ငါးယောက်-တစ်ယောက်
Vol. 12 Ch. 172
အခန်း ၁၇၂ - ငါးယောက်-တစ်ယောက်
Translator – Than Toe Aung
ဆူဇီမိုဆိုသည်မှာ အလွယ်တကူ လက်လျှော့အားငယ်တတ်သော လူစားမျိုး မဟုတ်ပေ။
ဤနေရာမှာ ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်ရှိနေတာကို အသာထား.. ထိုသို့ မဟုတ်လျှင်တောင် သူသည် ဒူးထောက်အညံ့ခံမည့်လူစားမျိုး မဟုတ်ပေ။
ထို့အပြင် သူသည် မိစ္ဆာဂိုဏ်းသားများအပေါ် အစကတည်းက မလိုမုန်းထားစိတ်ရှိ၏။ ဤအခြေအနေသည် သူ့အတွက်တော့ ရှားပါးသည့် အခွင့်အရေးတစ်ခုပင်။ သူသည် မိစ္ဆာအမွေဆက်ခံသူခြောက်ယောက်စလုံးကို မသတ်နိုင်လျှင်တောင်.. သူတို့၏ မိစ္ဆာအမွေအနှစ်ကို လက်ခံရယူမှာကိုတော့ ရအောင် တားဆီးရပေမည်။
ထိတ်လန့်ချင်စရာ သတ်ဖြတ်လိုစိတ်များက သူ၏ ဘေးဘက်များကနေ ပေါ်ထွက်လာ၏။ သူ၏ မျက်လုံးထောင့်ကနေ.. ဆူဇီမိုသည် များစွာသော ဓါးအရိပ်များကို မြင်လိုက်ရ၏။ ဓါးတစ်လက်က မကောင်းဆိုးဝါးဆန်ဆန် အလင်းများဖြင့် မျက်စိနောက်လောက်အောင် တစ်လက်လက် တောက်ပနေ၏။
ဓါးပိုင်ရှင်ကား.. ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ အမွေဆက်ခံသူဖြစ်၏။
ထိုသူ၏ တိုက်ခိုက်မှုက သိပ်ပြီး ပြင်းထန်မှု မရှိပေ။ တစ်ကယ်တမ်းပြောရလျှင် သူ၏ တိုက်ခိုက်မှုက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆအမွေဆက်ခံသူထက်ပင် အားနည်းနေသေး၏။
သို့သော်လည်း.. ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ အမွေဆက်ခံသူ၏ လက်ထဲရှိဓါးသည် အမျိုးမျိုး အဆုံးမရှိ ပြောင်းလဲနေပြီး ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို ခွဲခြားဖို့ရာ အလွန်တရာခက်ခဲလေသည်။
ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ချေ။ သေချာပေါက် ရှောင်တိမ်းဖို့ လိုလာလေပြီ။
ဤဓါးကွက်က လုံးဝ ဉာဏ်များသော နည်းစနစ်ဖြစ်၏။
အနီးကပ်တိုက်ခိုက်ရည်တွင် ခွန်အားတစ်ခုတည်းကသာ ပဓာန မဟုတ်ပေ။
အမြန်နှုန်း.. ခုခံမှုကာကွယ်မှု.. နှင့် နည်းစနစ်ပိုင်းများကလည်း အနီးကပ်တိုက်ခိုက်ရည်ကို ထပ်ပေါင်းအားဖြည့်ပေးသော အချက်အလက်များ ဖြစ်လေသည်။
ဆူဇီမိုသည် ဆေဘာအသုံးပြုရခြင်းကို နှစ်ခြိုက်သော်လည်း.. သူသည် မည်သည့် ဆေဘာသိုင်းကိုမျှ တတ်မြောက်ထားခြင်း မရှိပေ။ သူသည် လှုပ်ရှားကွက် အနည်းငယ်ကိုသာ ပြုလုပ်တတ်ပြီး အဓိကတော့ သူ၏ ကိုယ်ကာယခွန်အားကိုသာ မှီခိုထားခြင်းဖြစ်လေသည်။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ အမွေဆက်ခံသူ၏ ဉာဏ်များသော ဓါးသိုင်းနှင့် ရင်ဆိုင်ရချိန်တွင်.. ဆူဇီမိုသည် ပြန်လှန်ခုခံနိုင်ခြင်း မရှိဘဲ နောက်သို့သာ ဆက်တိုက်ဆုတ်ပေးနေရ၏။
ရွှစ်..
အခြားတစ်ဖက်တွင်လည်း.. သွေးအလင်းတစ်ချက်က လက်လာပြီး ညှီစို့စို့ သွေးရနံ့က ထုံသင်းလာ၏။
တစ်ကယ်တော့ ထိုအရာက အစစ်အမှန် သွေးရောင်မဟုတ်.. ဆေဘာအလင်းတစ်ခုသာ ဖြစ်လေသည်။
အထွတ်အထိပ်ဂိုဏ်းမှ အမွေဆက်ခံသူသည် ၎င်းအထဲတွင် သွေးများလှည့်ပတ်စီးဆင်းနေသည်ဟု ထင်ရသော မကောင်းဆိုးဝါးဆန်ဆန် ကြက်သွေးနီရောင်ဆေဘာကို ကိုင်ဆောင်ထား၏။
ထိုဆေဘာ၏ သွေးရောင်က လွန်စွာသိပ်သည်းပြီး ဆူဇီမိုပင်လျှင် မွန်းကျပ်သလို ခံစားလာရ၏။
ဆူဇီမိုသည် ကန်းလန်ရိုးမတွင် တစ်နှစ်နေခဲ့ဖူးပြီး အမျိုးမျိုးသော သွေးလွှမ်းမြင်ကွင်းများစွာကို မြင်တွေ့ခဲ့ဖူး၏။
သို့သော်လည်းပဲ အထွတ်အထိပ်ဂိုဏ်းမှ အမွေဆက်ခံသူ၏ တိုက်ခိုက်မှုက ဆူဇီမိုကို တောင်ပုံရာပုံအလောင်းပုံကြီးနှင့် ကြုံတွေ့ရသလို ခံစားချက်ကို ပေးစွမ်းနေ၏။ ၎င်းက အလွန်အမင်း မကောင်းဆိုးဝါး.. အနိဋ္ဌာရုံဆန်နေ၏။
ရွှစ်..
ဆူဇီမို၏ ရှေ့တွင် ခေါက်ယပ်တောင်တစ်လက်က ပြန့်သွားပြီး ၎င်း၏ အပေါ်တွင် လေထုက ငွေ့ရည်ဖွဲ့ကာ မိုးရွာချတော့မည့်ဟန်ပေါက်လာ၏။
ဆူဇီမိုသည် ထိုသည်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့စိတ်က လွင့်မျောသွားသလို ခံစားလိုက်ရ၏။ သူ၏ ရင်ခေါင်းထဲမှ မထိန်းချူပ်နိုင်သော ခံစားချက်တစ်ခုက လှိုက်တက်လာ၏။
“မဟန်တော့ဘူး”
ဆူဇီမိုသည် ကြီးစွာ တုန်လှုပ်သွား၏။
ထိုခံစားချက်က ဘာနှင့်တူသလဲဆိုတော့.. ပျော်ရွှင်ဖွယ်ကလန်က ပျော်ရွှင်ဖွယ်ဆုံဆည်းရာအဆိပ်၏ အာနိသင်လိုမျိုးဖြစ်၏။
သို့သော်လည်း ရှန့်ကွမ်ယု၏ နည်းလမ်းက ပျော်ရွှင်ဖွယ်ကလန်သားများထက် များစွာပို၍ အဆင့်မြင့်၏။
စောစောက နောက်သို့ အတင်းတွန်းပို့ခံခဲ့ရပြီး ဆက်တိုက်နောက်ဆုတ်နေခဲ့ရသော ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အမွေဆက်ခံသူ၏ မျက်လုံးထဲတွင် အေးစက်မှုများက ဖျတ်ကနဲ ပြန်လက်လာ၏။ သူသည် နောက်သို့ တစ်ချက်ထပ်မံခုန်ဆုတ်ပြီးနောက် သူ့လက်ထဲရှိ အရိုးလှံတံကို လှုပ်ခါကာ ရှေ့သို့ လှမ်းထိုးလိုက်၏။
မိစ္ဆာအမွေဆက်ခံသူလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဆူဇီမိုသည် လှိုင်းထန်နေသော ပင်လယ်ပြင်တွင် ရောက်ရှိနေသော လှေငယ်လေးတစ်စင်းလို အချိန်မရွေး နစ်မြုပ်သွားတော့မည့် အခြေအနေသို့ ကျရောက်သွား၏။
ရုတ်တရတ်ဆိုသလို..
ဆူဇီမို၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက် သတိပေးသံက နောက်တစ်ကြိမ် ပြန်ပေါ်လာ၏။
အရိုးထဲထိ ချမ်းတုန်သွားစေလောက်သည့် သတ်ဖြတ်လိုစိတ်က တစ်ဖန်ပြန်လည် ပေါ်လာချေပြီ။
လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူက လှုပ်ရှားမှု စတင်လိုက်လေပြီ။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့လို မဟုတ်ပေ။
ဖန်းယွဲ့က အဖြစ်အပျက်တစ်ခုလုံးကို ဘေးကနေ လက်ပိုက်၍ အေးစက်စွာ ကြည့်နေ၏။ သူ၏ အဆင့်အတန်းနှင့် ခွန်အားအရ.. သူသည် လူတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် အခြားသူများနှင့် ပူးပေါင်းစရာ အကြောင်းမရှိပေ။
သို့သော်လည်း မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကတော့ လုပ်ကြံရေးသမားတစ်ယောက်သာဖြစ်ပြီး သူ့၏ ပန်းတိုင်က ရန်သူကို သတ်ဖြတ်နိုင်ဖို့သာ ဖြစ်လေသည်။ သူသည် အခြားသူများနှင့် ပူးပေါင်းသည်ဖြစ်စေ.. မပူးပေါင်းသည်ဖြစ်စေ.. ကိစ္စမရှိပေ။ သူသည် တိုက်ခိုက်ဖို့ အကောင်းဆုံးအခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမည်ဖြစ်ပြီး အခွင့်ရသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူကို တစ်ခါတည်း လက်စတုံးနိုင်ဖို့ လှုပ်ရှားမှု ပြုလုပ်လိမ့်မည်ဖြစ်လေသည်။
ထိုသည်ကို မြင်သောအခါ ကျိယောင်ယန်၏ မျက်လုံးက အရောင်မှိန်ကျသွား၏။
ကျင့်ကြံရေးလောကတစ်ခုလုံးတွင်.. မိစ္ဆာအမွေဆက်ခံသူငါးယောက်၏ တစ်ပြိုင်တည်း ပူးပေါင်းတိုက်ခိုက်မှုအောက်ကနေ ရုန်းထွက်၍ အသက်ရှင်နိုင်မည့်သူမှာ ငါးယောက်ထက် ပိုမရှိပေ။
ယခုသူမရှေ့က ဆူဇီမိုမှာ နာမည်မရှိသောလူတစ်ယောက်ဖြစ်ပြီး ထိုငါးယောက်ထဲက တစ်ယောက်မဟုတ်သည်မှာ သေချာလေသည်။
ရုတ်တရတ်ဆိုသလို.. ကျိယောင်ယန်သည် ယူကျုံးမရ နောင်တရသလို ခံစားလာရ၏။
ဝူရှန့်မင်၊ ယန်ဖေးနှင့် အခြားသူများလို မဟုတ်ဘဲ.. ဆူဇီမိုသည် သူမအပေါ်တွင် မကောင်းသောစိတ်ထား လုံးဝ မရှိခဲ့ပေ။
ထို့အပြင် သူသည် မိစ္ဆာဂိုဏ်းသားများအပေါ် နက်ရှိုင်းသည့် အမုန်းတရားရှိသော်လည်း သူမက ကျိယောင်ရွှယ်၏ ညီမဖြစ်ကြောင်း သိရသည့်အခါ သူမကို ထိခိုက်နာကျင်အောင် မလုပ်တော့ပေ။
အဲ့ဒါက သူသည် စိတ်ရိုးဖြောင့်၍ သစ္စာရှိသော လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေ၏။ ထိုကဲ့သို့သောလူမျိုးက ဒီလိုနေရာမှာ သေမသွားသင့်ပေ။
သို့သော်လည်း သူမသည် ယခု နောင်တရနေလျှင်တောင် နောက်ကျသွားလေပြီ။
အလယ်တွင် ပိတ်မိနေသော ဆူဇီမိုတွင် ရှောင်တိမ်းစရာနေရာ မကျန်ရှိတော့ပေ။ သူ့အတွက် စောင့်ဆိုင်းနေသောရလဒ်က တစ်ခုတည်းသာလျှင် ရှိတော့လေသည်။
. . .
ဓါးနှင့် ဆေဘာအလင်းတန်းများကြားတွင် ဆူဇီမိုသည် ဤမိစ္ဆာအမွေဆက်ခံသူများ၏ အမှန်တစ်ကယ် ကြောက်စရာကောင်းမှုကို နားလည်လာ၏။
မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း တည်ရှိခဲ့သည်မှာ မည်မျှ ကြာခဲ့ပြီနည်း..
သူတို့သည် ရှေးဦးခေတ်ကတည်းက တည်ရှိခဲ့ပြီး အင်မော်တယ်ဂိုဏ်း၊ ဗုဒ္ဓဝါဒဂိုဏ်းများနှင့် ခေတ်ပြိုင်တည်ရှိခဲ့၏။
ဆန်းကြယ်တောင်ထွတ်သည် အခုမှ နှစ်နှစ်ထောင်ကျော်ကျော် သက်တမ်းသာ ရှိသေးလေသည်။ ဆန်းကြယ်တောင်ထွတ်ကဲ့သို့ ဂိုဏ်းများသည် ရှေးဦးခေတ်ကတည်းက မရေအတွက်နိုင်အောင် တည်ရှိခဲ့ပြီး သူတို့ထဲက များစွာမှာ အချိန်မြစ်ပြင်တွင် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ကြသည်သာ ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ်၏ တပည့်တစ်ယောက်အနေနှင့် ဆူဇီမိုသည် အင်မော်တယ်ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်နှစ်မျှသာ ရှိသေး၏။ တစ်ကယ့်ခွန်အားအရာမှာ သူသည် မိစ္ဆာဂိုဏ်းများမှ အမွေဆက်ခံသူများ၏ ယှဉ်ပြိုင်ဘက် မဟုတ်ပေ။
သို့သော်လည်း တစ်ကယ်တမ်း ဆူဇီမို မှီခိုအားထားသည်မှာ သူ၏ အင်မော်တယ်ကျင့်ကြံရေးနည်းစနစ်များမဟုတ်ပေ.. သူ မှီခိုအားထားသည်မှာ အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်နှင့် ဗလာနယ်မိုးကြိုးပညာရပ်ဖြစ်လေသည်။
ရွှပ်.. ရွှပ်.. ဝေါ.. ဝေါ..
ကမ္ဘာကို ဖျက်ဆီးတော့မည်ကဲ့သို့ အသံလှိုင်းများက အော်မြည်ထွက်ပေါ်လာ၏။
“အို့”
ဖန်းယွဲ့၏ နားနှစ်ဖက်က တုန်ယင်သွားပြီး သူ့မျက်လုံးက အရောင်တောက်လာ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
“ဆူနာမီသွေးလား”
ဘန်း.. ဘုန်း..ဘုန်း.. ဝုန်း..
ထိုအချိန်မှာပင်.. ဆူနာမီအသံများ၏ အနောက်တွင် မိုးကြိုးသံများကပါ ကပ်ပါလာ၏။
ဆူဇီမိုသည် သူ့သွေးကို လှည့်ပတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပွယောင်းလာပြီး ကြွက်သားများက သူ့အဝတ်စများကို ဖြဲ၍ ထွက်လာ၏။
ဒေါမာန်ပြင်းထန်၍ အားကောင်းသော သွေးများက သူ့ခြေလက်များဆီသို့ တိုးဝင်လာပြီးနောက် သူ့နုလုံးထဲမှ တဏှာရာဂများကို ဖိနှိမ်လိုက်၏။
ဆူဇီမို၏ မျက်လုံးများသည် ပြန်လည် ကြည်လင်လာ၏။ မိစ္ဆာအမွေခံသူငါးယောက်၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရသော်လည်း သူသည် နည်းနည်းကလေးမျှ ကြောက်ရွံ့ဟန် မပြတော့ပေ။ ထို့အစား သူ့သွေးများသည် ဆူပွက်လာပြီး တိုက်ခိုက်လိုစိတ်များ ကြွတက်လာကာ အော်ဟစ်လိုက်၏။
“မှင်တက်စမ်း..”
သူ့လက်ဖဝါးထဲတွင် လျှပ်စီးများက လက်လာပြီး ပတ်ဝန်းကျင်တစ်ခွင်ကို လင်းလက်လာစေ၏။
ဆူဇီမိုကို ဗဟိုပြု၍ မျက်စိကျိန်းစပ်လောက်သော အလင်းတန်းများသည် စက်ဝိုင်းသဏ္ဌာန် အကွင်းလိုက် ဖြာထွက်၍ အဘက်ဘက်သို့ ပြန့်ကားထွက်သွား၏။
ထိုအခိုက်အတန့်၌ မိစ္ဆာအမွေဆက်ခံသူငါးယောက်၏ အာရုံငါးပါးသည် တစ်ခဏမျှ ပြတ်တောက်သွားလေသည်။
ထိုခဏ၌ ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ အမွေဆက်ခံသူဓါး၏ အစစ်အမှန်ပုံရိပ်သည်ပင် တစ်ဒင်္ဂမျှ ထွက်ပေါ်လာ၏။
ဆိုရိုးများက ပြောကြသည်မှာ မိစ္ဆာကျင့်ကြံမှုက တစ်ပေတာသွားလျှင် တာအိုကျင့်ကြံခြင်းက ဆယ်ပေတာသွားသည်ဟူ၍ ဖြစ်၏။
ဆူဇီမိုသည် သူ့လက်ကို လှုပ်ရှားလိုက်ပြီး သူ့လက်ထဲမှ ဆေဘာဖြင့် ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းအမွေဆက်ခံသူ၏ ဓါးရှည်ကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်၏။ နားပင်းမတတ် သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက လေထဲတွင် ပြည့်နှက်သွား၏။
ပုံရိပ်ယောင်မိစ္ဆာအမွေဆက်ခံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့အမူအယာက သိသိသာသာပြောင်းလဲ ဖြူလျော့သွား၏။ သူသည် ဒယီးဒယိုင်ဖြင့် ဒူးထောက်လဲသွားပြီး အနောက်သို့ လန်ကျသွားကာ သူ့ပါးစပ်ထဲမှ သွေးများက စီးကျလာ၏။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းသည် အစကတည်းက ခန္ဓာမီးဆေးခြင်းတွင် သိပ်ပြီးမထူးချွန်လှပေ။ သူ၏ ဓါးကွက်က ပျက်ဆီးသွားပြီးနောက်တွင် သူသည် ဆူဇီမို၏ ခွန်အားကို တောင်ခံနိုင်စရာ အကြောင်းမရှိပေ။
“မိုးကြိုးလှံတံ!”
မှင်တက်ခြင်းပြီးနောက် ဆူဇီမို၏ လက်ဖဝါးထက်တွင် လျှပ်စီးများက တစ်ဖန်ပြန်လည်စုဖွဲ့လာပြီး လျှပ်စီးမြွေတစ်ကောင်ကဲ့သို့ ရစ်ခွေနေသော လှံတံတစ်ချောင်းကို ဖွဲ့တည်လာစေ၏။ သူသည် ၎င်းလှံတံဖြင့် အထွတ်အထိပ်ဂိုဏ်းအမွေဆက်ခံသူဆီသို့ ပစ်သွင်းလိုက်၏။
“ကျွတ်”
ထိုမိစ္ဆာအမွေဆက်ခံသူသည် ပင့်သက်ကို သည်းထန်စွာ ရှိုက်လိုက်ရ၏။
ဤနေရာ၌ အားလုံး၏ စိတ်ဝိညာဉ်စွမ်းအင်များအား ပိတ်ဆို့ခံထားရသည့်အချိန်တွင် ဤအစိမ်းရောင်စာပေသမားက မိုးကြိုးအတတ်ပညာရပ်ကို ထုတ်သုံးနိုင်နေ၏။ ထို့အပြင် သူ့မိုးကြိုး၏ စွမ်းအားက အတော်လေး အဆင့်အတန်း မြင့်မားနေသေး၏။
အထွတ်အထိပ်ဂိုဏ်းအမွေဆက်ခံသူသည် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် သဘောမထားရဲဘဲ.. သူ့ဆေဘာဓါးကို ရင်အုပ်ရှေ့ကနေ ကာလိုက်၏။
မိုးကြိုးလှံတံသည် သွေးနီရောင်ဆေဘာဓါး၏ အလယ်တည့်တည့်ကို ရိုက်ခတ်လိုက်ပြီး လျှပ်စီးများက ဖြန်းကနဲထကာ ဆေဘာဓါးသွားမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။ အထွတ်အထိပ်ဂိုဏ်းမှအမွေဆက်ခံသူသည်လည်း တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ခြေထောက်များက ထုံကျင်ကိုက်ခဲကာ မြေပြင်ပေါ်သို့ လဲကျသွားပြန်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာအမွေဆက်ခံသူနှစ်ယောက်က ဒဏ်ရာရရှိသွားလေပြီ။
ထိုအချိန်တွင် မှင်တက်ခြင်း၏ အကျိုးသက်ရောက်မှုက ပျက်ပြယ်သွားပြီဖြစ်ပြီး ရှန့်ကွမ်ယု၏ ယပ်တောင်က ဆူဇီမို၏ လည်ပင်းကို ဓါးတစ်ချောင်းကဲ့သို့ လှီးဖြတ်ဖို့ ဝင်ရောက်လာ၏။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ သတ်ဖြတ်လိုစိတ်ကလည်း ဆူဇီမိုအပေါ်တွင် ငြိတွယ်ထားဆဲဖြစ်ပြီး တိုက်ခိုက်ဖို့ အခွင့်ကောင်းကို စောင့်ဆိုင်းနေ၏။
တစ်ချိန်တည်းမှာပင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူ၏ အရိုးလှံတံသည် လေထဲတွင် စက်ဝိုင်းခြမ်းပုံစံ ကွေးညွှတ်လာပြီး ပိန်းပိတ်အောင် နက်မှောင်နေသော ထိတ်လန့်စရာဆိုးယုတ်အော်ရာက ဆူဇီမိုအပေါ်သို့ လွှမ်းခြုံလာ၏။