အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ကိုင်တွယ်သွားခြင်း
Vol. 12 Ch. 173
အခန်း ၁၇၃ - အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ကိုင်တွယ်သွားခြင်း
Translator – Than Toe Aung
ဆူဇီမိုသည် မိစ္ဆာအမွေဆက်ခံသူများကို တစ်ယောက်ပြီးတစ်ယောက် အားသုံးနောက်ဆုတ်စေခဲ့သော်လည်း အခြေအနေများက သူ့အတွက် အန္တရာယ်လွန်စွာ များနေဆဲ ဖြစ်၏။
ထိုအချိန်မှာပင် လေထဲတွင် ချိန်းကြိုးတစ်ချောင်းက ထွက်ပေါ်လာပြီး ရှန့်ကွမ်ယုထံသို့ မြွေတစ်ကောင်လို တွန့်လိမ်တိုးဝင်လာ၏။
၎င်းချိန်းကြိုးက အေးစက်စက်အလင်းရောင်ဖြင့် တစ်ဖျတ်ဖျတ်လက်နေ၏။ ထိုအချိန်တွင် ရှန့်ကွမ်ယု၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုက ပေါ်လာပြီး သူသည် နမော်နမဲ့ မလုပ်ရဲဘဲ.. နောက်သို့ အလောတကြီး ခုန်ဆုတ်လိုက်၏။
“နတ်ဆိုးမကျိ.. နင် အဲ့ဒါ ဘာသဘောလဲ”
ရှန့်ကွမ်ယုက အကြည့်ကို ကျဉ်းမြောင်း၍ ငေါက်ငမ်းလိုက်၏။
ထိုချိန်းကြိုးက ကျိယောင်ယန်၏ လက်နက်ဖြစ်၏။ စောစောက ဆူဇီမိုတစ်ယောက် တိုက်ခိုက်မှုများကြား ပိတ်မိနေတုန်းက သူမသည် ဆူဇီမိုကို ခေါ်လာခဲ့မိသည့်အတွက် နောင်တရမိခဲ့၏။ သို့သော်လည်း ထိုအချိန်တုန်းက သူမဝင်ရောက်ကူတိုက်ပေးလျှင်တောင် ဆူဇီမိုကို ကယ်တင်ဖို့ရာ နောက်ကျသွားပြီဟု သူမထင်မိခဲ့၏။
သို့သော် နောက်တစ်ခဏ၌ အခြေအနေက ရုတ်တရတ် ပြောင်းလဲသွားခဲ့၏။
ဆူဇီမိုသည် ရုတ်တရတ် အခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီး သူ့သွေးစွမ်းအားများကို ဖော်ထုတ်ကာ မိစ္ဆာအမွေဆက်ခံသူနှစ်ယောက်ကို သူ၏ မိုးကြိုးပညာရပ်အတတ်ဖြင့် အင်အားသုံး နောက်ဆုတ်စေနိုင်ခဲ့၏။ အခြေအနေက ပြောင်းလဲသွားချေပြီ။
ထို့ကြောင့် ယခုအခါ ကျိယောင်ယန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ.. ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်၏။
သူမပါ ဝင်ပါလာသောအခါ အနေအထားက နောက်ထပ်အခြေအနေတစ်ခုသို့ ထပ်မံပြောင်းလဲသွား၏။ မိစ္ဆာအမွေဆက်ခံသူငါးယောက်တွင် သုံးယောက်က ယာယီအားဖြင့် လျစ်လျူရှုလို့ ရသွားပြီး.. ဂရုစိုက်ဖို့ ကျန်သည်မှာ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူသာ ဖြစ်လေသည်။
တစ်ကယ်တမ်းပြောရလျှင်.. မိစ္ဆာအမွေဆက်ခံသူငါးယောက်ထဲတွင် ဆူဇီမိုကို ခြိမ်းခြောက်မှု အပေးနိုင်ဆုံးသူမှာ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသာလျှင် ဖြစ်လေသည်။
ဘာကြောင့်ဆိုသော်.. ဆူဇီမိုသည် သူ၏ တည်နေရာကို မရှာဖွေနိုင်သောကြောင့်ဖြစ်လေသည်။ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သေချာပေါက် သေချာသော သတ်ဖြတ်မှုကို ရရှိဖို့ တိုက်ခိုက်လိမ့်ပေမည်။
ဆူဇီမို၏ စိတ်ထဲတွင် အတွေးများ ဖြတ်ပြေးနေရင်း.. သူသည် ရှေ့သို့လှမ်းတက်ကာ အေးမြစန္ဒာဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ အရိုးလှံတံနှင့် ယှဉ်ရိုက်လိုက်၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူက အေးစက်စွာ လှောင်ပြုံးလိုက်၏။
ဆူဇီမိုသည် သန်မာမှုရှိသော်လည်း ထိုသူက ဆေဘာသိုင်းကွက်များအား မတတ်မြောက်ထားသည်ကို သူသတိထားမိနေသည်မှာ ကြာပေပြီ။ ထိုအရာက ဆူဇီမို၏ အကြီးမားဆုံး အားနည်းချက်ဖြစ်လေသည်။
သို့သော်လည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူကတော့ ထိုသို့ မဟုတ်ပေ။
သူသည် အဆင့်မြင့် လှံတံနည်းစနစ်အတော်များများကို တတ်မြောက်ထားလေသည်။
သူသည် အရိုးလှံတံကို ဝေ့ရမ်းလိုက်ပြီး လေထဲတွင် စက်ဝိုင်းပုံစံ လှည့်ပတ်လိုက်၏။ ထိုအရာသည် ရိုးရှင်းသော လှုပ်ရှားကွက်ဟုသာ ထင်ရသော်လည်း လှံတံထိပ်ဖျား၏ ဦးတည်ချက်က အဆက်မပြတ်ပြောင်းလဲနေပြီး မှန်းဆရခက်၏။
ဆူဇီမို၏ တိုက်ခိုက်မှုကို ကြည့်ရင်း.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူက သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်စွာ ငေါက်ငမ်းလိုက်၏။
“သေစမ်းကွာ”
သူ့လက်နှစ်ဖက်ရှိ ခွန်အားကို စိုက်ထုတ်လိုက်သောအခါ အရိုးလှံတံက တုန်ယင်သွား၏။ ၎င်းလှံတံသည် ဆေဘာလမ်းကြောင်းကို ရှောင်ရှားလိုက်ပြီး ဆူဇီမို၏ ရင်အုပ်ဆီသို့ ပစ်ဝင်လာ၏။
သူ့ရင်အစုံကို ဖွင့်ဟထားရင်း ဆူဇီမိုသည် သေကွင်းသေကွက် အားနည်းချက်ကို ထုတ်ပြလိုက်၏။
ထိုအချိန်မှာပင် သူတို့ဝန်းကျင်ရှိ မိစ္ဆာဂိုဏ်းသားလူအုပ်ကြီးထဲမှ တစ္ဆေတစ်ကောင်လို ပုံရိပ်တစ်ခုက လျှစ်ကနဲ ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ဆူဇီမို၏ နောက်ကျောဘက်သို့ ရောက်ရှိလာပြီး သူ့လက်တံကို ဆန့်ထုတ်လိုက်၏။
အားလုံး၏ အကြည့်အောက်မှာပင် မူလက လက်ဗလာဖြစ်သော သူ့လက်ထဲတွင် ဘယ်ကရယ်မသိရသော သေးသွယ်ပါးလျသည့် ဓါးရှည်တစ်လက်က ပေါ်ထွက်လာ၏။ ၎င်းသည် ပုစဉ်းရင်ကွဲကောင်၏ တောင်ပံတမျှ သေးသွယ်ပါးလျ၏။
ထိုဓါး ဘယ်နေရာက ထွက်ပေါ်လာသည်ဆိုတာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
ထိုခဏ၌ ယခုရောက်ရှိလာသူက မည်သူဆိုတာကို သိရှိလိုက်ကြ၏။ သူကား လျှို့ဝှက်မရဏဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူ.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ ဖြစ်လေသည်။
သူသာ လှုပ်ရှားမှု မပြူလုပ်လျှင် မည်သူမျှ သူ့ရှိရာကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် တစ်ယောက်ယောက်၏ ဘေးမှာဖြစ်နိုင်သလို.. အရှေ့မှာလည်း ဖြစ်နိုင်လေသည်။
ထိုအခိုက်အတန့်၌ ဆူဇီမိုသည် သူ၏ လှုပ်ရှားမှု အကွက်ဟောင်းကို သုံးကာ ဝင်ရောက်လာသော အရိုးလှံတံကို ရင်ဆိုင်လိုက်ခြင်းဖြစ်ပြီး သူ့ဆေဘာကို ရုတ်၍ အရိုးလှံတံကို ခုခံဖို့ရာ အချိန်မမီ၊ နောက်ကျသွားလေပြီ။
ဆူဇီမိုအတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ နောက်ဆုတ်ဖို့သာ ဖြစ်လေသည်။
သူသည် အနောက်သို့ ခုတ်ဆုတ်ရပေတော့မည်။
တစ်ချိန်တည်းမှာပင် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက ဆူဇီမို၏ အနောက်မှ ပေါ်လာပြီး ဓါးဖြင့် ထိုးသွင်းလိုက်ကာ ဆူဇီမို၏ ရှောင်တိမ်းစရာလမ်းကြောင်းကို ဖြတ်တောက်လိုက်လေပြီ။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ အချိန်ကိုက် လှုပ်ရှားမှုက ထိုးထွင်းဉာဏ်ကောင်းပြီး ကြောက်စရာကောင်းလှ၏။ ဘေးကလူများပင်လျှင် ကြည့်နေရင်းနှင့် ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရ၏။
အခြားတစ်ဖက်၌ ကျိယောင်ယန်သည် ရှန့်ကွမ်ယုနှင့် တိုက်ခိုက်ငြိတွယ်နေပြီး အဝေးသို့ မထွက်ခွာနိုင်ဖြစ်နေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကစားပွဲက ပြောင်းလဲသွားပြီး.. ဆူဇီမိုသည် သေခြင်းရှင်ခြင်းကြိုးတန်းပေါ်သို့ ရောက်ရှိသွားပြန်၏။
ဖန်းယွဲ့က ခေါင်းခါလိုက်၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက အရောင်ဖျော့သွား၏။
သူ့အတွက်တော့.. ဆူဇီမိုက သေလူတစ်ယောက် ဖြစ်နေလေပြီ။
သေရတော့မည့်လူတစ်ယောက်က သူ့ယှဉ်ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
မည်သူမျှ သတိမထားမိသေးသည်မှာ.. မုန်တိုင်းအလယ်ရောက်ရှိနေသော ဆူဇီမို၏ မျက်လုံးများသည် ဣန္ဒြေရနေဆဲဖြစ်၏။ သူသည် ကြောက်စရာကောင်းလောက်အောင်ပင် တည်ငြိမ်လွန်းနေ၏။
ဤကဲ့သို့သော အခြေအနေတွင် ဆူဇီမိုသည် ရုန်းထွက်စရာ လမ်းကြောင်းမကျန်ရှိတော့ဘဲ.. အချိန်မီတုံ့ပြန်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်းပဲ.. ယခုဤအနေအထားသည် ဆူဇီမိုက တမင်လုပ်ယူလိုက်သော အနေအထားသာ ဖြစ်လေသည်။
သူသည် ထိုကဲ့သို့ မလုပ်လျှင် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက ဘယ်တော့မှ ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထိုသူက သူ့အတွက် ခြိမ်းခြောက်နိုင်စွမ်းအရှိဆုံးသူဖြစ်ပြီး သူ့မှာ နောက်ဆံတင်းနေရ၏။
အရိုးလှံတံက ချဉ်းကပ်လာသည်နှင့်အမျှ ဆူဇီမိုသည် ထိုအရာကို ကြိုတင်မျှော်လင့်ထားသကဲ့သို့.. သူ့ဆေဘာကို နောက်သို့ ပြန်လည်လွှဲယမ်းလိုက်၏။ လုံးဝရပ်နားခြင်းမရှိဘဲ.. သူသည့် ခန္ဓာကိုယ်ကို ဝပ်ချကာ ခြေလက်များကို သုံး၍ စပါးအုံးမြွေတစ်ကောင်လို မြေပြင်တွင် လျှောတိုက်ထွက်လိုက်၏။
ထိုသည်ကို ကြည့်ရင်း.. အားလုံး၏ မျက်လုံးသည် အရောင်လက်သွားပြီး မှင်တက်ကုန်ကြ၏။
ထိုလှုပ်ရှားရွေ့လျားမှုက တစ်မူထူးခြား၍ ကြောင်တောင်တောင်နိုင်သည်ဟု ထင်ရသော်လည်း.. ထိုလှုပ်ရှားမှုသည် ဝင်ရောက်လာသော အရိုးလှံတံကိုရော.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ဓါးကိုပါ ပြီးပြည့်စုံစွာ ရှောင်ထွက်သွားပြီးသား ဖြစ်သွား၏။ လှုပ်ရှားမှုက လှပပြည့်စုံ၍ တိကျမှု ရှိလှ၏။ သူသည် သေရေးရှင်ရေး အခြေအနေတစ်ခုကို ဘာမဟုတ်သည့်အရာတစ်ခုကဲ့သို့ အသာအယာ ရုန်းထွက်ပြသွား၏။
“အဲ့လိုမှပေါ့”
ဖန်းယွဲ့သည် သွားဖြဲလိုက်ပြီး သူ့မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် တစ်ဖန်ပြန်လည်အရောင်တောက်လာ၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အမွေဆက်ခံသူသည် သူ၏တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်ရသောအခါ ရင်ထိတ်သွား၏။ များစွာစဉ်းစားမနေဘဲ.. သူသည် ခြေနှစ်ဖက်သို့ ခွန်အားကို ပို့လွှတ်စိုက်ထုတ်ကာ ချက်ချင်းပင် အနောက်သို့ ခုန်ထွက်လိုက်၏။
အနက်ရောင်အရိပ်တစ်ခုက အလွန်တရာ မြန်ဆန်လှသောနှုန်းထားဖြင့် ဖြတ်သန်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့မှောက်သို့ ရောက်ရှိလာ၏။
ဆူဇီမိုက ရှေ့သို့ခုန်ဝင်၍ သူ့ဆေဘာဓါးနှင့် ခုတ်ပိုင်းလိုက်ခြင်းဖြစ်၏။
“အား”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အမွေဆက်ခံသူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ့အရိုးလှံတံကို ရင်ဘတ်ရှေ့မှာ ကာထားလိုက်ကာ ခုခံဖို့ ကြိုးစားလိုက်၏။
ခလန်း..
လက်နက်ချင်း ထိတွေ့လိုက်သည့်ခဏ၌ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် စိတ်ထဲတွင် မအီမသာ စတင်ခံစားလာရ၏။
သူ့အရိုးလှံတံက အေးမြစန္ဒာဆေဘာနှင့် ထိတွေ့ခဲ့သော်လည်း ၎င်းသည် လေကိုသာ ရိုက်မိလိုက်သကဲ့သို့.. မည်သည့် ထိခတ်တုန်ခါမှုကိုမျှ သူခံစားရခြင်းမရှိပေ။
“မဟန်ဘူး.. အဲ့ဒါက လှည့်စားမှုပဲ”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူ၏ နုလုံးသားသည် နင့်သွား၏။
ဆူဇီမိုက အေးစက်စွာ လှောင်ရယ်လိုက်၏။ အေးမြစန္ဒဆေဘာနှင့် အရိုးလှံတံတို့ ထိတွေ့တွေ့လိုက်ချင်းမှာပင် သူသည် ဘေးသို့ ခြေခွဲ၍ ရှောင်တိမ်းလိုက်၏။
သူ့အနောက်မှ တိုးဝင်လာသော ရှည်လျားသေးသွယ်သည် ဓါးပါးလေးသည် ဆူဇီမိုဘေးမှ ပွတ်ကာသီကာနှင့် ဆံခြည်တစ်မျှင်မျှအကွာနှင့် ကပ်ထွက်လာ၏။
သူသာ အနည်းငယ်ကလေး နောက်ကျသွားလျှင် သို့မဟုတ် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူနှင့် တိုက်ခိုက်ငြိတွယ်နေမိလျှင်.. ဆူဇီမိုသည် ထိုဓါးပါးလေးနှင့် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူ၏ အမူအယာက ပြောင်းလဲသွားပြီး သူ့သူငယ်အိမ်က တင်းကျပ်လာ၏။
ဆူဇီမိုသည် အချိန်မီ ကပ်သီကလေး ရှောင်တိမ်းလိုက်သောကြောင့် လွဲချော်သွားသော ဓါးပါးလေးသည် သူထံသို့ တိုးဝင်လာပြီဖြစ်ပြီး သူ့မှာ ပြန်လှန်တုံ့ပြန်ဖို့ရာ အချိန်မရတော့ပေ။
“မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ!”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူသည် အလွန်တရာ လျှင်မြန်စွာနှင့် လှုပ်ရှားမှု ပြုလုပ်လိုက်၏။ သူသည် အရိုးလှံတံကို ဆွဲယူလိုက်ပြီး သူ့ရင်အုပ်ရှေ့ ပင့်တင်ကာကွယ်လိုက်၏။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် သူ့မျက်လုံးထဲတွင် ဝေဝေဝါးဝါး ဖြစ်သွားသလို ခံစားလိုက်ရ၏။ ပုံရိပ်များက ဖျတ်ကနဲ ပြောင်းလဲသွားသည်ကို သူသိလိုက်ရသောအခါ သူသည် သူ၏ အဟုန်ကို အတတ်နိုင်ဆုံး ပြန်လည်လျော့ချလိုက်၏။
ခလန်း..
ဓါးပါးရှည်နှင့် အရိုးလှံတံတို့က ထိတွေ့မိသွား၏။
ဖောက်..
အသံနောက်တွင် သွေးစက်များက ဖြာကနဲ ထွက်ပေါ်လာ၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူသည် မသဲမကွဲညည်းတွားလိုက်ပြီး သူ့မျက်နှာက ဖြူလျော့သွားကာ နာကျင်မှုဖြင့် တုန်ရီလာ၏။
ထိုတိုက်ခိုက်မှုက သူ့ရင်အုပ်ကို ထိုးသွင်းမိဖို့ဖြစ်၏။ သို့သော်လည်းပဲ.. သူသည် အရိုးလှံတံကို သုံး၍ ခုခံခဲ့သလို.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကလည်း သူ့အဟုန်ကို လျှော့ချခဲ့သောကြောင့် ဓါးပါးရှည်က သူ့ပုခုံးကိုသာ ဖောက်ဝင်မိသွား၏။
ဤခဏ၌ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် ရင်ထဲ တလျှပ်လျှပ် ခံစားလာရ၏။ အရိုးထဲထိ ချမ်းတုန်သွားလောက်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာပြီး သူ့ဝန်းကျင်တစ်ခွင်ကို လွှမ်းခြုံသွား၏။
မလှမ်းမကမ်းတွင် ဆူဇီမိုသည် လေးကြိုးကို တင်ထားပြီးနေပေပြီ။
သူ့မှာ မြားက လေးချောင်းသာ ကျန်ရှိတော့၏။
ယခုအခါ ထိုမြားလေးချောင်းစလုံးကို လေးပေါ်တွင် တင်ထားပြီး လေးကိုင်းက လပြည့်ဝန်းကဲ့သို့ ကွေးညွှတ်လာ၏။ ထိုမြားများသည် ယခုလေးတင် ပေါ်ထွက်လာသော မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကို ချိန်ရွယ်ထားလေသည်။
ထိုအချိန်မှသာလျှင် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် နားလည်လိုက်၏။ ဆူဇီမို အသတ်ဖြတ်ချင်ဆုံးသူက သူသာလျှင် ဖြစ်လေသည်။
သူသာ ပေါ်မလာခဲ့လျှင် ဆူဇီမိုသည် နောက်ဆံတင်းနေရမည်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုက ဘယ်အချိန်မှာ ပေါ်ပေါက်လာမလဲဆိုသည်ကို ရင်တမမနှင့် စောင့်ဆိုင်းနေရပေမည်။ ထိုအခါ သူ၏ တိုက်ခိုက်မှုအရှိန်အဟုန်ကလည်း ထက်ဝက်လောက် လျော့ကျနေပေလိမ့်မည်။
သို့သော် ယခုအခါ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် လုပ်ကြံမှုကို ကျရှုံးခဲ့ရုံသာမက သူ့ဓါးပါးရှည်က ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအမွေဆက်ခံသူ၏ ပုခုံးကြားထဲ ရောက်ရှိနေပြီး အခုထိ ပြန်ဆွဲမထုတ်ရသေးပေ။
ရွှစ်.. ရွှစ်.. ရွှစ်..
အနက်ရောင်အလင်းတန်းလေးခုက ပြေးထွက်လာပြီး.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ရှောင်တိမ်းစရာ ပြေးလမ်းများကို ပိတ်ဆို့ထားလိုက်လေပြီ။
ဤသည်ကိုကြည့်၍ စောင့်ကြည့်နေကြသော လူအုပ်ကြီးသည် ပုံရိပ်ယောင်တစ်ခုကို ထင်ယောင်ထင်မှား မြင်ယောင်လာ၏။
အပေါ်ယံကြည့်လျှင်တော့.. မိစ္ဆာအမွေဆက်ခံသူငါးယောက်က ဆူဇီမိုကို ပူးပေါင်းတိုက်ခိုက်လိုက်ခြင်းဖြစ်။ သို့သော်လည်း တစ်ကယ်တမ်းမှာတော့ ထိုငနဲက အစမှ အဆုံးထိ အခြေအနေတစ်ခုလုံးကို ထိန်းကျောင်းသွားကာ.. သူလိုချင်သော အနေအထားတစ်ခုဆီ ရောက်အောင် အားလုံးကို ဆွဲခေါ်သွားခြင်း ဖြစ်လေသည်။
ယခုအခါ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူပင်လျှင် ဆူဇီမို ချခင်းထားသော ထောင်ချောက်ထဲသို့ တိုးဝင်မိခဲ့လေပြီ။
အားလုံး၏ စိတ်ထဲတွင် သိချင်စိတ်က ပြင်းထန်လာကြ၏။
“ဒီလူက ဘယ်သူပါလိမ့်”