေပြီး ဆိတ်ဆိတ်သာနေ၏။
အဖွဲ့သုံးဖွဲ့၏ တူညီသော တုံ့ပြန်ချက်မှာ ဆူဇီမိုကို လျစ်လျူရှုထားကြခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ လမ်းခွဲတစ်ခုမှ ကျင့်ကြံသူတစ်အုပ်စုသည် ရောက်ချလာကြ၏။ သူတို့ကို အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က ဦးဆောင်လာ၏။ သူတို့သည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဖြစ်ကြပြီး သည့်အရင် ယခင်က ဆူဇီမိုနှင့် အနည်းငယ် တိုက်ခိုက်ဖလှယ်ခဲ့ကြသေး၏။
အနက်ရောင်ဝတ်စုံနှင့်လူသည် ဆူဇီမိုကို မြင်သောအခါ.. သူ့သူငယ်အိမ်သည် အနည်းငယ် တင်းကျပ်သွားပြီးနောက် သတ်ဖြတ်လိုစိတ်က ဖျတ်ကနဲ ပေါ်လာ၏။
အစတုန်းက အနက်ရောင်ဝတ်လူသည် နောက်လိုက်တစ်ရာကျော်ကို သူနှင့်အတူ ဤနေရာသို့ ခေါ်လာခဲ့၏။ သို့သော် ယခုအခါ သူတို့ထဲမှ နှစ်ဆယ်ကျော်က ဆူဇီမိုနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်ကြပြီးနောက် အသက်ပျောက်ကုန်ကြလေပြီ။ တစ်ကယ်တမ်းပြောရလျှင် သူကိုယ်တိုင်ပင် သေအံ့ဆဲဆဲ ဖြစ်ခဲ့ရသေး၏။
သိပ်မကြာမီ.. နောက်ထပ်လူလေးငါးယောက်က ပေါ်လာပြန်၏။ သူတို့ကို အလွန်တရာချောမောလှပသော အမျိုးသားတစ်ယောက်က ဦးဆောင်လာ၏။ ခေါက်ယပ်တောင်တစ်လက်နှင့် ထိုလူ၏ အသားအရေသည် ကျောက်စိမ်းသားကဲ့သို့ ချောမွတ်နေ၏။ သူ့မျက်လုံးလုံးများက ကြယ်လေးများကဲ့သို့ တစ်ဖျတ်ဖျတ်လက်နေပြီး သူ့တွင် တစ်မူထူးခြားသောသွင်ပြင်ရှိ၏။ သူဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံနှင့်ပါ ထပ်ပေါင်းကြည့်လိုက်ပါက.. သူ့ပုံစံသည် လူတွေပြောပြောနေကြသည့် ပညာတတ်လူကြီးလူကောင်းဆိုသည့်ပုံစံမျိုးဖြစ်၏။
ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ခပ်ရေးရေး အပြုံးတစ်စက ရှိနေပြီး အကြည့်များက သိမ်မွေ့ညင်သာနေ၏။
ခေါင်းတုံးဆံတောက်နှင့်လူ၊ ခရမ်းရောင်ဝတ်စုံနှင့်လူတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့ပုံစံသည် သာမန်ကျင့်ကြံရေးလောကရှိလူတစ်ယောက်ပုံပေါက်ပြီး မိစ္ဆာဂိုဏ်းသားတစ်ယောက်ဟု ထင်စရာမရှိပေ။
ထိုအဖြူရောင်ဝတ်စုံနှင့်လူ၏ အနောက်တွင် မှင်တက်ရလောက်အောင်လှပေသော အမျိုးသမီးလေးယောက်က ခြံရံပါလာ၏။ သူတို့အားလုံးသည် လှပကြော့ရှင်းကျက်သရေရှိ၍ သူတို့၏ ကိုယ်ပိုင်တစ်မူခြားသည့်သွင်ပြင်ကို ပိုင်ဆိုင်ထားကြ၏။
အဖြူရောင်ဝတ်စုံနှင့်လူက ပန်းရောင်မိန်းကလေးအပေါ်သို့ သူ့အကြည့်ကို ရွေ့လျားလိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်၏။
“ယန်အာ.. ဒီနေရာက အရမ်းအန္တရာယ်များတာပဲ.. ငါ့အနားမှာ လာနေပါလား”
“ဟီးဟီး..”
ပန်းရောင်မိန်းကလေးက လှောင်ရယ်လိုက်၏။
“ရှန့်ကွမ်ယု.. ပြောရမှာတော့ စိတ်မကောင်းပါဘူး.. နင်တို့ တိမ်လွှာမိုးစက်ဂိုဏ်းက သောက်ရူးတစ်ကောင်ကတော့ ငါ့လက်ချက်နဲ့ သေသွားပြီ”
“အို့”
ရှန့်ကွမ်ယုဟု အမည်ရသော အဖြူရောင်ဝတ်စုံနှင့်လူသည် လုံးဝအံ့အားသင့်ဟန် မရှိဘဲ ခေါင်းညိတ်လိုက်၏။
“အဲ့ဒါ ယန်ဖေးမလား.. သူသေလိမ့်မယ်ဆိုတာ ငါသိပြီးသားပါ.. ဒီလောက်မြန်မြန် သေသွားလိမ့်မယ်လို့ပဲ ငါမထင်တာ.. အနည်းဆုံးတော့ သူ ဒီနေရာကို ရောက်လာဦးလိမ့်မယ်လို့ ငါတွေးထားတာ”
ခဏမျှ ရပ်နားလိုက်ပြီးနောက် ရှန့်ကွမ်ယုသည် ဆူဇီမိုကို တစ်ချက်ကြည့်၍ ယပ်တောင်ကို ဟန်ပါပါခတ်လိုက်ကာ သာမန်ကာလျှံကာပုံစံနှင့်ပင် မေးလိုက်၏။
“ယန်အာ.. သူက ဘယ်သူလဲ”
“သူက ငါ့ကိုယ်ရံတော်လေ” ပန်းရောင်မိန်းကလေးသည် ရှေ့သို့ လျှောက်လာပြီး ဆူဇီမို၏ ပုခုံးကိုပုတ်ကာ ပင်ပန်းနွမ်းနယ်နေသောလေသံဖြင့် ပြောလိုက်၏။
“အိုး”
ရှန့်ကွမ်ယုက ပြုံးလိုက်ပြီး ခပ်လေးလေး ပြောလိုက်၏။
“ဒီနေရာထိတောင် ရောက်လာနိုင်ခဲ့တာဆိုတော့ သူက တော်တော်လေးတော့ စွမ်းမှာပဲ... သနားစရာကောင်းတာက.. မကြာခင် သူက သေရတော့မှာပဲ”
ထိုအချိန်တွင် ဆူဇီမိုသည် ဘေးဘက်သို့ လှည့်၍ ပန်းရောင်မိန်းကလေးကို ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် သရော်တော်တော်ပုံစံက ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“မိစ္ဆာဂိုဏ်းတွေထဲက စင်ကြယ်အပျိုစင်တဲ့လား.. တစ်ကယ်တော့ မင်းကလဲ မိစ္ဆာဂိုဏ်းသားတွေထဲက တစ်ယောက်ပဲကိုး”
“ကျမ ရှင့်ကို မလိမ်ချင်ခဲ့ပါဘူး.. ဒါပေမယ့်လဲ. . .”
ပန်းရောင်မိန်းကလေးက ရှင်းပြမည်လုပ်နေစဉ်မှာပင် ဆူဇီမိုက ဖြတ်ပြောလိုက်၏။
“ကျုပ်အဲ့ဒါက အရင်ထဲက ပြောခဲ့ပြီးသွားပြီ.. မိစ္ဆာဂိုဏ်းသားတွေထဲက ဘယ်သူပဲဖြစ်ဖြစ်.. ကျုပ် တစ်ယောက်တွေ့ရင် တစ်ယောက်သတ်ပစ်မှာ”
“ခွိ..”
ထိုစကားကို ကြားပြီးနောက် တစ်ချို့က မအောင့်နိုင်တော့ဘဲ အသံထွက်၍ ရယ်လိုက်ကြ၏။
ဒါက ဘယ်နေရာပါလိမ့်..
ဒီနေရာသို့ ရောက်လာကြသောသူတွေကရော ဘယ်သူတွေပါလဲ..
ထိုအစိမ်းရောင်ဝတ်စာပေသမားက ဤကဲ့သို့သောနေရာတွင် ဤကဲ့သို့သောစကားကို ပြောရလောက်အောင် တုံးအလွန်းတာလား။
“ဟဟား.. ဟားဟား”
လူအုပ်ကြီးထဲမှ ရယ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။ တစ်ချိန်လုံး မျက်လုံးမှိတ်ထားသော ခေါင်းတုံးဆံတောက်နှင့် ကျင့်ကြံသူပင်လျှင် ဆူဇီမိုကို ခေါင်းငဲ့၍ ကြည့်လိုက်မိ၏။
“ဒီလူက ဘာကောင်လဲကွာ.. ဘယ်လို ဟာသကောင်ပါလိမ့်”
“ငါလဲ ဘယ်သိပါ့မလဲ.. သူ့ခေါင်းက ပြဿနာရှိနေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့.. အဲ့ဒါမို့လဲ အခုလို ပေါက်တတ်ကရတွေ လျှောက်ပြောနေတာနေမှာပေါ့”
လက်ရှိလူအားလုံးနီးပါး ရယ်မောလိုက်ကြ၏။ သို့သော်လည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အနက်ရောင်ဝတ်ကျင့်ကြံသူကတော့ မရယ်နိုင်ပေ။
ရှန့်ကွမ်ယုက ပြုံးလိုက်၏။
“ယန်အာ.. ဒီလူက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ.. ငါတော့ သူ့ကို သတ်မိတော့မယ်ထင်တယ်”
ပန်းရောင်မိန်းကလေးက အားလုံးကို လျစ်လျူရှုလိုက်၏။ သူမသည် ဆူဇီမိုကို ကြည့်လိုက်ပြီး ဝမ်းနည်းပက်လက်ပုံစံနှင့် ပြောလိုက်၏။
“အစ်ကိုဆူ.. ရှင် ကျမကို ကာကွယ်ပေးပါမယ်လို့ ကတိပေးထားတယ်မဟုတ်ဘူးလား”
“ဟုတ်တယ်လေ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ သို့သော် နောက်ထပ် ဆူဇီမိုထပ်ပြောလိုက်သော စကားလုံးက ပန်းရောင်မိန်းကလေးကို သွေးအန်လောက်စေ၏။
“အခုတော့ ကျုပ်စကားကို ပြန်ရုတ်သိမ်းရတော့မယ်” ဆူဇီမိုက အမူအယာကင်းမဲ့စွာနှင့် ဆက်ပြောလိုက်၏။
ပန်းရောင်မိန်းကလေးက အံကြိတ်ပြီး ပြောလိုက်၏။
“ရှင်အဲ့လောက်တော့ အရှက်မမဲ့နဲ့လေ.. ကျမ ရှင့်ကို စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀၀၀ကျော်တောင် ပေးထားရတာလေ.. ရှင်မေ့သွားပြီလား”
ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ညွှန်ပြလိုက်ပြီး အနိမ့်သံဖြင့် ပြောလိုက်၏။
“ကျုပ်ထင်တာ မမှားဘူးဆိုရင်.. သူတို့အကုန်လုံးက မိစ္ဆာဂိုဏ်းသားတွေပဲ.. ဒီနေရာက အမွေအနှစ်ဆိုတာကလဲ မင်းတို့မိစ္ဆာဂိုဏ်းတွေရဲ့ အမွေအနှစ်ပဲ မဟုတ်လား”
“မင်းက ငါ့ကို ဒီနေရာကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖျားယောင်းခေါ်လာခဲ့တာပဲ.. ငါ့မှာသာ ဝှက်ဖဲတစ်ချို့ မရှိဘူးဆိုရင်.. အခုလောက်ဆို ငါလဲ.. ဝူရှန့်မင်တို့၊ ယန်ဖေးတို့လို သေနေလောက်ပြီ.. စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းမျက်နှာနဲ့ ငါမင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ဒါပေမယ့် အဲ့ပမာဏနဲ့ ငါ့ဘဝကိုပါ လိုချင်နေတာဆိုရင်တော့ ငါ့အသက်က အဲ့လောက်စျေးမပေါဘူး”
ထိုအခိုက်အတန့်၌ ပန်းရောင်မိန်းကလေးသည် ထိတ်လန့်လာလေပြီ။
သူတို့နှစ်ယောက်သည် နီးကပ်စွာ ရှိနေကြပြီး ဆူဇီမိုထံမှ သတ်ဖြတ်လိုစိတ်ကို သူမသည် ခံစားမိနေ၏။
သူမသည် ရေခဲမြစ်ထဲသို့ ပြုတ်ကျသွားသလို.. ပန်းရောင်မိန်းကလေး၏ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းလာ၏။
သူမသာ ဤကိစ္စကို သေချာစွာ မကိုင်တွယ်နိုင်လျှင် အစိမ်းရောင်ဝတ်စာပေသမားက သူမကို အမှန်တစ်ကယ် သတ်ဖြတ်ပစ်နိုင်လေသည်။
“ရှင်.. ရှင် ကျမကို သတ်လို့ မရဘူးနော်”
ပန်းရောင်မိန်းကလေးက ရုတ်တရတ် ပြောလိုက်၏။
ဆူဇီမိုက ဆိတ်ဆိတ်သာ နေပြီး ပန်းရောင်မိန်းကလေးကို အေးစက်စက်သာ ကြည့်နေလိုက်၏။ သူ့၏ လက်ချောင်းများကတော့ အေးမြစန္ဒဆေဘာလက်ကိုင်ရိုးပေါ်သို့ ရောက်နေလေပြီ။
ပန်းရောင်မိန်းကလေးသည် သူမ၏ မျက်နှာဖုံးကို တစ်ဖြည်းဖြည်းချင်း ခွာချလိုက်သောအခါ လုံးဝ အပြစ်ဆိုစရာမရှိ ရက်ရက်စက်စက်လှပသော မျက်နှာလေးက ပေါ်ထွက်လာ၏။ သူမက နူးညံ့ညင်သာစွာ ပြောလိုက်၏။
“ကျမနာမည်က ကျိယောင်ယန်ပဲ”