← Chapters

မင်းတို့အားလုံးကို တစ်စုတစ်စည်းတည်း သတ်ပစ်ဖို့ အခွင့်ကောင်းပဲ

Vol. 12 Ch. 171

မင်းတို့အားလုံးကို တစ်စုတစ်စည်းတည်း သတ်ပစ်ဖို့ အခွင့်ကောင်းပဲ

Vol. 12 Ch. 171

အခန်း ၁၇၁ - မင်းတို့အားလုံးကို တစ်စုတစ်စည်းတည်း သတ်ပစ်ဖို့ အခွင့်ကောင်းပဲ

Translator – Than Toe Aung

ပန်းရောင်မိန်းကလေးက သူမ၏ မျက်နှာဖုံး ခွာချလိုက်သည့်ခဏ၌ အားလုံး၏ ဝင်သက်ထွက်သက်များက အေးစက်တောင့်ခဲသွားသည်ဟု ထင်ရ၏။

မိစ္ဆာဂိုဏ်းများမှ တပည့်အများစုသည် ထိုပြိုင်ဘက်ကင် အလှပဂေးမလေး၏ မျက်နှာကို အရင်ကတည်းက မြင်ဖူးထားကြသော်လည်း.. ယခု တစ်ခါ ပြန်မြင်ရသည့် အခိုက်အတန့်၌ မကြုံစဖူး ထူးခြားသည့် ခံစားချက်ကို ရလိုက်သလို တစ်ခဏကြာ အသက်ရှူများပင် ရပ်ကုန်ကြ၏။

ဆူဇီမိုသည်လည်းပဲ.. ခဏမျှ ငေးမောသွား၏။

နောက်တစ်ခဏ၌ ဆူဇီမို၏ မျက်လုံးများက ပြန်လည်ရှင်းလင်းသွား၏။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးတိတ်တိတ် ရေရွတ်လိုက်၏။

“ကျိယောင်ယန်လား”

သူသည် ရတနာ့ကောင်းကင်လေလံအိမ်တော်၌ ဂူရှီ၊ ပန်းရောင်မိန်းကလေးတို့နှင့် သူဘယ်လို ဆုံတွေ့ခဲ့ရပုံကို ပြန်လည် ပုံဖော်စဉ်းစားရင်း ကိစ္စများကို သဘောပေါက်လာ၏။

ထို့အပြင် ကျိယောင်ရွှယ်၏ မျက်နှာပေါက်အကျ အရေးအကြောင်းများကို ပန်းရောင်မိန်းကလေးထံတွင် သူမြင်နေရ၏။

“သူမက မင်းရဲ့ အစ်မလား” ဆူဇီမိုက အေးစက်စက်တစ်ချက်‌ မေးလိုက်၏။

ပန်းရောင်မိန်းကလေးက နှုတ်ခမ်းစေ့၍ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမို၏ ဉာဏ်ကောင်းပုံအရ သူမ ဘာစကားမျှ ထပ်မပြောလျှင်တောင် သူသည် သူမ၏ သရုပ်အမှန်ကို မြင်နိုင်လိမ့်မည်ဟု သူမထင်လေသည်။

ထိုပတ်သတ်ဆက်နွယ်မှုအရ.. သူမက မိစ္ဆာဂိုဏ်း၏ စင်ကြယ်အပျိုစင်ဖြစ်လျှင်တောင် သူက သူမကို သတ်မှာ မဟုတ်တော့ဟု သူမ ယုံကြည်လေသည်။

သူမထင်သည့်အတိုင်းပင်..

ဆူဇီမို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်း အရိပ်အယောင်များက လျော့ပါးပျောက်ကွယ်သွား၏။ သူ၏ အမူအယာက ပြောင်းလဲသွားပြီးနောက် လေးနက်စွာ မေးလိုက်၏။

“ဒီမှာ ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ဒီနေရာမှာ မိစ္ဆာဂိုဏ်းသားတွေ လာစုနေရတာလဲ”

“မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းဆိုတာကို ရှင်ကြားဖူးလား” ကျိယောင်ရွှယ်က ပြန်မဖြေသေးဘဲ မေးခွန်းပြန်ထုတ်လိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ဟ ဟား....”

လှောင်ရယ်သံများက နေရာပေါင်းစုံမှ ထွက်ပေါ်လာ၏။

များစွာသော မိစ္ဆာဂိုဏ်းသားများသည် သေလူတစ်ယောက်ကို ကြည့်နေရသလို ဆူဇီမိုကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အနက်ရောင်ဝတ်ကျင့်ကြံသူသာလျှင် နှုတ်ခမ်းစူ၍ စိတ်ထဲကနေ ကျိတ်ပြီး လှောင်လိုက်၏။

“မင်းဘယ်လောက်ထိ ဟန်ဆောင်နေဦးမလဲ ကြည့်ရသေးတာပေါ့.. မင်းလိုမျိုး အင်မော်တယ်ဂိုဏ်းက လူတစ်ယောက်က မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းကို မကြားဖူးတဲ့လား.. လာနောက်နေတာလား”

ကျိယောင်ယန်က ပြောလိုက်၏။

“မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းဆိုတာကကွာ.. ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း.. အထွတ်အထိပ်ဂိုဏ်း.. ပဒေသရာဇ်နန်းတော်.. လျှို့ဝှက်မရဏဂိုဏ်း.. စင်ကြယ်အပျိုစင်ဂိုဏ်း.. တိမ်လွှာမိုးစက်ဂိုဏ်းနဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့ကို ပြောတာပဲ”

“အဲ့ဂိုဏ်းခုနှစ်ဂိုဏ်းက ထျန်ဟွမ်ကမ္ဘာတစ်ခုလုံးမှာတောင် ထိပ်တန်းအဖွဲ့အစည်းတွေပဲ.. အဲ့ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းထဲက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ယောက်ပဲဖြစ်ဖြစ်.. အထက်အကြီးအကဲတစ်ယောက်ယောက်ပဲဖြစ်ဖြစ်က.. မဟာကျိုးအင်ပါယာထဲက ဂိုဏ်းကြီးငါးဂိုဏ်းထဲက ဘယ်ဂိုဏ်းကိုမဆို တစ်ယောက်တည်းနဲ့ အသာလေး ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်းရှိတယ်”

ထိုစကားကို ကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။

ကျိယောင်ရွှယ်၏ စကားက သာမန်အတိုင်း ပြောသည်ဟုသာ ထင်ရသော်လည်း တစ်ကယ်တော့ သူမက သူ့ကို သတိပေးနေခြင်းဖြစ်၏။ ဤနေရာ၌ ဆူဇီမိုသည် သူ၏ သရုပ်မှန်ကို ဖော်ပြလို့ မဖြစ်ချေ။

သူ ဖော်ပြခဲ့မိပါက.. ဆန်းကြယ်တောင်ထွတ်က သူ့ကြောင့် ဖျက်ဆီးချေမှုန်းခံရနိုင်၏။

“အခု အရှေ့ဆုံးကနေ ရပ်နေကြတဲ့လူတွေက မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူတွေပဲ.. ခရမ်းရောင်လူက ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းက.. ကြက်သွေးနီရောင်နဲ့လူက အထွတ်အထိပ်ဂိုဏ်းက.. ခေါင်းတုံးဆံတောက်နဲ့လူကတော့ ပဒေသရာဇ်နန်းတော်က တဇောက်ကန်းပဲ.. အရင်က ငါ့တို့ကို သတ်ဖြတ်လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူကတော့ လျှို့ဝှက်မရဏဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူပဲ.. မျက်နှာတစ်ထောင်လူသတ်သမားလို့ ခေါ်တယ်”

ကျိယောင်ယန်ညွှန်ပြသော လူအချို့ကို ဆူဇီမိုသည် လိုက်ကြည့်ရင်း နောက်ဆုံး သူ့အကြည့်က ကျိယောင်ယန်အပေါ်သို့ ပြန်ရောက်လာ၏။

“မင်းကရော ဘယ်မိစ္ဆာဂိုဏ်းက အမွေဆက်ခံသူလဲ”

“ဟီးဟီး.. ကျမကတော့ စင်ကြယ်အပျိုစင်ဂိုဏ်းကပဲ” ကျိယောင်ယန်သည် မျက်လုံးမှိတ်ပြလိုက်ပြီး ရွှတ်နောက်နောက်ပုံစံနှင့် ပြုံး၍ပြောလိုက်၏။

ထိုအရာကို ကျိယောင်ယန်သာ ကိုယ်တိုင်ကိုယ်ကျ ဝန်ခံခြင်း မဟုတ်လျှင်.. ဆူဇီမိုသာ ထိုအရာကို ကိုယ်တိုင်မြင်တွေ့ရခြင်း မဟုတ်လျှင်.. သူ့ရှေ့ရှိ တောက်ပသောအပြုံးနှင့် ရိုးသားဟန်ရသော မိန်းကလေးသည် မိစ္ဆာဂိုဏ်းသားတစ်‌ယောက်ဆိုတာ စဉ်းစားကြည့်လို့ပင် ရမှာမဟုတ်ပေ။

“မိစ္ဆာအမွေဆက်ခံသူတွေက ဒီနေရာမှာ ပေါ်လာမယ့် အမွေအနှစ်ကြောင့် စုဝေးလာကြတာပဲ.. စင်ကြယ်အပျိုစင်ဂိုဏ်းက မျိုးဆက်တစ်ယောက်ပဲ ထားတာမလို့.. ကျမက ကျန်တဲ့သူတွေလို နောက်လိုက်တွေ အကူတွေ မရှိဘူးလေ.. အဲ့ဒါမို့ ရှင် ကျမကို ကူညီပေးရမယ်နော်” ကျိယောင်ယန်သည် လက်သီးလက်မောင်းတန်းလိုက်ပြီး မျှော်လင့်စောင့်စားစွာ ပြောလိုက်၏။

“နတ်ဆိုးမကျိ.. ဒီနေရာမှာ ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ရှိနေတော့.. နင်လဲ အမွေအနှစ်ကို လက်ခံယူချင်တာဆိုရင်.. ဟိုတဇောက်ကန်းဖန်ကို အရင်ဖယ်ထုတ်ဖို့ ငါတို့နဲ့ လာပူးပေါင်းပါ”  ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူက ရုတ်တရတ် ပြောလိုက်၏။

ကျိယောင်ယန်က တိုးတိုးကပ်ပြောလိုက်၏။

“မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းမှာဆိုရင်.. အနီးကပ်တိုက်ခိုက်ရည်မှာ ပဒေသရာဇ်ဂိုဏ်းက အသန်မာဆုံးပဲ.. ဟိုခေါင်းတုံးဆံတောက်နဲ့လူရဲ့ နာမည်က ဖန်းယွဲ့တဲ့.. ရှင် သူ့ကို သတိထားရမယ်နော်”

ကျိယောင်ယန်၏ သတိပေးမှု မရှိလျှင်ပင် ဆူဇီမိုသည် ထိုလူကို သေချာပေါက် သတိထားပေလိမ့်မည်။

တိတိကျကျပြောရလျှင်တော့.. သူသည် မိစ္ဆာအမွေဆက်ခံသူဟု ခေါ်သည့် လူများအားလုံးကို သတိထားစောင့်ကြည့်နေခြင်း ဖြစ်၏။

မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းက ကျိယောင်ယန်ပြောသလောက်သာ ကြောက်စရာကောင်းနေလျှင်.. သူတို့ဂိုဏ်းများ၏ မိစ္ဆာအမွေဆက်ခံသူများကလည်း ဘယ်လိုလုပ် ကိုင်တွယ်ရ လွယ်ကူပါမည်နည်း။

ထိုအချိန်တွင် ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့သည် ရုတ်တရတ် မျက်လုံးဖွင့်လိုက်၏။ သူ့အကြည့်များထဲတွင် စိတ်လှုပ်ရှားတက်ကြွမှုက ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါတို့အားလုံးက မိစ္ဆာဂိုဏ်းတွေက ဖြစ်နေလို့.. မင်းတို့ကို စေတနာနဲ့ သတိပေးလိုက်မယ်.. အခုနေ နောက်ဆုတ်ချင်တဲ့လူ တစ်ခါထဲ လက်ရှောင်ထားလိုက်တော့နော်.. အဲ့လိုမှ မဟုတ်ဘဲ.. နောက်ပိုင်း ငါတို့ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုမှ ငါ့ကို သနားညှာတာမှု မရှိပါဘူးလို့ လာအပြစ်မတင်ကြနဲ့”

ထိုစကားလုံးများက အလွန်တရာ မောက်မာတင်စီးလွန်းလှ၏။

သူသည် ပဒေသရာဇ်နန်းတော်မှ တစ်ဦးတည်းလာခဲ့သောသူဖြစ်၏။ အခြားသော ဂိုဏ်းခြောက်ဂိုဏ်းက အတူပူးပေါင်း၍ ယုတ်မာဖို့ လုပ်နေစဉ်မှာ တစ်ဦးတည်းသောသူသည် ကြောက်ရွံ့မသွားသည့်အပြင် ပြန်လှန်၍ပင် ခြိမ်းခြောက်နေသေး၏။

တစ်ကယ်တော့ ဖန်းယွဲ့က မိစ္ဆာအမွေဆက်ခံသူများထဲတွင် အစွမ်းထက်ဆုံး မဟုတ်ပေ။ သို့သော် သူတို့ ယခုရောက်နေသောနေရာတွင် ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ရှိနေသောကြောင့် လူတိုင်း၏ စိတ်ဝိညာဉ်စွမ်းအင်များက ပိတ်ဆို့ခံထားရပြီး သူတို့သည် အနီးကပ်တိုက်ခိုက်ရည်အပေါ်တွင်သာ လုံးလုံး မှီခိုနေရ၏။

မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထဲတွင် ပဒေသရာဇ်နန်းတော်သည် အနီးကပ်တိုက်ခိုက်ရည်၌ အသန်မာဆုံးဖြစ်၏။

ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ဆူဇီမိုအတွက်လည်းပဲ အားသာချက်တစ်ရပ်ဖြစ်လာ၏။

တစ်ကယ်တမ်း လွတ်လွတ်လပ်လပ် တိုက်ခိုက်ရခြင်းသာဖြစ်လျှင် သူသည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအ‌မွေဆက်ခံသူကိုပင် နိုင်အောင် တိုက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အနီးကပ်တိုက်ခိုက်ရည်မှာတော့ သူသည် ထိုငနဲကို ဖိနှိမ်ထားနိုင်၏။

“ငါတို့ သေချာပေါက် ပူးပေါင်းဖို့ လိုတာပေါ့”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအ‌မွေဆက်ခံသူက ရုတ်တရတ် ပြောလိုက်၏။

“ဒါပေမယ့်လဲ.. ငါတို့ မပူးပေါင်းခင် အပြင်လူကို အရင်သတ်ရမယ်.. မဟုတ်ရင် သူက မျက်စိစပါးမွှေးစူးစရာပဲ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက အမွေဆက်ခံသူ၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်လာ၏။ သူပြောသည့် အပြင်လူဆိုတာ မည်သူ့ကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားနေ၏။

သူသည် ဆူဇီမို၏ လက်ထဲတွင် သေလုနီးပါး အခြေအနေသို့ ကျ‌ရောက်ခဲ့သောကြောင့် အခုလို အခွင့်အရေးပေါ်လာသည့်အချိန်တွင် လက်လွှတ်လိုက်စရာ အကြောင်းမရှိပေ။

ရှန့်ကွမ်ယုက သူ့ယပ်တောင်ကို ခတ်လိုက်ရင်း ခေါင်းညိတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။

“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်.. ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ရဲ့ အတွင်းရေးအားပြိုင်မှုပဲ.. ဒါကို အပြင်လူတွေကို ပေးသိစရာ အကြောင်းမရှိဘူး”

“ခိခိ.. ဟဟား...”

ရုတ်တရတ် ဆူဇီမိုက ဝါးလုံးကွဲ ရယ်ချလိုက်၏။ သူသည် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

“မင်းတို့က.. ငါ့ကို.. သတ်ချင်တယ်ပေါ့”

များစွာ‌သောမိစ္ဆာဂိုဏ်းသားများသည် အေးစက်စက်အမူအယာများ ရှိနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုရိပ်များက သန်းနေ၏။

သို့သော်လည်း ဆူဇီမိုက ဆက်ပြောလိုက်၏။

“ဒီနေ့လို.. မင်းတို့ မိစ္ဆာအ‌မွေဆက်ခံသူတွေကို တစ်စုတစ်စည်းထဲ တွေ့ရဖို့ဆိုတာ.. ဘယ်လောက်ကြုံတောင့်ကြုံခဲလဲ..ဟမ်.. မင်းတို့ အကုန်လုံးကို.. တစ်ခါထဲနဲ့ လက်စသတ်ပေးဖို့ အခွင့်ကောင်းပေါ့”

“ပြီးတော့ မင်း..”

ဆူဇီမိုသည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူကို ကြည့်လိုက်ပြီး ထူးမခြားနားပုံစံနှင့် ပြောလိုက်၏။

“စောစောက ပြေးလို့လွတ်သွားတာ ကံကောင်းသွားတယ်မှတ်.. အခုတော့ မင်းအသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့”

ထိုစကားကိုကြားရသောအခါ အားလုံးအံ့သြမှင်တက်သွားကြ၏။

ဒါဆို ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူက အစိမ်းရောင်စာပေသမားနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်ပေါ့..

နောက်ပြီး ဒါတင်မကသေး.. သူသည် စာပေသမားကို မယှဉ်နိုင်ဘဲ အသက်လုပြေးခဲ့ရပုံပင်..

ဒါဆို ဒီလူရဲ့ နောက်ခံက ဘာပါလိမ့်..

လူအားလုံး၏ အတွေးက အဆုံးမသတ်‌သေးခင်မှာပင်.. ဆူဇီမို၏ ခန္ဓာကိုယ်သည် ယိမ်းနွဲ့သွားပြီး ခါးမှ အေးမြစန္ဒဆေဘာကို ဆွဲထုတ်လိုက်၏။ သူသည် အရင်ဆုံးဦးအောင် လှုပ်ရှားလိုက်၏။ သူသည် အလွန်တရာ မြန်ဆန်လှသောနှုန်းဖြင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများရှိသော အုပ်စုထဲသို့ ဒုန်းစိုင်းဝင်ချသွားပြီး သူ့နောက်တွင် ပုံရိပ်များက ဝေဝါးစွာကျန်ရစ်ခဲ့၏။

“အို့”

ဖန်ယွဲ့သည် အံ့အားတသင့် အသံတစ်ချက်ပြုလိုက်ပြီး သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာ၏။

သူသည် အမြင်အာရုံအရ.. ဆူဇီမို၏ လှုပ်ရှားမှုမှ ထွက်ပေါ်လာသောခွန်အားသည် မည်မျှကြီးမားကြောင်း သူပြောနိုင်လေသည်။

“စိတ်ဝင်စားစရာပဲ”

ဖန်ယွဲ့က သားကောင်အသစ်ကို တွေ့လိုက်ရသလို ပြုံးလိုက်၏။

“အားလုံးပဲ ကျုပ်ကို ဝိုင်းကူပေးကြပါဦး.. အဲ့လူက အင်‌မော်တယ်ဂိုဏ်းကပဲ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူက လျှင်မြန်စွာ နောက်ဆုတ်လိုက်ပြီး အော်ဟစ်လိုက်၏။

“အင်မော်တယ်ဂိုဏ်းက တစ်ယောက်တဲ့လား”

“တော်တော် သတ္တိကောင်းနေတယ်ပေါ့”

“မင်းကတော့ သေချင်နေပြီထင်တယ်”

‘အင်မော်တယ်ဂိုဏ်း’ဟူသော စကားလုံးကို ကြားရချိန်တွင် များစွာသောမိစ္ဆာဂိုဏ်းသားများသည် သူတို့၏ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်ကြ၏။ သူတို့သည် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြကာ ဆူဇီမိုဆီသို့ ပြေးတက်ဝိုင်းရံလိုက်ကြ၏။

ဆူဇီမိုသည် အေးမြစန္ဒဆေဘာကို လွှဲရမ်းလိုက်ပြီး လေထဲကနေ ခုန်ဆင်းလာ၏။ သူ့ပုံစံက ကမ္ဘာမြေကို နှစ်ခြမ်းခွဲပစ်‌တော့မလိုပင်။

မိစ္ဆာအမွေဆက်ခံသူက ထိုဓါးချက်ကို ရှောင်လိုက်နိုင်သော်လည်း အခြားသော ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားနှစ်ယောက်ကတော့ ကံမကောင်းခဲ့ရှာပေ။

သူတို့နှစ်ယောက်သည် များစွာ စဉ်းစားမနေနိုင်ဘဲ လက်နှစ်ဖက်ရှိ ခွန်အားကို စိုက်ထုတ်ကာ သွေးများကို လှည့်ပတ်လိုက်၏။ သူတို့၏ ဆေဘာများကို အပေါ်သို့ ပင့်တင်၍ ဆူဇီမို၏ အပေါ်စီးကနေ ခုတ်ပိုင်းမှုကို ခုခံဖို့ ကြိုးစားလိုက်ကြ၏။

ခလန်း..

ဆေဘာနှစ်လက်နှင့် တစ်လက်က ထိတွေ့မိသွား၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားနှစ်ယောက်၏ ဆေဘာများသည် ကြေမွကျိုးပဲ့သွားပြီး သူတို့သည် မိုးကြိုးပစ်ချခံလိုက်ရသလို ပြင်းထန်စွာ တုန်လှုပ်သွားကြ၏။ သွေးများကို အန်ထုတ်လိုက်ရပြီးနောက် သူတို့နှစ်ယောက်သည် လွင့်ပျံထွက်သွားလေသည်။

လူတိုင်း တုန်လှုပ်သွားကြ၏။

ခုတ်ချက်တစ်ချက်ကပင် ဤကဲ့သို့ ကြောက်စရာကောင်းလှသော စွမ်းအားကို ပိုင်ဆိုင်နေ၏။

All Chapters